ဝမ်ပေါင်လဲ့၏ အတွေးများမှာ ဗြောင်းဆန်သွား၏။ ၎င်းမှာ ပေါ့ပေါ့တန်တန် ကိစ္စတစ်ခုမဟုတ်ဘဲ သူ၏အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်သော ကိစ္စတစ်ခုဖြစ်ပေသည်။ ထို့ကြောင့် သူသည် အချိန်ပေး၍ စဉ်းစားတွေးတောရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာလည်း ယခုကဲ့သို့သော ကိစ္စများကို အလျင်စလိုဆုံးဖြတ်၍မဖြစ်ကြောင်း သိထားသည်။ နာရီဝက်တိတိ ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ စဉ်စားတွေးတောပြီးသွားသဖြင့် ခေါင်းမော့လာပြီး ဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။
” ဂိုဏ်းချုပ်ကြီး။ ဘယ်ရွေးချယ်မှုက ကျနော့်အတွက် ပိုကောင်းမလဲဆိုတာ ကျနော် မသိဘူးဖြစ်နေတာ။ ဂိုဏ်းချုပ်ကြီးရော ဘယ်လိုထင်လဲဗျ ”
” ကောင်စုတ်လေး ”
ဂိုဏ်းချုပ်ကြီးမှာမူ ပြုံးကာ ဝမ်ပေါင်လဲ့အား သဘောကျနှစ်သက်သည့် အမူအရာဖြင့် စိုက်ကြည့်နေတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ခေါင်းကုတ်ကာ ရိုးသားကြိုးစားသည့် ကျောင်းသားတစ်ယောက်ပုံစံ ဟန်ဆောင်လိုက်၏။ ဂိုဏ်းချုပ်ကြီးမှာ သူ၏ဟန်ဆောင်မှုကို မြင်လိုက်ရသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးကာ ခေါင်းယမ်း၍ ရယ်မောလိုက်တော့သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ အကူအညီမတောင်းခဲ့ပါက သူ့ဘက်မှ အကြံပေးရန်မှာ မသင့်တော်ပေ။ ထို့ကြောင့် ဂိုဏ်းချုပ်ကြီးမှာ အချိန်အနည်းငယ်ခန့် ဆိတ်ငြိမ်သွားပြီးမှ သူ၏ အမြင်ကို ပြောပြလိုက်၏။
” မင်း ကျောင်းမှာနေရင် ပဏာမအဆင့်ငါးအရာရှိတစ်ယောက် ဖြစ်လာမှာ။ မင်း အမြုတေအဆင့်ကို ရောက်တဲ့အချိန်ကျရင်လည်း မင်းရဲ့ စံထားစရာကောင်းတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ဆိုရင် ဓမ္မလက်နက်အဆောင်ရဲ့ မဟာအကြီးအကဲရာထူးကို သေချာပေါက်ရရှိမှာပဲ။ အဲဒီလိုဆိုရင် အနည်းဆုံး ဒုပဏာမအဆင့်လေး အရာရှိအဆင့်အထိ ရာထူးတိုးသွားမှာ။ ပဏာမအဆင့်လေးအရာရှိအထိလည်း ဖြစ်ရင်ဖြစ်လာနိုင်တယ် ”
” အဲ့အဆင့်ထိရောက်ပြီးလို့ ပြည်ထောင်စုကြီးကိုပဲဖြစ်ဖြစ် ကျောင်းကိုပဲဖြစ်ပြီး သင့်တင့်လျောက်ပတ်တဲ့ ထောက်ပံ့မှုတွေ ပံ့ပိုးပေးပြီးတော့ အတွေ့အကြုံတွေ ရင့်သန်လာတဲ့အချိန်ကျရင် ကောင်းကင်တာအိုကျောင်းရဲ့ ဒုဂိုဏ်းချုပ် ဖြစ်လာဖို့ ကြိုးစားခွင့်ရလာမှာပဲ။ အဲဒါဆိုရင် မင်း ဒုပဏာမအဆင့်သုံးအရာရှိအဆင့်အထိ ရောက်သွားမှာ ”
” ဒီလမ်းစဉ်ကတော့ ပိုသေချာပြီး အန္တရာယ်လည်း ပိုနည်းတာပေါ့။ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိတာပဲ။ အဲဒီ အားနည်းချက်တွေကတော့ အရာရာတိုင်းကို တစ်ဆင့်ချင်းစီ လုပ်ရတဲ့အချက်ပဲ။ အရှင်းဆုံးပြောရမယ်ဆိုရင် မင်း အချိန်တွေအများကြီး ပေးပြီးတော့ အတွေ့အကြုံတွေ များလာအောင် စုစည်းတဲ့သဘောပဲ ”
” အင်္ဂါဂြိုဟ်ပေါ်ကို သွားရမယ့် ဒုတိယရွေးချယ်မှုရဲ့ အားသာချက်ကကျ မင်းရဲ့ အစွမ်းအစတွေကို ထုတ်ပြနိုင်မယ့် အခွင့်အရေးတွေ အများကြီးရှိနေမှာဆိုတော့ မင်းရဲ့ တိုးတက်မှုနှုန်းကလည်း ပိုမြန်လာမှာ။ ပြီးတော့ အဲဒီကိုရောက်ရင် မင်းတွေ့ရမယ့် လူတွေက ကျောင်းကလူတွေနဲ့ တူမှာမဟုတ်ဘူး။ အားနည်းချက်ကတော့ အသိသာကြီးပါ။ အင်္ဂါဂြိုဟ်ကို တစ်စိတ်တစ်ပိုင်းပဲ သိမ်းပိုက်ရသေးတာဆိုတော့ အန္တရာယ်တွေရှိနေမှာ အမှန်ပဲ။ ပြီးရင် ထင်မှတ်မထားတဲ့ ဖြစ်ရပ်မျိုးတွေကိုလည်း ခဏခဏ ကြုံရနိုင်တယ် ”
” ငါကတော့ မင်း အင်္ဂါဂြိုဟ်ပေါ် သွားဖို့ပဲ အကြံပေးချင်တယ်။ မင်း အင်္ဂါဂြိုဟ်ပေါ်မှာ ရှိနေတုန်း မင်းရဲ့ အစွမ်းအစတွေကို သက်သေပြနိုင်မယ်ဆိုရင် ပဏာမအဆင့်လေးအရာရှိအထိ ရာထူးတိုးသွားမှာပဲ။ ဒုပဏာမအဆင့်လေးအရာရှိပဲ ဖြစ်နေရင်တောင် အမြုတေအဆင့်ရောက်သွားရင် ကမ္ဘာကိုပြန်လာလို့ရတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ မင်းရခဲ့မယ့် အတွေ့အကြုံတွေနဲ့သာဆိုရင် မင်းကို ပြည်ထောင်စုကြီးထဲက အရေးပါတဲ့ ဌာနတစ်ခုခုရဲ့ လက်ထောက်ဌာနမှူးအဆင့်အထိ ရာထူးတိုးပေးမှာ သေချာသလောက်ပဲ။ အဲဒါဆိုရင် ဒုပဏာမအဆင့်သုံးအရာရှိအဆင့်ထိ ရောက်ပြီ ”
” အဲဒီနည်းလမ်းက အမြန်ဆုံးပဲ။ မင်းအတွက်လည်း အချိန်တစ်ဝက်လောက်အထိ ပိုသက်သာမှာ ”
ဂိုဏ်းချုပ်ကြီးမှာ သူ၏ ထင်မြင်ယူဆချက် အစစ်အမှန်များကို ကွယ်ဝှက်နေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား ပြောပြလိုက်၏။
ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီးပြောခဲ့သော စကားများကို သေသေချာချာ နားထောင်လိုက်ပြီးနောက် တွေးတောသုံးသပ်ကြည့်လိုက်၏။ ထို့နောက် သူသည် ခေါင်းညိတ်ကာ ဂိုဏ်းချုပ်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်သည်။
” ဂိုဏ်းချုပ်ကြီးရဲ့ ဆန္ဒအတိုင်းပါပဲ ”
သူ၏စကားလုံးများထဲတွင် အဓိပ္ပါယ်မျိုးစုံ ပါဝင်နေ၏။ ဝမ်ပေါင်လဲ့မှာ အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို လေ့လာထားခဲ့သည်မှာ အလကားမဟုတ်ပေ။ သူသည် ရိုးရှင်းသော စကားလုံးအနည်းငယ်ဖြင့် ဂိုဏ်းချုပ်ကြီးအပေါ် ထားရှိသော သူ၏သဘောထားနှင့် ကျေးဇူးတရားများကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာ ပြုံးသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား နောက်သုံးရက်အကြာတွင် ထွက်ခွာရတော့မည်ဖြစ်သောကြောင့် အဆင်သင့်လုပ်ထားရန် အသိပေးလိုက်သည်။ နောက်ဆုံးတွင် ဂိုဏ်းချုပ်ကြီးမှာ သူ၏ရှေ့တွင် ရှိနေသော လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် ထွက်ခွာသွား၏။ သူသည် ကောင်းကင်လမ်းကျွန်းပေါ်မှ ထွက်ခွာလာပြီး အဆင့်မြင့်ကျွန်းဆီသို့ ပြန်သွားလိုက်၏။ သူသည် အလွန်အင်မတန်မှ စိတ်ဓာတ်တက်ကြွနေပြီး အင်္ဂါဂြိုဟ်သို့ သွားရမည့် ခရီးစဉ်အား မျှော်လင့်စောင့်စားရင်း သူ၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
” ငါ အစိုးရအရာရှိတစ်ယောက် တကယ်ဖြစ်လာတော့မှာပဲ ”
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေတော့သည်။ သူသည် နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်ရောက်ချင်း ပစ္စည်းများကို ထုပ်ပိုးလိုက်၏။ အဆောင်များသန့်စင်ရန် အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် ကျောက်စိမ်းပေလွှာများကို သူ၏ သိုလှောင်လက်ကောက်ထဲတွင် ထုပ်ပိုးထားလိုက်တော့သည်။
ထို့နောက် သူသည် ပျိုးပင်တစ်ရာ ကျင့်ကြံခြင်းလေ့ကျင့်ရေးစခန်းထဲတွင် ရှိခဲ့စဉ်တုန်းက စစ်တပ်မှ နည်းပြကြီး ပေးအပ်ခဲ့သော ဥကြီးကို ပြန်၍ အမှတ်ရသွား၏။ သူသည် ထိုဥကြီးအား လျှိုတောက်ပင်းဆီသို့ လက်လွှဲပေးခဲ့ပြီးနောက် သူ၏ လက်အောက်ငယ်သားများထံမှ အကူအညီအတောင်းကာ ၎င်း၏ ဥဖောက်နှုန်းကို မြန်ဆန်လာအောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် လျှိုတောက်ပင်းဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ပြီး ထိုဥကြီးကို ယူလာရန် မှာကြားလိုက်၏။
ခဏအကြာတွင် လျှိုတောက်ပင်းမှာ ထိုဥကြီးနှင့်အတူ ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့မှာ ထိုဥအား အကဲခတ်ကြည့်လိုက်သောအခါ ၎င်းမှာ သူနောက်ဆုံးမြင်ခဲ့ရသည့် အချိန်တုန်းကနှင့် အနည်းငယ်ခန့် ကွဲလွဲနေကြောင်း သိလိုက်ရ၏။ သူသည် ၎င်းအား သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် လျှိုတောက်ပင်းနှင့် စကားအနည်းငယ် ပြောလိုက်၏။
လျှိုတောက်ပင်းမှာ ဉာဏ်ပြေးသူတစ်ယောက်ဖြစ်ရာ ဝမ်ပေါင်လဲ့ မကြာမီထွက်ခွါသွားတော့မည်ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ၏ ဖခင်ဖြစ်သူအား မေးမြန်းကြည့်လိုက်ပြီးနောက် သူသည် ဝမ်ပေါင်လဲ့အား ဖော်လံဖားကာ ချီးကျူးဂုဏ်ပြုစကားများ အမြဲမပြတ် ပြောဆိုပေးနေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း အပျော်လွန်နေပြီး ရွှင်ပျစွာ ပြုံးကာ အော်ဟစ်ရယ်မောနေတော့သည်။
ခဏာအကြာတွင် သူသည် ချောင်းဟန့်လိုက်ပြီး သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ လျှိုတောက်ပင်းသည်လည်း သူပြောချင်သည့်စကားကို နားလည်သောကြောင့် ထွက်ခွာသွားတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏လက်ဖက်ရည်ခွက်ကို အောက်သို့ ပြန်ချလိုက်၏။ ထို့နောက် သူ နှစ်အနည်းငယ်ခန့် နေထိုင်ခဲ့သော နတ်ဝိဇ္ဇာဂူကြီးနှင့် ကောင်းကင်တာအိုကျောင်းတို့ကို တွယ်တာမှုအပြည့်ဖြင့် စိုက်ကြည့်နေရင်း သူ၏ နှလုံးသားထဲ၌ ခံစားချက်ပေါင်းစုံဖြင့် ယောက်ယက်ခတ်သွားရတော့သည်။ ပြီးခဲ့သောနှစ်အနည်းငယ်မှာ အလွန်အင်မတန်မှ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်ဟု သူက ခံစားနေရ၏။ မကြာသေးမီတုန်းကပင်လျှင် သူသည် ကျောင်းသို့လာသော သင်္ဘောပျံကြီးပေါ်တွင် ကြက်ဒူးဆစ်ပိုင်းများကို အငမ်းမရစားသုံးနေခဲ့သည့် ရုပ်ရည်ချောမောလှသော ဖက်တီးလေးတစ်ယောက် ဖြစ်နေခဲ့ပါသော်လည်း မျက်စိတစ်မှိတ်အတွင်း သူသည် ပြည်ထောင်စုကြီးထဲရှိ နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်လာပြီး အင်္ဂါဂြိုဟ်ပေါ်သို့ သွားရတော့မည်ဖြစ်သည်။ သို့သော် အရေးကြီးဆုံး အချက်တစ်ချက် ရှိနေသေးသည်….
ဝမ်ပေါင်လဲ့မှာ မှန်ရှေ့တွင်ရပ်ကာ မှန်ထဲသို့စိုက်ကြည့်နေ၏။ သူသည် မှန်ထဲရှိ သူ၏ ပုံရိပ်ကို ရှုစားရင်း အတွေးများထဲ၌ နစ်မြောနေ၏။
” ငါ ဝိတ်ကျသွားတော့ ပိုတောင် ချောလာသေးတယ်။ ငါ့အမေက ငါ့ကို အောင်သွယ်ပေးချင်နေတာ မထူးဆန်းပါဘူး။ ငါ့လောက်ချောတဲ့ သားတစ်ယောက်ရထားရင် ငါလည်း အောင်သွယ်ပေးချင်မှာပဲလေ။ တခြားသူတွေရဲ့ သမီးတွေ သူ့သားကို တမ်းတမ်းစွဲဖြစ်နေအောင် လုပ်ပေးချင်မှာပဲ…. ”
ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကို ဝမ်းသာအားရပုတ်ကာ ဆိုလိုက်သည်။ လတ်တလောတွင် သူ၏ ဗိုက်မှာ အတော်အသင့် ပြန်ကြီးလာခဲ့ပြီ ဖြစ်သောကြောင့် ဗိုက်ပေါ်မှ အသားများမှာ တုန်ရီသွားရ၏။ ထိုအခါ သူသည် ပို၍ပင်ကျေနပ်သွားတော့သည်။
” ငါ့ ဗိုက်ကို ရိုက်လိုက်တဲ့အချိန်မှာတောင် ငါက တော်တော်ကြည့်ကောင်းနေသေးတာပဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွသွားပြီ သူ၏အမေဖြစ်သူ၏ ရင်ထဲမှခံစားချက်များကို နားလည်သွားသဖြင့် ဆုံးဖြတ်ချက်ချလိုက်၏။
” အနာဂတ်မှာ ငါ သားလေးတစ်ယောက် ရမယ်ဆိုရင် သူ့ကို လူချောလေးဝမ်လို့ နာမည်ပေးမယ်။ အဲဒါဆို လူတွေ ငါ့ကို မြင်တဲ့အချိန်ကျရင် သူတို့က အဲဒါ လူချောလေးဝမ်ရဲ့ အဖေချောကြီးလို့ ခေါ်ကြမှာ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။ ထိုအကြံမှာ အလွန်အင်မတန်မှ ကောင်းမွန်သည်ဟု သူက မှတ်ယူလိုက်၏။ ထို့နောက် သူသည် သူ၏ခရီးစဉ်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။
ယခင်တုန်းကဆိုလျှင် သုံးရက်ဆိုသော အချိန်မှာ ဝမ်ပေါင်လဲ့အတွက် အလွန်အင်မတန်မှ တိုတောင်းခဲ့ပေသည်။ သို့သော် ယခုကဲ့သို့ စောင့်ဆိုင်းနေရချိန်တွင်မူ အချိန်များမှာ သူ့အတွက် နှေးကွေးနေတော့သည်။ နောက်ဆုံးတွင် သူ ထွက်ခွာရမည့် နေ့ရက်သို့ ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့မှာ ထိုနေ့မနက် အစောပိုင်းကတည်းက အဆင်သင့်ဖြစ်နေခဲ့သည်ဖြစ်ရာ သင်္ဘောဆိပ်ဆီသို့ ပြေးသွားလိုက်၏။
သူ့အား အင်္ဂါဂြိုဟ်ပေါ်သို့ပို့ဆောင်ရန် အာကာသ သင်္ဘောပျံတစ်စင်းကို အထူးစီစဉ်ပေးထား၏။ ၎င်းမှာ သင်္ဘောဆိပ်သို့ ရောက်နေပြီဖြစ်ပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် သူ့ကိုလိုက်လံနှုတ်ဆက်ရန် သင်္ဘောဆိပ်သို့ ရောက်ရှိနေ၏။ လျှိုတောက်ပင်းနှင့် သူနှင့်ရင်းနှီးသော လူအချို့အပြင် ဝမ်ပေါင်လဲ့နှင့် သိပ်မသိပါသော်လည်း သူ၏ စွန့်စားခန်းများနှင့် ရက်စက်ကြမ်းကြုတ်မှုများအကြောင်းကို ကြားသိထားကြသည် အဆင့်မြင့်ကျွန်းပေါ်မှ အခြားလူများစွာမှာလည်း သင်္ဘောဆိပ်ထဲ၌ ရောက်ရှိနေကြ၏။ ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးပေါ်သို့ တက်လိုက်ပြီးနောက် နောက်သို့လှည့်ကာ လက်ယမ်းပြ၍ နှုတ်ဆက်လိုက်၏။
” မင်းတို့အားလုံးကို နှုတ်ဆက်ပါတယ်။ ငါ အင်္ဂါဂြိုဟ်ပေါ်ကနေ စောင့်နေပါ့မယ် ”
သင်္ဘောပျံကြီး အသံမျိုးစုံထွက်ကာ စတင်အသက်ဝင်လာသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် အော်ဟစ်လိုက်၏။ ထို့နောက် ထိုသင်္ဘောပျံကြီး လေပေါ်သို့ တဖြည်းဖြည်းနှင့် ပျံတက်သွားချိန်တွင် တာအိုဝတ်ရုံများ ဆင်မြန်းထားသည့် မိန်းမချောလေးတစ်ယောက် မှော်ဆေးရည်အဆောင်၏ တောင်ထိပ်ပေါ်သို့ ဖောက်ထားသည့် လမ်းကလေးအတိုင်း ပြေးတက်သွားသည်ကို သူက လှမ်းမြင်လိုက်ရသည်။ သူမသည် တောင်ထိပ်၏ အမြင့်ဆုံးနေရာတွေရပ်ကာ အရူးတယောက်ကဲ့သို့ သူ့အား လက်ယမ်းပြကာ အော်ဟစ်နေ၏။
” အစ်ကိုပေါင်လဲ့ ”
ဝမ်ပေါင်လဲ့မှာ တစ်ချက်လှမ်းကြည့်လိုက်ရုံမျှဖြင့် ထိုမိန်းမငယ်လေးမှာ သူ စောစောတုန်းက ရှာဖွေနေခဲ့ပါသော်လည်း တံခါးပိတ် တရားကျင့်ကြံနေခဲ့သည့် ဘန်နီလေးဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။
” ဘန်နီလေး ”
ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားတော့သည်။ သို့သော် သင်္ဘောပျံကြီးမှာ လေပေါ်သို့ ပျံတက်နေပြီဖြစ်ရာ သူသည် ဘန်နီလေး မတ်တပ်ရပ်နေသည့် သူ၏အောက်ရှိ တောင်ထိပ်ဘက်သို့ လှည့်ကာ အသံကုန်အော်ဟစ်ရုံမျှသာ တတ်နိုင်လိုက်သည်။
” ဘန်နီလေး။ ငါ ပြန်လာတာကိုစောင့်နေ။ အမြဲတမ်းလည်း တံခါးပိတ်တရားကျင့်မနေနဲ့ဦး။ နောက်တစ်ခါ နင်နဲ့ငါ ဆုံတဲ့အချိန်ကျ နင် ဘန်နီအိုကြီး ဖြစ်နေဦးမယ် ”
သူ၏ အော်ဟစ်သံကြီး ထွက်ပေါ်လာစဉ် သင်္ဘောပျံကြီး၏ စက်သံများမှာ ဆူညံသွား၏။ ထို့နောက် သင်္ဘောပျံကြီးမှာ အရှိန်အဟုန်ဖြင့် ကောင်းကင်ယံထဲသို့ ထိုးခွင်းသွားသဖြင့် ကောင်းကင်ယံထဲ၌ လှိုင်းတွန့်များ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ ကြယ်တာရာများဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့သည်။
ထို သင်္ဘောပျံကြီး ထွက်ခွာသွားသောအခါ ၎င်းအား ကြည့်ရှုနေကြသော အဆင့်မြင့်ကျွန်းပေါ်ရှိ လူအုပ်ကြီး၏ မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံ ထင်ဟပ်လာတော့သည်။ ဘန်နီလေးမှာမူ နောင်တရနေသည့် မျက်ဝန်းများဖြင့် မှော်ဆေးရည်အဆောင်၏ တောင်ထိပ်တွင် ရပ်နေတော့သည်။
” အစ်ကိုပေါင်လဲ့။ ညီမတို့ ပြန်ဆုံတဲ့အချိန်ကျ ညီမ အခြေတည်အဆင့်ကို ရောက်နေဖို့ ကတိပေးပါတယ်။ အဲ့အဆင့်အထိ ရောက်ပြီးရင် ညီမ ထပ်ပြီးတော့ တံခါးပိတ် ကျင့်ကြံမှာ မဟုတ်တော့ဘူး ”
ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင်လည်း နောင်တများဖြင့် ပြည့်နှက်နေ၏။ သူသည်လည်း ဘန်နီလေးကို လွမ်းဆွတ်တမ်းတနေသည် မဟုတ်ပါလော။ သူတို့နှစ်ယောက် နောက်ထပ်တစ်ကြိမ်ထပ်၍ တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ခွင့် မရှိလိုက်သည်မှာ စိတ်မကောင်းစရာဖြစ်ပါသော်လည်း အနာဂတ်တွင် အခွင့်အရေးမြောက်မြားစွာ ကျန်ရှိနေသေးသည်။
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးပေါ်မှနေ၍ အောက်ဖက်ရှိ မြေပြင်ကြီး တဖြည်းဖြည်းနှင့် လုံးဝန်းသော ကမ္ဘာဂြိုဟ်ကြီးအသွင် ပြောင်းလဲသွားသည်ကို ငေးကြည့်နေလိုက်တော့သည်။ သင်္ဘောပျံကြီး အာကာသထဲအထိ ရောက်သွားမှသာ သူသည် အကြည့်လွှဲလိုက်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။ သူ၏ အင်္ဂါဂြိုဟ်ခရီးစဉ် စတင်ပြီဖြစ်သည်။
ထိုခရီးစဉ်ကြီးမှာ ပျင်းရိစရာကောင်းလှပေသည်။ တစ်ခါတရံတွင် ဘေးမှ ဖြတ်သန်းသွားသော အလင်းတန်းများနှင့် တဖိတ်ဖိတ် တောက်ပနေသော အလင်းရောင်များရှိနေပါသော်လည်း အချိန်အများစုတွင်မူ ဘေးပတ်ပတ်လည်ရှိ ရှုခင်းကြီးတစ်ခုလုံးမှာ နက်မှောင်နေ၏။ အကယ်၍ ထိုမြင်ကွင်းကြီးကို သူ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဆိုပါက စိတ်ဝင်စားစရာ ကောင်းနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာမှ ပြန်လာခဲ့သည့် လမ်းတစ်လျှောက်လုံး ထိုမြင်ကွင်းကြီးအား ငြီးငွေ့နေအောင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။
သူသည် သူ၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်နှစ်ခုကို စတင်လေ့ကျင့်လိုက်၏။ သူသည် လျှပ်စီးတာအို အတွဲတစ်နှင့် ပတ်သတ်၍ တိုးတက်မှုအချို့ ရရှိခဲ့ပြီးဖြစ်သောကြောင့် အမှောင်ပညာရပ်ပေါ်တွင် အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
အာကာသထဲတွင် ရှေးဟောင်း ကြေးညိုရောင်ဓားကြီး၏ အကျိုးအပဲ့အပိုင်းအစများ ရှိနေသည်ဖြစ်ရာ ဝိညာဉ်ချီများလည်း ရှိပေသည်။ ၎င်းတို့၏ ပမာဏမှာ အများကြီးမဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အာရုံခံနိုင်နေဆဲပင်။ အာကာသ သင်္ဘောပျံကြီးမှာ အင်္ဂါဂြိုဟ်ဆီသို့ ဖြည်းဖြည်းနှင့်မှန်မှန် ချဉ်းကပ်သွားနေစဉ် သူသည် ကြိုးစားလေ့ကျင့်လိုက်၊ ကျရှုံးလိုက် ဖြစ်နေတော့သည်။
အာကာသထဲတွင် အချိန်ကုန်ဆုံးမှုကို အတိအကျ သိနိုင်ရန်မှာ ခဲယဉ်း၏။ ဝမ်ပေါင်လဲ့မှာ အမှောင်ပညာရပ်ကို တတ်မြောက်နိုင်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပါသော်လည်း ထပ်ခါတလဲလဲ ကျရှုံးခဲ့ရ၏။ သို့သော် သိပ်မကြာခင် သင်္ဘောပျံကြီး အင်္ဂါဂြိုဟ်ဆီသို့ ရောက်တော့မည်ဖြစ်ရာ ကံကောင်းပေသည်။ သူသည် ကိုလိုနီနယ်မြေအနီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ ကျဆင်းနေသော စိတ်ဓာတ်များမှာ ပြန်လည်တက်ကြွသွား၏။
ခဏအကြာတွင် အနီရောင်ဂြိုဟ်ကြီးကို လှမ်းမြင်လိုက်ရတော့သည်။ ဝမ်ပေါင်လဲ့မှာ အမှောင်ပညာရပ်အား လေ့လာရာ၌ ကြုံတွေ့နေရသော အခက်အခဲများကို တွေးပူမနေတော့ပဲ စိတ်လှုပ်တရှားနှင့် မတ်တပ်ထရပ်လိုက်၏။ သူသည် သူ၏ရှေ့တွင်ရှိနေသော ဖုန်မှုန့်များ ထူထပ်နေသည့် အနီရောင်ဂြိုဟ်ကြီးကို အာရုံအပြည့် စိုက်ထားလိုက်တော့သည်။
ထိုဂြိုဟ်ကြီးမှာ ကမ္ဘာကြီးထက် သိသိသာသာပို၍ သေးငယ်၏။ နေစကြဝဠာထဲရှိ ဂြိုဟ်ကြီးရှစ်လုံးထဲတွင် ၎င်းမှာ ကမ္ဘာနှင့် ဒုတိယမြောက် အနီးဆုံးဂြိုဟ်ဖြစ်သည်။ ပထမ အနီးဆုံးမှာ သောကြာဂြိုဟ်ဖြစ်ပြီး ဤဂြိုဟ်မှာ အင်္ဂါဂြိုဟ်ဖြစ်သည်။
အင်္ဂါဂြိုဟ် ပတ်ပတ်လည်တွင် မရေမတွက်နိုင်လောက်အောင်များပြားသော ဂြိုလ်တုမြောက်မြားစွာ လည်ပတ်နေကြပြီး အာကာသ သင်္ဘောပျံကြီး အနီးသို့ ရောက်လာသောအခါ ၎င်းတို့မှာ ထိုသင်္ဘောပျံကြီးအား ချက်ချင်းပင် ထိန်းချုပ်လိုက်ကြ၏။ ၎င်းတို့မှာ သင်္ဘောပျံကြီးအား နှေးကွေးသွားစေခြင်း မရှိဘဲ အင်္ဂါဂြိုဟ်အား ဖုံးလွှမ်းထားသော ဓာတ်ငွေ့ထုကြီးသို့ လမ်းကြောင်းလွှဲပေးလိုက်၏။
ဝမ်ပေါင်လဲ့မှာ အသားများ တဆတ်ဆတ် တုန်ရီနေရင်း ဘေးမှ ဖြတ်သန်းသွားသော အရာအားလုံးကို စိတ်လှုပ်တရှားနှင့် လိုက်လံကြည့်ရှုနေစဉ်တွင် သင်္ဘောပျံကြီးမှာ အနီရောင်ဂြိုဟ်ကြီး၏ ဓာတ်ငွေ့ထုများထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံ အစွန်းတွင်ရပ်ရင်း အသက်ရှူသံများ ရပ်တန့်သွားရ၏။ သူသည် ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ ဖုန်မှုန့်များ ထူထပ်နေသော အနီရောင်မြေပြင်ကြီးပေါ်ရှိ တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာနေသည့် အလွန်အင်မတန်မှ ခမ်းနားကြီးကျယ်လှသော မြို့တော်ကြီးတစ်ခုကို မြင်လိုက်ရသည်။
၎င်းမှာ အင်္ဂါဂြိုဟ်ပေါ်ရှိ တစ်ခုတည်းသော ကိုလိုနီမြို့တော်ဖြစ်သည်။
ဝမ်ပေါင်လဲ့ ကို ဖက်ရတာ တကယ် ရီရသလို ပညာလည်း ရတယ်ရော