Switch Mode

အခန်း ( ၂၈၉ )

ရာထူးတိုးခြင်း

ဝမ်ပေါင်လဲ့မှာ မမလေးအား အပြည့်အဝယုံကြည်ကာ အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်အကြောင်း တွေးရင်း မျှော်လင့်တကြီးနှင့် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာသွားတော့သည်။ ထို့နောက် သူ၏ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ရောက်သောအခါ ချက်ချင်းပင် စတင်လေ့ကျင့်လိုက်၏။

သို့သော် သူသည် သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဝိညာဉ်ချီများထဲမှ အမှောင်ဝိညာဉ်ချီများကို မည်မျှပင်ကြိုးစား၍ အာရုံခံနေစေကာမူ အနည်းငယ်လေးပင် နားမလည်ခဲ့ပေ။ သူသည် မအောင်မြင်နိုင်စရာ အကြောင်းမရှိဟု ယုံကြည်ထားသောကြောင့် ပို၍ပင် ကြိုးစားအားထုတ်၍ လေ့လာလိုက်၏။ တချိန်တည်းမှာပင် သူသည် လျှပ်စီးတာအို အတွဲတစ်ကိုလည်း စတင်ကျင့်ကြံနေလိုက်တော့သည်။

အကယ်၍ နှိုင်းယှဉ်စရာမရှိပါက အမှောင်ပညာရပ်မှာ မည်မျှအထိ ခဲယဥ်းနေကြောင်းကို သူ နားလည်မည် မဟုတ်ပေ။ လျှပ်စီးတာအို အတွဲတစ်မှာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုဖြစ်ရာ ၎င်းကို လေ့လာတတ်မြောက်နိုင်ရန်မှာ အလွန် ခက်ခဲ၏။ ထိုသို့သာ ခက်ခဲမနေပါက ထိုပညာရပ်အား အကောင်းပတိအတိုင်း ရှိနေသေးသည့် အဆောင်များဖြင့် ဖန်တီးထားသော အခြေတည်အုတ်မြစ်များကို ပိုင်ဆိုင်ထားသောသူများသာ လေ့ကျင့်ခွင့် ရှိသည်ဟု ကောင်းကင်တာအိုကျောင်းက ကန့်သတ်ချက်ထုတ်ထားမည် မဟုတ်ပေ။

သို့သော် အမှောင်ပညာရပ်နှင့် ယှဉ်လိုက်သောအခါတွင်မူ လျှပ်စီးတာအို အတွဲတစ်မှာ အများကြီး ပို၍ ရိုးရှင်းနေကြောင်း ဝမ်ပေါင်လဲ့ သိလိုက်ရ၏။ အကယ်၍ အခြားသူများသာ သူ၏ လက်ရှိခံစားချက်များကို သိလိုက်ရမည်ဆိုပါက ကြက်သေသေသွားကြမည်မှာ အမှန်ပင်။

မှီငြမ်းကိုးကားချက်များ မတူသောအခါ အမြင်ရှုထောင့်များလည်း မတူတော့ပေ။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး သိပ်မကြာခင် တစ်လတိတိ ကုန်ဆုံးသွားတော့သည်။ ထိုတစ်လအတွင်း သူသည် အာနာပါနအဆင့်မှ အခြေတည်အဆင့်သို့ တက်လှမ်းလာခဲ့၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဓမ္မလက်နက်အဆောင်ရှိ လက်ထောက်အဆောင်မှူးတစ်ယောက် ဖြစ်လာရန်လိုအပ်သော အဆင့်ထက် ကျော်လွန်သွားပြီဖြစ်သည်။ ထို့ကြောင့် ဓမ္မလက်နက်အဆောင်ထဲရှိ သူ၏ လက်ရှိရာထူးတွင် ဆက်ရှိနေရန်မှာ မသင့်တော်တော့ပေ။

တာအိုကျောင်းလေးကျောင်း၏ ဖွဲ့စည်းပုံမှာ အခြားနိုင်ငံရေးအဖွဲ့အစည်းများနှင့် အနည်းငယ် ကွဲလွဲနေ၏။ သူ၏ ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးဆိုသောရာထူးကို ဥပမာပြနိုင်ပေသည်။ အခြားနိုင်ငံရေးအဖွဲ့အစည်း တစ်ခုတည်းတွင်ဆိုလျှင် ထိုရာထူးနှင့် အဆင့်အတန်းတူညီသော ရာထူးတစ်ခုခုကို အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ အနည်းဆုံး အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကသာလျှင် ထိုရာထူးမျိုးကို ပိုင်ဆိုင်နိုင်မည်သာဖြစ်သည်။

တာအိုကျောင်း‌ လေးကျောင်းမှာမူ ထိုအဖွဲ့အစည်းများနှင့် မတူပေ။ ၎င်းတို့၏ ထုံးတမ်းအစဉ်အလာအရဆိုလျှင် အခြေတည်အဆင့်သို့ ရောက်ရှိပြီးသော ကျောင်းသားအားလုံးမှာ ပြည်ထောင်စုကြီးနှင့် ပူးပေါင်းရသည်သာဖြစ်သည်။ သူတို့မှာ သက်ဆိုင်ရာ အစိုးရဌာနအသီးသီးတွင် လေ့ကျင့်ပြီး သူတို့၏ ကျင့်ကြံခြင်းခရီးလမ်းများကို ဆက်လျှောက်ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း တာအိုကျောင်းတစ်ကျောင်းတွင် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်က လက်ထောက်အဆောင်မှူးဆိုသော ရာထူးကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်သည်။

ထိုလထဲမှာပင် ချန်းယွီထုံသည်လည်း သူ၏ လက်ထောက်အဆောင်မှူးဆိုသောရာထူးကို စွန့်လွှတ်ကာ ပြည်ထောင်စုမြို့တော်ထဲတွင် ရာထူးတစ်ခု ရရှိသွားပြီဖြစ်သည်။ သူ၏ လက်ထောက်အဆောင်မှူးဆိုသော ရာထူးမှာ အခြေခံအုတ်မြစ်တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် သူ၏ ရာထူးအသစ်မှာ မကြာသေးမီကမှ အခြေတည်အဆင့်သို့ ရောက်ရှိလာခဲ့သည့် အခြားကျင့်ကြံသူများ၏ ရာထူးများနှင့် ယှဉ်လိုက်ပါက ပို၍ အဆင့်မြင့်နေ၏။

လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် အခြေတည်အဆင့်သို့ ရောက်ရှိသွားခဲ့ကြသည့် အခြားကျင့်ကြံသူများမှာလည်း ထိုလထဲ၌ပင် သူတို့၏ ရာထူးပြောင်း အမိန့်စာများကို လက်ခံရရှိလိုက်ကြသည်။ သူတို့မှာ အခြေတည်အဆင့်သို့ ရောက်ရှိလာပြီးနောက် ကိုယ့်လမ်းကိုယ်လျှောက်ကာ ဘဝအသစ်များကို ထူထောင်ရတော့မည်ဖြစ်သည်။

လုကျစ်ဟောက်မှာလည်း ထိုနည်းတူပင်။ သူသည် သောကြာဂြိုဟ်သို့ တာဝန်လွှဲပြောင်းခံလိုက်ရ၏။ သူသည် ကျောင်းမှမထွက်ခွာခင် ဝမ်ပေါင်လဲ့အား သတိပေးစာတစ်ခု ပေးပို့ရန် ကြံရွယ်ခဲ့သေးသည်။ လက်ရှိတွင် သူတို့အားလုံးမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြပြီဖြစ်သောကြောင့် သူတို့နှစ်ယောက် ဆုံတွေ့သည့်အခါတိုင်း သူ့အား ‘ သား ‘ဟု ခေါ်ဆိုသုံးနှုန်းနေခြင်းကို ရပ်တန့်ရန် ဝမ်ပေါင်လဲ့အား အသိပေးလိုခြင်း ဖြစ်သည်။

သို့သော် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် လပေါ်တွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်ဖွယ်ရာ လုပ်ရပ်များကို ပြန်၍အမှတ်ရသွားသောအခါ သူ့အား ရန်မစရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ဘေးအန္တရာယ်မှ ကင်းရှင်းအောင်နေခြင်းမှာ သူ၏ ခံယူချက်များနှင့် ကွဲလွဲမှုမရှိ‌ကြောင်း သူက မှတ်ယူလိုက်၏။

ကျိုးရိဖန်ကမူ ထွက်ခွာသွားခြင်းမရှိဘဲ ကျောင်းတွင်ဆက်နေကာ သိုင်းပညာအဆောင်၏ အဆောင်မှူးလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း သိုင်းပညာအဆောင်မှာ အများနှင့်မတူသော နေရာတစ်ခုဖြစ်သည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ အဆောင်မှူးရာထူးအား ပိုင်ဆိုင်ခွင့်မရှိဟု တားမြစ်ထားခြင်းမရှိပေ။

ကျောက်ယမုန့်နှင့် ပတ်သက်၍လည်း ဝမ်ပေါင်လဲ့မှာ ခန့်မှန်းထားပြီးသားဖြစ်သည်။ သူမ၏ ဇာတိမှာ ပြည်ထောင်စုမြို့တော်ထဲတွင် ရှိနေသည်ဖြစ်ရာ သူမ၏ မိသားစု နောက်ခံအင်အားမှာလည်း အတော်အသင့် အံ့သြဖွယ်ရာ ကောင်းရပေမည်။ ထို့ကြောင့် သူမ သူ့ဆီသို့ ရောက်လာကာ နှုတ်ဆက်စကားများ ဆိုလိုက်ပြီးနောက် ပြည်ထောင်စုမြို့တော်ထဲတွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားတော့မည်ဖြစ်ကြောင်း အသိပေးလိုက်ချိန်တွင် သူသည် အံ့အားသင့်နေခြင်းမရှိပေ။ ထို့ကြောင့် သူသည် သူမအား တင်းကြပ်စွာ ပွေ့ဖက်လိုက်၏။ ထို့နောက် ကျောက်ယမုန့်မှာ မျက်လုံးများမှေးသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူက အရင်ဆုံးဦးအောင် ပြောလိုက်၏။

” ယမုန့် ၊ ဂရုစိုက်နော်။ နင့်ကို အနိုင်ကျင့်တဲ့ လူတွေရှိရင်ပြော။ ငါတို့အားလုံးက လူချောလေးများအသင်းရဲ့ အဖွဲ့ဝင်တွေဆိုတော့ သွေးသောက်ညီအစ်ကို မောင်နှမတွေပဲ ”

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ သူ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ထို့နောက် သူမမှာ အသာအယာပြုံး၍ ထွက်ခွာသွားတော့သည်။

ထိုတစ်လလုံးလုံး ဝမ်ပေါင်လဲ့မှာ လူများစွာကို လိုက်လံနှုတ်ဆက်ခဲ့ပါသော်လည်း သူ၏ ရာထူးပြောင်းအမိန့်စာမှာမူ ရောက်ရှိလာခြင်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။

” သူတို့တွေ ငါ့ကို ဘယ်နေရာ ပို့ရမလဲဆိုတာ မဆုံးဖြတ်နိုင်လို့များလား။ အဲဒါ သတင်းကောင်းပဲ။ မမျှော်လင့်ထားတာတွေများ ဖြစ်လာမလားမသိဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သဖြင့် စိတ်လှုပ်ရှားသွားရ၏။ ထို့နောက် သူသည် ဘန်နီလေးဆီသို့ သွားလိုက်ပါသော်လည်း ကြိုးစားကြည့်လိုက်ပါသော်လည်း သူမသည် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် သူသည် အနည်းငယ်ခန့် စိတ်ဓာတ်ကျသွားရ၏။ သူသည် မှော်ဆေးရည်အဆောင်ရှေ့တွင် ရပ်ကာ ငေးကြည့်ရင်း သက်ပြင်းချလိုက်တော့သည်။

” ဘန်နီလေး တံခါးပိတ်ကျင့်ကြံပြီးလို့ ထွက်လာတဲ့အခါကျ ဘန်နီအိုကြီး ဖြစ်မနေလောက်ပါဘူးနော်…. မှော်ဆေးရည်အဆောင်က ချစ်ခြင်းကို ခွဲဖို့ ကြိုးစားနေတာပဲ။ ဘန်နီလေးရေ … ငါ့အမေက ငါ့ကို အတင်းအကျပ် အောင်သွယ်ပေးနေတာ။ ငါက နင့်ကြောင့်မလို့ သူတိုအားလုံးကို ငြင်းခဲ့ရတာနော် ”

ဝမ်ပေါင်လဲ့မှာ စိတ်ပျက်လက်ပျက် ဖြစ်နေရင်း တုမင်အား သတိရသွား၏။ ထို့နောက် တုမင်သည်လည်း သိုင်းပညာအဆောင်မှ ကျောင်းသားအချို့နှင့်အတူ တာဝန်တစ်ခုထမ်းဆောင်ရန် ကျောင်းမှထွက်ခွာသွားကြောင်း သူက သိလိုက်ရ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပျင်းရိပျင်းတွဲနှင့် ကျင့်ကြံခြင်းကိုသာ ပြန်၍ လေ့ကျင့်နေလိုက်တော့သည်။ ထို့အပြင် ကုန်ခမ်းသွားခဲ့သော သူ၏ နတ်ဘုရားရတနာများကိုလည်း ပြန်လည်ဖြည့်တင်းလိုက်၏။ သူ၏ လက်ကျန်အချိန်များကိုမူ တံခါးပိတ်ကျင့်ကြံကာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်နှစ်ခုအား လေ့ကျင့်နေရင်းဖြင့် ကုန်ဆုံးစေလိုက်တော့သည်။

သူသည် အစီအစဉ်တစ်ခု ချမှတ်ထား၏။

လျှပ်စီးတာအို အတွဲတစ်မှာ သူ၏ခန္ဓာကိုယ်ထဲတွင် ပထမဦးဆုံး မိုးကြိုးသွားတစ်ခုကို ဖန်တီးပေးမည်ဖြစ်ပြီး အမှောင်ပညာရပ်ကို ကျွမ်းကျင်တတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် အမှောင်မီးတောက်ကို ရရှိမည်ဖြစ်သည်။

သူ အခြေတည်အဆင့်၌ ရှိနေချိန်တွင် ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်နှစ်ခုစလုံးမှာ သူ၏ တိုက်ရည်ခိုက်ရည်များကို တိုးတက်လာအောင် ကူညီပေးမည်ဖြစ်ပြီး သူ၏ အစိမ်းရောင်ကြာပွင့်လေးမှာမူ သူ၏ အပြင်ခန္ဓာကိုယ်အား ပိုမိုသန်မာလာ‌စေမည် ဖြစ်သည်။ ထို့ကြောင့် သူသည် အတော်အသင့် အစွမ်းထက်နေပြီဟုပင် ခံစားနေရ၏။

နောက်ထပ်တစ်လတိတိ ကုန်ဆုံးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ရာထူးပြောင်းအမိန့်စာများမှာ ရောက်လာခြင်းမရှိသေးပေ။ သူသည် အချိန်အတော်အတန်ကြာအောင် တွေးတောလိုက်ပြီးနောက် နောက်ထပ်တစ်လ ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ထိုအချိန်အထိ သူ၏ ရာထူးပြောင်းအမိန့်စာ ရောက်မလာပါက သူသည် ဂိုဏ်းချုပ်ကြီးဆီသို့ ဖြေရှင်းချက်သွားတောင်းမည် ဖြစ်သည်။

လက်ရှိတွင် ကျောင်းထဲရှိ သူနှင့် ရင်းနှီးသော လူအများစုမှာ ထွက်ခွာသွားကြပြီဖြစ်သည်။ ဓမ္မလက်နက်အဆောင်ထဲတွင် သူ့အား တရိုတသေ တလေးတစား ဆက်ဆံနေကြသည့် လူများစွာ ရှိနေသေးပါသော်လည်း ထိုအချင်းအရာများအားလုံးမှာ သူ့အတွက် အဓိပ္ပါယ်မရှိတော့ပေ။

ကံကောင်းစွာဖြင့် သူ၏ဘေး၌ လျှိုတောက်ပင်း ရှိနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ပြန်လည် စိတ်ကြည်လင်လာရ၏။ သူသည် သိပ်မကြာခင် ရာထူးလွှဲပြောင်းခံရတော့မည်ဖြစ်ကြောင်း တွေးမိလိုက်၏။ ထို့ကြောင့် သူ၏ လက်ကျန်အချိန်များအတွင်း ရာထူးပြောင်းအမိန့်စာကို စောင့်ဆိုင်းနေရင်း ရာထူးတိုးလုပ်ငန်းများနှင့် ပတ်သက်၍ အစီအစဉ်များ ဆွဲနေလိုက်တော့သည်။

သူသည် လျှိုတောက်ပင်းနှင့် သူ အဆင့်နိမ့်ကျွန်းတွင် ရှိခဲ့စဉ်ကတည်းက သူ၏နောက်မှနေ၍ ကူညီထောက်ပံ့ပေးခဲ့ကြသည့် အခြားလက်အောက်ငယ်သားများအတွက် အစီအစဉ်များ ရေးဆွဲပေးလိုက်၏။ ထို့အပြင် ဝမ်ပေါင်လဲ့တစ်ယောက် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ရှိနေခဲ့စဉ်တုန်းက လျှိုတောက်ပင်းမှာ လက်နက်စစ်သည်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့၏။ ထို့ကြောင့် သူ့အား ကျောင်းစီမံရေးဌာန၏ ခေါင်းဆောင်ရာထူးကို ပေးအပ်လိုက်တော့သည်။

အခြားသူများကိုလည်း သက်ဆိုင်ရာ ရာထူးများ သတ်မှတ်ပေးလိုက်၏။ သူတို့မှာ ချန်းယွီထုံ၏ လက်‌အောက်ငယ်သားများနှင့် ပူးပေါင်းဆောင်ရွက်၍ ချန်းယွီထုံနှင့် ဝမ်ပေါင်လဲ့တို့ ထွက်ခွာသွားပြီးသည့်တိုင်အောင် ဓမ္မလက်နက်အဆောင်အား သူတို့၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ရှိစေရန် ထိန်းသိမ်းထားမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လျှပ်စီးပိုင်နက်ဆီသို့လည်း သွားလိုက်သေးသည်။ သူသည် မိုးကြိုးပစ်ချက်များကို တောင့်ခံလိုက်ပြီး နောက်ဆုံး အဆင့်နှစ်ဆင့်အထိရောက်အောင် တက်လှမ်းနိုင်ခဲ့သဖြင့် နောက်ဆုံး လျှို့ဝှက်ဆန်းကြယ် ပညာရပ်နှစ်ခုကို ရရှိလိုက်သည်။ ထို့ကြောင့် သူသည် လျှပ်စီးပိုင်နက်ထဲမှ လျှို့ဝှက်ဆန်းကြယ် ပညာရပ်အားလုံးကို ပိုင်ဆိုင်သွားပြီး လျှပ်စစ်သံလိုက် သွေးခုန်နှုန်းအား အသုံးပြုနိုင်စွမ်းရှိသွားတော့သည်။

သူသည် လျှပ်စီးတာအို အတွဲတစ်အား လျှပ်စီးပိုင်နက်ထဲ၌ လေ့ကျင့်ပါက ပို၍အကျိုးသက်ရောက်မှုရှိကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် သူ၏ လက်ကျန်အချိန်အများစုကို ထိုနေရာ၌သာ ကုန်ဆုံးစေလိုက်တော့သည်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ ပထမဦးဆုံး လျှပ်စီးလက်ဖွဲ့အဆောင်ကို ရရှိလိုက်ပြီး ၎င်းအား သူ၏ ညာဘက်ခြေထောက်ပေါ်တွင် ဆေးမင်ကြောင်ရေးထိုးလိုက်၏။ ထိုအခါ သူ၏ ညာဘက်ခြေထောက်ထဲတွင် မိုးကြိုးသွားတစ်ခု၏ စွမ်းအားများဖြင့် ရိုးတိုးရွတွ ဖြစ်နေသည်ကို ခံစားလိုက်ရတော့သည်။ သူသည် အမှောင်ပညာရပ်နှင့် ပတ်သက်၍ တိုးတက်မှုမရှိသေးပါသော်လည်း ထိုအချိန်တွင် သူ၏ ရာထူးပြောင်း အမိန့်စာ ရောက်ရှိလာ‌၏။

” ပေါင်လဲ့ … ကျောင်းရဲ့ ထုံးတမ်းအစဉ်အလာတွေကို မင်း နားလည်မှာပါ။ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းရဲ့ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာပေါ်က စွမ်းဆောင်မှုတွေကြောင့် ပြည်ထောင်စုကြီးက မင်းကို ပေးအပ်ရမယ့် ရာထူးနဲ့ ပတ်သတ်ပြီးတော့ အချိန်အကြာကြီး ဆွေးနွေးသုံးသပ်ခဲ့ရတာ။ အခုတော့ သူတို့ ဆုံးဖြတ်ချက်ချ ပြီးသွားပြီ။ ဒါပေမဲ့ မင်း စိတ်ကြိုက် ရွေးချယ်လို့ရတယ် ”

” ပထမ ရွေးချယ်ပိုင်ခွင့်က ကျောင်းမှာပဲ ဆက်နေဖို့ပဲ။ အဲဒါဆိုရင် မင်းက ဓမ္မလက်နက်အဆောင်ရဲ့ အဆောင်မှူးဖြစ်လာပြီးတော့ ပဏာမအဆင့်ငါးအရာရှိရာထူးကို ရမှာ။ အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်ကို အဲဒီလို ရာထူးမျိုး မပေးဘူး။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပဲ ပေးလို့ရတာ ”

” တခြား ရွေးချယ်ပိုင်ခွင့်ကတော့ အင်္ဂါဂြိုဟ်ပေါ်က ကိုလိုနီနယ်မြေထဲမှာ တာဝန်ထမ်းဆောင်ဖို့ပဲ။ မင်း အဲ့ဂြိုဟ်ပေါ် ရောက်တာနဲ့ အင်္ဂါဂြိုလ် ကိုလိုနီနယ်မြေရဲ့ မြို့စားကြီးက မင်းရဲ့ရာထူးကို သတ်မှတ်ပေးမှာ။ စိတ်မပူပါနဲ့။ ပဏာမအဆင့်ငါးအရာရှိ ရာထူးနဲ့ အဆင့်အတန်း တူညီတဲ့ရာထူးကို ရမှာပါ ”

ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာ ခန်းမကြီးထဲတွင်ထိုင်၍ သူ၏ရှေ့တွင်ရှိနေသော ဝမ်ပေါင်လဲ့အား ရှင်းပြလိုက်ပြီးနောက် ပြုံးလိုက်၏။

” ပဏာမအဆင့်ငါးအရာရှိ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားပြီး အသက်ရှူသံများ မြန်လာတော့သည်။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို သေသေချာချာ လေ့လာထားသည်ဖြစ်ရာ ပြည်ထောင်စုကြီး၏ အဆင့်သတ်မှတ်ချက်စနစ်ကို ရင်းရင်းနှီးနှီး သိရှိထားပြီးသာဖြစ်သည်။ ထိုရာထူးမှာ ပြည်ထောင်စုကြီး၏ အစိုးရအရာရှိတစ်ယောက် ဖြစ်လာပြီးမှသာ ရရှိနိုင်သော ရာထူးတစ်ခုဖြစ်သည်။

ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ စိတ်လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ပြုံးပြလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ ပြည်ထောင်စုဥက္ကဋ္ဌကြီးဖြစ်လိုသော စိတ်ကူးအိပ်မက်ကို ကြားသိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား လက်ညှိုးထိုး၍ ရယ်မောကာ ဆိုလိုက်၏။

” ပြည်ထောင်စုကြီးရဲ့ အဆင့်သတ်မှတ်ချက်စနစ်နဲ့ ပတ်သက်ပြီးတော့ မင်းလည်း နည်းနည်းပါးပါးတော့ သိထားမှာပါ။ တခြားသူတွေထက်တောင် ပိုသိရင် သိနေလောက်တယ်။ မင်း ရှင်းရှင်းလင်းလင်း နားလည်သွားအောင်လို့ ငါ ပြန်ပြီးတော့ ရှင်းပြမယ် ”

” ပြည်ထောင်စုကြီးရဲ့ အဆင့်သက်မှတ်ချက်စနစ်ကို အဆင့်ကိုးဆင့်ခွဲထားတယ်။ အဲဒီကိုးဆင့်ကိုမှ ထပ်ခွဲလိုက်တာ အဆင့်အားလုံးပေါင်း ဆယ့်ရှစ်ဆင့်ရှိတယ်။ အမြင့်ဆုံးအဆင့်က ပဏာမအဆင့်တစ်အရာရှိ ဖြစ်ပြီးတော့ အနိမ့်ဆုံးအဆင့်ကတော့ ဒုပဏာမအဆင့်ကိုးအရာရှိ ပေါ့။ လက်ရှိမှာ ပြည်ထောင်စုဥက္ကဋ္ဌကြီးက တစ်ဦးတည်းသော ပဏာမအဆင့်တစ်ပဲ။ ဒုဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်အမတ် ခေါင်းဆောင်ကြီးအပြင် အင်္ဂါဂြိုဟ်နဲ့ သောကြာဂြိုလ်ပေါ်က ကိုလိုနီနယ်မြေတွေရဲ့ မြို့စားကြီးတွေကကျ သာမာ ဒုပဏာမအဆင့်တစ်အရာရှိတွေပေါ့ ”

” ငါ့လိုမျိုး တာအိုကျောင်းလေးကျောင်းရဲ့ ဂိုဏ်းချုပ်ကြီးတွေက ပဏာမအဆင့်နှစ်တွေ။ လွှတ်တော်အမတ် ခေါင်းဆောင်ကြီးကလွဲလို့ ကောင်းကင်မြို့တော်က လင်းရုံ အပါအဝင် မြို့တော်သခင် ဆယ့်ခုနစ်ယောက်က ဒုပဏာမအဆင့်နှစ်အရာရှိ တွေ ”

” ပြည်ထောင်စုကြီးထဲက အချက်အချာဌာနတွေရဲ့ ဌာနမှူးတွေက ပဏာမအဆင့်သုံးအရာရှိ တွေ။ သူတို့ရဲ့ လက်ထောက်တွေနဲ့ တာအိုကျောင်းလေးကျောင်းက ဒုဂိုဏ်းချုပ်ကြီးတွေက ဒုပဏာမအဆင့်သုံးအရာရှိ တွေ ”

” သူတို့ရဲ့အောက်မှာ ပဏာမအဆင့်လေးအရာရှိတွေနဲ့ ဒုပဏာမအဆင့်လေးအရာရှိ တွေ ရှိတယ်။ တာအိုကျောင်းတွေရဲ့ မဟာအကြီးအကဲတွေက အဲဒီရာထူးကို ပိုင်ဆိုင်ထားကြတာပေါ့ ”

” ပဏာမအဆင့်ငါး ရာထူးတွေ အများစုကိုတော့ ပြည်ထောင်စုအရာရှိတွေက ပိုင်ဆိုင်ထားကြတာ။ တာအိုကျောင်းထဲမှာ ဆိုရင်တော့ အဲဒီရာထူးက နာမည်သက်သက်ပဲ ရှိတာ။ တကယ့် အရာရှိ ရာထူးမဟုတ်ဘူး။ ဥပမာပြရမယ်ဆိုရင် အဆောင်မှူးတွေက ပဏာမအဆင့်ငါးတွေပေါ့။ မင်းက အခုလက်ရှိမှာ လက်ထောက်အဆောင်မှူးဆိုတော့ မင်းကို ဒုပဏာမအဆင့်ငါးအရာရှိ အဖြစ် သတ်မှတ်လို့ရတယ် ”
ဂိုဏ်းချုပ်ကြီးက ထိုသို့ရှင်းပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။

” ပေါင်လဲ့။ မင်းရဲ့ ဆုံးဖြတ်ချက်ကိုပြော။ ကျောင်းမှာပဲ ဆက်နေမှာလား။ အင်္ဂါဂြိုဟ်ဆီ သွားမှာလား ”

#ရာထူးအဆင့်ကို နားလည်အောင် ထပ်ရှင်းပြပါမယ်။ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီး၊ ဒုဝန်ကြီးဆိုပြီးခွဲသလိုမျိုးပါပဲ၊ လက်ဖဝါးပြင်ထက်က ကမ္ဘာစာစဥ်မှာလည်းအဆင့်ကိုးဆင့်ကိုမှ တစ်ဆင့်စီမှာ ဒုတိယအဆင့်ဆိုပြီးထပ်ခွဲထားတာပါ။ အောက်က လက်ဖဝါးပြင်ထက်က ကမ္ဘာစာစဥ်ရဲ့ရာထူးခွဲပုံကို ရာထူးအကြီးဆုံးကနေ ရာထူးအနိမ့်ဆုံးအထိ ရေးပြထားပါတယ်။

1.ပဏာမအဆင့်တစ်အရာရှိ
ဒုပဏာမအဆင့်တစ်အရာရှိ

2.ပဏာမအဆင့်နှစ်အရာရှိ
ဒုပဏာမအဆင့်နှစ်အရာရှိ

3.ပဏာမအဆင့်သုံးအရာရှိ
ဒုပဏာမအဆင့်သုံးအရာရှိ

4.ပဏာမအဆင့်လေးအရာရှိ
ဒုပဏာမအဆင့်လေးအရာရှိ

5.ပဏာမအဆင့်ငါးအရာရှိ
ဒုပဏာမအဆင့်ငါးအရာရှိ

6.ပဏာမအဆင့်ခြောက်အရာရှိ
ဒုပဏာမအဆင့်ခြောက်အရာရှိ

7.ပဏာမအဆင့်ခုနစ်အရာရှိ
ဒုပဏာမအဆင့်ခုနစ်အရာရှိ

8.ပဏာမအဆင့်ရှစ်အရာရှိ
ဒုပဏာမအဆင့်ရှစ်အရာရှိ

9.ပဏာမအဆင့်ကိုးအရာရှိ
ဒုပဏာမအဆင့်ကိုးအရာရှိ

Comment

  1. Shine Gyi says:

    22 က 296 ထိဘဲ ပါတာလားဗျ အဲဒါဘဲတွေ့လို့ 302 ထိဆိုပြီးပြထားတာတွေ့လို့

    1. Than Htet Aung says:

      ထပ်တင်ပေးမှာပါ

  2. Wai Naing says:

    စာစဥ် ၂၂ က ဝယ်မရဘူး

    1. Than Htet Aung says:

      အရောင်းစာရင်းထဲထည့်လိုက်ပါပြီ

  3. Myo Min Oo says:

    22 က၀ယ်မရဘူး ဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲ

    1. Than Htet Aung says:

      အရောင်းစာရင်းထဲ ထည့်လိုက်ပါပြီ

Leave a Reply

Options

not work with dark mode
Reset