Switch Mode

အပိုင်း(၆၂၈)

အကဲဖြတ်ခြင်း

ယူချီ၏သွယ်လျသော ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ သူမ၏ အေးစက်သော အကြည့်ကာ စတင် အရည် ပျော်လာတော့သည်။ သူမ၏မျက်လုံများက စတင်၍ နီရဲလာ၏။

“တော်လောက်ပြီ…” ယူချီက လက်ကို တင်းတင်းဆုပ်၍ ပြောသည်။

“မင်း ဂရုစိုက်သေးတာပဲ…” ရွှီယီက သူမကို ပြုံးလျက် ပြောသည်။

“အရူး…” ယူချီက အေးစက်စွာ ပြောသည်။

“လူလိမ်မလေး…” ရွှီယီကား ပြုံးနေဆဲဖြစ်သည်။ ထို့နောက်တွင် ရွှီယီ၏ မျက်လုံးများမှ မျက်ရည်များ အတားအဆီးမရှိ ကျဆင်းလာတော့သည်။ ချောမွေ့သော သူမ၏ပါးပြင်ပေါ်ကို မျက်ရည် စမ်းချောင်းလေးက တသွင်သွင် စီးဆင်းသည့်အလား တလိမ့်လိမ့် ကျဆင်းလာသည်။ ယူချီ၏ မျက်ရည်များက လူအများအပြားကို စိတ်လှုပ်ရှား စေသည်။

ယခုကား သူတို့နှစ်ယောက်အကြား တစ်ခုခု ဖြစ်ပျက်နေသည်မှာ သေချာသလောက် ရှိနေပြီဖြစ်သည်။ ယူချီက မတော်တဆ တွေ့ဆုံသော လူတစ်ယောက် အပေါ်တွင် ဤကဲ့သို့ တုံ့ပြန်မည် မဟုတ်သည်မှာ သေချာ၏။ သူတို့နှစ်ယောက်၏ စကားများအရ သူတို့က အချင်းချင်း သိကြသည်မှာလည်း သေချာပေသည်။ “အရူး… ” နှင့် “လူလိမ်မလေး…” ဟူသော စကားများက အလွန်ရင်းနှီးသော လူအချင်းချင်းက ကြိမ်းမောင်း မာန်မဲနေခြင်းသာ ဖြစ်ကာ ထိုအထဲတွင် မမြင်ရသော ချစ်ခင်ကြင်နာသော အငွေ့အသက်များ ယှက်သန်းနေ၏။ အာခီမီပြိုင်ပွဲ ပထမရသူက ယူချီအား လက်ထပ်ပိုင်ခွင့်ရမည် ဖြစ်သော်လည်း ပြိုင်ပွဲမတိုင်မီတွင်ပင် ယူချီကား တခြား တစ်ယောက်နှင့် ချစ်ခင်ရင်းနှီးနေပြီး ဖြစ်သည်။

အကယ်၍ ပထမရသူက ရွှီယီမဟုတ်ခဲ့ဘဲ နောက်တစ်ယောက် ဆိုပါက မည်သို့ စခန်း သွားမည်နည်း။ ထို့ကြောင့်လည်း လက်နက်သွန်းလုပ်ခြင်း အမှုကိစ္စ မပြီးမြောက်သေးသော ကွန်ဆွန်ရီ၊ ချီလျန်နှင့် တခြားလူများက အရုပ်ဆိုး အကျည်းတန်သော မျက်နှာ အမူအရာများဖြင့် ရွှီယီကို ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့သာမဟုတ်၊ မြို့တော်ဝန်ကလည်း မျက်မှောင်ကြုတ် သွားသည်။ သည်ကိစ္စက မြို့တော်ဝန် အိမ်တော်၏ ဂုဏ်သိက္ခာကို ကြီးစွာ ထိခိုက်စေကာ ခက်ခဲသော အခြေအနေတစ်ခုသို့ ရောက်သွားစေသည်။

သို့သော်လည်း အာခီမီညီလာခံကား ဆယ်စုနှစ်တိုင်းတွင် ယူမိသားစုက တာဝန်ယူ ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သည်ပြိုင်ပွဲ၏ အဆင့်အတန်း ဂုဏ်သိက္ခာကို မြင့်မားအောင် ဆုလာဘ်များက ဆွဲဆောင်မှုရှိအောင် ပြိုင်ပွဲကို လူသိများအောင် သူတို့က အကောင်းဆုံး စီမံကြရသည်။ ထို့ကြောင့်လည်း ယူစီက ပြိုင်ပွဲပထမရှင်အတွက် အကောင်းဆုံးသော မိန်းမပျိုကို ကမ်းလှမ်းရန် လိုသည်။ သူ၏သမီးရင်းကို ပေးနိုင်ခြင်း မပေးနိုင်ခြင်းက ပြဿနာ မဟုတ်ပေ။ သည်ကိစ္စက မြို့တော်ဝန် အိမ်တော်၏ အနာဂတ်နှင့် သက်ဆိုင်ပေသည်။ အာခီမီပြိုင်ပွဲကို အနိုင်ရသူက အလွန်မြင့်မားသော ချပ်ဝတ်လက်နက် ပြုလုပ်ခြင်း စွမ်းရည်ကို ပိုင်ဆိုင်ကာ နောင်အနာဂတ်၌ မြေရိုင်းဒေသ၏ အကောင်းဆုံး ချပ်ဝတ်လက်နက်ပညာရှင် ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့်လည်း သူက ပြိုင်ပွဲအနိုင်ရသူကို ယူမိသားစုထဲကို သွတ်သွင်းရန် သူ၏သမီးကို ဆုလာဘ်အဖြစ် ထားရှိခြင်းဖြင့် ယူမိသားစု၏ အနာဂတ်ကို စီမံရသည်။ သို့သော်လည်း ယူချီကား ပြင်းထန်သော စိတ်နေသဘောထား ရှိသည်။ သူက သည်လက်ထပ်ခြင်း အစီအမံကို မူလကတည်းက ဆန့်ကျင်ခဲ့သလို ယခုလည်း ကြီးမားသော ပြဿနာကို ဖန်တီးခဲ့ပြီ ဖြစ်သည်။

ထိုစဉ်မှာပင် အလွန်အမင်း အားကောင်းသော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ ထိုစွမ်းအင်က ကွန်ဆွန်ရီထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ သူ၏ဓမ္မက အင်း အစီအရင်ကို ပိုမိုမြန်ဆန်စွာ လှုပ်ရှား လည်ပတ်စေကာ သူ၏ရွှေပေလွှာကို ပိုမို လင်းလက်စေသည်။ ရွှီယီက သူ၏ သက်စောင့်ဝိညာဉ်ကို သိဒ္ဓိဝင်လက်နက်၌ ဌာပနာထည့်ခြင်း မထည့်ခြင်းက ပြဿနာ မဟုတ်ပေ။ အစပျိုးလေ့လာသူ တစ်ယောက်က သည်ကဲ့သို့ အဆင့်အတန်းမြင့် ပြိုင်ပွဲတွင် ပထမနေရာကို ရည်မှန်းနေခြင်းက ရူးသွပ်ခြင်းသာ ဖြစ်သည်။ ရွှီယီက သူ၏အသက်ကို စတေး၍ ကြိုးစားသည့်တိုင် ထိုအားထုတ်မှုက အလဟဿ ဖြစ်ပေမည်။

သည်အခိုက်တွင် ကွန်ဆွန်ရီကား ဒေါသ ပေါက်ကွဲနေသည်။ အာခီမီပြိုင်ပွဲတွင် သူသာလျှင် ပထမရမည်ဟု ယုံကြည်ထားခဲ့သည်။ သူက မြို့တော်ဝန် အိမ်တော်ကို ဝင်ရောက်ကာ မြို့တော်ဝန်၏သမီးနှင့် လက်ထပ်တော့မည် ဖြစ်သည်။ သို့သော်လည်း လက်ရှိ ဖြစ်ပျက်နေသမျှက သူ့အတွက် အလွန်အမင်း အရှက်ရစရာဟု ခံစားနေရသည်။

သူ၏လက်နက်ကို ထပ်မံ မွမ်းမံနေသည်လား… အားလုံးက ကွန်ဆွန်ရီကို အံ့အားသင့်စွာ ကြည့်ကြသည်။ ကွန်ဆွန်ရီကား သူ၏လက်နက်ကို အပြီးသတ်လုနီးပါး ဖြစ်သော်လည်း ယခု ပြန်လည် မွမ်းမံနေသည်။ ကြည့်ရသည်မှာ ကွန်ဆွန်ရီက သူ၏သိဒ္ဓိဝင် လက်နက်ကို ပိုမိုအားကောင်းအောင် ကြံဆောင်နေဟန်ရ၏။

ကွန်ဆွန်ရီ မည်သို့ ခံစားနေရမည်ကို လူအများအပြားက တွေးမိကြသည်။ ကွန်ဆွန်ရီကား လူငယ်မျိုးဆက်ထဲတွင် ချပ်ဝတ်လက်နက် ပညာ၌ အကောင်းဆုံးဟု သမုတ်ခံရသူ ဖြစ်သည်။ သူက အာခီမီမြို့တွင် ထိကန်းနှင့်ပင် နှိုင်းယှဉ်ခံရသူလည်း ဖြစ်ကာ ယူချီ၏ အနာဂတ် ခင်ပွန်းလောင်းလည်း ဖြစ်သည်။ ယခု အခြေအနေကို သူက မည်သို့ သည်းခံနိုင်မည်နည်း။

ယူတုက ကွန်ဆွန်ရီကို လှမ်းကြည့်သည်။ ကွန်ဆွန်ရီ၏ လက်နက်က သည့်ထက် ပိုမို အားကောင်းလာမည် ဆိုပါက သူ့အတွက် အခွင့်အရေး မရှိတော့ပေ။

ယူစီမူကား ယူတုက ပထမရရန် မျှော်လင့်နေသည်။ ဤသို့ဆိုပါလျှင် ပထမရသူက ယူချီကို လက်ထပ်ရန် မလိုတော့ရာ သူက အခြေအနေကို ထိန်းရန် လွယ်ကူ သွားပေတော့မည်။ သို့သော်လည်း ယခု အခြေအနေက ယူတုအတွက် မျှော်လင့်ချက် သိပ်မရှိပေ။

အလင်းတစ်ချက် ဖြာထွက်သွားကာ ယူတု၏ လက်နက် သွန်းလုပ်ခြင်းအမှု ပြီးစီးသွားသည်။ သူ၏ကိုးနဂါးဖိုမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ကိုးနဂါးဖိုကြီးက သူ၏ရှေ့ကို ကျဆင်းလာသည်။

ချီလျန်ကလည်း သူ၏ဓားကို သွန်းလုပ်ခြင်းအမှု ပြီးသွားသည်။ တစ်ဖက်တွင် ရွှီယီနှင့် ကွန်ဆွန်ရီတို့က ဆက်လက် သွန်းလုပ်နေကြဆဲ ဖြစ်သည်။

ရွှီယီ၏ အသက်ရှူနှုန်းက ပိုမိုအားနည်းလာကာ သူ၏ စိတ်စွမ်းအားကလည်း ခန်းခြောက်လာပြီ ဖြစ်သည်။ ရွှေရောင်စာအုပ်က သူတို့ရှေ့တွင် လင်းလက် တောက်ပစွာဖြင့် ပေါလောမျောနေသည်။ သို့သော်လည်း ရွှီယီ၏မျက်နှာက အလွန်အမင်း ပြာနှမ်းနေကာ ပါးပြင်တွင်ပင် သွေးစသွေးနများ မြင်လာရသည်။ သူ၏ သက်စောင့်ဝိညာဉ်က ရတနာစာအုပ်တွင် လုံးဝ ပျော်ဝင်သွားပြီး ဖြစ်ကာ နောက်ဆုံးတွင် သူ၏ပါးစပ်မှ သွေးတစ်ပွက် အန်ကျပြီး မိမိကိုယ်ကို ဟန်ချက် မထိန်းနိုင် ဖြစ်လာသည်။

“မင်းအပေါ် မူတည်သွားပြီ…” နောက်ဆုံးတွင် ရွှီယီက စကားတစ်ခွန်းကို ခက်ခဲပင်ပန်းစွာ ပြောလျက်ပင် မြေပြင်သို့ ပြိုလဲကျ သွားတော့သည်။ ရွှီယီကား တစ်ခါတည်း သတိလစ် သွားခြင်းလည်း ဖြစ်သည်။ ကျူးကော့မင်းယွီက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ရွှီယီကို ကြည့်နေသည်။ တစ်ဖက်တွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကလည်း လက်ကို တင်းတင်း ဆုပ်ကိုင်ထားကြသည်။ ယူချီ၏ပါးပြင်တွင်ကား မျက်ရည်စီးကြောင်းများက တသွင်သွင် ကျဆင်းကာ ခန္ဓာကိုယ်ကလည်း ပြင်းထန်စွာ တုန်ယင်နေသည်။

“မင်းက တကယ်ပဲ ကံမကောင်းတဲ့အစ်ကိုပဲ… မင်းလို အစ်ကိုတစ်ယောက် ပိုင်ဆိုင်ရတာ ငါ့အတွက်လည်း ကံဆိုးမိုးမှောင်ကျမှု တစ်ခုပဲ…” လျိုဖန်းက ရေရွတ်သည်။ ထို့နောက်တွင် သူ၏ စိတ်စွမ်းအားကလည်း ပိုမိုပြင်းထန်စွာ လောင်ကျွမ်းလာကာ ရွှီယီပေးအပ်ခဲ့သော မပြီးဆုံးသေးသော တာဝန်အား အပြီးသတ်ရန် ကြိုးပမ်းသည်။

ရွှေရောင်စာအုပ်က လေထဲတွင် ကခုန်နေကာ နောက်ဆုံးတွင် အလင်းတန်းများ ဖြာထွက်လာပြီး ပြီးဆုံးခြင်းကို ရောက်၏။ လျိုဖန်းက ပြုံးလိုက်ကာ နောက်ဆုံး သူလည်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး ရွှီယီကို ကြည့်သည်။

“အစ်ကို…” လျိုဖန်းက ခက်ခဲပင်ပန်းစွာ အသက်ရှူရင်းက ရွှီယီကို ပြောသည်… “ကျုပ် အသက်ကိုလည်း အစ်ကိုဆီမှာ ပုံအပ်ထားပြီလို့ ပြောလို့ရတယ်… ခင်ဗျား လက်ထပ်တဲ့အခါ ကျုပ်အတွက်လည်း မရီလို ချောမောတဲ့ တစ်ယောက်လောက် မိတ်ဆက်ပေးနော်…”

လူအများအပြားက လျိုဖန်း၏စကားကို ကြားကာ ဆွံ့အကြရသည်။ သည်နှစ်ယောက်ကား အမှန်ပင် ရူးသွပ်ကြပေသည်။

ထိုစဉ်မှာပင် ပိုမိုအားကောင်းသော အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကွန်ဆွန်ရီက သူ၏လက်နက်ကို သွန်းလုပ်ပြီးစီး သွားခဲ့သည်။ အာခီမီဖိုအိုးကြီးများ အောက်တွင် ချပ်ဝတ်လက်နက်ပညာရှင် တစ်ရာခန့်က သူတို့၏လက်နက် သွန်းလုပ်ခြင်းများကို ပြီးစီးသွားကြပြီ ဖြစ်သည်။ ယခု အားလုံးက သူတို့၏ သိဒ္ဓိဝင် လက်နက် ကိုယ်စီကို ရှေ့တွင် ခင်းကျင်း ပြသထားကြသည်။ အားကောင်းက အရည်အသွေး အမြင့်ဆုံးတွင်ရှိသော နိုဘယ်အဆင့် လက်နက်များ ဖြစ်ကြသည်။

ယခုကား ထိုလူတစ်ရာ၏ လက်နက်များကို အကဲဖြတ်လျက် အာခီမီအဆင့် ဇယားကို သတ်မှတ်တော့မည် ဖြစ်သည်။ သို့သော်လည်း အားလုံး သိလိုသော မေးခွန်းကား မည်သူက အာခီမီပြိုင်ပွဲ၏ ပထမနေရာကို ရမည်နည်း။

ယူစီက ပစ္စည်းများ သွန်းလုပ်သည့် ရင်ပြင်ကို ကြည့်၍ ကြေညာ လိုက်သည်… “အချိန်ပြည့်ပြီ… ငါတို့ အဆင့်သတ်မှတ် ကြတော့မယ်…”

“နားလည်ပါပြီ..” ကြီးကြပ်သူက ပြန်လည် ပြောဆိုလိုက်သည်။ သူက အောက်တွင်ရှိသော လူအုပ်ကြီးအား ကြည့်၍ ကြေညာလိုက်၏… “ချပ်ဝတ်လက်နက် တစ်ခုချင်းစီရဲ့ စွမ်းရည်ကို ငါတို့ စမ်းသပ်စစ်ဆေးပြီး လူအများရှေ့မှာ ပြသမယ် .. ပြီးရင် အာခီမီအဆင့် ဝင်ရောက်သူတွေကို ဆုံးဖြတ်မယ်… နောက်ဆုံးအနေနဲ့ အာခီမီအဆင့် သတ်မှတ်ချက်ကို လူအများသံသယ မဝင်စေဖို့ မြို့တော်ဝန်နဲ့ အာခီမီမြို့ရဲ့ကလန် ခေါင်းဆောင်တွေက အာခီမီ အဆင့်ကို သတ်မှတ်မယ်…” ထိုသို့ ပြောပြီးနောက် ပစ္စည်းများ သွန်းလုပ်သည့် နေရာသို့ အကြီးအကဲ သုံးယောက်က လျှောက်လှမ်း လာကြသည်။ အကြီးအကဲများက ဦးဆုံးပြီးသည့်လူထံကို သွားရောက်၍ နာမည်မေးကာ ချပ်ဝတ်လက်နက်အား စမ်းသပ်ရန် ယူဆောင်လိုက်၏။

လက်နက်တွင် သဘာဝစွမ်းအင်များ စီးဆင်းနေသည်။ ထိုအရာကား နီရဲနေသော  ပေတံတစ်ချောင်း ဖြစ်သည်။ အကြီးအကဲ၏ စိတ်စွမ်းအင်က ပေတံထံသို့ စီးဝင်သွားသောအခါ ပေတံက ကြောက်မက်ဖွယ် ကြီးထွား လာတော့သည်။ လက်နက်က မီးဓာတ်စွမ်းအင်ကို ထုတ်လွှတ်သည်တွင် ပတ်ဝန်းကျင် အပူချိန်ကလည်း ချက်ချင်း ဆိုသလို မခန့်မှန်း နိုင်လောက်အောင် မြင့်တက် လာတော့၏။

“လက်နက်က ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအင်ရှိတယ်… တိုက်ခိုက်ရေး စွမ်းအင်မှာ အားကောင်းပေမဲ့ ပစ်မှတ် တစ်ခုတည်းကိုပဲ တိုက်ခိုက်နိုင်တယ်… လက်နက်မှာ အလယ် အလတ်တန်းစား သိုင်းပညာ စွမ်းအားပဲ ရှိပြီးတော့ ခုခံရေး စွမ်းအင်မှာရော… စိတ်ဝိဉာဏ် တိုက်ခိုက်မှု အတွက်ရော အသုံးမပြုနိုင်ဘူး…” အကြီးအကဲက ကောက်ချက် ချသည်။ အခြား အကြီးအကဲ နှစ်ယောက်ကလည်း လက်နက်ကို စစ်ဆေးကြကာ ပထမ အကြီးအကဲ၏ အကဲဖြတ်မှုကို လက်ခံကြသည်။

ထို့နောက်တွင် နောက်ထပ် ချပ်ဝတ်လက်နက် တစ်ခုအား စစ်ဆေးကြပြန်သည်။ ထိုအရာကား တိုက်ခိုက်ခြင်း၊ ခုခံခြင်းနှင့် စိတ်ဝိဉာဏ်သုံး တိုက်ခိုက်မှုတို့တွင် အလယ်အလတ် စွမ်းဆောင်ရည်သာ ရှိသော ရှေးဟောင်း နာရီတစ်လုံး ဖြစ်၏။ အလွန် လှပသေသပ်စွာ သွန်းလုပ်ထားသော ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

“တော်လိုက်တာ…” လူအများက ချီးကျူးကြသည်။ သည်ပစ္စည်းတွင် ညီမျှသည့် စွမ်းဆောင်ရည်များ ရှိခြင်းက သွန်းလုပ်သူ၏ အရည်အချင်းကို ဖော်ပြနေသည်။ အလယ်အလတ် တန်းစား ပစ္စည်းပင် ဖြစ်လင့်ကစား သည်နာရီက အလွန် ကောင်းမွန်သည့် လက်ရာတစ်ခု ဖြစ်သည်ကိုကား သံသယဖြစ်ရန် မရှိပေ။

မြို့တော်ဝန်ရုံးက ချပ်ဝတ် လက်နက်များကို အကဲဖြတ် စစ်ဆေးရာတွင် အလွန်ပင် တင်းကျပ်လှသည်။ သိဒ္ဓိဝင်ပစ္စည်းများ အားလုံးသည် ထိပ်တန်း နိုဘယ်အဆင့် ဖြစ်သော်လည်း အဆင့်နိမ့်၊ အလယ်အလတ် အဆင့်၊ အဆင့်မြင့်နှင့် အဆင့်လွန်ဟူ၍ လေးဆင့် ထပ်မံခွဲထားသည်။ ထိုသို့ ခွဲမထားပါက သိဒ္ဓိဝင်ပစ္စည်းများ၏ အတန်းအစား ကွာခြားမှုကို ဆုံးဖြတ်ရာ၌ ခက်ခဲ သွားပေလိမ့်မည်။ ထို့အပြင် ဤနေရာရှိ ပြိုင်ပွဲဝင် လူရာဂဏန်းက ထိပ်တန်း နိုဘယ်အဆင့် သိဒ္ဓိဝင် လက်နက်များကိုသာ သွန်းလုပ် ခိုင်းထားခြင်း ဖြစ်သည်။

သိဒ္ဓိဝင် လက်နက်များအား အကြီးအကဲများက တစ်ခုပြီး တစ်ခု စစ်ဆေးနေစဉ် မရေတွက်နိုင်သည့် အကြည့် များစွာကလည်း ထိုလက်နက်များ အပေါ်တွင် ရောက်နေကြသည်။ သိဒ္ဓိဝင် လက်နက် တစ်ခုစီ၏ စွမ်းရည်အား အကြီးအကဲများက အကဲဖြတ်နေစဉ် ထိပ်တန်း အဆင့်မြင့် လက်နက်တစ်ခုကို ထပ်မံတွေ့ရှိကြသည်။ လုဝေ သွန်းလုပ်ခဲ့သော သိဒ္ဓိဝင် လက်နက်တွင် အဆင့်မြင့် တိုက်ခိုက်ရေး သိုင်းပညာစွမ်းရည်၊ အဆင့်မြင့် တိုက်ခိုက်ရေး မှော်ပညာ စွမ်းရည်နှင့် အလယ်အလတ် အဆင့် ခုခံကာကွယ်မှု စွမ်းရည်များ ပါဝင်နေသည်။ သည်လက်နက်ကား အရည်အသွေးမြင့် သိဒ္ဓိဝင် လက်နက် တစ်ခုပင် ဖြစ်သည်။

ထို့နောက် အကြီးအကဲက လျိုဖန်းနှင့် ရွှီယီတို့ရှေ့ကို ရောက်လာကြသည်။ ရွှီယီကား သတိမေ့နေကာ လျိုဖန်းကား မြေပြင်ပေါ်တွင် ထိုင်လျက်ပင် ရှိနေ၏။ သူက အသက် အန္တရာယ် မရှိတော့ရာ အကဲဖြတ်သည့် နောက်ဆုံးရလဒ်ကို သိရှိရန် လျိုဖန်းက ကွင်းထဲတွင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ လုပ်ထားတာက ပညာရပ်များစွာ ပါဝင်တဲ့ သက်စောင့်ဝိညာဉ် စာအုပ်ကို သိဒ္ဓိဝင် ရတနာစာအုပ်ထဲ ဌာပနာပြီး သွန်းလုပ်ထားတယ်… စစ်ဆေးကြည့်ပါ…” လျိုဖန်းက ယဉ်ကျေးစွာ ရှင်းပြသည်။ အကြီးအကဲက ခေါင်းညိတ် အသိအမှတ်ပြုကာ စာအုပ်အတွင်းသို့ သူတို့၏ စိတ်စွမ်းအားကို ထည့်သွင်း စစ်ဆေးကြသည်။ ချက်ချင်း ဆိုသလိုပင် ရတနာစာအုပ်မှ စာရွက်များက လင်းလက် တောက်ပ လာကြတော့၏။ ချက်ချင်းပင် အကြီးအကဲများက သူတို့၏အကဲဖြတ် စစ်ဆေးချက် ရလဒ်အား ကြေညာ လိုက်ကြသည်။

“ဒီသိဒ္ဓိဝင်ပစ္စည်းမှာ တိုက်ခိုက်ရေး နည်းလမ်း အများအပြား ပါပြီးတော့ ထိပ်တန်းအဆင့် တိုက်ခိုက်ရေး သိုင်းပညာစွမ်းရည်၊ ထိပ်တန်းအဆင့် မှော်ပညာစွမ်းရည်၊ ထိပ်တန်းအဆင့် ခုခံမှုစွမ်းရည်နဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် တိုက်ခိုက်ရေး စွမ်းရည်တွေ ပါဝင်တယ်…”

အကြီးအကဲ၏ စကားကြောင့် လူအုပ်အကြား တီးတိုးဝေဖန်မှုများ မြင့်တက်လာသည်။ ဤသိဒ္ဓိဝင် လက်နက်ပစ္စည်းကား ဘက်ပေါင်းစုံ၌ ထိပ်တန်းအဆင့် ရှိကြ၏။ ထိုနှစ်ယောက်ကား ချပ်ဝတ်လက်နက် သွန်းလုပ်ခြင်းကို ယခုမှ စတင် လေ့လာကြသော်လည်း ဘက်ပေါင်းစုံ၌ ညီမျှသည့် စွမ်းရည်ရှိသော အဆင့်မြင့် သိဒ္ဓိဝင်လက်နက်ကို ဖန်တီးနိုင်ခဲ့ကြ၏။ သူတို့သာ နောက်ထပ် နှစ်အနည်းငယ် လေ့ကျင့်ခဲ့မည် ဆိုပါက ယခုထက်ပို၍ စွမ်းဆောင်နိုင်မည်မှာ သေချာပေ၏။

ရီဖူရှင်းက လက်သီးအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့အစ်ကို၏ သိဒ္ဓိဝင်လက်နက်က ဘက်ပေါင်းစုံတွင် အဆင့်မြင့် စွမ်းရည်ရှိသည်။ သူ့အသက်ကိုပင် စတေးကာ သွန်းလုပ်ခဲ့သည့် သည်လက်နက်က အာခီမီညီလာခံတွင် ပထမရရှိရန် သူမျှော်လင့်မိ၏။ ယူချီက ရွှီယီ၏ ဖြစ်စဉ် အစအဆုံးကို ကြည့်ရှုနေသည်။ သူမ၏ မျက်လုံးထောင့်တွင် မျက်ရည်များ ရစ်ဝဲနေသည့်တိုင် သူမ၏ အမူအရာနှင့် အကြည့်က ထူးမခြားနားပင်။

သူမမျက်နှာပေါ်က မျက်ရည်စများကိုသာ လူအများက မမြင်တွေ့ပါက သူမ၏ ခံစားချက်ကို မည်သူမှ ပြောနိုင်မည် မဟုတ်ပေ။ ရွှီယီနှင် လျိုဖန်းတို့၏ ပစ္စည်းအား စစ်ဆေးပြီးနောက် အာခီမီမြို့မှ ပါရမီရှင်များစွာ၏ ထိပ်တန်း အဆင့်မြင့် သိဒ္ဓိဝင် ပစ္စည်းများကို ဆက်လက် အကဲဖြတ် စစ်ဆေးသည်။

သို့သော်လည်း သူတို့နှစ်ယောက် သွန်းလုပ်ခဲ့သည့် သိဒ္ဓိဝင် ပစ္စည်း အရည်အသွေးအား ကျော်ဖြတ်နိုင်ခြင်း မရှိပေ။ ပရိသတ် အားလုံးကလည်း စိတ်လှုပ်ရှားသဖြင့် အသက်ကိုပင် ရဲရဲမရှူရဲကြတော့။ ရီဖူရှင်းပင်လျှင် ထူးဆန်းအံ့ဖွယ်ရာ တစ်ခု ဖြစ်လာရန်ကိုသာ စိုးရိမ်ခြင်းကြီးစွာဖြင့် မျှော်လင့် စောင့်ဆိုင်း နေရတော့၏။

“အခု ချီလျန်ရဲ့ အလှည့်ပဲ…” တစ်ယောက်က ပြောလိုက်သည်။ ကြီးကြပ်သူများက ရလဒ်ကို မကြေညာမီ လူတိုင်း၏ အကြည့်များက ချီလျန်၏ ရှေ့တွင်ရှိသော တိုက်ပွဲဝင်ဓားထံသို့ ရောက်နေကြသည်။

“အဆင့်လွန် သိုင်းပညာ တိုက်ခိုက်ရေး စွမ်းရည်နဲ့ အဆင့်မြင့် ခုခံကာကွယ်ခြင်း စွမ်းရည်…”

ထက်မြက်သည့် ပြိုင်ပွဲဝင် တစ်ယောက်ဟူ၍ လူအများက တွေးမိကြသည်။ အဆင့်လွန် တိုက်ခိုက်ရေး စွမ်းရည်ရှိသည့်  တိုက်ပွဲဝင် ဓားတစ်လက်အား သွန်းလုပ်ခဲ့သည့် ချီလျန်၏ စွမ်းဆောင်ရည်ကို သံသယရှိရန် မလို။ ချီလျှန်၏ လက်နက်က ရွှီယီ၏ လက်နက်အား အနိုင်ယူစွမ်း ရှိမည် မရှိမည်ကိုသာ သူတို့ မသိကြပေ။

“လုဝေရဲ့ အလှည့်…” အားလုံးက အသက် အောင့်လိုက်ကြသည်။ သူ၏ သိဒ္ဓိဝင် လက်နက်မှာ စစ်တုရင်တစ်စုံဖြစ်ပြီး အကဲဖြတ်ရလဒ်ကား အဆင့်မြင့် တိုက်ခိုက်ရေး သိုင်းပညာ စွမ်းရည်၊ အဆင့်မြင့် တိုက်ခိုက်ရေး မှော်ပညာစွမ်းရည်၊ အဆင့်မြင့် ခုခံကာကွယ်မှု စွမ်းရည်နှင့်အတူ အဆင့် သတ်မှတ် မရနိုင်သည့် တိုက်ခိုက်မှု ထိန်းချုပ်ခြင်း စွမ်းရည်တို့ ဖြစ်ကြသည်။

ထို့နောက်တွင် အကြီးအကဲများက မူအုထံ သွားရောက်ကာ သူဖန်တီးထားသည့် မှော်ဖန်လုံးကို စမ်းသပ်ကြပြန်သည်။ ရလဒ်ကား အဆင့်မြင့် တိုက်ခိုက်ရေး မှော်ပညာစွမ်းရည်၊ အဆင့်မြင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်စွမ်းရည်နှင့် အဆင့်သတ်မှတ် မရနိုင်သည့် ခုခံကာကွယ်ရေး စိတ်ဝိညာဉ် စွမ်းရည်တို့ ပါဝင်သည်ကို တွေ့ရှိရ၏။

အားလုံး တွေးထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။ မူအုကား ပညာရပ်တွင် ကျွမ်းကျင်သည့် လူတစ်ယောက် ဖြစ်သော်လည်း သူ၏တန်ခိုးအဆင့် နိမ့်ကျခြင်းက သူ၏စွမ်းဆောင်ရည်ကို နိမ့်ကျစေပြီး ထိပ်သီး ပါရမီရှင်များကဲ့သို့ သွန်းလုပ်နိုင်စွမ်း မရှိခဲ့…။

နောက်တစ်ခုကား ယူတု၏ ကိုးနဂါးဖိုအိုး အလှည့်ဖြစ်ကာ အဆင့်လွန် တိုက်ခိုက်ရေး သိုင်းပညာစွမ်းရည်၊ အဆင့်မြင့် ခုခံကာကွယ်ရေး စွမ်းရည်နှင့် အဆင့်မြင့် စိတ်ဝိညာဉ် တိုက်ခိုက်ရေး စွမ်းရည် ရှိသည်ဟု သတ်မှတ်ခံရသည်။ ထိုလက်နက်က ချီလျှန်၏ တိုက်ပွဲဝင် ဓားထက်ပင် ပိုမိုကောင်းမွန်နေပြီး အဆင့်သတ်မှတ် မရနိုင်သော စိတ်ဝိညာဉ် တိုက်ခိုက်မှုများပင် ပြုလုပ်နိုင်သေးသည်။

ရွှီယီနှင့် လျိုဖန်း သွန်းလုပ်ခဲ့သော ရတနာ စာအုပ်ကလည်း အမှန်တကယ်ပင် ထူးခြား ကောင်းမွန်ကာ ယူတုသွန်းလုပ်ခဲ့သည့် သိဒ္ဓိဝင်လက်နက်နှင့် နှိုင်းယှဉ်လျှင်ပင် နိမ့်ကျခြင်း မရှိချေ။

နောက်ဆုံး အလှည့်ကျလာသူကား ကွန်ဆွန်ရီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းကား အမှန်တကယ်ပင် စိုးရိမ်နေသည်။ သူ၏အစ်ကို သွန်းလုပ်သည့် လက်နက်က သိပ်မကောင်းသော်လည်း ယူတု၏လက်နက်က အလွန် ထူးခြား ကောင်းမွန်ပေသည်။ ထို့အပြင် ယူတုက ပထမ ရသွားလျှင်ပင် ပြဿနာ သိပ်မရှိသေးပေ။ အရာခပ်သိမ်းက နောက်ဆုံးလူ အပေါ်တွင် မူတည်နေသည်။

အကြီးအကဲများ သူ့ထံ လာနေသည်ကို ကွန်ဆွန်ရီက တိတ်တဆိတ် မတ်တတ် ရပ်စောင့်နေသည်။ သူ၏အမူအရာက မည်သည့် ထူးခြားမှုမှ မရှိပေ။ အကြီးအကဲများက ကွန်ဆွန်ရီ သွန်းလုပ်ထားသည့် ရွှေပေလွှာကို ကောက်ယူကာ စိတ်စွမ်းအားကို ပို့လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို ရွှေပေလွှာက ကောင်းကင်တစ်ခုလုံး ဖုံးအုပ်သွားမတတ် ကြီးမား ကျယ်ပြန့်သွားသည်။ ရွှေပေလွှာပေါ်ရှိ အင်းအစီအရင်များကြောင့် ရုပ်ပုံများက သက်ဝင် လှုပ်ရှားလာကြသည်။ အင်းအစီအရင်များက ပတ်ဝန်းကျင်ရှိ ကမ္ဘာ့ဓာတ်စွမ်းအင် ခုနစ်မျိုးအား အရူးအမူး စုပ်ယူကြရာ အကြီးအကဲ သုံးယောက်က ထိုမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှား မိကြသည်။

“ဒီရွှေပေလွှာမှာ မင်းတို့ရဲ့ စိတ်ဆန္ဒအလျောက် ပေါင်းစပ်နိုင်တဲ့ အင်းအစီအရင်တွေ ရှိတယ်… ဒါက ကြောက်စရာ ကောင်းတဲ့ မှော်တိုက်ကွက်တွေ ဖန်တီးဖို့ သဘာဝ စွမ်းအားတွေကို စုယူနိုင်တယ်… ဒီအထဲမှာ ဖုံးကွယ်နေတဲ့ ရှီအသိတစ်ခုတောင် ပါနိုင်တယ်… ဒါက အဆင့်လွန် တိုက်ခိုက်ရေး မှော်စွမ်းအားနဲ့ အဆင့်မြင့် ခံစစ်စွမ်းရည်ကို ပိုင်ဆိုင်တယ်…” အကြီးအကဲက ပြောသည်။ အားလုံးက အကြီးအကဲ၏ အကဲဖြတ်မှုကို ကြားကာ ထိတ်လန့် သွားကြသည်။

အကြီးအကဲက ကြေညာလိုက်သည်နှင့် မရေမတွက်နိုင်သော အကြည့်များက ကွန်ဆွန်ရီထံသို့ ကျရောက် လာလေသည်။

ဤဆုံးဖြတ်ချက်ကား ပြိုင်ပွဲ၏ရလဒ်ကို ကြိုတင် သတ်မှတ် လိုက်သည်နှင့်ပင် တူ၏။ ကြည့်ရသည်မှာ ကွန်ဆွန်ရီ၏ သိဒ္ဓိဝင်လက်နက်က သူ့အား အာခီမီပြိုင်ပွဲတွင် အနိုင်ရစေကာ သူ့အား သေချာပေါက် အာခီမီအဆင့်၌ နံပါတ်တစ် ဖြစ်စေပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset