ကွန်ဆွန်ရီက မည်သည့် ခံစားချက်မှ ထုတ်ဖော်ပြသခြင်း မရှိသလို ပျော်ရွှင်ဟန်လည်း မရပေ။ ရွှီယီနှင့် လျိုဖန်းတို့က သူတို့၏ သက်စောင့်ဝိညာဉ်ကို သိဒ္ဓိဝင်လက်နက်၌ ဌာပနာကာ သူ့အား ကျော်ဖြတ်ရန် ကြံစည်ခြင်းကိုသာ ကွန်ဆွန်ရီက ဒေါသထွက်ခြင်း ဖြစ်သည်။ သူတို့က သူ့အား ထိုနည်းလမ်းဖြင့် ကျော်ဖြတ်နိုင်မည်ဟု တွေးသော အရူးများသာ ဖြစ်သည်။
မြေပြင်တွင် ထိုင်နေသော လျိုဖန်းက ပြုံးလိုက်သည်။ သို့သော်လည်း သူ၏အပြုံးက အသက်မပါပေ။ သူ့ဘေးမှ ရွှီယီကို ကြည့်ကာ သူက ပြောသည်… “အစ်ကို… ခင်ဗျားက ခင်ဗျားရဲ့အသက်ကို အလောင်းအစား လုပ်ခဲ့တာတောင်မှ ငါတို့ ရှုံးခဲ့တယ်…” မည်သို့ဆိုစေ သူတို့ကား ချပ်ဝတ်လက်နက် ပြုလုပ်ခြင်းတွင် စတင်လေ့လာသူများသာ ဖြစ်ကြပေသည်။ သူတို့က ချပ်ဝတ်လက်နက် ပြုလုပ်ခြင်းများ၏ အခြေခံကိုပင် ကောင်းကောင်း သိနားလည်ခြင်း မရှိကြပေ။ ရွှီယီက သူ၏သက်စောင့် ဝိညာဉ်ကိုသာ ဌာပနာခြင်း အမှုကို မပြုခဲ့ပါလျှင် သူတို့က ဤအဆင့်သို့အထိ ရောက်လာမည် မဟုတ်ပေ။ သို့တိုင်အောင် သူတို့က မြေရိုင်းပြည်နယ်၏ အကောင်းလုံး ချပ်ဝတ်လက်နက် ပညာရှင်များကို အနိုင်ယူနိုင်စွမ်း မရှိကြပေ။
“ဒါဆို သူတို့ ရှုံးသွားတာပေါ့…” ရီဖူရှင်းက တုန်လှုပ်သွားသည်။ သူ၏အစ်ကိုက ဤမျှလောက်အထိ လုပ်ဆောင်ခဲ့သည့်တိုင် ရှုံးနိမ့်ခဲ့သည်။ သူ၏အစ်ကိုက ယူချီနှင့် ချစ်ခင်စုံမက်နေမှတော့ သူက ပထမနေရာကို မရသရွေ့ အရှုံးဟု ပြောရပေမည်။
ကျူးကော့မင်းယွီကလည်း စိတ်ပျက် ဝမ်းနည်းရသည်။ ထိုကိစ္စကို သူမသိရှိခဲ့သော အချိန်တွင် အလွန်အမင်း ဒေါသထွက်ခဲ့ရ၏။ ရွှီယီ၏အမှားက သူ၏သေလမ်းကို ရှာနေသည်နှင့် အတူတူပင်။ သူမ၏အဖေ ကျူးကော့မိသားစု ခေါင်းဆောင်ပင် ရွှီယီကို ကယ်တင်နိုင်စွမ်း မရှိပေ။ ရွှီယီ ပြုလုပ်ခဲ့သော ထိုအမှားကြီးကြောင့် အာခီမီမြို့တော်ဝန်က ရွှီယီကို မည်သည့်နည်းနှင့်မှ ခွင့်လွှတ်မည် မဟုတ်သော ကြောင့်လည်း ဖြစ်သည်။
ယခု ရွှီယီက သည်ပြိုင်ပွဲတွင် နောက်ဆုံး အဆင့်သို့အထိ ရောက်ခဲ့ကာ သူ၏အသက်ကိုပင် ရင်း၌ ကြိုးစားခဲ့သည်။ သို့တိုင်အောင် သူက ထိုအဖြစ်ဆိုးကြီးကို ကုစားနိုင်စွမ်း မရှိခဲ့..။
ယူချီ၏ အမူအရာကား ယခင်ကဲ့သို့ တည်ငြိမ်နေသည်။ သူမက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။
အကြီးအကဲ သုံးယောက်ကား အဆင့်ဇယားကို အကြမ်းဖျင်း စီနေကြပြီဖြစ်သည်။ ထို့နောက် သူတို့က ယူစီနှင့် အာခီမီမြို့မှ ကလန်ခေါင်းဆောင်များထံသို့ တင်သွင်းကြသည်။ အနည်းငယ် ပြင်ဆင် ပြောင်းလဲပြီးနောက် ယူစီက အာခီမီအဆင့်ဇယားကို ကိုယ်တိုင် ရေးထွင်းသည်။
ယူစီက ထရပ်ကာ အဆင့်ဇယားကို ကြေညာမည့်ဟန် ပြင်လျှင် အားလုံးက တစ်မုဟုတ်ချင်း တိတ်ဆိတ် သွားကြသည်။ ယခု ကြေညာမည့် နာမည်က အနာဂတ် အာခီမီလောကကို ကြီးစွာသော သက်ရောက်မှုများ ဖြစ်ပေါ်လာစေမည် ဖြစ်ပေသည်။
ရီဖူရှင်းက ဆက်လက် နားထောင်ရန် စိတ်မပါတော့ပေ။ နာမည်များကို တစ်ယောက်ပြီး တစ်ယောက် ခေါ်သွားကာ ယူစီက နောက်ဆုံး နာမည်အချို့ကို ခေါ်သော အချိန်တွင်မှ ရီဖူရှင်းက အနည်းငယ် အာရုံစိုက် နားထောင်ခဲ့သည်။ မူအုက နံပါတ်၆၊ ယွီမိန်က နံပါတ်၅၊ ချီလျန်က နံပါတ်၄တို့ ဖြစ်ကြသည်။ နောက်ဆုံးတွင် ထိပ်ဆုံး သုံးယောက်၏ နာမည်များကို ကြေညာသည်။
ယူစီက လူအုပ်ကို ကြည့်ကာ စတင် ကြေညာသည်… “အာခီမီအဆင့်၃… ယူတု…” အားလုံးက အံ့အားသင့် သွားကြသည်။ မြို့တော်ဝန် အိမ်တော်မှ ယူတုကား အာခီမီအဆင့်တွင် နံပါတ်၃ ဖြစ်သည်။
“အာခီမီအဆင့်၂… ရွှီယီနဲ့ လျိုဖန်း…” ယူစီက ကြေညာသည်။ မရေမတွက်နိုင်သော လူများက မြေပြင်ပေါ်တွင် လဲလျောင်း နေကြသော လူနှစ်ယောက်ကို ကြည့်ကြသည်။ သူတို့က အာခီမီအဆင့်တွင် ဒုတိယ ရသော်လည်း အားလုံးက သူတို့နှစ်ယောက် အတွက် စိတ်မကောင်း ဖြစ်ကြရသည်။
“အာခီမီအဆင့် ဇယားနံပါတ်၁… ကွန်ဆွန်ရီ…” ယူစီက ဆက်လက်၍ ကြေညာသည်။
အာခီမီအဆင့် ဇယားတွင် ပထမရခြင်းကား ကြီးမားသော အောင်မြင်မှု ဖြစ်သည်။ သို့သော်လည်း ကွန်ဆွန်ရီ၏ မျက်လုံးများတွင် ပျော်ရွှင်မှုကို စိုးစဉ်းမျှ မတွေ့ကြရပေ။ အားလုံးက အကြောင်းအရင်းကို သိကြသည်။ သူလက်ထပ်ရမည့် မိန်းကလေးက ရွှီယီနှင့် ပတ်သက်နေမှတော့ သူက မည်သို့ ပျော်ရွှင်နိုင်မည်နည်း။
သူက ပထမ မရခဲ့လျှင်ပင် ကောင်းမွန်ပေဦးမည်။ ယနေ့ပြိုင်ပွဲတွင် သူ၏အရည်အချင်းက အမှန်ပင် အာခီမီအဆင့်၏ နံပါတ်၁နေရာနှင့် ထိုက်တန်ပေသည်။ ယခု သူက အဆင့်၁ ရသည်။ သို့သော် သူလက်ထပ်ရမည့် မိန်းကလေးက နောက်ယောက်ျား တစ်ယောက်နှင့် ပတ်သက်နေသည်ကို လူအများက တွေ့မြင်ကြရသည်။ နောင်တွင် လူအများအကြားတွင် သူက မည်သို့ မျက်နှာထား ရတော့မည်နည်း။
မြို့တော်ဝန်၏ သမီးကို လက်ထပ်ရခြင်းက လူအများ၏ အားကျခြင်းများ မနာလိုခြင်းများကို ရရှိကာ ကောင်းမွန်သော ကိစ္စဖြစ်သင့်သော်လည်း ယခု အရာအားလုံးက ဆန့်ကျင်ဘက် အနေအထား ဖြစ်နေသည်။
ထို့ကြောင့် အာခီမီပြိုင်ပွဲက ထူးခြားသော အခြေအနေနှင့် ပြီးဆုံးခဲ့ရသည်။ ထိပ်ဆုံး သုံးယောက်ထဲတွင် မည်သူကမှ သူတို့၏ရလဒ်ကို သဘောမကျကြပေ။ ယူတုကလည်း သူ၏အဆင့်အပေါ် ကျေနပ်နှစ်သိမ့်ခြင်း မရှိပေ။
“အခု အာခီမီပြိုင်ပွဲက ပြီးသွားပြီ… မြို့တော်ဝန် အိမ်တော်က မြေရိုင်းပြည်နယ်က ဧည့်သည်တွေနဲ့ အကောင်းဆုံး ချပ်ဝတ်လက်နက် ပညာရှင် အယောက်၁၀၀ကို ညစာစားပွဲ ကျင်းပပေးမယ်…” ယူစီက ကြေညာသည်။ မြေရိုင်းပြည်နယ်၏ ထိပ်သီး အယောက်၁၀၀ ကသာ ဤသို့သော ဖိတ်ခေါ်မှုနှင့် ထိုက်တန်သည်ကို အားလုံးက သိကြသည်။ သာမန်လူများ အတွက် ထိုညစာစားပွဲတွင် နေရာ မရှိပေ။
“ညစာစားပွဲမှာ ထိပ်ဆုံးပြိုင်ပွဲဝင် တစ်ရာက သူတို့ရဲ့ ဆုလာဘ်တွေကို လက်ခံရရှိလိမ့်မယ်… မြို့တော်ဝန်ရုံးကို လိုက်ခဲ့ကြပါ…” ယူစီက ပြောကာ နောက်လှည့် ထွက်ခွာ သွားသည်။ သူ့အနီးမှ ပုဂ္ဂိုလ်ကြီးများကလည်း သူနှင့်အတူ အဆောက်အဦထဲကို ဝင်ရောက် သွားကြသည်။
ရီဖူရှင်းနှင့် ကျူးကော့ဟွေတို့က ရွှီယီနှင့် လျိုဖန်းတို့ထံသို့ လျှပ်တစ်ပြက် ပြေးသွားကြသည်။ ယူချီကလည်း ထိုနေရာကို သွားရန် ဟန်ပြင်သော်လည်း အကြီးအကဲ နှစ်ယောက်က သူမအား တားဆီးထားသည်။ အဆုံးတွင် သူမက နောက်လှည့်ကာ မြို့တော်ဝန်ရုံးသို့သာ ဝင်ရောက် သွားရတော့၏။
ထိုမြင်ကွင်းကို ကြည့်ကာ ကွန်ဆွန်ရီ၏ အမူအရာက ပိုမို၍ အရုပ်ဆိုးလာသည်။ သူတို့ နှစ်ယောက်အကြား တစ်ခုခု ရှိမည်မှာ သေချာသည်။ လျိုဖန်းက ယူချီအား မရီးဟုပင် ခေါ်ဆိုသည်။ ရွှီယီနှင့် ယူချီတို့အကြား တစ်ခုခု ဖြစ်ခဲ့သည်များလား…။ သည်ကိစ္စအတွက် မြေရိုင်းပြည်နယ် တစ်ခုလုံး၏ ချပ်ဝတ်လက်နက် ပြုလုပ်သူများကို ကိုယ်စားပြုသော ယူစီက မည်သို့ တာဝန်ယူ ဖြေရှင်းမည်ကို သူကြည့်ပေမည်။
အာခီမီမြို့တွင် ရီဖူရှင်းတို့ အားလုံးက ရွှီယီနှင့် လျိုဖန်းတို့ကို ဝိုင်းကြည့် နေကြသည်။ ကျူးကော့မင်းယွီက ရွှီယီ၏ ဒဏ်ရာများကို စစ်ဆေးသည်။
“စီနီယာ အစ်မ… သူ ဘယ်လိုနေလဲ…” ရီဖူရှင်း မေးသည်။
“အရမ်း အားနည်းတယ်…” ကျူးကော့မင်းယွီက ပြောသည်… “သူက စိတ်စွမ်းအားတွေ အကုန်လုံးကို ခန်းခြောက်အောင် သုံးပစ်လိုက်ပြီးတော့ သက်စောင့်ဝိညာဉ်ကို လက်နက်အဖြစ် သွန်းလုပ်ခဲ့တာ ဖြစ်လို့ သူ့အသက်ဓာတ်က ကြီးကြီးမားမား ထိခိုက်ခဲ့တယ်… သူနိုးလာမှ အခြေအနေကို သိရမယ်… ဒီအရူးကတော့…”
“သူက တကယ်ပဲ အရူးပဲ…” လျိုဖန်းက ပြောသည်။
“နင်နဲ့ငါ နောက်မှ တွေ့မယ်…” ကျူးကော့မင်းယွီက လျိုဖန်းကို အေးစက်စွာ ကြည့်လျှင် လျိုဖန်းကား မသက်မသာ ပြုံးသည်။
“ကျွန်မ ကြည့်ပါရစေ…” ညင်သာသော အသံလေးကို ကြားကြရသည်။ ရီဖူရှင်းကလည်း ဖီးနစ်ကို ကြည့်ကာ ပြောသည်…”ဖီးနစ်က ထာဝရ အဘိုးအိုရဲ့ တပည့်ပဲ… အစ်မ…”
“ကောင်းပြီ…” ကျူးကော့မင်းယွီက ဖီးနစ်အား ရွှီယီ၏ ဒဏ်ရာများကို စမ်းသပ် စစ်ဆေးစေသည်။
ဖီးနစ်က ရွှီယီ၏ ဘေးနားကို လျှောက်လာကာ သူမ၏ စိတ်စွမ်းအားကို ထုတ်လိုက်သည်။ အစိမ်းရောင် အငွေ့အသက်များ ရွှီယီ၏ ခန္ဓာကိုယ်ကို စတင် ယှက်သန်းလာသည်။ အစိမ်းရောင် အလင်းများ ရွှီယီ၏ခန္ဓာကိုယ်ထဲကို တဖြည်းဖြည်း စိမ့်ဝင်သွားကြ၏။
“သူ့ရဲ့ အသက်ဓာတ်က ပြင်းပြင်းထန်ထန် ဖြစ်ပြီးတော့ အတွင်းကလီစာတွေ အကုန် ပျက်စီးသွားတယ်… သူ နိုးလာတဲ့အခါ မသန်စွမ်း ဖြစ်သွားလိမ့်မယ်…” ဖီးနစ်က တီးတိုး ရေရွတ်သည်။
ရီဖူရှင်း၏မျက်နှာက ပြာနှမ်းသွားသည်… “သူ့ကို ကယ်ဖို့ နည်းလမ်းရှိလား…”
“ဟုတ်ကဲ့…” ဖီးနစ်က ခေါင်းညိတ်သည်။ သူမက လက်ဆန့်တန်း လိုက်သည်တွင် သူမ၏လက်စွပ်မှ ရောင်စဉ်များ လင်းလက်နေသော ဆေးလုံးတစ်လုံး ထွက်လာသည်… “ဒါက ဆရာပေးခဲ့တဲ့ ဖီးနစ်ဆေးလုံးပဲ…”
“သေရာကနေတောင် ပြန်ရှင်စေတဲ့ ဖီးနစ်ဆေးလား…” ကျူးကော့ခမ်ယန်၏ မျက်လုံးများက လင်းလက် သွားသည်။ သည်ဆေးကား အလွန်အမင်း တန်ဖိုး ကြီးမားလှသည်။ သည်ဆေးက အရည်အသွေးမြင့် ရှီလက်နက်တစ်ခုနှင့် တိုက်ရိုက် လဲလှယ်နိုင်စွမ်း ရှိ၏။ တစ်ဖက်တွင် ရှီလက်နက်များထက် ဖီးနစ်ဆေးလုံးကို ပိုင်ဆိုင်ရန် အလွန့်အလွန် ခက်ခဲပေသည်။
သည်မိန်းကလေးက ရွှီယီကို အမှန်ပေးမည်လော…။
ဖီးနစ်ဆေးလုံးက မည်မျှ တန်ဖိုးကြီးသည်ကို ရီဖူရှင်းက သိသည်။ ဖီးနစ်က ထိုဆေးလုံးကို အာခီမီ လောင်းကစားရုံတွင် လောင်းကြေးအဖြစ် အသုံးပပြုခဲ့ရာ သူမအား ထိတ်လန့်စေခဲ့သည်။
“ဒါပေမဲ့ ဆေးက လူပြောနေသလို သေရာကလူကို ပြန်မရှင်စေနိုင်ပါဘူး…. သူက နိုဘယ်အဆင့်ပဲ ရှိသေးတယ်… ဒါကြောင့် ဒီနေ့ သူထိခိုက်တာတွေကို ပြန်လည် ကုစားနိုင်လိမ့်မယ်…” ဖီးနစ်က ပြောသည်။ ထို့နောက် သူမက ဖီးနစ်ဆေးလုံးကို ရွှီယီ၏ ပါးစပ်ထဲကို ထည့်လိုက်သည်။ ဆေးလုံးက အရည်ပျော်သွားကာ ရွှီယီ၏ ခန္ဓာကိုယ်ထဲကို စီးဝင်သွားသည်။ ချက်ချင်းပင် ရွှီယီ၏ တစ်ကိုယ်လုံးက အစိမ်းရောင် အလင်းများ လင်းလက်လာကာ ခန္ဓာကိုယ်က အရောင်အဆင်းများ စတင်စိုပြည်လာ၏။ လျိုဖန်းက ထိတ်လန့်သွားသည်… “မိန်းကလေး… ဒီလိုဆေး ထပ်ရှိသေးလား… ကျုပ်လည်း ဒဏ်ရာပြင်းတယ်…”
“ပါးစပ်ပိတ်ထား…” ကျူးကော့မင်းယွီက လျိုဖန်းကို ကြည့်သည်။
“စီနီယာအစ်မ… ကျွန်တော်က ရယ်စရာ ပြောနေတာပါ…” လျိုဖန်းက မျက်နှာငယ်ငယ်ဖြင့် ပြောသည်။
“ရှင့်ရဲ့ ဒဏ်ရာက ဖီးနစ်ဆေးလုံး မလိုပါဘူး… ရှင်က စိတ်စွမ်းအားတွေကိုပဲ အားကုန် သုံးခဲ့မိတာပါ… ဒီဆေးလုံးက အဆင်ပြေပါလိမ့်မယ်…” ဖီးနစ်က နောက်ထပ် ဆေးတစ်လုံး ထုတ်ကာ လျိုဖန်းကို ပေးသည်။ လျိုဖန်းက ပြုံးလျက် လက်ခံကာ ပြောသည်… “ကျေးဇူးတင်ပါတယ်… နောက်ပိုင်း မိန်းကလေးက တစ်ခုခု လိုအပ်တဲ့အခါ ဂျူနီယာ ညီလေးကိုသာ ပြောလိုက်ပါ…”
ရီဖူရှင်းက သူ့အား ဆွံ့အစွာ ကြည့်သည်။ သို့သော်လည်း သူက ဖီးနစ်ကို ကြည့်ကာ ကျေးဇူးတင်စကား ပြောသည်… “ကျေးဇူးတင်ပါတယ်…”
“ငါတို့က လောင်းကစားရုံမှာ သိဒ္ဓိဝင်လက်နက်တွေ အများကြီး ရခဲ့တာပဲ…ဒါက ဆုံးရှုံးတာ မဟုတ်ပါဘူး…” ဖီးနစ်က ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။ အမှန်တကယ်အားဖြင့် သူနှင့် ဖီးနစ်တို့က သိပ်ရင်းနှီးကြသည် မဟုတ်ပေ။ ဖီးနစ်က ထောင်ကျန်း နန်းဆောင်တွင် ဂျီယူနှင့်အတူ လေ့ကျင့်သည်။ သူမက ရီဖူရှင်းထံတွင် တန်ခိုးကျင့်စဉ်များနှင့် ပတ်သက်၍ မေးခွန်း အနည်းငယ်ကိုသာ မေးခဲ့ဖူးပြီး အာခီမီမြို့ကို လာသော ခရီး၌သာ ရီဖူရှင်းတို့က အချင်းချင်း သိကျွမ်းခဲ့ခြင်း ဖြစ်သည်။
အတန်ကြာလျှင် ရွှီယီက မျက်လုံးဖွင့်သည်။ များစွာသော မျက်နှာများ သူ၏မြင်ကွင်းထဲကို ဝင်လာ၏။
“ရလဒ်…” သူက သတိရသည်နှင့် ထိုမေးခွန်းကိုသာ မေးသည်။ သူကား အာခီမီပြိုင်ပွဲ၏ ရလဒ်ကိုသာ စိတ်ဝင်စားသည်။
ကျူးကော့မင်းယွီက သူ့အား ဒေါသတကြီး ကြည့်သည်။ သည်အကောင်ကား သူ၏အသက်ထက် ပြိုင်ပွဲရလဒ်ကို စိတ်ဝင်စားနေသည်။
“ဒုတိယ…” လျိုဖန်းက ပြောသည်။
“ဘယ်သူ ပထမလဲ…” ရွှီယီက မေးသည်။ ပထမက ယူတုဖြစ်ရန် သူ မျှော်လင့်နေသည်။
“ကွန်ဆွန်ရီ…”
“ဒါဆို ငါတို့ ရှုံးသွားတာပဲ မဟုတ်လား…” ရွှီယီ၏မျက်နှာက နက်မှောင် သွားသည်။
***