Switch Mode

အပိုင်း(၆၃၀)

ယူစီ၏ဖျောင်းဖျမှု

“အစ်ကို၄… ကွန်ဆွန်ရီက နောက်ဆုတ် ပေးရင်လည်း ပေးမှာပေါ့…” ရီဖူရှင်းက နှစ်သိမ့်သည်။

ရွှီယီက ထထိုင်ကာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ထူးဆန်းမှုကို ခံစားရပြီး မေးသည်… “ငါက ဘာလို့ အဆင်ပြေနေရတာလဲ…”

“မင်းက ဒုက္ခိတဖြစ်ပြီးမှ ယူချီကို လက်ထပ်ခွင့်ရမယ်လို့ တွေးရင် မင်းလောက် ရူးမိုက်တဲ့လူ ရှိတော့မှာ မဟုတ်ဘူး…” ကျူးကော့မင်းယွီက ကြိမ်းမောင်းသည်…”ဂျူနီယာရဲ့ အဖော်က မင်းကို ဆေးမတိုက်ခဲ့ရင် အခုဆို မင်းက ဒုက္ခိတ ဖြစ်နေလောက်ပြီ…”

“ကျေးဇူးတင်ပါတယ်…” ကျူးကော့မင်းယွီက ဖီးနစ်အား ကြည့်ကာ ပြောသည်တွင် ရွှီယီကလည်း သူ့အား ကယ်သည့်သူကို ရိပ်မိလိုက်ကာ ကျေးဇူးတင်စကား ပြောသည်။ သူ၏ဂျူနီယာကား အလွန် အားကောင်းပေသည်။ ရွှီယီက တစ်ယောက်ကိုပင် အသည်းအသန် လိုက်ဖမ်းနေရသော အချိန်တွင် ရီဖူရှင်း၌​ ပတ်လည် ဝိုင်းနေ၏။

“မင်းက အသက်ရှင်ပြီ ဆိုမှတော့ ညစာစားပွဲဆီကို သွားကြရအောင်… မင်းရဲ့ ဒီနေ့ စွမ်းဆောင်ရည်ကြောင့် မြို့တော်ဝန်က မင်းကို သတ်မှာတော့ မဟုတ်ဘူး…” ကျူးကော့မင်းယွီ၏ အမူအရာကား အေးစက်နေဆဲ ဖြစ်သည်။ ထို့နောက် သူမက မြို့တော်ဝန်ရုံးထဲကို စတင်၍ လျှောက်သွားသည်တွင် တခြား လူများကလည်း သူမ၏နောက်မှ စတင်၍ လိုက်ပါကြသည်။

“အစ်မ၂… အစ်ကိုက တော်တော်ကို စိတ်ထိခိုက်နေတယ်…. သူ့ကို သိပ်မအော်ပါနဲ့လား…” ရီဖူရှင်းက တီးတိုးပြောသည်။

“အော်တယ်… မင်းအစ်ကို ဘာလုပ်ခဲ့တယ် ဆိုတာကို သွားမေးလိုက်ဦး…” ကျူးကော့မင်းယွီ၏ ဒေါသက ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ရီဖူရှင်းက အံ့အားသင့်ရသည်။ သူက ရွှီယီနှင့် ယူချီတို့၏ ပတ်သက်မှုကို တွေ့မြင်ပြီး ဖြစ်သည်။ ကျူးကော့မင်းယွီက ဘာကို ဆိုလိုသနည်း။

ထိုစဉ်မှာပင် လျိုဖန်းက ရီဖူရှင်း၏ပခုံးကို ပုတ်ကာ စိတ်ဖြင့် ဆက်သွယ်လျက် ပြောသည်… “ဂျူနီယာ…ဘယ်သူ့ကိုမှ မပြောပါနဲ့… အစ်ကို၄က သူမနဲ့ အိပ်ထားပြီးပြီ…”

ရီဖူရှင်းက တုန်လှုပ်သွားသည်။ ဒါက…

“ပြီးတော့ သူမမှာ အဲဒါလည်း ရှိနေပြီ…” လျိုဖန်းက ထပ်ပြောသည်။

ရီဖူရှင်း၏ခြေထောက်အစုံက ပျော့ခွေသွားသလို ခံစားရကာ မြဲမြဲပင် မရပ်နိုင်တော့…။ လျိုဖန်းက သူ့အား ဟန်ချက် မပျက်အောင် ထိန်းပေးသော်လည်း ရီဖူရှင်း၏ အတွေးများအားလုံး ဟာလာဟင်းလင်း ဖြစ်သွားသည်။

သူ၏အစ်မ၂က အဘယ်ကြောင့် ထိုမျှ ဒေါသထွက်ရသည်ကို ရီဖူရှင်းက နားလည်လိုက်သည်။ သူပင်လျှင် သူ၏အစ်ကိုအား ဒေါသထွက်ရသည်။

ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ မဟုတ်ပေဘူးလား…။ သူမကား ကောင်းကင်မြေရိုင်း အဆင့်၈ တွင်ရှိသော ယူစီ၏သမီးရင်း ဖြစ်သည်။ အာခီမီညီလာခံတွင် ယူစီက သူ၏သမီးအား ပထမရသူနှင့် လက်ဆက်ရန် သဘောတူထားပြီး ဖြစ်သည်။ ယခု ရွှီယီက ယူချီနှင့် အိပ်ခဲ့သလို ကိုယ်ဝန်လည်း ရသွားခဲ့သည်…။ သည်ကိစ္စက သေကြောင်းကြံခြင်းနှင့် ဘာမှ မခြားနားပေ။

တော်ဝင်ကျဲ နန်းတော်၌ အစ်မ၂က အဘယ်ကြောင့် ထိုမျှ ဒေါသထွက် နေခဲ့သည်ကို ရီဖူရှင်းက နားလည်လိုက်သည်။ သူမက ရွှီယီကို မကယ်တင်နိုင်ခြင်း မဟုတ်ပေ။ ကျူးကော့မိသားစု ခေါင်းဆောင်ပင် ရွှီယီကို မကယ်တင်နိုင်ခြင်း ဖြစ်၏။ ရွှီယီကား သေကြောင်းကြံနေခြင်း ဖြစ်သည်။ ယခုထိ ရွှီယီက အသက်ရှင်နေခြင်းကား အံ့အားသင့်ဖွယ်ရာပင် ကောင်းလှသည်။

“ဘာမှားလို့လဲ…” ဟွာဂျီယူက မေးသည်။ ရီဖူရှင်း၏တုံ့ပြန်မှုက ထူးဆန်းနေသည်ဟု သူမ ခံစားရသည်။

“ဘာမှ မဟုတ်ပါဘူး…” ရီဖူရှင်းက အာရုံ စုစည်းလိုက်ကာ ဘာမှ မပြောတော့…။ သူက သည်ကိစ္စကို တခြား ဘယ်သူ့ကိုမှ ထပ်ပြော၍ မရပေ။ မဟုတ်လျှင် ယူစီက ရွှီယီအား အမှန်တကယ် သတ်ပေလိမ့်မည်။ ယခု သူတို့က တခြား အခွင့်အရေး တစ်စုံတစ်ရာ ရှိမလား ကြည့်ကြရပေမည်။

ရွှီယီက အာခီမီပြိုင်ပွဲတွင် ဒုတိယ ရခဲ့သည်။ ထို့ကြောင့် ရွှီယီကို ယူစီက ခွင့်လွှတ်ရန် စဉ်းစား လောက်ပေသည်။ မည်သို့ဆိုစေ သည်ကိစ္စကို သူကလည်း အပြင်ကို ပေါက်ကြား စေလိုခြင်း မရှိပေ။ အကယ်၍ ရွှီယီကသာ ယူချီနှင့် လက်ထပ်ဖြစ်ပါက သည်ကိစ္စက အဆင်ပြေ သွားပေလိမ့်မည်။

မြို့တော်ဝန်ရုံးက ဂုဏ်ပြုပွဲအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ရီဖူရှင်းတို့အုပ်စုက အထဲကို ရောက်လျှင် သူတို့က တစ်နေရာကို ရွေး၍ ထိုင်ကြသည်။ လူအများအပြားက ရွှီယီကို လှမ်းကြည့်ကြသည်။ ရွှီယီကား အမှန်ပင် မြန်ဆန်စွာ သက်သာ လာခဲ့သည်။

ယူစီကလည်း ရွှီယီကို ကြည့်သည်။ သို့သော် သူ၏ခေါင်းထဲတွင် ဘာရှိမည်ကို မည်သူကမှ မသိကြပေ။ သူ၏သည်းခံမှု အတိုင်းအတာကလည်း အလွန် အားကောင်းသည် ဆိုရပေမည်။

“ဒီနှစ် အာခီမီညီလာခံက ပြီးသွားပြီ…” ယူစီက အားလုံးကို ပြောသည်… “ကျုပ်တို့အားလုံး ဆုံပြီဆိုမှတော့ ဒီမတိုင်ခင် ကတိစကားတွေကလည်း တည်နေတုန်းပဲ… အာခီမီမြို့ရဲ့ အဓိက ခေါင်းဆောင်တွေ အကုန်လုံး ရှိကြတယ်… အာခီမီအဆင့်၁၀၀ အတွင်းက လူတွေအားလုံးက ကိုယ် ဝင်ရောက်ချင်တဲ့ မိသားစုကို ရွေးချယ်နိုင်တယ်… မင်းတို့က မြို့တော်ဝန် အိမ်တော်ကိုလည်း ရွေးနိုင်တယ်…”

“ဒီနေ့ရဲ့နောက်ဆုံး ယှဉ်ပြိုင်မှုက အရမ်း ကောင်းတယ်…” ကျိုးမိသားစု ခေါင်းဆောင်က ပြောသည်… “ဒီတစ်ခေါက်လူတွေက အရင်ဆယ်နှစ်ကထက် ထူးချွန်ကြတယ်…တကယ်မင်း မင်းတို့တွေက ကျိုးမိသားစုကို ဝင်ချင်တယ်ဆိုရင် ငါတို့က အကောင်းဆုံးတွေကို ပေးဖို့ အဆင်သင့်ပဲ…”

“လုမိသားစုလည်း ဒီအတိုင်းပဲ…” လုမိသားစု ခေါင်းဆောင်က ပြောသည်။ ထို့နောက်တွင် တခြားမိသားစု ခေါင်းဆောင်များကလည်း ဖိတ်ခေါ်ကြသည်။

“ကျွန်တော်က မြို့တော်ဝန် အိမ်တော်မှာ လေ့ကျင့်ချင်ပါတယ်…” ရွှီယီက ဦးဆုံးပြောသည်။ လူအများအပြားက သူ့ကို ကြည့်ကြသည်။ သည်အကောင်ကား ယူချီနှင့် ထူးဆန်းသော ပတ်သက်မှုရှိသည်။ သူက မြို့တော်ဝန် အိမ်တော်သို့ ဝင်လိုသည်မှာ သေချာ၏။

ယူချီက သူ့အား ထူးမခြားနားစွာ ကြည့်လျက် ခေါင်းညိတ်သည်… “ကောင်းပြီ…”

ကွန်ဆွန်ရီ၏ အမူအရာက အလွန်အမင်း အရုပ်ဆိုး အကျည်းတန် နေသည်။ သူက ရွှီယီကို အေးစက်စွာ ကြည့်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယီကလည်း သူ့ကို ကြည့်ကာ ပြောသည်… “ကွန်ဆွန်ရီ… မင်းက အာခီမီပြိုင်ပွဲမှာ ပထမရတယ်… ဒါပေမဲ့ မင်းက ယူချီနဲ့ လက်ထပ်မဲ့ကိစ္စမှာ နောက်ဆုတ်ပေးရင် ငါ့ရင်ထဲကကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိမှာပဲ… အနာဂတ်မှာ မင်းဘာပဲ တောင်းဆိုပါစေ ငါ ကူညီဖို့ အသင့်ပါပဲ…”

သည်အကောင်…။ လူအများအပြားက ရွှီယီကို ကြည့်ကြသည်။ သူက ကွန်ဆွန်ရီကို လူအများရှေ့တွင် တောင်းဆို နေသည်လား…။

ကွန်ဆွန်ရီက သူ့ကို အေးစက်စွာ ကြည့်သည်။ သူက စော်ကား ခံရသလို ခံစားရ၏။

“ငါ့အစ်ကိုနဲ့ ယူချီတို့ အကြား ဘယ်လို အခြေအနေ ရှိမယ်ဆိုတာ မင်းလည်း သိတာပဲ…” ရီဖူရှင်းက ပြောသည်… “မင်းအတွက် မမျှတဘူး ဆိုတာ ငါတို့ သိပါတယ်… ဒါက ငါ့အစ်ကိုရဲ့ အမှားပဲ… ဒါပေမဲ့ အခြေအနေက ဒီလိုဖြစ်လာမှတော့ မင်းက သူတို့ကို ဘာလို့ ကောင်းချီး မပေးနိုင်ရမှာလဲ… တကယ်လို့ မင်းက ဒီအတွက် တစ်ခုခု တောင်းဆိုမယ် ဆိုရင်တောင် ငါက မဖြစ်ဖြစ်အောင် လုပ်ပေးမယ်…” ရွှီယီနှင့် ယူချီတို့တွင် ကလေးရှိနေမှတော့ သူကလည်း ရွှီယီအတွက် အတတ်နိုင်ဆုံး ကူညီရပေတော့မည်။ ရွေးချယ်စရာ နှစ်ခုကား ကွန်ဆွန်ရီနှင့် ယူစီတို့ ဖြစ်ကြသည်။

အမှန်တကယ်အားဖြင့် ကွန်ဆွန်ရီကား သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်ရာ ဖြစ်သည်။ အကယ်၍ ကွန်ဆွန်ရီကသာ စိတ်မပြောင်းပါက ယူစီကလည်း သူ၏ကတိကို ဖျက်၍ မရပေ။

ကွန်ဆွန်ရီက ခေါင်းမော့ကာ လှောင်ပြောင် သရော်သောပုံစံဖြင့် ရီဖူရှင်းကို ကြည့်သည်… “ထွက်သွား…”

ကွန်ဆွန်ရီကား လုံးဝ စိတ်တို ဒေါသထွက်နေပြီး ဖြစ်သည်။ ယူချီနှင့် ရွှီယီတို့၏ ချစ်ခင်ရင်းနှီးမှုက သူ့အတွက် အရှက်ရစရာ ဖြစ်သည်။ ဤကဲ့သို့ အခြေအနေတွင် ရွှီယီက မည်သို့ သူ့ကို တောင်းဆို ရဲရသနည်း။ သူကား အာခီမီပြိုင်ပွဲတွင် ပထမရသူဖြစ်သည်။ သူက ဤမျှ ကြီးမားသော စွမ်းဆောင်မှုကို ပြုလုပ်ခဲ့သည့်တိုင် အဘယ်ကြောင့် ဤသို့သော ကိစ္စနှင့် ကြုံတွေ့ နေရသနည်း။

ကွန်ဆွန်ရီကား သည်အခိုက်အတန့်အတွက် များစွာ ကြိုတင် ပြင်ဆင်ထားခဲ့သည်။ သူက အာခီမီပြိုင်ပွဲ ပထမရရမည်။ ထို့နောက် ယူစီက သူ့ကို လက်ရင်း တပည့်အဖြစ် လက်ခံမည်။ သူက အာခီမီမြို့၏နံပါတ်တစ် မိန်းမလှလေး ယူချီကို လက်ထပ်မည်။ ထို့နောက် သူ၏နာမည်က မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် ကျော်ကြား လာတော့မည်။

သူက ဤနေ့ရက်ကို အချိန်ကြာမြင့်စွာ စောင့်စား လာခဲ့သည်။ သို့သော်လည်း ယခု အာခီမီပြိုင်ပွဲ၌ ဖြစ်ပျက်ခဲ့မှုများက သူ၏ စိတ်ကူးယဉ်မှုများ အားလုံးကို ဖျက်ဆီး သွားခဲ့သည်။ သူလိုချင်သော အရာများအားလုံးက ညစ်ထေးခဲ့ရသည်။

ရွှီယီက သူ၏မိန်းကလေးကို လုယူသွားခဲ့သည်။

ရီဖူရှင်းကရော ဘယ်သူမို့လို့လဲ…။ သူက မိမိ၏ကိစ္စများကို ဝင်စွက်ဖက်ရအောင် သူ့ကိုယ်သူ ဘယ်သူဟု ထင်မှတ်နေသနည်း။ မည်သို့ဆိုစေ သူကား အာခီမီပြိုင်ပွဲ၏ ပထမဖြစ်သည်။ ရီဖူရှင်း၏ ကျေးဇူးကြွေးကို သူမလိုပေ။

ရီဖူရှင်းကား သုံးနှစ်မှတစ်ခါ ကျင်းပသော ပြိုင်ပွဲ၏  ပထမဖြစ်ကာ သူကား ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ဂုဏ်သိက္ခာ မြင့်မားသော ပြိုင်ပွဲ၏ပထမရသူ ဖြစ်သည်။ သူက အာခီမီလောကတွင် နာမည်ကျော် ဖြစ်ပေတော့မည်။ မြေရိုင်းပြည်နယ်မှ အတော်ဆုံးသော လူများက သူ့အား လေးစား ကြရပေတော့မည်။ သူက တော်ဝင်ကျဲနန်းတော်ကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။ အာခီမီမြို့တော်ဝန် ယူစီကား တော်ဝင်ကျဲနန်းတော်ကို မည်သည့်အခါကမှ မျက်လုံးထဲ ထည့်ခဲ့သည် မဟုတ်ပေ။

‘ထွက်သွား…’ ဟူသော စကားလုံးက အားလုံးက တိတ်ဆိတ်စေသည်။ မျက်လုံးများက ရီဖူရှင်းအပေါ် ကျဆင်းလာ၏။ ပုဂ္ဂိုလ်ကြီးများကလည်း အာခီမီပြိုင်ပွဲ ပထမနှင့် တော်ဝင်ကျဲနန်းတော် ဝင်ခွင့်ပထမတို့အကြား အခြေအနေကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။

ကွန်ဆွန်ရီ၏ မျက်လုံးကို မြင်သည်တွင် သူက နောက်ဆုတ်မည် မဟုတ်သည်ကို ရီဖူရှင်းက နားလည်လိုက်၏။ ကွန်ဆွန်ရီ၏ မျက်လုံးထဲတွင်ကား ဒေါသ၊ မာန်မာနတို့နှင့် အေးစက်နေသည်။ ကွန်ဆွန်ရီက ရီဖူရှင်း၏ တော်ဝင်ကျဲနန်းတော်မှ အဆင့်အတန်းကို ဂရုမစိုက်သည်မှာ သေချာ၏။

ကွန်ဆွန်ရီက ယူစီဘက်ကို လှည့်ကာ မေးလိုက်သည်… “စီနီယာ… ကျွန်တော်နဲ့ ယူချီတို့ရဲ့ လက်ဆက်မှုက အပြောင်းအလဲ ရှိပါမည်လော…”

“ကွန်ဆွန်ရီ…” ထိုအချိန်တွင် ထိခိုင်က ကွန်ဆွန်ရီကို ကြည့်ကာ ပြောသည်… “အာခီမီပြိုင်ပွဲရဲ့ အနိုင်ရသူက မြို့တော်ဝန် သမီးနဲ့ လက်ဆက်တာ ထုံးစံပဲ… ဒါက အာခီမီမြို့မှာ အကြီးကျယ်ဆုံး ဂုဏ်ပြုမှုတစ်ခုလည်း ဖြစ်တယ်… မြို့စားယူက မင်းကို ကတိပေးပြီးမှတော့ ဒီလက်ဆက်မှုက အပြောင်းအလဲ မဖြစ်ဘူး…”

“ကွန်ဆွန်ရီ… မင်းရဲ့ စကားကို ဆင်ခြင်စမ်း…” သူ၏စီနီယာ တစ်ယောက်က ကြိမ်းမောင်းသည်။ ကွန်ဆွန်ရီကား အာခီမီမြို့၏ ကွန်ဆွန် မိသားစုမှ ဖြစ်၏။

“ကျွန်တော်က ရိုင်းစိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်… ” ကွန်ဆွန်ရီက ပြောသည်။

ရွှီယီနှင့် ရီဖူရှင်းတို့၏ အမူအရာက သိပ်မကောင်းပေ။ ကွန်ဆွန်ရီက ယူချီအား မည်သို့ဖြစ်နေပါစေ လက်ထပ်မည်မှာ သေချာ၏။

“ကွန်ဆွန်ရီ…” ယူစီကလည်း ကွန်ဆွန်ရီကို ကြည့်သည်။ သူက ထရပ်ကာ ပြောသည်… “ငါ့နောက်ကို လိုက်ခဲ့…” ထို့နောက် သူက ထရပ်ကာ အဝေးကို လျှောက်သွားသည်။

ကွန်ဆွန်ရီ၏ မျက်လုံးများက အရောင်လက် သွားသည်။ ယူချီက သူ့အား ရှင်းလင်းချက် တစ်စုံတစ်ရာ ပေးတော့မည်လော…။ သူက ထရပ်ကာ ယူချီ၏နောက်ကို လိုက်ပါသွားသည်။

လူအများအပြားက သူတို့ဘက်ကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ ယူချီ ထွက်ပေါ်လာခြင်းက ယူစီအတွက် အလွန် အရှက်ရဖွယ်ရာ ကောင်းပေသည်။ သူက ကောင်းမွန်စွာ စီမံရန်လို၏။ ယူစီက ကွန်ဆွန်ရီကို ဘာများ ပြောကြားမည်နည်း။

ရွှီယီ၏ အုပ်စုကလည်း သူတို့ ထွက်သွားရာဘက်ကို ကြည့်ကြသည်။ သို့သော် သူတို့နှစ်ယောက်ကား သူတို့အားလုံး၏ မြင်ကွင်းမှ ခဏအတွင်း ပျောက်ကွယ် သွားကြသည်။

ယူစီက ကွန်ဆွန်ရီကို သီးသန့် တစ်နေရာကို ခေါ်လာကာ ပြောသည်… “ကွန်ဆွန်ရီ… မင်းက ပြိုင်ပွဲအနိုင်ရသူပဲ… ဒီတော့ မင်းသာ ငါ့တပည့် လုပ်မယ်ဆိုရင် ငါက တတ်သမျှကို မခြွင်းမချန် သင်ပေးမယ်… ယူချီကို ငါက ကောင်းကောင်း မသင်ကြားခဲ့မိဘူး… ဒါက ငါ့အမှားပါ… မင်းက မဆုံးဖြတ်ခင် အကြောင်းအရာ တချို့ကို မင်းသိအောင် ပြောသင့်တယ်လို့ ငါထင်တယ်…”

“စီနီယာ… ဘာများလဲ မသိဘူး…” တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ကွန်ဆွန်ရီက ခံစားရ၏။ ယူစီက သူ့အား ပုဂ္ဂိုလ်ရေးအရ စကားပြောဆိုနေသည်။ တစ်ခုခု လွဲနေသည်လား…။

“ယူစီက ပုန်ကန် တော်လှန်တတ်တဲ့ မိန်းကလေးပဲ… သူမက သူမ မသိတဲ့ တစ်စုံတစ်ယောက်ကို လက်မထပ်လိုဘူး… ဒါကြောင့် သူမက အိမ်က ထွက်ပြေးဖူးတယ်… အဲဒီအချိန် အတွင်းမှာပဲ သူမနဲ့ ရွှီယီတို့ တွေ့ဆုံခဲ့ပြီးတော့ မသင့်တော်တာတွေ ဖြစ်ပျက်ခဲ့တယ်…” ယူစီက အသေးစိတ်ကိုတော့ မပြောတော့ပေ။ သူ၏စကားကို ကွန်ဆွန်ရီက နားလည်ပေလိမ့်မည်။

ယူစီ၏စကားကို ကြားသည်တွင် ကွန်ဆွန်ရီ၏ မျက်နှာက ပြာနှမ်းသွား၏။ မသင့်တော်သည့်ကိစ္စ…။ သူက ဘာကို ဆိုလိုသည်ကို နားလည်သည်။ ဆိုလိုသည်က သူမနှင့် ရွှီယီတို့ အတူအိပ်ပြီးကြပြီ…။

သူက လက်သီးတင်းတင်း ဆုပ်လိုက်သည်။ ကွန်ဆွန်ရီက သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ စိတ်ကို ငြိမ်သက်အောင် လုပ်လိုက်သည်။

“ငါက ဒီအတွက် တာဝန်ရှိတယ်…ဒါပေမဲ့ ဒါက ဖြစ်ပျက်သွားခဲ့ပြီးပြီ…” ယူချီက ပြောသည်… “မင်းက သူ့ကို လက်မထပ်ဘူးဆိုရင် မင်းအတွက် ငါက တခြားနည်းလမ်းတွေနဲ့ ပြန်ပြီးတော့ စိတ်ကျေနပ်အောင် လုပ်ပေးမယ်… မြို့တော်ဝန် အိမ်တော်ကို ဝင်ပြီးနောက် မင်းက ငါ့မိသားစုက တခြားသမီးတွေနဲ့ သိခွင့်ရမယ်… သူတို့ထဲက တစ်ယောက်ယောက်ကို သဘောကျရင် မင်းနဲ့ လက်ထပ်ခွင့်ပေးမယ်… မင်း ဘယ်လို မြင်လဲ…” ယူချီက ပြောသည်။

ကွန်ဆွန်ရီက ခေါင်းငုံ့လိုက်သည်။ သူ၏မျက်လုံးက အလွန်အမင်း အေးစက်နေ၏။ ယူချီ … မင်း နောင်တရရမယ်…။ သူက တစ်ချက် ပြုံးလိုက်ကာ ယူစီကို ပြောသည်… “စီနီယာ… ယူချီက မိန်းမလှပါ… ဒါက နည်းနည်း အရှက်ရစရာဆိုပေမဲ့ ကျွန်တော်က သူမကို လက်ထပ်ချင်ပါတယ်…”

ယူချီက ကွန်ဆွန်ရီကို အဓိပ္ပာယ်ပေါက်သော မျက်လုံးများဖြင့် ကြည့်သည်။ ကွန်ဆွန်ရီ၏ အတွေးများကို သူသိသည်။

“ယူချီက ကိုယ်ဝန်ရှိနေတယ် ဆိုရင်ရော…” ယူချီက ပြောသည်။ သူက သည်ကိစ္စကို ထုတ်မပြောလိုသော်လည်း ကွန်ဆွန်ရီကား လက်လျှော့မည့်ပုံ မပေါ်ကာ ထုတ်ပြော ရတော့သည်။

ကွန်ဆွန်ရီက တုန်ယင်စွာဖြင့် နောက်ကို တစ်လှမ်းဆုတ်သည်။ သူ၏မျက်နှာက ပိုမို၍ ပြာနှမ်းလာ၏။ အကယ်၍ ယူချီကသာ သည်နေရာတွင် ရှိမနေပါက ကွန်ဆွန်ရီ ပေါက်ကွဲမိတော့မည်မှာ သေချာသည်။ ယူချီက နောက်ယောက်ျား တစ်ယောက်နှင့် ကိုယ်ဝန် ရထားပြီးပြီ။

ခွေးမ… ကွန်ဆွန်ရီကား အလွန်အမင်း ဒေါသထွက်နေပြီ ဖြစ်သည်။

“ကျွန်တော် စိတ်ပြောင်းမှာ မဟုတ်ဘူး…” ကွန်ဆွန်ရီက ခိုင်မာစွာ ပြောသည်။

“ကောင်းပြီ… ဒါပေမဲ့ ဒီကိစ္စကို မင်းက လျှို့ဝှက်ထားရမယ်…တခြားလူတွေ ဒါကို သိသွားလို့မရဘူး..” ယူစီက တစ်လုံးချင်း ပြောသည်။ ကွန်ဆွန်ရီက မမြင်ရသော ဖိအားကို ခံစားရ၏။ သူက တခြားလူများကို ပြောမိပါက ခံစားရမည့် အကျိုးဆက်ကို သိလိုက်သည်။ သူက ပြိုင်ပွဲပထမဖြစ်လျှင်ပင် လွတ်မည်မဟုတ်ပေ။

“ကျွန်တော် နားလည်ပါပြီ…” ကွန်ဆွန်ရီက ပြန်ပြောသည်။

“ကောင်းပြီ… ပြန်သွားတော့…” ယူချီက ပြောသည်… “မင်းက ချက်ချင်း မဆုံးဖြတ်နဲ့ဦး…. နောက်ရက် နည်းနည်း စဉ်းစားလိုက်..”

“ဟုတ်ကဲ့ပါ…စီနီယာ…” ကွန်ဆွန်ရီက နောက်လှည့်ကာ ထွက်သွားသည်။ သူ၏ နောက်ကျောကို ကြည့်ကာ ယူစီက သက်ပြင်းချသည်။

ကွန်ဆွန်ရီကား မာနကြီးလွန်းသည်။ သူက အရာအားလုံးကို ပြည့်စုံချင်၏။ အကယ်၍ ကွန်ဆွန်ရီကသာ အလျှော့ပေးလိုက်ကာ အာခီမီပညာရပ်တွင်သာ ပိုမိုအားစိုက်ပါက ယူစီကလည်း သူ တတ်ကျွမ်းသမျှကို အိတ်သွန်ဖာမှောက် သင်ကြားပေးမည် ဖြစ်သည်။ သို့သော်လည်း ကွန်ဆွန်ရီကား စိတ်ဓာတ် ပြင်းထန်လွန်းသည်။ ယူချီ၏ ကိုယ်ဝန်ကိစ္စကို ကွန်ဆွန်ရီက သေချာပေါက် စိတ်ဆိုးမည်ကို ယူစီက သိသည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူက ထိုမျှ အတင်း ရှေ့ဆက်လိုရသနည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset