Switch Mode

အပိုင်း (၆၃၂)

သည်းခံနိုင်စွမ်းမဲ့သော

“ဖူရှင်း…” ယိရှောင်ရှီက လျှောက်လာရင်းနှင့် ခေါ်သည်။ ဖူရှင်းက သူ့ကိုကြည့်ကာ ပြန်ပြောသည်…“မင်္ဂလာနံနက်ခင်းပါ အစ်ကို ခုနစ်”

ယိရှောင်ရှီက ဖူရှင်းကိုကြည့်ရင်းနှင့် ယနေ့ တစ်ခုခု ထူးခြားနေသလို ခံစားရသည်။

“အင်ပါယာမိသားစုက ဒီနေ့ ဂုဏ်ပြုပွဲတစ်ခုကို ကျင်းပပြီးတော့ အာခီမီအဆင့်က လူတွေကို ဖိတ်ခေါ်ထားတယ်… သူတို့တွေက အစ်ကိုလေးနဲ့ အစ်ကိုငါးကိုလည်း ဖိတ်ခေါ်ထားတယ်… သူတို့နှစ်ယောက်က အခု အဲဒီကို သွားနေကြပြီ…” ယိရှောင်ရှီက ပြောသည်။

ရီဖူရှင်း၏ မျက်လုံးထဲ၌ အရောင်တစ်ချက် ဝင်းလက်သွားသည်။ အင်ပါယာ မိသားစုက အာခီမီအဆင့် လူများကို သူ့လက်အောက်သို့ သွတ်သွင်းလိုသည် ထင်၏။

သူက ရုတ်တရက် အင်ပါယာမိသားစုနှင့် မြို့တော်ဝန် အိမ်တော်တို့က လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ခိုင်မာသော ဆက်ဆံရေးများ ရှိခဲ့သည်ကို တွေးမိသည်။ သူတို့က အာခီမီမြို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြသော်လည်း သူတို့အချင်းချင်း ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ပေသည်။

ဤသို့ဆိုလျှင် အင်ပါယာမိသားစုက ကွန်ဆွန်ရီကို ဆွဲဆောင် သိမ်းသွင်းရန် အကြံရှိရပေမည်။ ကွန်ဆွန်ရီကလည်း အစ်ကိုလေးနှင့် ယူချီတို့ ကိစ္စကို မကျေမနပ် ဖြစ်မည်မှာ သေချာ၏။ သူက မြို့တော်ဝန် အိမ်တော်အပေါ်ကို ဒေါသပေါက်ကွဲရန် အဆင်မပြေပေ။ အကယ်၍ သူက အင်ပါယာ မိသားစုထဲကို ဝင်ရောက်ပါက ဘာတွေ ဆက်ဖြစ်မည်နည်း။

ဖြစ်နိုင်ဖွယ်များကို တွေးရင်းနှင့် ရီဖူရှင်း၏ အတွေးများက ပိုမို သွက်လက်လာကာ ပြောလိုက်သည်…“သူတို့က အာခီမီအဆင့်က လူတွေကို ဖိတ်ခေါ်မှတော့ အစ်ကိုလေးက သေချာပေါက် သွားရမှာပေါ့…”

“မနေ့က အင်ပါယာမိသားစု ထိကျိုးက မနှစ်မြို့တဲ့ စကားအချို့ ပြောခဲ့တယ်။ ပြီးတော့…”ယိရှောင်ရှီက စကားပြောခြင်းကို ရပ်ပြီးမှ စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာသည်။

“အစ်ကို၇… ခင်ဗျားက အစ်ကို၄ သွားမှာကို တားနိုင်မှာလည်း မဟုတ်ဘဲနဲ့…” ရီဖူရှင်းက ပြန်ပြောသည်။ ယိရှောင်ရှီက ရီဖူရှင်းကိုကြည့်ကာ ဆက်ပြောသည်…“အစ်ကိုလေးက အာခီမီအဆင့်နှစ်မှာ ရှိတယ်။ သူ ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဒီအတိုင်း စောင့်ကြည့်ရအောင်”

“အင်း..” ယိရှောင်ရှီက ခေါင်းညိတ် ပြလိုက်သည်။

“ကျွန်တော် လမ်းထွက်လျှောက် လိုက်ဦးမယ်…”ရီဖူရှင်းက ပြောရင်းနှင့် စုချွဲရှိနေရာ အဆောင်ဘက်ကို ထွက်သွားသည်။

“ကိစ္စ တစ်ခုခု ရှိလို့လား…” စုချွဲက ရီဖူရှင်း ရောက်လာသည်ကို မြင်သည်တွင် ပြုံးလျက် မေးလိုက်သည်။

“ထင်းဆွေအိမ်တော်က အာခီမီမြို့မှာ သတင်းပေးတွေ ရှိသလား…” ရီဖူရှင်းက မေးလိုက်သည်။ ထင်းဆွေအိမ်တော်၏ မြေအောက် အဖွဲ့အစည်းက မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် နှံ့စပ်သည်ဟု သူကြားသည်။

“အင်း…”စုချွဲက ခေါင်းညိတ်သည်။

“ဒီနေ့ အင်ပါယာမိသားစု ဂုဏ်ပြုပွဲကို သူတို့အနေနဲ့ စောင့်ကြည့် ပေးလို့ရမလား…”ရီဖူရှင်းက စုချွဲကို ထပ်ပြောလိုက်သည်။

စုချွဲက ရီဖူရှင်းကို ကြည့်ကာ ပြုံးလျက် ပြောသည်…“သေချာတာပေါ့…”

“တစ်ခါလောက် ကူညီပေးပါ…”ရီဖူရှင်းက တောင်းဆိုလိုက်သည်။

ထို့နောက်တွင် ရီဖူရှင်းက စုချွဲနှင့် တခြားလူများကို ခေါ်ကာ အာခီမီမြို့ထဲကို လမ်းလျှောက်ရန် ထွက်သွားသည်။ သူ့တွင် ရည်ရွယ်ချက် တစ်ခုခု ရှိသလားဟု တခြားလူများက မသေချာသော်လည်း ရီဖူရှင်းက အင်ပါယာ မိသားစု၏ အနီးတစ်ဝိုက်တွင်သာ ယောင်ပေပေ လုပ်နေသည်။

ယခုအချိန်တွင်ကား အင်ပါယာမိသားစု၌ ပါရမီရှင်များစွာ ရောက်နေကြသောကြောင့် အလွန် စည်ကားနေသည်။ အင်ပါယာမိသားစုက အာခီမီအဆင့်တွင် ရှိသော သူများကိုသာ ဖိတ်ခေါ်သည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် သူတို့က အာခီမီမြို့ အနီးတစ်ဝိုက်မှ တခြား ပါရမီရှင် များစွာကိုလည်း ဖိတ်ခေါ်ထားကြသည်။ မြေရိုင်းပြည်နယ်၏ အနောက်တောင် ဒေသတစ်ခုလုံးမှ လူငယ်ပါရမီရှင်များ အားလုံး အင်ပါယာမိသားစု အိမ်တော်တွင် လာရောက် စုရုံးနေကြသည်။ ဤကဲ့သို့ အခိုက်အတန့်ကား ရှားပါးပေသည်။

ထိုအခိုက်တွင် အင်ပါယာမိသားစု အိမ်တော်သို့ ရွှီယီနှင့် လျိုဖန်းတို့ ရောက်လာကြသည်။

“အစ်ကို… ကျုပ်တို့ ဒီကိုလာတာ သိပ်ကောင်းတဲ့ အကြံတော့ မဟုတ်ဘူး…”လျိုဖန်းက ပြောလိုက်သည်။

“ငါသိတယ်…” ရွှီယီက ခေါင်းညိတ်ကာ ဆက်ပြောသည်…“ငါ စမ်းကြည့်ချင် သေးတယ်”

“ဘာလို့ ဒီလောက် ကြမ်းတမ်း ခက်ခဲတာကို လုပ်ချင်ရတာလဲ…”လျိုဖန်းက သက်ပြင်းချသည်။ သူတို့က အာခီမီညီလာခံတွင် တစ်ခါ ကံဆိုးမိုးမှောင်ကျမှုကို ရှောင်ဖယ်နိုင်ခဲ့ပြီး ဖြစ်သည်။

ကွန်ဆွန်ရီက သေချာပေါက် နောက်မဆုတ်သည်ကို မနေ့ကတည်းက သူတို့ မြင်ပြီး ဖြစ်သည်။ သို့သော်လည်း ထိုခွေးကောင်က အမှန်ဆိုးရွားကာ အာခီမီပြိုင်ပွဲ၌ ပထမရပြီးသည့်တိုင် အဘယ်ကြောင့် သည်ကိစ္စတွင် ခေါင်းမာနေရသည်ကို သူတို့နားမလည်။ သူက မျက်နှာမပျက် လိုသောကြောင့်ပေလော။

အင်ပါယာမိသားစု အိမ်တော်တွင် လူအများအပြား ရောက်ရှိနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ဂုဏ်ပြုပွဲကလည်း အလုံးစုံ  ပြင်ဆင်ထားပြီး ဖြစ်သည်။ ဂုဏ်ပြုပွဲ အတွင်း၌ အစားအသောက် ကောင်းများ၊ သေရည်များနှင့် မိန်းမလှများ၏ ဖျော်ဖြေ ကခုန်မှုများကိုလည်း မြင်တွေ့ကြရသည်။ ဂုဏ်ပြုပွဲ တက်ရောက်လာသော ပါရမီရှင်များ အားလုံးကား နေရာကိုယ်စီ ယူထားကြသည်။ သို့သော် အထူး သီးသန့်နေရာတွင် ထိုင်နေသည်က အင်ပါယာ မိသားစု၏ အကြီးအကဲ တစ်ယောက် မဟုတ်ဘဲ လူငယ်မျိုးဆက်မှ ထိကန်း ဖြစ်သည်။

ယနေ့ ဂုဏ်ပြုပွဲကား မနေ့ကနှင့် ကွဲပြားသည်။ သူတို့က ရှီအဆင့် တန်ခိုးရှင်များကို ဖိတ်ခေါ်ထားခြင်း မရှိဘဲ အာခီမီ အဆင့်ဝင်များနှင့် အနောက်တောင်ဒေသမှ ပါရမီရှင်များ ဖြစ်ကြသော လီဖူတု၊ ကျန်းညီအစ်မ၊ စုဟောင်ချူ၊ စီကျိနှင့် အခြားလူများကိုသာ ဖိတ်ခေါ်ထားခဲ့သည်။

သူတို့အားလုံးက လူငယ်မျိုးဆက်မှ ဖြစ်ကြရာ အကြီးအကဲများက အရေးတယူ တက်ရောက်ရန် မလိုအပ်သလို ထိကန်းက အထူးသီးသန့် နေရာတွင် ထိုင်နေခြင်းကလည်း မထူးဆန်းပေ။ ထို့အပြင် ထိကန်း၏ အဆင့်အတန်းကား ထိုနေရာတွင်ထိုင်ရန် လုံလောက်ပေသည်။ ထိကန်းက အနာဂတ် အင်ပါယာ မိသားစု ခေါင်းဆောင် ဖြစ်သည်ကို အားလုံးက သိကြသည်။ အင်ပါယာ မိသားစုအတွင်း သူ၏ အဆင့်အတန်းကား တိမ်ဖြူမြို့မှ ပိုင်လွေလီနှင့် တူညီပေသည်။

စုချွဲနှင့် လျိုဖန်းတို့ ရောက်လာသောအခါ အထဲတွင် လူစုံနေပြီ ဖြစ်သည်။ လျိုဖန်းက လူအုပ်ကို လှမ်းကြည့်လိုက်သည်တွင် ကွန်ဆွန်ရီကို မြင်၏။ သူက ထိကန်း၏ဘေးတွင် ထိုင်နေကာ နှစ်ယောက်သား တစ်ခုခုကို ပြောဆိုဆွေးနွေး နေကြဟန် ရသည်။

သူတို့နှစ်ယောက် ရောက်လာသည်တွင် အားလုံးက ပြောလက်စ စကားများကို ရပ်ပြီး လှမ်းကြည့်ကြသည်။

“ထိုင်ကြပါ…”ထိကန်းက ပြုံးလျက် စုချွဲနှင့် လျိုဖန်းတို့ကို ဖိတ်ခေါ်လိုက်၏။ သူတို့ နှစ်ယောက်ကလည်း အထူးအထွေ မပြောတော့ဘဲ လွတ်နေသော ခုံများ၌ နေရာယူလိုက်ကြသည်။

“ဒီနေ့ ကျုပ်တို့ အင်ပါယာမိသားစုက ခင်ဗျားတို့ကို ဧည့်သည်အနေနဲ့ ဖိတ်ခေါ်မှတော့ သူစိမ်းတွေလို မနေဘဲ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါ…”ထိကန်းက ပြောလိုက်သည်။ ဂုဏ်ပြုပွဲတွင် သာယာသော ဂီတသံက ပျံ့လွင့်နေကာ မိန်းကလေးများက လှပစွာ ကခုန်နေကြ၏။

“ဒီလောက် မိန်းမလှလေးတွေနဲ့ သေရည်တွေ ပြည့်စုံနေမှတော့ ဘယ်လိုလုပ် မပျော်ဘဲနေကြမလဲ…”တစ်ယောက်က ပြုံးလျက် ပြောသည်…“အင်ပါယာမိသားစုက အကမယ်ကလေးတွေက တကယ်ပဲ နာမည်ကြီးထိုက် ပါပေတယ်”

“ဒီနေ့ ကျုပ်တို့ဆီကို နာမည်ကျော် မိန်းမလှလေးတွေ ရောက်လာမှတော့ ဒီအကမယ်တွေက ဘယ်လိုကြောင့် နာမည်ကြီးတယ်လို့ ပြောလို့ ရတော့မလဲ… တကယ်လို့ နတ်သမီး နန်းတော်က စုဟောင်ချူကသာ လာကခုန်ရင် သူတို့က လုံးဝ မှေးမှိန် သွားလိမ့်မယ်…”

ထိကန်းက စုဟောင်ချူကို ကြည့်ကာ ထူးမခြားနားစွာ ပြောသည်…“နတ်သမီး နန်းတော်က အကအလှတစ်ခုတည်းနဲ့ တစ်မြို့လုံးကို သိမ်းပိုက်နိုင်တယ်လို့ ကျုပ် ကြားဖူးတယ်… ဒါကို ကျုပ် ဘယ်တော့မှ မြင်တွေ့ခွင့်ရမလဲ မသိဘူး…”ကွန်ဆွန်ရီကလည်း စုဟောင်ချူကို ကြည့်ကာ ပြောသည်။

“အားလုံးက အရမ်း စိတ်ဝင်စားနေရင် ဟောင်ချူက ဂုဏ်ပြုပွဲကို အက ကလေးနဲ့ ဖျော်ဖြေပေးပါ့မယ် ရှင်…”စုဟောင်ချူက ပြုံးလျက် ပြန်ပြောလိုက်သည်။ လူအများစုက ချက်ချင်း စိတ်ဝင်စားသွားကာ တစ်ယောက်က ထပြောလိုက်သည်…“ကျုပ်တို့ကသာ မိန်းကလေး ဟောင်ချူကတာကို မြင်တွေ့ခွင့်ရရင် ဒီကိုလာတာ နောင်တရစရာ မရှိတော့ဘူး”

အားလုံးက စုဟောင်ချူ၏ နာမည်ကို သိကြကာ သူမက လူမြင်ကွင်းတွင် ကခုန်သည်ဟု သူတို့ မကြားဖူးကြပေ။ ယခု သူတို့က သူမကခုန်သည်ကို မြင်တွေ့ခွင့် ရတော့မည်လော။

“နောက်ဆုတ်ကြ…”ထိကန်းက အကမယ်လေးများကို ကြည့်ကာ ပြောလိုက်သည်။ ချက်ချင်းပင် မိန်းကလေးများက ကခုန်နေသည်ကို ရပ်လိုက်ကြ၏။ စုဟောင်ချူက ပြုံးလျက် ပြောသည်…“မလိုဘူး… သူတို့က ကျွန်မကို ကူညီကခုန်လို့ ရပါတယ်”

ထိကန်းက ခေါင်းညိတ်ကာ စုဟောင်ချူကို ဖိတ်မန္တကပြုဟန် ပြလိုက်သည်။ ကောလာဟလအရ ချူကျိ ကခုန်သောအခါ မြေရိုင်းပြည်နယ်၏ အနောက်ဘက်ဒေသ တစ်ခုလုံးကိုပင် လှုပ်ရှားစေသည်ဟု သူတို့ ကြားဖူးကြသည်။ နတ်သမီး နန်းတော်၏ ကခုန်မှုက မည်မျှ ဆွဲဆောင်မှု ရှိသည်ကို သူ တွေ့မြင်လိုသည်။

စုဟောင်ချူက ပြင်ပဝတ်ရုံကို ဖယ်ရှားကာ သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို လှစ်ဟပြလိုက်သည်။ ပါးလွှာသော ဝတ်ရုံအောက်မှ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော သူမ၏ အသားအရေများကို မြင်တွေ့လိုက်ကြရသည်။ သူမက မျက်နှာကို ပဝါဖြင့် ဖုံးအုပ်လိုက်ကာ အကမယ်လေးများ၏ အလယ်သို့ လျှောက်သွားလိုက်သည်။ သူမက ပရိသတ်များကို လှပသော မျက်လုံးများဖြင့် ကြည့်ကာ စတင်၍ ကခုန်သည်။

အပြုံးတစ်ချက်က သူတို့၏ ဝိညာဉ်များကိုပင် ခန္ဓာကိုယ်ထဲမှ လွင့်စဉ်သွားစေနိုင်သည်ဟု ခံစားကြရသည်။ သူမ၏ ခန္ဓာကိုယ်လေးကို စတင် လှုပ်ခါလိုက်သည်နှင့် ထူးဆန်းသော စွမ်းအားတစ်ခုက သူတို့အားလုံးကို ရစ်သိုင်းလာသည်။ စုဟောင်ချူ၏ လှုပ်ရှားမှု ဟန်ပန်များက အားလုံး၏ခေါင်းထဲကို တိုက်ရိုက် တိုးဝင်လာကာ သူတို့၏ ရှေ့တည့်တည့်တွင် ကခုန်နေသည့်အလား မြင်ယောင် လာကြသည်။

သူတို့၏ မျက်နှာပေါ်ကို လေပြင်းတစ်ချက် ရိုက်ခတ်သွားသည်တွင် အမွှေးနံ့သာတစ်ခုကိုလည်း ရှူရှိုက်မိကြသည်။ သူမ၏ လှုပ်ရှား ကခုန်မှုတိုင်းက သူတို့၏ ဝိညာဉ်များကို အပိုင်စိုးရစေနိုင်သလို သူမ၏ အမူအရာတိုင်းက ကြက်သီး တဖြန်းဖြန်းထအောင် အရိုးအသားထဲ စွဲငြိစေသည်။ ထိုသို့ ခံစားချက်က လောကတွင် သူမ၏ ကခုန်နေသော လှုပ်ရှားဟန်များကသာ တစ်ခုတည်းသော ကျန်ရစ်ခဲ့သည့် အရာအဖြစ် ထင်မှတ်မိ သယောင်ယောင်လည်း ဖြစ်သည်။

လျိုဖန်း၏ အသက်ရှူနှုန်းက မြန်ဆန်လာကာ သူ၏ခန္ဓာက ရာဂမီးများ တောက်လောင်လာသည်။ သူက မျက်လုံးကိုမှိတ်ကာ ဆက်မကြည့်ရဲတော့ပေ။ သူ၏ စိတ်ထဲတွင် သူမ၏ လှုပ်ရှားဟန်များကသာ ဖြစ်ပေါ်နေပြီး စိတ်ကို တည်ငြိမ်အောင် မထိန်းထားနိုင်တော့ပေ။ သူက မျက်လုံးကို မှိတ်လိုက်သည့် တိုင်အောင် သူမ၏ လှုပ်ရှားဟန်များက ကျန်ရစ်နေဆဲ ဖြစ်သည်။

ဂုဏ်ပြုပွဲကား လုံးဝ တိတ်ဆိတ်နေကာ ထိကန်း၏ အကြည့်ကလည်း သူမထံမှ လုံးဝမရွေ့ပေ။ နတ်သမီး နန်းတော်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ သိလိုက်သည်။ သူကိုယ်တိုင်က သူမ၏ လှုပ်ရှားဟန်များ အောက်တွင် အထိန်းအချုပ် အကွပ်အကဲ မဲ့လာသလို ခံစားရသည်။ သူမ၏ အပြုံးနှင့် လှုပ်ရှားဟန်တိုင်းက သူ၏ အတွေးထဲတွင် ပြတ်ပြတ်သားသား ထင်ကျန်ရစ်သည်။

“မိန်းကလေး ဟောင်၊ တော်လောက်ပါပြီ…” ထိကန်းက ပြောလိုက်သည်။ သူ၏အသံတွင် ပါသော ထူးဆန်းသော စွမ်းအားတစ်ခုက အားလုံး၏ နားထဲကို လှုပ်ယမ်းသွားစေ၏။ ထိုအသံကြောင့်ပင် အားလုံးက သတိဝင်လာကြသည်။

စုဟောင်ချူက အပြီးသတ် ကကွက်တစ်ခုနှင့်အတူ ရပ်လိုက်သည်။ ပြုံးလျက်ပင် သူမက ပဝါကို ဖယ်ရှားပြီး ဆွဲဆောင်မှုရှိသော မျက်နှာကလေးကို ပြသလိုက်သည်။ ထိုအခိုက်တွင် အားလုံးက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ သူမထံတွင် ဒူးထောက်ခစားလိုသော စိတ်များ ဖြစ်ပေါ်လာကြသည်။

“ရှင်တို့အားလုံး စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ရှင်…”စုဟောင်ချူက အနည်းငယ် ဦးညွှတ်ကာ သူမ၏နေရာသို့ ပြန်သွားသည်။

“ဟောင်ချူ…” စုဟောင်ချူဘေးတွင် ထိုင်နေသော ယွီမိန်က ချစ်ခင်နှစ်သက်သော အမူအရာဖြင့် ခေါ်သည်။

“အကအလှ တစ်ခုတည်းနဲ့ တစ်မြို့လုံးကို အပိုင်သိမ်းနိုင်တယ်… တကယ်ပဲ ဖျော်ဖြေမှု ပေးပါတယ်…”ထိကန်းက ချီးမွမ်းလိုက်သည်။ လူအများအပြားက အပြည့်အဝ သတိဝင်လာခြင်း မရှိသေးဘဲ စုဟောင်ချူကို ကြည့်နေကြသည်။ အကယ်၍ သူမကိုသာ ပိုင်ဆိုင်ရပါက သူတို့၏ ဘဝက မည်မျှ သာယာလိုက်မည်နည်း။

“မိန်းကလေး ဟောင်ချူရဲ့ အကကို ကျုပ်က ဘယ်တော့မှ မေ့နိုင်မယ် မထင်တော့ဘူး…”ကွန်ဆွန်ရီက လှမ်းပြောသည်။ သူက စုဟောင်ချူဘက်ကို ခွက်မြှောက်ပြလျက် ပြောသည်…“မိန်းကလေး ဟောင်ချူအတွက်…”

“သခင်လေး ကွန်ဆွန်က အရမ်း ကြင်နာတတ်တာပဲ…” စုဟောင်ချူကလည်း ခွက်ကိုမြှောက်ကာ ပြောသည်တွင် ရှက်သွေးဖြာနေသော သူမ၏ ပုံဟန်က ညှို့ငင်နိုင်စွမ်း ကောင်းလှသည်။ ထိုအခိုက်တွင် ကွန်ဆွန်ရီက သူမကို ကြည့်လျက် တွေးတောနေမိသည်။ စုဟောင်ချူက ယူချီနဲ့တန်းတူ လှပချောမောသော်လည်း သည်မိန်းကလေးက ပိုမို၍ ညှို့ငင်အား ပိုကောင်းသည်။ သူမကိုသာ အပိုင်ရခဲ့ရလျှင် မည်မျှ ကောင်းလိုက်မည်နည်း။ ယူချီမူကား …. ဒီခွေးမ

“ကွန်ဆွန်ရီ… ခင်ဗျားက မိန်းမလှလေး တစ်ယောက်နဲ့ လက်ထပ်ရတော့မယ်။ ဒီလိုတွေ ပြောလို့ မသင့်တော်ပါဘူးဗျာ။ မြို့စားယူက စိတ်ဆိုးနေပါဦးမယ်” တစ်ယောက်က အရွှန်းဖောက်လိုက်သည်။

“ဒါမှန်တယ်”ကွန်ဆွန်ရီက ပြုံးလျက် ခေါင်းညိတ်ကာ ဆက်ပြောသည်…“ကျုပ် စကားပြောတာ သတိထားပါ့မယ်”

“ခင်ဗျားက တကယ်ပဲ ယူချီကို လက်ထပ်တော့မှာလား…”ထိကျိုးက ကွန်ဆွန်ရီကို ကြည့်ကာ မေးလိုက်သည်။

“ဘာလို့ လက်မထပ်ရမှာလဲ…”ကွန်ဆွန်ရီက ပြန်ပြောသည်။

“သေချာတာပေါ့။ ဒါက သဘာဝပဲကိုး… ဒါပေမဲ့ အာခီမီပြိုင်ပွဲမှာ ဒုတိယရတဲ့လူကလည်း မြို့တော်ဝန် အိမ်တော်ကို ဝင်ရောက်လိမ့်မယ်…”ထိကျိုးက ရွှီယီကို ကြည့်ကာ ပြောသည်။

“အစ်ကိုရွှီယီ… ခင်ဗျားက မြို့တော်ဝန် အိမ်တော်ကို ဝင်တဲ့အခါ ခင်ဗျားရဲ့ အစွဲတွေကို ဖယ်ရှားပြီး သူတို့ကို ကောင်းချီးပေးဖို့ လိုလိမ့်မယ်…” လူအများအပြားက ထိကျိုး၏ စကားကိုကြားကာ သံသယဝင်ကြသည်။ ရွှီယီကသာ မြို့တော်ဝန် အိမ်တော်ကို ဝင်ပြီးနောက် ယူချီနှင့် ဆက်လက် ပတ်သက်နေခဲ့လျှင် ယူချီကို လက်ထပ်သည့် ကွန်ဆွန်ရီအတွက် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။

ထိကျိုး၏ စကားကို ကြားသည်တွင် ကွန်ဆွန်ရီ၏ မျက်နှာက ပြုံးယောင်သန်း သွားသည်။

“ကျုပ် လက်လျှော့မှာ မဟုတ်ဘူး…”ရွှီယီက ပြောသည်။ ဝိုင်ခွက်ကို ချလိုက်ရင်း ကွန်ဆွန်ရီကို ကြည့်လျက် ဆက်ပြောသည်…“ကွန်ဆွန်ရီ ခင်ဗျားနဲ့ ယူချီက တစ်ယောက်နဲ့တစ်ယောက် သိလည်း မသိဘူး၊ ခံစားချက်လည်း မရှိကြဘူး… ဘာလို့ ခေါင်းမာနေရတာလဲ… ခင်ဗျားအတွက် ဒါက မမျှတဘူးဆိုတာ ကျုပ်သိပါတယ်… ခင်ဗျားက အာခီမီပြိုင်ပွဲမှာ ပထမရတဲ့လူပဲ… ဒီလက်ထပ်ပွဲကို ခင်ဗျားက နောက်ဆုတ်ပေးရင်တောင်မှ မြို့တော်ဝန် အိမ်တော်ကို ဝင်ပြီးတော့ မြို့တော်ဝန်ရဲ့ လက်ရင်းတပည့် ဖြစ်နိုင်တယ်… သူ့ရဲ့ တန်ဖိုးထားခြင်းကိုလည်း ခံရဦးမယ်… အနာဂတ်မှာ ချပ်ဝတ်လက်နက် ပညာရှင်တွေရဲ့ လောကမှာလည်း လွှမ်းမိုးမှုရှိတဲ့ ပုဂ္ဂိုလ်ထူး တစ်ယောက် ဖြစ်လိမ့်မယ်…”

ကွန်ဆွန်ရီက သေရည်ခွက်ကို ဇိမ်ခံသောက်ကာ ရွှီယီကို လျစ်လျူရှုထားသည်။ သူ၏ မျက်နှာကား ပြုံးယောင်သန်း နေ၏။

“ကွန်ဆွန်ရီ … ကျုပ်အစ်ကိုပြောတာ မမှားဘူး။ ခင်ဗျားက သူ့ကို မချစ်မှတော့ ဘာလို့ အတင်းတိုးနေရတာလဲ… ခင်ဗျားအတွက် ချောလှတဲ့ မိန်းမလှလေးတွေက မရှားပါဘူး…”လျူဖန်းကလည်း ပြောသည်။

“ကွန်ဆွန်ရီ… ကျုပ် ခင်ဗျားကို တောင်းဆိုပါတယ်…” ရွှီယီက ဆက်ပြောသည်။

ကွန်ဆွန်ရီက ညစ်ပြုံး တစ်ချက်ပြုံးကာ သေရည်ခွက်ကို ချလိုက်သည်။ သူက တီးတိုးပြောလိုက်သည်…“ငါ့ကို တောင်းဆိုနေတာလား… ဒါဆိုလည်း မင်းက ဘာလို့ ဒူးမထောက်တာလဲ”

ထိုသို့ပြောရင်း သူ၏ရက်စက်သော အကြည့်က ရွှီယီထံ ရောက်လာသည်။ လူပုံအလယ်တွင် သည်ကိစ္စကို ပြောဆိုခြင်းက သူ့အတွက် အရှက်ရစရာ ဖြစ်၏။ ယမန်နေ့က အဖြစ်အပျက်ကြောင့် အာခီမီမြို့တွင် သူ၏ ဂုဏ်သိက္ခာကား များစွာ ကျဆင်းခဲ့၏။ သူ့အတွက် အာခီမီပြိုင်ပွဲ ပထမဟူသော ဂုဏ်ပုဒ်မရှိတော့ဘဲ အရှက်ရစရာများသာ ကျန်ရစ်ခဲ့တော့၏။ ထိုအရာများက ရွှီယီနှင့် ယူချီတို့ကြောင့် ဖြစ်သည်။

ရွှီယီက သေရည်ခွက်ကို တင်းတင်း ဆုပ်ကိုင်သည်တွင် ခွက်က အက်ကွဲကြောင်းများပင် ပေါ်လာသည်။ သူက ကွန်ဆွန်ရီကို စိုက်ကြည့်ကာ ပြောသည်။

“ငါ ဒူးထောက်မယ်ဆိုရင် မင်းက လက်လျှော့မှာလား…”

“အစ်ကို”

လျူဖန်းက အော်လိုက်သည်။

“ဒါက မင်းဘယ်လောက်ထိ ရိုးသားသလဲအပေါ် မူတည်တယ်”

ကွန်ဆွန်ရီက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ ရွှီယီက သူ့အား စူးစူးရဲရဲ ကြည့်နေ၏။ သူ၏ ဘဝသက်တမ်း တစ်လျှောက်တွင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ တောင်းပန်ခဲ့ဖူးခြင်း မရှိပေ။ သို့သော်လည်း ယူချီတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်။ အကယ်၍ ကွန်ဆွန်ရီကသာ ယူချီကို လက်ထပ်ပါက ဖြစ်လာနိုင်ဖွယ် အကျိုးဆက်ကို သူ မခန့်မှန်းနိုင်တော့ပေ။

ရွှီယီကို သေသေချာချာ ကြည့်ပါက သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေသည်ကို မြင်ကြရပေမည်။ သူက အမှန်တကယ်ပင် ဒူးထောက်ရန် စိတ်ကူးရှိသလော။ သို့သော်လည်း ဒီကောင်လေးကား အာခီမီပြိုင်ပွဲတွင်ပင် အသက်စွန့်ရန် ဝန်မလေးခဲ့သည်ကို သူတို့အား မြင်ပြီးဖြစ်ရာ ယခုလည်း ဒူးထောက် တောင်းပန်ကောင်း တောင်းပန်ပေလိမ့်မည်။

ကွန်ဆွန်ရီကလည်း အငြိုးအတေး ကြီးပုံရ၏။

ရွှီယီက မတ်တတ်ရပ်လိုက်သည်။ လျူဖန်းက ကွန်ဆွန်ရီကို ကြည့်ကာ ရွှီယီကို ပြောသည်…“အစ်ကို… သူက ခင်ဗျားကို တမင် အရှက်ကွဲဖို့ ကြံနေတာ မမြင်ဖူးလား… ခင်ဗျား ဒူးထောက်ရင်တောင်မှ ဘာရလဒ်မှ ရှိလာမှာ မဟုတ်ဘူး…”

ရွှီယီက လက်သီးကို တင်းတင်းဆုပ်သည်။ သူက ဤအချက်ကို ကောင်းကောင်း သိသော်လည်း ယူချီနှင့်​ ပတ်သက်လာလျှင် တခြားရွေးချယ်စရာ မရှိပေ။

“ကွန်ဆွန်ရီ… မင်းက အရမ်း သနားစရာ ကောင်းတာပဲ…”လျူဖန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်…“မင်းက ယူချီကို လက်ထပ်နိုင်ရင်တောင်မှ အစ်ကိုနဲ့ ယူချီရဲ့ ပတ်သက်မှုကြောင့် မင်းက သူမကို ထိလို့ရမယ်များ ထင်သလား”

ခွပ်…

ကွန်ဆွန်ရီ၏ လက်ထဲမှ သေရည်ခွက်က ကွဲကြေသွားသည်။ လျူဖန်း၏ စကားက သူ၏ အရှိုက်ကို သွားထိသည်။

“ကွန်ဆွန်ရီ … မင်းက အင်ပါယာ မိသားစုကို ဝင်ပြီးတော့ ယူချီကို မြို့တော်ဝန်အိမ်ထဲက ​ခေါ်လာလို့ ရတယ်…” ထိကျိုးကို ကွန်ဆွန်ရီကို စိတ်ဖြင့် လှမ်းပြောလိုက်သည်။ သူ့အား သိမ်းသွင်းရန် အကောင်းဆုံး အခွင့်အရေး ရောက်လာပြီ။

ကွန်ဆွန်ရီက ရုတ်တရက် ပြုံးလိုက်ကာ ရွှီယီကို မကြည့်တော့ဘဲ ဝိုင်ခွက်ကို လှည့်ပတ်ဆော့ကစား နေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ရွှီယီကို စိတ်ဖြင့် လှမ်းပြောသည်။

“မင်းနဲ့ရတဲ့ကလေး သူမမှာရှိနေပြီလို့ ငါကြားတယ်…” သူက သည်ကိစ္စကို ပေါ်ပေါ်ထင်ထင် မပြောရဲသလို ရွှီယီကလည်း ထိုအတိုင်း ဖြစ်သည်။ ပြောသည့်လူကား မုချသေရမည်။

ရွှီယီက ကွန်ဆွန်ရီကို ဒေါသမျက်လုံးဖြင့် ကြည့်သည်။

“မင်းတို့နှစ်ယောက်က ငါ့ကို ဒီလို အရှက်ခွဲတယ်။ ကောင်းပြီလေ…”ကွန်ဆွန်ရီက ဆက်လက်၍ စိတ်ဖြင့် ပြောသည်…”မြို့တော်ဝန်ရဲ့ သမီး ယူချီက သန့်စင်ပြီးတော့ လှပတယ်လို့ ငါကြားဖူးတယ်… အခုကတော့… မင်း စိတ်အေးအေး ထားပါ… သူမက ကြွေနွမ်းပြီးတဲ့ ပန်းတစ်ပွင့် ဖြစ်ပေမဲ့ သူမရဲ့ ရုပ်ရည်က အလှဆုံး အဆင့်ထဲမှာ ရှိနေဆဲပဲ… သူမရဲ့ အသားအရေကလည်း နှင်းဖတ်ကလေးတွေလို အိစက်နေမှာပဲ… သူမကို ငါက သေသေချာချာ ညင်ညင်သာသာ ဂရုစိုက်ပေးမှာပါ… သူမက ငါ့မိန်းမ ဖြစ်နေသရွေ့တော့ တစ်သက်လုံးတော့ တားဆီးနိုင်မှာ မဟုတ်ဘူး… ဟုတ်တယ်မလား… မင်းကလေးကိုလည်း ငါ ဂရုစိုက်ပါ့မယ်…”

ရွှီယီ၏ အမူအရာက အလွန်အမင်း အေးစက်သွားသည်။ ကွန်ဆွန်ရီက ယူချီအပေါ် ခံစားချက် မရှိသော်လည်း လုံးဝ လက်လျှော့မည့်ဟန် မရှိပေ။ သူက အရှက်ကွဲသလို ခံစားခဲ့ရကာ ထိုအတွက် သူနှင့် ယူချီအပေါ် ပြန်လည် လက်စားချေလိုဟန် ရသည်။ သူ၏ အတွေးကလည်း မမှားပေ။ ကွန်ဆွန်ရီက ခြွင်းချက်မရှိ ပါရမီမြင့်ကာ အရာရာ ပြည့်စုံသောလူ ဖြစ်သည်။ ယခု သည်ကိစ္စက သူ့အတွက် ကြီးမားသော အရှက်ရစရာ ဖြစ်သည်။ ထို့ကြောင့် သူက လက်စားချေလို၏။

“တစ်နေ့ သူမက အိပ်ရာထဲမှာ ငါနဲ့အတူတူ ရှိနေတဲ့အခါ သူမကို ငါက ဘယ်လို ဆက်ဆံမယ်ဆိုတာ မင်း တွေးကြည့်လိုက်စမ်း…”ကွန်ဆွန်ရီက ရက်စက်သော လေသံဖြင့် စိတ်မှ ဆက်လက် ပြောဆိုသည်။

ဘုန်း…

ရွှီယီထံမှ ကြမ်းတမ်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။ ကွန်ဆွန်ရီ၏ ကောက်ကျစ် ယုတ်မာစွာ ပြုံးလိုက်သော အချိန်တွင် ရွှီယီက ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ပေ။

“ရွှီယီ မင်း ဘာလုပ်ချင်တာလဲ”

သူ့ထံမှ အရှိန်အဝါကို ခံစားမိသည်တွင် လူအများအပြားက ရွှီယီကို ရယ်ရွှင်ဖွယ် အမူအရာဖြင့် ကြည့်ကြသည်။ သည်နေရာတွင် သူကကော အမှန်တကယ် တိုက်ခိုက်ရဲပါ့မည်လော။

“ဒါက အင်ပါယာမိသားစု အိမ်တော်ကွ…”ထိကျိုးက ရွှီယီကို အေးစက်စွာ ကြည့်လျက် ပြောလိုက်သည်။

“အစ်ကို”

လျူဖန်းက ရွှီယီကို သတိပေးလိုက်သည်။ ကွန်ဆွန်ရီက သူ့အစ်ကိုကို ဘာပြောလိုက်သနည်း။

ဝုန်း… မှော်စွမ်းအင်တစ်ခု ရုတ်ခြည်း ပေါ်ထွက်လာကာ ကွန်ဆွန်ရီထံသို့ တိုးဝင်သွားသည်။

***

သိပ်မကြာခင် အင်ပါယာအိမ်တော်၏ မနီးမဝေးတွင် ရှိနေသော ရီဖူရှင်းက သတင်းအချို့ကို ကြားလိုက်ရသည်။ ရွှီယီနှင့် လျိုဖန်းက အင်ပါယာ အိမ်တော်တွင် တစ်ဖက်လူများကို တိုက်ခိုက်ခဲ့ရာ ယခု သူတို့နှစ်ဦးစလုံး ဖမ်းဆီးချုပ်နှောင်ခံရပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ကြသည့် သတင်း ဖြစ်သည်။

စုချွဲ၏ စကားကို ကြားသည်နှင့် ဖူရှင်းက အင်ပါယာမိသားစု အိမ်တော်ဘက်ကို လှမ်းကြည့်ကာ တီးတိုး ပြောဆိုလိုက်၏။

“စိတ်မကောင်းပါဘူး အစ်ကို”

“အားလုံး ငါနဲ့အတူ လိုက်မှာလား…”ရီဖူရှင်းက သူ့ဘေးမှလူများကို မေးလိုက်သည်။

“သေချာတာပေါ့…” အားလုံးက ခေါင်းညိတ် လိုက်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset