သူတို့နှစ်ယောက်က ဘာမှ မဖြစ်ပျက်ခဲ့သလိုပင် ဂုဏ်ပြုပွဲ အခမ်းအနားသို့ ပြန်သွားခဲ့ကြသည်။ အတန်ကြာသည်တွင် ယူစီက ကြေညာ၏… “အာခီမီအဆင့်ထဲကို ဝင်တဲ့လူတွေက အဖွဲ့အစည်းတွေကို ရွေးချယ်ဖို့ အချိန်သုံးရက်ပေးမယ်… မင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ထောက်ခံ အားပေးမယ်… သုံးရက်ကြာပြီးနောက် မြို့တော်ဝန် အိမ်တော်ကို ဝင်ချင်တဲ့လူတိုင်းက ကျုပ်ဆီကို တိုက်ရိုက် လာနိုင်တယ်…”
အားလုံးက ခေါင်းညိတ်ကြသည်။ ခေါင်းဆောင်များ ဖြစ်ကြသော ထိခိုင်နှင့် ယန်ကျွမ်တို့ကလည်း စိတ်ဝင်စားစွာဖြင့် ယူစီကို ကြည့်ကြသည်။ သူက အဘယ်ကြောင့် ချက်ချင်း မရွေးချယ်ခိုင်း သနည်း။ ဤသို့သော အခြေအနေတွင် လူအများစုက မြိုတော်ဝန် အိမ်တော်ကို ရွေးချယ်ကြမည်မှာ သေချာ၏။
သုံးရက်ကား တခြား အင်အားစုများက သည်လူများကို ဆွဲဆောင်ရန် လုံလောက်သော အချိန်ဖြစ်၏။
ကွန်ဆွန်ရီက တည်ငြိမ်နေသော်လည်း အမှန်တကယ်အားဖြင့် အလွန် စိတ်ပျက်နေသည်။ သည်သုံးရက်က သူ့အတွက် ပေးထားခြင်း ဖြစ်ကြောင်း သူသိသည်။
“ညီလာခံက ပြီးသွားပြီ… ဒါပေမဲ့ငါက နောက်ထပ် စိတ်ဝင်စားစရာတွေ မြင်ချင်သေးတယ်…” ချူကျိက ဆွဲဆောင်မှုရှိစွာ ပြုံးလျက် ပြောသည်… “ဒီမှာ လူငယ်တွေ စုံတုန်း ပြိုင်ပွဲငယ်လေးတစ်ခု လုပ်တာ မကောင်းဘူးလား…”
“ခင်ဗျားမှာ အကြံတွေ အများကြီး ရှိနေပါလား..” ယန်ကျွမ်က ပြောသည်။ သူက ဘေးမှ ပိုင်လွေလီကို ကြည့်ကာ မေးသည်… “တော်ဝင်ကျဲနန်းတော်က နန်းတော်သခင် နှစ်ယောက် အခြေအနေ ဘယ်လိုလဲ..”
“သူတို့က အဆင်ပြေကြပါတယ်…” ပိုင်လွေလီက ပြုံးလျက် ပြောသည်။ ယန်ကျွမ်ပြောသော နန်းတော်သခင် နှစ်ယောက်ကား ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်၁နှင့် နံပါတ်၂ ချိတ်ပေသည်။
“နန်းတော်သခင်က အပြင်ကို ထွက်မလာတာ တော်တော်ကြာပြီဆို… သူက တံခါးပိတ် လေ့ကျင့်နေတုန်းလား…” ထိခိုင်က မေးသည်။
“ကျုပ်တို့ရဲ့ နန်းတောင်သခင်က အမြဲတမ်း ဒီလိုပဲ ထူးဆန်းတယ်… ကျုပ်လည်း မသိဘူး…” ပိုင်လွေလီက ပြုံးလျက် ပြောသည်။
ထိခိုင်က ပြုံးသည်။ တခြားလူများက သိမည် မဟုတ်သော်လည်း သူက သေချာပေါက် သိပေသည်။ ကောင်းကင်မြေရိုင်း အဆင့်မှ နံပါတ်တစ်ဖြစ်သူ တော်ဝင်ကျဲနန်းတော် သခင်ကား ဒဏ်ရာ ပြင်းထန်စွာ ရထားသည်။ သို့သော်လည်း သူက အမှန်ကို ထုတ်မပြောဘဲ ပြုံးသည်… “အခု ရေခဲနန်းတော်ကလွဲရင် ကောင်းကင်မြေရိုင်း အဆင့်တစ်ဆယ် အတွင်းက လူတွေနဲ့ ဆက်စပ်တဲ့သူတွေ အကုန် ရောက်နေကြတာပဲ…”
“ခင်ဗျား မှန်တယ်…” ယန်ကျွမ်က လူအုပ်ကို ကြည့်ကာ ပြောသည်။ နံပါတ်၁နှင့် နံပါတ်၂တို့က ပိုင်လွေလီ၏ဆရာနှင့် ဆရာဘိုးဘိုးတို့ ဖြစ်ကြသည်။ နံပါတ်၄က ပိုင်လွေလီ၏အဖေ ဖြစ်သည်။ ဟောင်ကျူဂီ၏ အဖေကား နံပါတ်၅တွင် ရှိကာ ကျူးကော့မင်းယွီ၏ အဖေက နံပါတ်ခြောက် ဖြစ်သည်။ ရီဖူရှင်းတို့ဆရာက နံပါတ်၇ဖြစ်ပြီး ချူယူက နံပါတ်၈ဖြစ်၏။ စုချွဲကား နံပါတ်ကိုး၏ ဆက်ခံသူဖြစ်သည်။ ပိုင်လွေလီ ကိုယ်တိုင်ကား နံပါတ်၁၀ဖြစ်၏။
“ဒီလူတွေထဲမှာ ဘယ်သူတွေက အနာဂတ် ထိပ်ဆုံး ၁၀ယောက် ဖြစ်ကြမလဲ…” ထိခိုင်က ထိကန်းကို ကြည့်ကာ ပြုံးသည်။
ဂုဏ်ပြုပွဲ ပြီးသွားသောအခါ လူအုပ်က ထွက်ခွာ သွားကြသည်။ ရီဖူရှင်းတို့ အုပ်စုကလည်း သူတို့တည်းခိုရာ တည်းခိုခန်းသို့ ပြန်လာကြသည်။ လမ်းတွင် ရွှီယီကား အလွန်အမင်း စိတ်ဓာတ်ကျနေဟန် ရသည်။
ညနက်အချိန်ကို ရောက်နေပြီ ဖြစ်သည်။ လရောင်များ ဖျန်းပက်ထားသော အဆောင်ငယ်တစ်ခု အောက်တွင် ရီဖူရှင်းက ရွှီယီကို ပြောနေသည်… “အစ်ကို.. အချိန်၃ရက်တောင် ကျန်သေးတာပဲ… ကျွန်တော်တို့ အခွင့်အရေး ရှိပါသေးတယ်…”
“မင်းက ကွန်ဆွန်ရီရဲ့ သဘောကို မြင်ပြီးပြီပဲ… သူက နောက်ဆုတ်မှာ မဟုတ်ဘူး…” ရွှီယီက မဖြစ်နိုင်သည်ကို သိသည်။ သူက အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ပထမနေရာနှင့် လွဲခဲ့ရသည်။
“ဂုဏ်ပြုပွဲမှာ မြို့စားက ကွန်ဆွန်ရီကို သီးသန့်စကား ပြောပြီးတော့ အချိန် သုံးရက်ပေးတယ်… ဒါက အစ်ကို့အတွက်လည်း အခွင့်အရေးတစ်ခုပဲ… မြို့စားက အစ်ကို ကြိုးစားခဲ့တာကို အသိအမှတ် ပြုပုံရတယ်…” ရီဖူရှင်းက ပြောသည်။
ရွှီယီက ရီဖူရှင်းကို ကြည့်သည်။ သည်မတိုင်မီ သူက မြို့တော်ဝန် အိမ်တော်မှ လူများကြောင့် သေလုနီးပါး ဖြစ်ခဲ့သည်ကို သတိရမိသည်။ သူ့အား ကာကွယ်ပေးကာ အဝေးကို ပြေးစေခဲ့သည်ကလည်း ယူချီသာ ဖြစ်သည်။
“အစ်ကို… အစ်ကိုနဲ့ ယူချီက ဘယ်လို ဖြစ်ခဲ့ကြတာလဲ… ဘာလို့ ဒီလောက် ရူးရတာလဲ…” ရီဖူရှင်းက မေးသည်။
“လျိုဖန်းနဲ့ ငါက မီးတောက်တောင်မှာ သွားလေ့ကျင့်ကြတယ်… ယူချီကို အဲဒီမှာ တွေ့တာ… အစပိုင်း ငါနဲ့ လျိုဖန်းက သူမကို စနောက်ရုံပဲ… နောက်ပိုင်းကျတော့ ငါနဲ့ယူချီနဲ့ အချင်းချင်း ချစ်ခင်စုံမက် သွားကြတယ်… အဲဒီတုန်းက သူမရဲ့ နောက်ကြောင်းကို ငါမသိဘူး… သူမက ငါ့ကို သူမရဲ့ ဘဝကို ပုံပေးတုန်းက သူမကို တစ်သက်လုံး ကာကွယ်ပေးမယ်လို့ ငါတွေးခဲ့တယ်… ငါတို့က အပျော်ရွှင်ဆုံး အချိန်ကို ဖြတ်ကျော်ခဲ့ကြတယ်… ဒါပေမဲ့လည်း တစ်နေ့ မြို့တော်ဝန် အိမ်တော်က လူတွေ ငါတို့ကို ရှာတွေ့သွားတယ်… အဲဒီအချိန်ကျမှ သူမက မြို့တော်ဝန် ယူစီရဲ့သမီးဆိုတာ သိခဲ့ရတယ်…”
ရွှီယီက နာကျင်စွာ ပြောသည်… “သူမက ငါ့ကို လိမ်ခဲ့တာကို ငါသိတယ်… ဒါပေမဲ့ ငါကလည်း အရူးမှ မဟုတ်တာ… သူမ ကိုယ်တိုင်ကလည်း ငါ့ကို ချစ်တယ်ဆိုတာ ငါသိတယ်…. ငါတို့က အချိန်အကြာကြီး အတူရှိခဲ့ကြတာ မဟုတ်ပေမဲ့လည်း သူမရဲ့ စိတ်နေသဘောထားကို ငါနားလည်တယ်… သူမက ခေါင်းမာပြီးတော့ သစ္စာတရားကြီးတယ်… ကုန်ဆွန်ရီကို သူမက လုံးဝ လက်ထပ်မှာ မဟုတ်ဘူး.. ဒါကြောင့် လက်ထပ်ပွဲ ဖြစ်လာခဲ့ရင် အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ ငါခန့်မှန်းလို့ မရဘူး….”
“ယူချီက အာခီမီ မြို့တော်ဝန်ရဲ့သမီးပဲ… ငါ့ကို ကူညီနိုင်တဲ့လူမရှိဘူး… အစ်မ၂ကိုယ်တိုင်က ငါ့ကိစ္စမှာ ဘာမှ မတတ်နိုင်ဘူး… ဒါကြောင့် ငါက အာခီမီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ပဲ ကျန်တော့တယ်…” ရွှီယီက သက်ပြင်းချသည်… “ဒါပေမဲ့လည်း ဘာမှ မပြောင်းလဲခဲ့ပါဘူး…”
“ကျွန်တော့်အမြင်မှာတော့ အများကြီး ပြောင်းလဲခဲ့ပါတယ်… တကယ်လို့ အစ်ကိုက ပြိုင်ပွဲမဝင်ခဲ့ရင် အခြေအနေက တစ်မျိုးဆိုပေမဲ့ အခုကတော့ အစ်ကိုအတွက် အများကြီး အလေးသာ လာခဲ့တယ်… အနည်းဆုံးတော့ မြို့တော်ဝန်က အစ်ကို့အတွက် နည်းနည်း စဉ်းစားပေးလာတယ်လို့ ယူဆရတယ်… တစ်နည်းနည်းတော့ ရှိမှာပါ…” ရီဖူရှင်းက ပြောသည်။ အချိန်သုံးရက် ကျန်သေးသည်။ သူတို့တွင် အခွင့်အရေး ရှိကို ရှိရပေမည်။
“အင်း…” ရွှီယီက ခေါင်းညိတ်သည်။ သို့သော်လည်း သူက ဘာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိဟု ခံစားနေရသည်။
“ညီငယ်လေး… စောစောနားပါ…” ရွှီယီက ပြောကာ လျိုဖန်းနှင့်အတူ ထွက်သွားသည်။ အဆောင်ငယ်လေးထဲတွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့သာ ကျန်ရစ်ခဲ့တော့သည်။ သူတို့က ကောင်းကင်မှ လခြမ်းကွေးလေးကို ကြည့်ကြသည်။ သူက လက်ကို နောက်တွင်ချိတ်ကာ မည်သို့ ဖြေရှင်းရမည်ကို တွေးသည်။ အကယ်၍ ကုန်ဆွန်ရီကသာ နောက်မဆုတ်လိုပါက သူတို့ ဘာမှ မတတ်နိုင်…။
သူက ကြမ်းပြင်တွင် ထိုင်လိုက်ကာ သူ၏ဝိညာဉ်ကု့ချင်းကို ထုတ်ယူလိုက်သည်။ ကု့ချင်းသံစဉ်က တိတ်ဆိတ်သော ညကို လှုပ်ခတ်သွားသည်။ ကော့တေးတွင် ရှိစဉ်က သူ၏ဘဝကို ရီဖူရှင်း မှတ်မိသည်။ ထိုစဉ်က သူ့အသက် ၁၈နှစ်မျှသာ ရှိသေးကာ အားလုံးက သူ့အား ချစ်ခင် အလိုလိုက်ခဲ့ကြသည်။ ရန်သူများ ပတ်ပတ်လည် ဝန်းရံနေသော အချိန်တွင်ပင် သူ၏အစ်ကိုများက သူ့ကို မြူမှုန်တစ်မျှင် မစွန်းအောင် ကာကွယ် ပေးခဲ့ကြသည်။
သို့သော်လည်း တော်ဝင်ကျဲ နန်းတော်တွင်တုန်းက သူက ပိုမိုအားကောင်း လာသည်ကို အစ်မ၂အား ရီဖူရှင်းက ပြောပြလိုခဲ့သည်။ ယခု အစ်ကို၄က သည်မျှ ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်နေရသော်လည်း သူဘာမှ လုပ်နိုင်စွမ်း မရှိသေးပေ..။
ကု့ချင်းသံစဉ်က သူ့၏စိတ်ကို တည်ငြိမ်နိုင်စွမ်း မရှိပေ။ ဟွာဂျီယူက သူ၏ပခုံးတွင် အသာအယာ မှီသည်။ ရီဖူရှင်းက ကု့ချင်းတီးခတ်ရန် စိတ်အဆင်သင့် မဖြစ်သည်ကို သူမသိ၏။
ကု့ချင်းကြိုးက တိခနဲ ရပ်သွားသည်။ ရီဖူရှင်းက လက်ဆန့်တန်းကာ သူ၏ဘေးမှ မိန်းမလှလေးအား ပွေ့ဖက်လိုက်၏။
“မြေခွေးမ… ငါတို့က အရမ်း ကံကောင်းတယ်…” ရီဖူရှင်းက ပြောသည်။
“အင်း…” ဟွာဂျီယူက ညင်သာစွာ ခေါင်းညိတ်သည်။ ခန္ဓာကိုယ်အား အနည်းငယ် နှိမ့်ချကာ သူ၏ရင်ခွင်ထဲတွင် လဲလျောင်းလိုက်ရင်း ဟွာဂျီယူက တီးတိုးပြောသည်… “ငါတို့က အခက်အခဲတွေ အများကြီး ကြုံခဲ့တယ်ဆိုပေမဲ့ အခုငါတို့က အတူတူ နေခွင့်ရတယ်လေ… အခု အစ်ကို၄က ဒါတွေကို ဖြတ်ကျော်နိုင်ပါ့မလား မသိဘူး…”
“သူ လုပ်နိုင်မှာပါ…” ရီဖူရှင်းက ပြန်ပြောသည်။
“လွန်ခဲ့တဲ့ ၂နှစ်က လက်ရည်စမ်းပွဲမှာ နင့်ဘဝ အကြောင်းကို သံစဉ်တစ်ပုဒ်အဖြစ် တီးခတ်ခဲ့တယ်… အခု ဒီသံစဉ်ကို တီးပြပါလား…” ဟွာဂျီယူက ညင်သာစွာ ပြောသည်။
ရီဖူရှင်းက ခေါင်းငုံ့ကာ သူမ၏ ချောမောသော မျက်နှာလေးကို ကြည့်သည်။ ခေါင်းငုံ့ကာ နှုတ်ခမ်း ဖူးဖူးလေးကို အသာ နမ်းလိုက်ပြီး ပြောသည်… “သေချာတာပေါ့…” ထို့နောက် ဟွာဂျီယူအား သူ၏ရင်ခွင်ထဲတွင် အနည်းငယ် မြင့်မြင့် မှီခိုင်းလိုက်ကာ တင်ပျဉ်ခွေထိုင်သည်။ ကု့ချင်းကြိုးအား ထိခတ်လိုက်လျှင် သံစဉ်က တစ်ဖန် ထွက်ပေါ်လာသည်။ ချင်းကျူကျောင်းတော် အစစ်မှသည်…
ယနေ့ညအတွက်ကား သည်သံစဉ်ကသာ အရာခပ်သိမ်း ဖြစ်သည်။
***
ဒုတိယနေ့ကို ရောက်လာပြီ ဖြစ်သည်။ အာခီမီမြို့တွင်ကား ပြိုင်ပွဲ၌ ဖြစ်ပျက်ခဲ့သည်များ အားလုံးက တစ်မြို့လုံးကို ပျံ့နှံ့နေပြီးဖြစ်သည်။ မရေမတွက်နိုင်သော လူများက မြို့တော်ဝန်သမီးနှင့် ပြိုင်ပွဲဝင် လူငယ်တို့၏ အချစ်ပုံပြင် အကြောင်းကို ပြောဆိုကြသည်။ တစ်ဖက်တွင် ကွန်ဆွန်ရီ အကြောင်းကလည်း မပါမဖြစ်ပင်။
ပြိုင်ပွဲတွင်လည်း မရေမတွက်နိုင်သော လူများ ထိုအဖြစ်အပျက်ကို လက်တွေ့ မြင်ခဲ့ကြသည်။ သူတို့၏စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်စေသော သူကား အာခီမီ အဆင့်တစ် ကွန်ဆွန်ရီ မဟုတ်ပေ။ သူကား လူအများက သနား ကရုဏာသက်ရသော ရွှီယီဖြစ်သည်။ သူက ချပ်ဝတ်လက်နက် ပြုလုပ်ခြင်းကို နကန်းတစ်လုံးမှ မသိသော်လည်း ပထမရရန် အလို့ငှာ သူ၏အသက်ကို ရင်း၌ ကြိုးပမ်းခဲ့သည်။ သည်ကဲ့သို့သော ပုံပြင်မျိုးကား လူငယ်များအတွက် အထင်ကြီး လေးစားဖွယ်ရာ စိတ်ကူးယဉ်ဖွယ်ရာ ဖြစ်သည်။ တစ်ဖက်တွင် ကွန်ဆွန်ရီ၏ ပုံရိပ်ကလည်း လူအများ အကြားတွင် သိပ်ကောင်းမွန်ခြင်း မရှိပေ။ ကွန်ဆွန်ရီက ထိုအချစ် မောင်နှံအတွက် နောက်ဆုတ် ပေးမည်လော အားလုံးက သိလိုကြသည်။
ညနေခန့်တွင် နောက်ထပ် သတင်းတစ်ခုက စတင်ပျံ့နှံ့လာသည်။ ယနေ့တွင် အင်ပါယာ မိသားစုက ဂုဏ်ပြုပွဲတစ်ခုကို ထပ်မံကျင်းပကာ အာခီမီအဆင့်မှ လူများကို ဖိတ်ခေါ်သည်ဟူသော သတင်းပင်။ အာခီမီမြို့၏ အင်အားအကြီးဆုံး အဖွဲ့အစည်းနှစ်ခု ဖြစ်သည့်အလျောက် မြို့တော်ဝန် အိမ်တော်နှင့် အင်ပါယာအိမ်တော်တို့ နှစ်ဖွဲ့လုံးက ထိုပညာရှင်များကို အလိုရှိကြပေသည်။ မြို့တော်ဝန် အိမ်တော်က သူတို့ကို စဉ်းစားရန် သုံးရက် အချိန်ပေးမှတော့ အင်ပါယာ မိသားစုကလည်း သူတို့ကို ဆွဲဆောင်ရန် ကြိုးစားရပေမည်။
တည်းခိုခန်းတွင်ကား ရီဖူရှင်းက ခြံဝင်း၌ လက်သိုင်းကို လေ့ကျင့်နေသည်။ ဟွာဂျီယူက မနီးမဝေးတွင် ထိုင်နေသည်။
ထိုအခိုက်တွင် ရီဖူရှင်းကား အလွန်အမင်း တက်ကြွ လန်းဆန်းနေသည်။ မနေ့ည သူ၏စိတ်စွမ်းအားက အဆင့်တက်သွားကာ တတိယတန်းစား နိုဘယ်သို့ ရောက်သွားခဲ့သည်။ ယခု သူက လက်သီးသိုင်းကို လေ့ကျင့်ကာ သိုင်းပညာတွင်လည်း အဆင့်တက်ရန် ကြိုးစား လေ့ကျင့်နေသည်။
***