အင်ပါယာမိသားစု အိမ်တော်တွင် ဂုဏ်ပြုပွဲကား ပျက်စီး သွားပြီးဖြစ်ကာ လူအများစုက ကြမ်းပြင်ပေါ်တွင် ထိုနေသာ လူနှစ်ယောက်ကို အေးစက်စွာ ကြည့်နေကြသည်။ သူတို့ကား ရွှီယီနှင့် လျိုဖန်းတို့ ဖြစ်ကြသည်။ သူတို့နှစ်ယောက်က အချင်းချင်း ကျောချင်းကပ် ထိုင်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်များက သွေးများဖြင့် ရွှဲရွှဲစိုနေကာ မည်သည့်ခွန်အားမှ မကျန်ရှိကြတော့ပေ။ သို့သော်လည်း ထူးဆန်းသည်ကား လျိုဖန်းက ပြုံးနိုင်သေးခြင်းပင်… “အစ်ကို… အခုလို ပေါက်ကွဲလိုက်ရတော့ ခင်ဗျား စိတ်ကျေနပ် သွားရောပေါ့….”
ရွှီယီက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လျက် ပြုံးသည်။ သည်နေရာကား မည်သို့ဆိုစေ အရှေ့မြေရိုင်းဒေသ မဟုတ်ပေ။
“မင်းက ပြုံးနိုင်သေးတယ်…” ထိကျိုးက ရှေ့ကို လျှောက်လာကာ ကြမ်းကြုတ်စွာ ပြောသည်။ လျိုဖန်းက ထိကျိုးကို ကြည့်ကာ ပြောသည်…. “ငါက ဘာလို့ မပြုံးရမှာလဲ… မင်းက ငါတို့ကို သတ်လို့ရလို့လား… ငါတို့က အာခီမီပြိုင်ပွဲမှာ ဒုတိယရတဲ့သူတွေပဲ… ပြီးတော့ မြို့တော်ဝန် အိမ်တော်ကို ဝင်ဖို့ သဘောတူထားပြီးပြီ…”
“အင်ပါယာမိသားစုမှာ တစ်ဖက်လူတွေကို တိုက်ခိုက်ပြီးတော့ ဂုဏ်ပြုပွဲကို ဖျက်ဆီးတယ်… ခင်ဗျားက မြို့တော်ဝန် အိမ်တော်ကို ဝင်ခဲ့ရင်တောင် ဒီအတွက် ရှင်းပြချက်ပေးဖို့ လိုသေးတယ်…” ထိကျိုးက မဲ့ပြုံးပြုံးသည်။ လျိုဖန်းက သူ့အား လျစ်လျူရှုထားသည်။
“ကွန်ဆွန်ရီ… မင်းက ဒီလို ဆုံးဖြတ်ချက် ချလိုက်ရင်တောင်မှ နှစ်ဖက်လုံး အကျိုးမရှိတဲ့ကိစ္စကို ဖန်တီးလိုက်တာပဲ… ဘာလို့ ဒီအထိ သွားချင်ရတာလဲ…” လျိုဖန်းက ထူးမခြားနားစွာ ပြောသည်။ ကွန်ဆွန်ရီ၏ အမူအရာက ပိုမို၍ အေးစက်လာနေသည်။
“ဘယ်လောက် ရိုင်းစိုင်းလိုက်လဲ…” လူအများအပြားက လျိုဖန်းကို အေးစက်စွာ ကြည့်ကြသည်။ သူတို့အားလုံးက အာခီမီပြိုင်ပွဲဝင်များ ဖြစ်ကြ၏။ ရွှီယီနှင့် လျိုဖန်းတို့ကို သူတို့က မူလကတည်းက သဘောကျခြင်း မရှိကြပေ။ ရွှီယီက သူ၏ သက်စောင့်ဝိညာဉ် ဌာပနာကာ ဒုတိယ ရလာသော်လည်း သူကား ချပ်ဝတ်လက်နက်ပညာရှင် မဟုတ်ပေ။
“ရိုင်းစိုင်းတယ်…” လျိုဖန်း၏အကြည့်က လူအုပ်ကြီးထံကို ရောက်သွားကာ သူက ဆက်ပြောသည်…”ငါက ဒီနေရာမှာ ဘယ်သူ တစ်ဦး တစ်ယောက်တည်းကိုမှ တိုက်ရိုက်ပြောတာ မဟုတ်ဘူး… ဒါပေမဲ့ မင်းတို့အားလုံးက အမှိုက်တွေပဲ…. ငါနဲ့အစ်ကိုက အာခီမီပညာရဲ့ အခြေခံကိုပဲ သိနားလည်ခဲ့ပေမဲ့ အာခီမီအဆင့်မှာ ဒုတိယရတယ်… မင်းတို့အားလုံးက အာခီမီမိသားစုနောက်ခံ အသိုင်းအဝိုင်းက လူတွေပဲ… မင်းတို့ ဘယ်လောက် အသုံးမကျလဲ မသိကြဘူးလား…”
“ပြဿနာ ရှိနေတာပဲ…” အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာကာ တဘုန်းဘုန်း မြည်သံနှင့်အတူ ရွှီယီနှင့် လျိုဖန်းတို့က အဝေးကို လွင့်စဉ် သွားကြပြန်သည်။ ရွှီယီနှင့် လျိုဖန်းတို့ကား မည်သို့မှ ဆက်လက် ခုခံနိုင်စွမ်း မရှိကြတော့ပေ။ သူတို့က ရယ်မောကာ ပြန်လည်၍ ကုန်းရုန်း ထထိုင်ကြသည်။ သူ့အား ရိုက်လိုက်သော သူကို လျိုဖန်းက ကြည့်လိုက်သည်။ သူကား လုမိသားစုမှ လုဝေဖြစ်သည်။
“ကောင်လေး… ငါမင်းကို မှတ်ထားမယ်…” လျိဖန်းက လုဝေကို ကြည့်ကာ ပြောသည်။
ထိုအခိုက်တွင် ကွန်ဆွန်ရီက ဖြည်းညင်းစွာ ထရပ်ပြီး ရွှီယီနှင့် လျိုဖန်းတို့ကို ကြည့်ကာ ပြောသည်…”အာခီမီပြိုင်ပွဲမှာ ပထမရတဲ့လူက မြိုတော်ဝန်သမီးကို လက်ထပ်ရတဲ့ အစဉ်အလာ ရှိတယ်… ဒါက မျိုးဆက်တိုင်း ဂုဏ်ယူကြရတဲ့ ကိစ္စတစ်ခုပဲ… ဒါပေမဲ့ မင်းတို့နှစ်ယောက်က အာခီမီပြိုင်ပွဲမှာ ကြီးမားတဲ့ အမှားကြီး တစ်ခုကို ကျူးလွန်ခဲ့ကြတယ်… ပြီးတော့ မင်းတို့နှစ်ယောက်က ငါ့ကို အဆက်မပြတ် စော်ကား ပြောဆိုပြီးတော့ ဒဏ်ရာ ရစေခဲ့သေးတယ်… ဒီနေ့ ဂုဏ်ပြုပွဲကို တက်လာတဲ့သူတွေ အကုန်လုံးက ဒါကို သက်သေပြုနိုင်တယ်…”
“မှန်တယ်… ကျုပ်က အစ်ကိုကွန်ဆွန်ရီဘက်က သက်သေ လိုက်နိုင်တယ်…” ကျိုးရှမ်းက ခေါင်းညိတ်သည်။ ကွန်ဆွန်ရီကား အာခီမီအဆင့်တစ် ဖြစ်ကာ နောင်တွင် သူက မြေရိုင်းပြည်နယ်၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေမည်။
လီဖူတုနှင့် တခြားလူများ အားလုံးက ကွန်ဆွန်ရီကို ကြည့်ကြသည်။ သူက ဤစကားများကို ပြောကာ ဘာလုပ်လိုကြသနည်း။
“ငါ ဒီထက် သည်းမခံနိုင်တော့ဘူး…” ကွန်ဆွန်ရီက ရွှီယီထံကို လျှောက်လာကာ မောက်မာစွာ ပြောသည်… “အစဉ်အလာအတိုင်း ကျုပ်က ယူချီကို လက်ထပ်မှာပဲ… ဒါကြောင့်ပဲ ယူချီနဲ့ပတ်သက်တဲ့ ဘယ်အညစ်အထေးကိုမှ ငါသည်းမခံနိုင်ဘူး… မင်းတို့က နောင်အနာဂတ်မှာ ငါ့သတို့သမီးနဲ့ ပတ်သက်မှု အားလုံးကို ဖြတ်တောက်ပြီး အဝေးကို ထွက်သွားမယ်ဆိုရင် မင်းတို့ နှစ်ယောက်ကို အသက်ရှင်ခွင့် ပေးလိုက်မယ်…”
လူအများအပြားက စိတ်ဝင်စား သွားကြသည်။ သူက ရွှီယီနှင့် တိုက်ရိုက်ရင်ဆိုင် ဖြေရှင်းတော့မည်လော…။ ထို့အပြင် ယူချီ၏နာမည်နှင့် ဂုဏ်သိက္ခာကလည်း အမှန်ပင် ကောင်းမွန်သော အကြောင်းပြချက် ဖြစ်သည်။
“ငါက သဘောမတူရင်ရော…” ရွှီယီက ခေါင်းမော့ကာ ကွန်ဆွန်ရီကို မေးသည်။
“ကျုပ်ပြောပြီးပြီ… ကျုပ်သတို့သမီးလောင်းရဲ့ နာမည်ကို အစွန်းအထင်းခံမှာ မဟုတ်ဘူး…” ကွန်ဆွန်ရီက ပြောသည်တွင် သူ၏မီးလက်ဝါးက ရွှီယီကို မြေပြင်မှနေ၍ လေထဲကို မြောက်တက် သွားစေသည်။ မီးတောက်များက ရွှီယီ၏ခန္ဓာကိုယ်ထဲကို တိုးဝင်သွားကာ သူ့အား အလွန်အမင်း နာကျင်မှုကို ခံစားရစေသည်။
“ဒါကြောင့်ပဲ မင်းက သဘောတူရမှာ…” ကွန်ဆွန်ရီက ပြောသည်။ ထိုအခိုက်တွင် ကွန်ဆွန်ရီထံမှ ကြမ်းကြုတ်သော အငွေ့အသက်များကို အားလုံးက ခံစားကြရသည်။ သူကား အမှန်ပင် ရွှီယီနှင့် တိုက်ရိုက် ဖြေရှင်းတော့မည်။ သူ၏ကြီးမားသော မာနကြောင့် ရွှီယီ၏တည်ရှိမှုကို သည်းမခံနိုင် ဖြစ်နေခြင်းဟု ပြောရမည်။ နောင်တွင် ရွှီယီက သူ၏ဇနီးနှင့် ဆက်လက် ပတ်သက်နေပါက မည်သို့ လုပ်မည်နည်း။
“မင်းက ဒီလောက် ကောက်ကျစ်မယ်လို့ မထင်ထားဘူး…” ရွှီယီက ကွန်ဆွန်ရီကို ကြည့်သည်။ ကွန်ဆွန်ရီက သူနှင့် ဖြေရှင်းရန် သူ၏ ကိုယ်ကျင့်တရားကို ခဝါချလိုက်ဟန်ရသည်။ သို့သော်လည်း ယနေ့ ထောင်ချောက်တွင် လူဘယ်နှယောက် ပါဝင်ပတ်သက်နေလဲ သူမသိပေ။ အင်ပါယာမိသားစုက သည်ဂုဏ်ပြုပွဲကို စီစဉ်သည်။ သူတို့ကရော သည်ကိစ္စတွင် ပါဝင်ပတ်သက်သလော…။
လျိုဖန်း ထင်မှတ်ထားသလိုပင် ဂုဏ်ပြုပွဲကား ထောင်ချောက်တစ်ခုသာ ဖြစ်သည်။
ပိုမိုသော မီးတောက်များ ရွှီယီ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာကြကာ သူ၏မျက်နှာကို ရှုံ့တွစေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ပူပြင်းလာကာ ကြီးစွာသော နာကျင်မှုကို ခံစားရသည်။ သို့သော်လည်း ကွန်ဆွန်ရီ၏အ မူအရာက တည်ငြိမ်နေကာ မည်သည့် ခံစားချက်မှ သူ့မျက်လုံးထဲ၌ မတွေ့ရပေ။ သူက ခံစားချက်ကင်းမဲ့စွာ ပြောသည်… “မင်း သဘောမတူရင် ငါ့သတို့သမီးလောင်းရဲ့ နာမည်ကို ဖျက်တဲ့အတွက် မင်းရဲ့ စွမ်းအားတွေကို ငါက ဖျက်ဆီးဖို့ ဆုံးဖြတ်ရလိမ့်မယ်…”
“မင်းက အတည်လား…” ထိုအခိုက်တွင် လျိုဖန်းက ထထိုင်ပြီး ကွန်ဆွန်ရီကို စူးစူးရဲရဲ ကြည့်သည်။
ကွန်ဆွန်ရီက ထိုလူများကို အေးစက်စွာ ကြည့်သည်။ မည်သူကမှ သူ၏အပြုအမူအတွက် အပြစ်မရှာနိုင်ပေ။ သူကား အာခီမီပြိုင်ပွဲ၏ ပထမဖြစ်ကာ ရွှီယီ၏ စွမ်းအားများကို ဖျက်ဆီးခဲ့သည့်တိုင် မြို့တော်ဝန် အိမ်တော်ကို ဝင်ရောက်ပြီးနောက် ဘယ်သူကမှ သူ့အား ထိရဲကြမည် မဟုတ်ပေ။ ရွှီယီနှင့် လျိုဖန်းတို့မူကား သူတို့၏ နောက်ခံအင်အားက ကျူးကော့မိသားစု တစ်ခုသာရှိသည်။ ထို့အပြင် ကျူးကော့မိသားစု ခေါင်းဆောင်ကလည်း အာခီမီမြို့၏ ကိစ္စရပ်များကို ဝင်စွက်ဖက်မည် မဟုတ်ပေ။
လျိုဖန်းက ကွန်ဆွန်ရီ၏ အမူအရာကို မြင်သည်တွင် အရာအားလုံးကို နားလည်လိုက်သည်။ သူကား အမှန်ပင် တုံးအလွန်းသည်။ သည်ဂုဏ်ပြုပွဲကား သာမန် ထောင်ချောက် တစ်ခုသာ မဟုတ်တော့…။
ထိကန်းက ထိုမြင်ကွင်းကို ကြည့်ကာ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူက ဘာမှ မပြောသလို ဘာစကားမှလည်း မပြောပေ။ ထိုအခိုက်တွင် လူတစ်ယောက် အထဲကို ဝင်လာကာ ပြောသည်… “ရီဖူရှင်းတို့ အုပ်စုက အထဲကို အတင်း ဝင်လာနေပါတယ်… ကျုပ်တို့က သူတို့ကို တားရမလား သခင်လေး…”
ထိကန်းက ထိုလူအား ကြည့်ကာ ပြောသည်… “သူတို့ကို ဝင်ခွင့်ပေးလိုက်…”
ထိကျိုး၏ အမူအရာတွင် လှောင်ပြောင်လိုသော ဟန်ပင်များကို တွေ့ရ၏။ ဘယ်လောက် တိုက်ဆိုင်လိုက်လဲ…။ သူက အာခီမီ လောင်းကစားရုံတွင် ရီဖူရှင်းကို အင်ပါယာမိသားစုသို့ ဖိတ်ခေါ်ခဲ့သည်။ အံ့အားသင့်ဖွယ် ကောင်းအောင်ပင် သူတို့က စောစီးစွာ ရောက်လာခဲ့ကြသည်။
လီဖူတု၊ ကျန်းကျိချင်နှင့် တခြားလူများ အားလုံးက ခေါင်းမော့ကာ အဝေးကို ကြည့်ကြသည်။ သူတို့က လူတစ်စု ပျံသန်းလာကာ သူတိုထံသို့ မြန်ဆန်စွာ ရောက်လာသည်ကို တွေ့ကြရ၏။ သူတို့ကား ရီဖူရှင်းနှင့် တော်ဝင်ကျဲ နန်းတော်မှ တပည့်များ ဖြစ်ကြသည်။
ရီဖူရှင်းက ကွန်ဆွန်ရီကို လူသတ်လိုသော အငွေ့အသက်များဖြင့် ကြည့်သည်။
“အစ်မယွန်… ကျူဂီ…” ရီဖူရှင်း ပြောလိုက်သည်။ သူတို့ နှစ်ယောက်ကလည်း ချက်ချင်းပင် ရီဖူရှင်း၏သဘောကို နားလည်လိုက်ကြသည်။ ယွန်စွေ့ရှင်းက မိုးစက်နှင်တံကို ထုတ်လိုက်သည်တွင် ထိုနေရာတစ်ခုလုံး၏ အပူရှိန်က ရေခဲမှတ်အောက်ကို ကျဆင်းသွား၏။ ကောင်းကင်နှင့် မြေပြင်အကြား နှင်းဖွဲများ ဖြစ်ပေါ်လာကာ ကွန်ဆွန်ရီနှင့် ရွှီယီတို့ထံသို့ ရစ်ပတ်လာကြသည်။ တစ်ချိန်တည်းမှာပင် ကွန်ဆွန်ရီက သူ၏သွေးများပင် အေးခဲလာတော့မည့် အလား ခံစားရသည်။
တစ်ချိန်တည်းမှာပင် ဟောင်ကျူဂီက သူ၏လေးကို ထုတ်ပြီး မြန်ဆန်စွာ ပစ်လွှတ်လိုက်သည်။ မြားက လေထုကို ခွင်းလျက် ရွှေရောင် အလင်းတန်းအလား ကွန်ဆွန်ရီထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားပြီး သူ၏အသက်ကို နုတ်ယူရန် ကြိုးပမ်းသည်။
အလွန်ပြင်းထန်သော ရေခဲအသိအောက်တွင် လူတိုင်း၏ အတွေးများနှင့် လှုပ်ရှားမှုများအားလုံး နှေးကွေး သွားကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။ ရီဖူရှင်းက ဘာစကားတစ်ခွန်းမှ မပြောဘဲ ကွန်ဆွန်ရီကို သတ်ရန် ကြံ၏။
ကွန်ဆွန်ရီက ရွှီယီကို ဆက်လက် မနှိပ်စက်ရဲတော့ဘဲ သူ၏ခန္ဓာကိုယ်ကို မီးတောက်များဖြင့် ကာကွယ်ကာ မြန်ဆန်စွာပင် နောက်ဆုတ်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို မီးအရံအတားများဖြင့် ရစ်ပတ်ထားကာ တစ်ဖက်ကလည်း လက်ဝှေ့ယမ်းလိုက် သည်တွင် မီးနဂါးတစ်ကောင်က မြားလာရာ အရပ်သို့ တိုးဝင်သွားသည်။
ဘန်း… မီးတောက် လက်ဝါးကို ဖောက်ထွင်းဖြိုခွဲလျက်ပင် ရွှေမြားက ကွန်ဆွန်ရီ၏ မီးအရံအတားပေါ်ကို တိုက်ရိုက် ရောက်ရှိလာကာ သူ့အား အဝေးကို လွင့်စဉ်သွားစေပြီး သွေးများ အဆက်မပြတ် အန်စေ၏။ အရာအားလုံးက မြန်ဆန်စွာပင် ဖြစ်ပျက်ခဲ့သည်။ ရီဖူရှင်းက ရောက်ရှိလာသည်နှင့် လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ခဲ့သည်။
“ဘယ်လောက် မောက်မာလိုက်လဲ…” ထိကျိုးက ဒေါသတကြီး အော်သည်။ လူအများအပြားက သူတို့၏သိဒ္ဓိဝင် လက်နက်များကို ထုတ်ယူလိုက်ကြသည်။ သို့သော် ရီဖူရှင်းကလည်း သူ၏ ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ဆုပ်ကိုင်လျက် ရွှီယီနှင့် လျိုဖန်တို့ထံသို့ ခုန်ဝင်လာသည်။
ကျိုးရှမ်းကား ရွှီယီတို့နှင့် အလွန် နီးကပ်သော နေရာတွင်ရှိသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ အလွန်ချပ်ဝတ်အစုံက အလွန် လင်းလက်လာကာ ဗာမီလီယန် နတ်ငှက်အလား မီးတောက်တစ်ခုက ရီဖူရှင်းထံကို တိုးဝင်သွားသည်။ ကောင်းကင်တွင်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းသော မီးငှက်ပုံရိပ်ကြီးက ရီဖူရှင်းထံကို ဆင်းသက်လာကာ ဝါးမျိုရန် ကြိုးစားသည်။
ရီဖူရှင်းက ခေါင်းမော့ကာ တစ်ဖက်လူကို အေးစက်စွာ ကြည့်လျက် ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကိုဖြင့် လှမ်းရိုက်လိုက်၏။ ဘုန်းခနဲမြည်သံနှင့်အတူ ထိုနေရာ တစ်ခုလုံးကို ကြီးမားသော ဖိအားကြီးတစ်ခု ဆင်းသက်လာကာ အရာအားလုံးက ကြေပျက်သွားရသည်။ လူအုပ်ကြီး မြင်လိုက်သည်ကား ကျိုးရှမ်းက မြေပြင်ပေါ်တွင် ကွေးကောက် နေသည်ကိုပင်…။ ထိုရိုက်ချက်အောက်တွင် ကျိုးရှင်းကား တော်ရုံနှင့် နာလန်ထူမည် မဟုတ်တော့..။
သူကား ရူးသွပ်သွားပြီ…။ အားလုံးက မှင်တက်ငေးမော နေကြသည်။ သူတို့အားလုံးက ထိုအခိုက်တွင် အမှန်တကယ် ထိတ်လန့်သွားကြ၏။
သူတို့အနီးတွင် စွမ်းအားမြင့် တန်ခိုးရှင်များက တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကာ ကြောက်မက်ဖွယ် တိုက်ကွက်များကို ထုတ်လိုက်ကြသည်။ ဂုဏ်ပြုပွဲနေရာ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိုအခိုက်၌ အလွန် အားကောင်းသော ရှီအဆင့် ဖိအားတစ်ခု ရီဖူရှင်းတို့ထံကို ဆင်းသက်လာသည်။
“သူတို့ကို ရိုက်စမ်း…” ထိကျိုးက ဒေါတသကြီး အော်ဟစ်သည်။ သူ၏ ခန္ဓာကိုယ်ကလည်း မီးတောက်များ တောက်လောင်လျက် ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ ရီဖူရှင်းကား အင်ပါယာ အိမ်တော်ကို ရောက်သည်နှင့် ဘာမှ မမေးမစမ်းဘဲ တိုက်ခိုက် ဖျက်ဆီးရဲသည်။
သည်အပြုအမူက သူတို့အား လုံးဝ အရှက်ရစေ၏။
ရီဖူရှင်းတို့ အုပ်စုထံကို ကြီးမား ပြင်းထန်သော အရှိန်အဝါ ဆင်းသက် လာသည်တွင် ရီဖူရှင်းက မဲ့ပြုံးတစ်ချက်ပြုံးကာ ပြောလိုက်သည်… “တော်ဝင်ကျဲနန်းတော် ရှီတန်ခိုးရှင် ထောင်ကျန်းရဲ့ တိုက်ရိုက်တပည့် ရီဖူရှင်း… ”
လူအုပ်က ထိတ်လန့်စွာဖြင့် ရီဖူရှင်းကို ကြည့်ကြသည်။ သူက ဘာကို ဆိုလိုသနည်း။
တခြားလူများကလည်း သူ၏ရည်ရွယ်ချက်ကို နားလည်လိုက်ကြသည်။ ဟောင်ကျူဂီက အေးတိအေးစက် ပြောသည်… “ဟောင်မိသားစု… ဟောင်ကျူဂီ…”
“ထင်းဆွေအိမ်တော် စုချွဲ…” ပျင်းရိသော အသံတစ်သံ ထွက်လာသည်။
ဘုန်း… ယန်ကျန်းက ရှေ့ကို တက်လာကာ ပြောသည်… “ထိုက်ဟန်တောင်… ယန်ကျင်း…”
“ထာဝရအဘိုးအိုရဲ့ ဆက်ခံသူ… ဖီးနစ်…” ဖီးနစ်က ညင်သာစွာ ပြောသည်။
သူတို့၏အသံများက ထိုနေရာကို ပျံ့လွင့်သွားသည်တွင် အားလုံး၏ ရင်ဘတ်ကို တုန်ခါသွားစေသည်။ ရီဖူရှင်း၏စကားကို သူတို့အားလုံးက နားလည်လိုက်ကြသည်။
“ကျုပ်အစ်ကိုက အင်ပါယာ မိသားစုမှာ အနိုင်ကျင့်ခံရတော့ ဘယ်သူမှ ဝင်မပါခဲ့ဘူး… အခု အင်ပါယာမိသားစုက ရှီတန်ခိုးရှင်တွေ ဘယ်သူ ထိရဲသလဲ ကျုပ်ကြည့်မယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ထိကျိုးက မျက်မှောင်ကြုတ်ကာ သူတို့အုပ်စုကို လှမ်းကြည့်သည်။ ထိုအခါမှ သူတို့အုပ်စု နောက်တွင်ရှိသော အဖွဲ့အစည်းများက အာခီမီမြို့ကို ပြာပုံဘဝသို့ ပို့နိုင်ကြောင်း သိလိုက်ရ၏။
***