Switch Mode

အခန်း ( ၂၉၁ )

အင်္ဂါဂြိုဟ်မှ လက်ထောက်ဘုရင်ခံ

ဖုန်တလိပ်လိပ် ထနေသော အနီရောင်လွင်ပြင်ကြီးပေါ်တွင် စက်လုံးကြီးပေါင်း ဒါဇင်များစွာ ရှိနေ၏။ ၎င်းတို့မှာ တစ်လုံးနှင့်တစ်လုံး ချိတ်ဆက်နေကြပြီး ဧရာမမြို့ကြီးတစ်ခုကို တည်ဆောက်ထားသည်။ ထိုမြို့ကြီး တစ်မြို့လုံးမှာ မြေပြင်ပေါ်တွင် ရှိနေခြင်းမဟုတ်ဘဲ ထိုစက်လုံးကြီးများထဲတွင် ယစ်ဝဲနေခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စက်လုံး စုစုပေါင်း သုံးဆယ့်ခြောက်လုံး ရှိနေပြီး တစ်လုံးချင်းစီတိုင်းမှာ ကောင်းကင်မြို့တော်၏ တစ်ဝက်ခန့် အရွယ်အစားရှိနေသောကြောင့် အလွန်အင်မတန်မှ ကြီးမားပေသည်။ ထို့ကြောင့် ထိုမြို့ကြီး တစ်မြို့လုံးမှာဆိုလျှင် ကောင်းကင်မြို့တော်ထက် အဆပေါင်း တစ်ဒါဇင်ကျော် ပို၍ ကြီးမားပေသည်။

ထို့မြို့တော်ကြီးမှာ အချိုးမညီသော်လည်း လှပနေသောကြောင့် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကြီးတစ်ခုပင် ဖြစ်သည်။ မြို့တော်ကြီး၏ အုတ်မြစ်ကို တည်ဆောက်ပေးထားသည့် အောက်ဆုံးအလွှာရှိ စက်လုံးများမှာ အလေးချိန်အားလုံးကို ထမ်းပေးထား၏။ ထိုစက်လုံးများ၏ အောက်ပိုင်းတစ်ဝက်မှာ မြေကြီးထဲတွင် မြုပ်နေပြီး အပေါ်ပိုင်းတစ်ဝက်မှာ မြေပြင်အထက်တွင်ရှိနေသည်။ ၎င်းတို့မှာ အခြားစက်လုံးများ၏ အလေးချိန်များကို ထမ်းပေးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကာ အင်္ဂါဂြိုဟ်မြို့တော်ကို ဖွဲ့စည်းတည်ဆောက်ပေးထားသည်။

အပြင်ဘက်မှ ကြည်လိုက်မည်ဆိုလျှင် ထိုမြို့တော်ကြီးမှာ စက်လုံးများထဲတွင် အထက်အောက်ပြောင်းပြန် ဖြစ်နေသည့်ပုံ ပေါက်နေ၏။ ထိုစက်လုံးများထဲရှိ နေရာတိုင်းတွင် မရေမတွက်နိုင်လောက်အောင် များပြားသော အဆောက်အဦများနှင့် တိုးမပေါက်နိုင်လောက်အောင် ထူထပ်နေသော လူအုပ်ကြီးများဖြင့် ပြည့်နှက်နေသည်။

ထိုမြင်ကွင်းကြီးမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသောကြောင့် ၎င်းအား ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည့် လူတိုင်း အံ့သြတုန်လှုပ်သွားရမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် သင်္ဘောပျံကြီးပေါ်တွင် ရပ်၍ တဖြည်းဖြည်းနှင့် ပိုနီးလာပြီး အရွယ်အစား ပိုမိုကြီးမားလာသော အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ကြီးအား စိုက်ကြည့်ရင်း ဂနာမငြိမ်ဖြစ်နေတော့သည်။

ပြည်ထောင်စု သတင်းဌာနများမှာ သတင်းစုံစုံလင်လင် ဖော်ပြသည့်တိုင်အောင် အင်္ဂါဂြိုဟ်နှင့် ပတ်သတ်သော သတင်းအချက်အလက်များမှာမူ အဆန်းအပြား ဖြစ်နေဆဲပင်။ ဂြိုဟ်ပြင်ပသို့ သတင်းအချက်အလက်များ ထုတ်လွှင့်မှုအား ပိတ်ပင်တားဆီးထားသည်ဖြစ်ရာ ထိုကိုလိုနီမြို့တော်နှင့် ပတ်သက်သည့် ရုပ်သံမှတ်တမ်းများမှာ မရှိသလောက် နည်းပါးနေရခြင်းဖြစ်သည်။ ထို့အပြင် အင်္ဂါဂြိုဟ်ပေါ်မှ မဟုတ်သော လူများဆီသို့ ထုတ်လွှတ်ပြသခွင့် ပေးထားသည့် သတင်းအချို့ကိုလည်း တည်းဖြတ်ပြီးမှသာ ထုတ်လွှင့်ပြသခွင့် ရှိကြသည် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်၌ ထုတ်လွှတ်ပြသနေသော သတင်းများမှာ ယခုလက်ရှိတွင် ဝမ်ပေါင်လဲ့ မြင်နေရသည့် အရာများနှင့် လုံးဝမတူညီပေ။

သူသည် အံ့အားသင့်မှုများကြောင့် တအံ့တဩဖြစ်ကာ ကြက်သေသေနေစဉ်တွင် သင်္ဘောပျံကြီးမှာ အရှိန်လျှော့လိုက်၏။ ၎င်းမှာ မြို့တော်ကြီး၏ ဘယ်ဘက်အခြမ်းရှိ စက်လုံးတစ်ခု အနီးသို့ ရောက်သွားသောအခါ အထဲသို့ စုပ်ယူခံလိုက်ရ၏။ ထို့နောက် သင်္ဘောပျံကြီးမှာ မြို့တော်ထဲရှိ သင်္ဘောဆိပ်တစ်ခု၌ ဆင်းသက်သွားသည်။

ထိုသင်္ဘောပျံကြီးဆီမှ ထစ်ချုန်းသံတစ်သံ ခပ်တိုးတိုးလေး ပေါ်ထွက်လာပြီးနောက် ၎င်းမှာ ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ သူ၏ အင်္ကျီကို ဆွဲဆန့်လိုက်ပြီးနောက် ခေါင်းမော့၍ ယုံကြည်မှုအပြည့်ရှိသော ဟန်ပန်အမူအရာဖြင့် အပြင်ဘက်သို့ ထွက်လာတော့သည်။

သူ ရောက်ရှိလာမည့် သတင်းကို ရရှိထားပြီးဖြစ်သော လူတစ်ယောက်မှာ သူ့အား သင်္ဘောဆိပ်၌ ကြို၍စောင့်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ သင်္ဘောပျံကြီးအပြင်ဘက်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် သင်္ဘောပျံကြီး၏ အောက်တွင် ရှိနေသည့် အဖြူရောင်သိုင်းပညာဝတ်စုံတစ်ခုကို ဆင်မြန်းထားသော လူငယ်လေးတစ်ယောက်မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်၏။

သူသည် ယခုမှ ရောက်ရှိလာခြင်း ဖြစ်ပါသော်လည်း သူ့အား ရိုသေလေးစားမှုအပြည့်ဖြင့် အဆင်သင့်စောင့်ကြိုနေသည့် လူတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်ရှိ သူ၏ အနာဂတ်အား မျှော်လင့်စောင့်စားမိနေတော့သည်။ ထို့နောက် သူသည် ဟက်ဟက်ပက်ပက် ရယ်မောကာ ထိုလူငယ်လေးအား ပြန်ဆွဲထူလိုက်ပြီး သူနှင့် စကားစမြည်များ ပြောဆိုနေလိုက်တော့သည်။

ထိုလူငယ်လေးမှာ ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်ပြီးနောက် သူ၏ ကျောက်စိမ်းပေလွှာကိုကြည့်၍ ဝမ်ပေါင်လဲ့၏ သက်သေအထောက်အထားများကို မှန်၊မမှန် ကြည့်ရှုစစ်ဆေးလိုက်၏ ထို့နောက် သူသည် ပြုံးသွားပြီး ပထမအကြိမ်တုန်းကထက်ပင် ပို၍ရိုသေလေးစားမှုရှိသော အမူအရာဖြင့် နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်လိုက်ပြန်သည်။

” အဆောင်မှူးဝမ်။ ကျနော်တို့ရဲ့ လက်ထောက်ဘုရင်ခံအသစ်ကိုယ်တိုင် အဆောင်မှူးရဲ့ တာဝန်အသစ်ကို ခန့်အပ်ပေးပါလိမ့်မယ်။ သူက အဆောင်မှူးကို စောင့်နေတာ။ ကျေးဇူးပြုပြီးတော့ ဒီဘက်ကိုလာပါ ”

” လက်ထောက်ဘုရင်ခံအသစ်ဆိုပါလား ”
ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရပြီး အံ့အားသင့်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့သည်။ ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာ သူ့အား အများကြီးကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။ သူသည် ဝမ်ပေါင်လဲ့ အင်္ဂါဂြိုဟ်သို့ မရောက်မီ သတင်းကြိုပို့ထားခြင်း ဖြစ်ရပေမည်။ သူ့ကြောင့် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်တွင် ပိုကောင်းသော ရာထူးတစ်ခုကို ရတော့မည့်အပြင် မှီခိုအားထားစရာ လူတစ်ယောက်ကိုလည်း ပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည်။

ထိုအတွေးများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အဖြူရောင်းသိုင်းပညာဝတ်စုံနှင့် လူငယ်လေးနောက်သို့ လိုက်ကာ သင်္ဘောဆိပ်ထဲမှ ထွက်ခွာသွားတော့သည်။ ထို့နောက် သူတို့မှာ မြို့ပိုင် သင်္ဘောပျံတစ်စင်းပေါ်သို့ တက်သွားကြပြီး အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်၏ နိုင်ငံရေးအချက်အချာဌာနဖြစ်သော နယ်မြေဆယ့်ရှစ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ကြီးကို စက်လုံးပုံစံရှိသော ဧရာမ မြို့တော်နယ်မြေ သုံးဆယ့်ခြောက်ခုဖြင့် ဖွဲ့စည်းထား၏။ ၎င်းတို့ကို နာမည်အသီးသီး ပေးထားပြီး နယ်မြေဆယ့်ရှစ်မှာ နိုင်ငံရေးအချက်အချာဌာနဖြစ်သည်။ ဘုရင်ခံနှင့်လက်ထောက်ဘုရင်ခံတို့၏ ရုံးခန်းများအပြင် အဓိကအစိုးရဌာနကြီးသုံးခု၏ ဌာနချုပ်များမှာလည်း နယ်မြေဆယ့်ရှစ်ထဲတွင် တည်ရှိသည်။

ဝမ်ပေါင်လဲ့မှ သင်္ဘောပျံကြီး ဖြတ်ပျံသွားသော လမ်းတစ်လျှောက်ရှိ မိုးထိုးလုမတတ် မြင့်မားနေသော အဆောက်အဦများနှင့် ၎င်းတို့၏ တမူထူးခြားသော ဗိသုကာလက်ရာများကို ငေးကြည့်နေမိတော့သည်။ လူသွားလမ်းများပေါ်တွင် လမ်းသွားလမ်းလာ မြောက်မြားစွာ ရှိနေကြပြီး လမ်းမကြီးများ ပေါ်တွင်လည်း သင်္ဘောပျံပေါင်း မြောက်မြားစွာ ကူးလူးဖြတ်သန်းသွားလာနေကြ၏။ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ကြီး တစ်ခုလုံးမှာ ပျားပန်းခတ်နေသည်။

အင်္ဂါဂြိုဟ်ပေါ်ရှိ လူဦးရေ အရေအတွက်မှာ ကောင်းကင်မြို့တော်ထဲရှိ လူဦးရေထက် ပိုများသည်။ ကိုလိုနီမြို့တော်ကြီးမှာ အရွယ်အစား သိသိသာသာ ပိုကြီးသောကြောင့် ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ကြသူများ အမြဲတမ်း ရှိနေသည်ဖြစ်ရာ လူဦးရေအရေအတွက်မှာလည်း မြင့်တက်လာရခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ကျောင်းမှ မထွက်ခွာခင်ကတည်းက အင်္ဂါဂြိုဟ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဖတ်ရှုထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဤ မြို့တော်ကြီးမှာ ကိုလိုနီမြို့တော် အဆင့်တွင်သာ ရှိမနေကြောင်း သူက သိထား၏။ ၎င်းအား ပြည်ထောင်စုကြီး၏ အုပ်ချုပ်မှု စနစ်အောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော်ကြီးတစ်ခုဟုပင် အတိုင်းတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။

အင်္ဂါဂြိုဟ်၏ နိုင်ငံရေးဖွဲ့စည်းတည်ဆောက်ပုံမှာ ပြည်ထောင်စုကြီးနှင့် အနည်းငယ်ခန့် ကွဲလွဲနေ၏။ အစိုးရဌာနများထဲရှိ အနိမ့်ဆုံးရာထူးမှ အမြင့်ဆုံးရာထူးအထိ ပိုင်ဆိုင်ထားကြသော အရာရှိများအားလုံးမှာ ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစု အသီးသီးဆီမှ ဖြစ်ကြသည်။ ပြည်ထောင်စုကြီးက ခန့်အပ်ထားသည့် ဘုရင်ခံရာထူးမှလွဲ၍ အခြားဌာနများအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများဖြစ်ကြသည်။

စစ်တပ်မှာလည်း အင်္ဂါဂြိုဟ်ပေါ်တွင် ၎င်းတို့၏ ကိုယ်ပိုင်စခန်းတစ်ခုကို တည်ဆောက်ထားသည်။ ၎င်းတို့မှာ ကမ္ဘာကြီးပေါ်ရှိ ပြည်ထောင်စုကြီးနှင့် အချိတ်အဆက်ရှိပါသော်လည်း ဒေသန္တရအာဏာပိုင်များအဖြစ်သာ အုပ်ချုပ်ကြသည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ ဇာတိဖွားများ ပိုင်ဆိုင်ထားသော ရာထူးအာဏာများကိုလည်း လျှော့တွက်၍ မရနိုင်ပေ။ ပြည်ထောင်စုကြီး၏ ထပ်ခါတလဲလဲ ဖိနှိပ်ချုပ်ချယ်မှုများကို ခံခဲ့ရသည့်အတိုင်းအောင် သူတို့မှာ အရေးပါသော နိုင်ငံရေးအင်အားစုတစ်ခုအဖြစ် ရှိနေဆဲပင်။

အခြားနိုင်ငံရေးအင်အားစုများမှာလည်း ကိုလိုနီနယ်မြေထဲတွင် ၎င်းတို့၏ အဖွဲ့အစည်းများကို တည်ထောင်ထားကြ၏။ ထို့ကြောင့် ကိုလိုနီမြို့တော်ကြီးမှာ ရှုပ်ထွေးလွန်းလှသော နေရာကြီးတစ်ခု ဖြစ်နေသဖြင့် ၎င်းအား ကမ္ဘာပေါ်မှ ပြည်ထောင်စုကြီးထဲရှိ လက်ရှိနိုင်ငံရေးအခြေအနေများကို အကျဉ်းချုံ့ထားသော ပုံစံငယ်လေးတစ်ခုဟုပင် သတ်မှတ်နိုင်ပေသည်။ ထို့အပြင် ၎င်းမှာ မျိုးနွယ်စုအသီးသီးနှင့် ဂိုဏ်းအသီးသီးမှ အညွှန့်တလူလူဖြစ်နေသော အမွေဆက်ခံသူများအတွက် ကျင့်ကြံခြင်းနယ်မြေတစ်ခု ကဲ့သို့လည်း ဖြစ်နေသေးသည်။

ဝမ်ပေါင်လဲ့မှာ အပြင်ဘက်ရှိကမ္ဘာကြီးကို ကြည့်ရှုရင်း အင်္ဂါဂြိုဟ်အကြောင်းနှင့်ပတ်သက်၍ သူ လေ့လာထားသမျှ အရာအားလုံးကို သူ၏အတွေးထဲ၌ ပြန်လည်စုစည်းနေ၏။ ထို့ကြောင့် သူသည် ဤဂြိုဟ်ကြီးအကြောင်းကို ပို၍နားလည်သွားတော့သည်။ နောက်ဆုံးတွင် အရှိန်အဟုန်ဖြင့် ပျံသန်းနေသော သင်္ဘောပျံကြီးမှာ နယ်မြေဆယ့်ရှစ်ထဲသို့ ရောက်ရှိလာပြီး ပြည်သူ့ရင်ပြင်တစ်ခုထဲတွင် ဆင်းသက်လိုက်တော့သည်။

ထိုပြည်သူ့ရင်ပြင်ကြီးမှာ အလွန် ကျယ်ပြန့်ပြီး ၎င်း၏ပတ်ပတ်လည်တွင် အနီရောင်သစ်ပင်များနှင့် အခြားအပင်များ ပေါက်ရောက်နေ၏။ ထိုရင်ပြင်ကြီး၏ အလယ်တွင် မီးတောက်ပုံစံ တည်ဆောက်ထားသော အနီရောင် အဆောက်အဦကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ ကွင်းပြင်ကြီးထဲတွင် ထီးထီးကြီး ဖြစ်နေသောကြောင့် အာရုံဖမ်းစားနိုင်စွမ်း အပြည့်ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးအပြင်သို့ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအဆောက်အဦထဲမှ ထွက်ပေါ်လာနေသော အပူလှိုင်းများကို အာရုံခံမိလိုက်သည်။

” ဒါ လက်ထောက်ဘုရင်ခံရဲ့ ကိုယ်ပိုင်ရုံးပါ။ အဆောင်မှူးဝမ်။ ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ ” အဖြူရောင် သိုင်းပညာဝတ်စုံနှင့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့အား ခပ်ရေးရေးမျှ ပြုံးပြလိုက်ပြီး ရှေ့မှဦးဆောင်သွား၏။ ဝမ်ပေါင်လဲ့ကမူ အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းမော့ကာ မီးတောက်ပုံစံ အဆောက်အဦကြီးအား အချိန်အနည်းငယ်ခန့် စိုက်ကြည့်နေလိုက်၏။ ထိုသို့ စိုက်ကြည့်ပြီးသွားသော အခါမှသာ သူသည် ထိုလူငယ်လေးနောက်သို့ လိုက်၍ ထိုအဆောက်အဦထဲသို့ ဝင်သွားတော့သည်။

သူ အထဲသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်ရှိ အပူရှိန်ကြီးနှင့် လားလားမျှ မသက်ဆိုင်သော အေးမြသည့် လေပြေလေညင်းလေးတစ်ခုကို ခံစားလိုက်ရ၏။ ထို့အပြင် လေထုထဲတွင်လည်း ဝိညာဉ်ချီများ စိတ်ဝင်ပျံ့နှံ့နေသေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် လန်းဆန်းတက်ကြွသွား၏။ သူသည် ထိုလူငယ်လေးနောက်သို့လိုက်၍ အဆောက်အဦထဲရှိ အမြင့်ဆုံးအထပ်အထိ တက်သွားလိုက်တော့သည်။

ထိုအထပ်တွင် ခရမ်းရောင် သစ်သားတံခါးတစ်ခု ရှိနေ၏။ လက်ရှိတွက် ၎င်းအား ပိတ်ထားသည်။

၎င်းမှာ သေချာပေါက် လက်ထောက်ဘုရင်ခံ၏ ရုံးခန်းဖြစ်ရပေမည်။ အဖြူရောင်းသိုင်းပညာဝတ်စုံနှင့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့အား တံခါးဆီသို့ ခေါ်သွားလိုက်ပြီးနောက် ထွက်ခွာသွား၏။ ဝမ်ပေါင်လဲ့မှာ သူ၏အင်္ကျီကို နောက်တစ်ကြိမ် ထပ်၍ ဆွဲဆန့်နေရင်း အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲမှ သူဖတ်ရှုထားဖူးသည့် လောကဝတ် အမျိုးမျိုးမှာ သူ၏ အတွေးထဲ၌ ပေါ်လာတော့သည်။ ထို့နောက် သူသည် ပညာရှင်ပီသပြီး အရည်အချင်းရှိသောပုံစံ ပေါက်အောင် ကြိုးစားလုပ်ယူလိုက်ပြီး တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ရှေ့သို့လှမ်းကာ တံခါးကို ပြတ်ပြတ်သားသားနှင့် ဖြည်းညင်းစွာ ခေါက်လိုက်တော့သည်။ သူ၏တံခါးခေါက်သံမှာ အရမ်းကြီး မကျယ်ပါသော်လည်း လက်ထောက်ဘုရင်ခံကြီး ကြားနိုင်လောက်သည်အထိတော့ ကျယ်ပေသည်။

သူသည် ထိုကဲ့သို့ သုံးချက်တိတိ ခေါက်လိုက်၏။

ထို သေသပ်သော တံခါးခေါက်သံများမှာ လေထုထဲတွင် ပဲ့တင်ထပ်သွား၏။ ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ အံ့အားသင့်သွားရသည်။ သူသည် ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်သောကြောင့် တံခါးတစ်ချက် ခေါက်လိုက်ရုံမျှဖြင့် ၎င်းအား ရာစုနှစ်တစ်ခုစာ သက်တမ်းရှိသော သစ်သားဖြင့် လုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်၏။ ထိုသစ်သားကို ဝိညာဉ်ငွေ့ရည်ထဲတွင် နှစ်ပေါင်းများစွာ စိမ်ထားခဲ့ခြင်း ဖြစ်သဖြင့် ၎င်းမှာ အဆောင်များသန့်စင်ရာ၌ အသုံးပြုနိုင်သည့် အကောင်းစား ကုန်ကြမ်းပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။

” အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေက တကယ်ကို ထောတာပဲဟ… ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်၏။ ထိုအချိန်တွင် တံခါးမှာ အတွင်းဘက်သို့ တဖြည်းဖြည်းချင်း ပွင့်သွားပြီး ဝမ်ပေါင်လဲ့၏ ရှေ့တွင် ရိုးစင်းပါသော်လည်း ကျက်သရေအပေါင်းနှင့် ခညောင်းနေသည့် ရုံးခန်းတစ်ခု ပေါ်လာ၏။

ရုံခန်းထိရှိ သက်တမ်းရင့်နေပြီဖြစ်သော ဆိုဖာခုံများနှင့် ခုံစောင်းများထဲမှ ဝိညာဉ်ချီများ ထွက်ပေါ်နေ၏။ ထို ဝိညာဉ်ချီများမှာ ထူထဲသိပ်သည်းလွန်းနေသောကြောင့် ထိုအခန်းတစ်ခန်းလုံးကို မြူခိုးများက လွှမ်းခြုံထားသကဲ့သို့ပင် ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုထူထဲနေသော ဝိညာဉ်ချီများထဲမှနေ၍ သူ၏ရှေ့တွင်ရှိနေသော နံရံပေါ်တွင် ချိတ်ဆွဲထားသည့် တောတောင်ရေမြေရှုခင်း ပန်းချီကားတစ်ချပ်ကို မြင်လိုက်ရသည်။ ထိုပန်းချီကားထဲတွင် နှင်းတောင်တစ်လုံး ရှိနေပြီး မြစ်တစ်စင်းမှာ ထိုတောင်အောက်သို့ စီးဆင်းနေ၏။ ထိုမြစ်ထဲတွင် လှေတစ်စင်း ရှိနေပြီး ထိုလှေပေါ်တွင် အဘိုးကြီးတစ်ယောက် ရှိနေသည်။ ထိုအဘိုးကြီးမှာ တောင်ဘက်ကို မျက်နှာမူ၍ ဒူးထောက်ရင်း လေးနက်တည်ကြည်နေသော အမူအရာဖြင့် ဆုတောင်းနေသည်ပုံ ပေါက်နေသည်။

အခြားအသေးစိတ်အချက်အလက်များကိုမူ အတိအကျ မမြင်ရပေ။ အဘယ်ကြောင့်ဆိုသော ထိုပန်းချီကားကြီး၏ အချို့အဝက်ကို အရပ်ထောင်ထောင်မောင်းမောင်းရှိသော လူရိပ်ကြီးတစ်ခုက ကာထားသောကြောင့်ဖြစ်သည်။ ထိုလူရိပ်ကြီးမှာ ဝမ်ပေါင်လဲ့အား ကျောပေး၍ ရပ်နေ၏။ ဝမ်ပေါင်လဲ့မှာ ထိုလူကြီးအား မြင်လိုက်ရသောအခါ သူ့ဆီမှ ဖိနှိပ်အားတစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူသည် ထိုလူကြီးမှာ မည်မျှအထိ အစွမ်းထက်ကြောင်း အာရုံခံနိုင်စွမ်းရှိနေ၏။

” အမြုတေထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ”
ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ကြုံတွေ့ခဲ့ရသော ကိစ္စရပ်များကြောင့် သူ၏ အမြုတေအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမှာ တိုးတက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လက်ထောက်ဘုရင်ခံကြီးမှာ အမြုတေထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရမည်ဟု သူသည် ချက်ချင်းပင် သိလိုက်၏။ ထို့ကြောင့် သူသည် အလောတ‌ကောနှင့် ရှေ့သို့လှမ်းသွားလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ့အား ကျောပေးထားဆဲဖြစ်သော ထိုလူကြီးအား တရိုတသေ ဦးညွှတ်လိုက်၏။

” မင်္ဂလာပါ လက်ထောက်ဘုရင်ခံကြီး။ ကျနော်က ဝမ်ပေါင်လဲ့ပါ ”

ဝမ်ပေါင်လဲ့၏ ဂါရဝပြုသံ ပဲ့တင်ထပ်သွားချိန်တွင် သူ၏နောက်ဘက်မှ တံခါးမှာ တိတ်တိတ်ကလေး ပြန်ပိတ်သွား၏။ ထို့နောက် အခန်းထဲမှ ဝိညာဉ်ချီများမှာ မျက်လုံးဖြင့်မမြင်နိုင်သော လေပြင်းတစ်ချက်၏ တိုက်ခတ်မှုကို ခံလိုက်ရသည့်အလား လွင့်စင်ပျောက်ကွယ်သွားကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရပ်နေသော ထောင်ထောင်မောင်းမောင်းနှင့် လူရိပ်ကြီးမှာ ရုတ်တရက်ဆိုသလို ပို၍ သိသာထင်ရှားလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုလူကြီး၏ နောက်ကျောကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူနှင့် ရင်းနှီးနေသလို ခံစားလိုက်ရ၏။ သို့သော် သူသည် ထိုလူကြီးအား မည်သည့်နေရာတွင် တွေ့ခဲ့ခြင်းဖြစ်ကြောင်း ပြန်မတွေးနိုင်ခင်မှာပင် သူ၏ရှေ့ရှိ လူကြီးဆီမှ သူနှင့် ပို၍ပင် ရင်းနှီးနေသော စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်။

” ဝမ်ပေါင်လဲ့…. ”

ဝမ်ပေါင်လဲ့မှာ ထိုစကားသံကို ကြားလိုက်ရသောအခါ မျက်လုံးများကျွတ်ထွက်သွားလုမတတ် ဖြစ်သွား၏။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ရှေ့မှ လူကြီးမှာ နောက်သို့လှည့်လာသဖြင့် ပြုံးနေသည့်ပုံပေါ်သော သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ မျက်နှာကို မြင်လိုက်ရသည်။

” ငါတို့တွေ ပြန်ဆုံကြပြန်ပြီ ”

” ဧ….ဧရာမ သစ်ပင်ကြီး ”
ဝမ်ပေါင်လဲ့မှာအတွေးများ ယောက်ယက်ခတ်သွားရပြီး လိပ်ပြာလွင့်လုမတတ် ခံစားလိုက်ရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset