Switch Mode

အခန်း ( ၁၁ )

ဆရာ၊ ကျနော် ပါချင်လို့

ထိုအသားလုံးကြီးက အဆမတန် မြန်ဆန်လွန်းနေ၏။ ၎င်းမှာ အနီရောင်ဖြစ်နေသောကြောင့် နေရောင်အောက်တွင် ပို၍ အာရုံဖမ်းစားနိုင်စွမ်း ရှိနေတော့သည်။ ၎င်း၏ မြန်ဆန်လှသော လှုပ်ရှားမှုကြောင့် လေပြင်းများတိုက်ခတ်လာပြီး ၎င်းသည် သိုင်းပညာဌာနကျောင်းသားများကို တန်း၍ ကျော်တက်သွားကာ အဝေးသို့ဆက်၍ ထွက်သွားတော့သည်။

သိုင်းပညာဌာနမှ ဆရာဖြစ်သူ အံ့အားသင့်သွားရတော့သည်။ အော်ဟစ်ရန် ပြင်နေကြသည့် ကျောင်းသားများမှာလည်း ဆွံ့အသွားကြတော့သည်။ အားရပါးရဖြင့် လူပေါင်းစုံ သံပြိုင်အော်ဟစ်ကြွေးကြော်ရမည့် အသံကြီးမှာ ချက်ချင်းပင် ယောက်ယက်ခတ်သွားကြတော့သည်။

” အဲဒါ ဘာကြီးလဲ ”

” အသစ်ထွင်ထားတဲ့ မီးပုံးပျံ ဘောလုံးကြီးများလား ”

သိုင်းပညာဌာနမှ ကျောင်းသားများမှာ ရုတ်ရုတ်သဲသဲနှင့် ဆွေးနွေးငြင်းခုန်နေကြတော့သည်။ သူတို့၏ ဆရာတစ်ယောက်သာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် မသင်္ကာသည့် အမူအရာတစ်ခု ပေါ်လာ၏။ သို့သော် ကျောင်းသားတချို့က တိတ်တိတ်ကလေးလေး လစ်ထွက်သွားရန် ပြင်နေကြသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက သူတို့ထံ ချက်ချင်းရောက်သွားကြတော့သည်။

” မင်းတို့က ဘာကြည့်နေကြတာလဲ။ အပြေးလေ့ကျင့်ခန်းက ဘာဖြစ်သွားတာလည်းကွ ”
သူက ထိုသို့ အော်ဟစ်လိုက်သောအခါ ကျောင်းသားများမှာ ထိုအသားလုံးကြီးအား လှမ်းကြည့်နေသည်ကို ရပ်တန့်လိုက်ကြပြီး အတွေးထဲတွင် မေးခွန်းများကိုယ်စီဖြင့် ပြန်၍ ပြေးလွှားလိုက်ကြတော့သည်။ ထို့နောက် သူတို့သည် ဆက်၍ အားရပါးရ သံပြိုင်အော်ဟစ်နေကြသောကြောင့် ထိုမေးခွန်းများမှာ တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာမူ ပတ်ဝန်းကျင်အခြေနေကို လုံးလုံး သတိမထားမိပေ။ သူသည် တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး သူ၏အသိစိတ်ထဲတွင်လည်း ဝိတ်ကျအောင် လုပ်ရမည့် အတွေးများဖြင့်သာ ပြည့်နှက်နေ၏။ ဖက်တီးဘိုးဘေးကြီးများက သူ၏နောက်မှ လိုက်လာနေကြသည်ဖြစ်ပြီး အကယ်၍ သူသာ အရှိန်လျော့သွားမည်ဆိုပါက ထိုဘိုးဘေးကြီးများနှင့် ပြန်လည်ပေါင်းစည်းလိုက်ရတော့မည့်အလားပင်။

နောက်ထပ် လေးနာရီတိတိ ကုန်ဆုံးသွားပြီး နေမွန်းတည့်ချိန်သို့ ရောက်ရှိသွားသည်။ သိုင်းပညာဌာနမှ ကျောင်းသားများမှာ အဆင့်နိမ့်ကျွန်း၏ ကမ်းခြေပေါ်တွင် ခြေကုန်လက်ပန်း ကျနေကြပြီဖြစ်သည်။ သို့သော် သူတို့၏ဆရာက သူတို့အား ကြံခိုင်သန်မာလာစေရန် အပြင်းအထန် လေ့ကျင့်ပေးနေသောကြောင့် ဆက်၍ပြေးသွားနေကြပြီး သူတို့၏ ဆောင်ပုဒ်များကို အဆက်မပြတ် အော်ဟစ်နေကြသည်။

” သိုင်းပညာဌာနက ပြိုင်ဘက်ကင်းတယ် ”

” သိုင်းပညာဌာန … ”
သို့သော် သူတို့၏ သံပြိင်ဟစ်ကြွေးမှု မပြီးဆုံးခင်မှာပင် သူတို့၏နောက်မှ တအုန်းအုန်းမြည်နေသော ခြေသံများကို ထပ်၍ကြားလိုက်ရပြန်သည်။ ထိုခြေကုန်လက်ပန်းကျနေကြသည့် ကျောင်းသားများမှာ အနီ‌ရောင် ဧရာမအသားလုံးကြီးတစ်လုံးက ဇက်ကျိုးလောက်အောင်မြန်သော အမြန်နှုန်းဖြင့် တလိမ့်လိမ့်ရွေ့လျားလာပြီး သူတို့၏ဘေးမှနေ၍ ဖြတ်သွားသည်ကို မြင်လိုက်ရတော့သည်။ ယခုအကြိမ်တွင်မူ ထိုအသားလုံးကြီးက ပို၍ပင် မြန်ဆန်နေသည့်ပုံ ပေါက်နေပြီး ၎င်း၏နောက်မှ ထွက်ပေါ်လာကြသည့် သဲမှုန်များက သူတို့အား ဖုံးလွှမ်းသွားကြတော့သည်။

” အဲဒါ စောစောက မီးပုံးပျံဘောလုံးကြီးပဲဟ။ နည်းနည်းတော့ အရွယ်အစား သေးသွားတဲ့ပုံပဲ ”

” ဘယ်က မီးပုံးပျံဘောလုံးလဲ။ အဲဒါ လူတစ်ယောက်ကွ။ သောက်ကျိုးနည်း သူက တစ်ပတ်ပြီးအောင်များ ပြေးပြီးသွားတာလား ”

သိုင်းပညာဌာနမှ ကျောင်းသားများမှာ ချက်ချင်းပင် အံ့ဩမှင်တက်သွားကြပြီး တအံ့တဩ အော်ဟစ်သံများဖြင့် ဆူညံသွားကြတော့သည်။ သူတို့သည် လျင်မြန်စွာထွက်ခွာသွားသည့် အနီရောင် အသားလုံးကြီးကိုသာ မြင်လိုက်ရသည်။

သူတို့၏ဘေးတွင် ရှိနေသည့် သူတို့၏ဆရာမှာလည်း ပင့်သက်ရှိုက်မိသွားတော့သည်။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် သူ၏မျက်လုံးများကို ပွတ်လိုက်၏။ သူသည် ထိုကဲ့သို့ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ၏ကျောင်းသားများ ဆွေးနွေးငြင်းခုန်နေကြသည်ကို မြင်လိုက်ရသဖြင့် သူတို့အား နောင်တစ်ကြိမ် ကြိမ်းမောင်းလိုက်သောကြောင့် သူတို့မှာ ပြန်၍ ပြေးလွှားလိုက်ရတော့သည်။ ကျောင်းသားများ လုံးဝခြေကုန်လက်ပန်း ဖြစ်သွားသည့်အချိန်မှသာ သူသည် သူတို့အား မြေကြီးပေါ်တွင် အနားယူခွင့် ပေးလိုက်၏။

သူကမူ ဘေးနားတွင်ထိုင်၍ အနီရောင် အသားလုံးကြီးအကြောင်းကို မရပ်မနား တွေးနေမိတော့သည်။ ကျောင်းသားများကမူ ဆွေနွေးငြင်းခုန်နေကြဆဲပင်။

” အဲဒါက တကယ်ပဲ လူတစ်ယောက်လား ”

” သောက်ကျိုးနည်းကွာ … ဘယ်လိုလုပ်ပြီးတော့ သူက အဲဒီလောက် မြန်နေရတာလဲ။ တော်တော်ကြီးကို မြန်လွန်းနေတယ်…. ”

” မဟုတ်သေးဘူး။ သူ့ အဝတ်အစားတွေကို ငါ ရင်းရင်းနှီးနှီး သိနေတဲ့ပုံပဲ…. ”

လူအုပ်ကြီးက ထိုကဲ့သို့ ငြင်းခုန်ဆွေးနွေးနေကြစဉ်တွင် ချန်းကျစ်ဟန်၏ အမူအရာက မသင်္ကာဖြစ်နေသည့်ပုံပေါက်နေ၏။ သူသည် ထိုအနီရောင်လူရိပ်ကြီးကို ရင်းနှီးနေကြောင်း ခပ်ရေးရေးမျှ ခံစားနေရ၏။ သို့သော် ထိုလူမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းအဖြေမထုတ်နိုင်ဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူသည် မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် စဉ်းစားလိုက်တော့သည်။

သူတို့က အနားယူပြီးသွားသောကြောင့် နောက်ထပ်တစ်ကြိမ် ပြန်၍ ပြေးနေသည့်အချိန်သို့ ရောက်သွားသည့်တိုင်အောင် ချန်းကျစ်ဟန်မှာ ထိုကဲ့သို့ ရင်းနှီးနေရသည့် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးပေ။ သို့သော် သူတို့ ထိုကဲ့သို့ ပြန်ပြေးပြီးနောက် သိပ်မကြာခင် သူတို့၏နောက်ဘက်၌ ထစ်ချုန်းသံများကို ပြန်၍ ကြားလိုက်ရပြန်သည်။

ယခုအကြိမ်တွင်မူ သူတို့၏ ဆရာအပါအဝင် လူတိုင်း ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ သူတို့ကို နှစ်ကြိမ်တိတိ ကျော်တက်သွားခဲ့ပြီဖြစ်သည့် အနီရောင်အသားလုံးကြီးကို မြင်လိုက်ရတော့သည်။ ၎င်းမှာ ရွှီခနဲမြည်ကာ သူတို့၏ဘေးမှ နောက်ထပ်တစ်ကြိမ် လျင်မြန်စွာ ဖြတ်သန်းသွားသဖြင့် လေပြင်းတစ်ချက် တိုက်ခတ်သွားတော့သည်။

ယခုအကြိမ်တွင် ထိုအသားလုံးကြီးမှာ သိသိသာသာပင် အရွယ်အစား သေးငယ်သွားပြီဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ အမှန်တကယ်ပင် လူတစ်ယောက်ဖြစ်နေကြောင်း သူတို့ ဆုံးဖြတ်နိုင်သွားတော့သည်။ ယင်းအပြင် ထိုအသားလုံးကြီးထံမှ အော်ဟစ်သံများကို ကြားနေရ၏။

ထိုလူမှာ အလွန်အမင်း စိတ်ဖောက်ပြားနေသောကြောင့် မသိစိတ်မှနေ၍ အသံပေါင်းစုံဖြင့် အော်ဟစ်နေဟန်တူသည်။ သိုင်းပညာဌာနမှ လူများမှာ အံ့ဩမှင်တက်စွာ ငေးကြည့်နေကြစဥ် ထိုအသားလုံးကြီးက ထွက်ခွာသွားတော့သည်။

” ဝမ်ပေါင်လဲ့ပဲ ”
ချန်းကျစ်ဟန်မှာ ထိုအသားလုံးကြီးက မည်သူမည်ဝါဖြစ်ကြောင်း ရိပ်မိသွားသဖြင့် တအံ့တဩ အော်ဟစ်မိလိုက်၏။ သူ၏ဘေးနားတစ်ဝိုက်မှ လူများစွာကလည်း ထိုအသားလုံးကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိသွားကြသည်။ သူတို့အားလုံး ချန်းကျစ်ဟန်၏ တအံ့တဩ အော်ဟစ်သံကို ကြားလိုက်ရပြီးနောက် ထခုန်လုမတတ် ဖြစ်သွားကြတော့သည်။

” တကယ်ကို ဝမ်ပေါင်လဲ့ ဖြစ်နေတာပဲ ”

” အဲဒီ အဝတ်အစားတွေကို ရင်းရင်းနှီးနှီး သိနေပါတယ်လို့ တအံ့တဩ ဖြစ်နေတာ။ အဲဒါတွေက အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်ရဲ့ဝတ်ရုံတွေမလား။ ဝမ်ပေါင်လဲ့ ဖြစ်နေရတယ်လို့ကွာ။ သူက တကယ်ကို အဲဒီလောက်ကြီး ဝလာတာပဲ ”

ထို တအံ့တဩ အော်ဟစ်သံများမှာ ပို၍ ကျယ်လောင်လာတော့သည်။ ထိုအသားလုံးကြီးက မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသောအခါ သိုင်းပညာဌာနမှ ကျောင်းသားများမှာ နောက်ကောက်ချခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့သည် သူတို့က အင်အားချိနဲ့သူများဟု သတ်မှတ်ထားကြသည့် ဓမ္မလက်နက်ဌာနမှ လူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။

သူတို့၏ဆရာပင် ပင့်သက်ရှိုက်သွားရတော့သည်။ သူသည် အံ့ဩမှင်တက်နေရုံသာမက ရှက်ကိုးရှက်ကန်းပါ ဖြစ်သွားရတော့သည်။ ထို့ကြောင့် သူသည် ဖော်ပြ၍ မရနိုင်လောက်အောင် အမျက်ထွက်သွားကာ ရုန့်ရင်းဆန်ခတ် ဖြစ်နေကြသည့် ကျောင်းသားများကို ရုတ်ချည်းကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

” အသုံးမကျတဲ့ကောင်တွေ ”

” ဒီမှာ … မင်းတို့က ဓမ္မလက်နက်ဌာနက လူတစ်ယောက်ကိုတောင် မယှဥ်နိုင်ကြဘူးပဲ။ မင်းတို့ကိုယ်မင်းတို့ သိုင်းပညာဌာနက အဖွဲ့ဝင်တွေလို့ ခေါ်ရဲသေးတယ်ပေါ့။ ငါတို့ရဲ့ သိုင်းပညာဌာနက အမြန်နှုန်းနဲ့ ငါတို့ လက်သီးတွေနဲ့ ပတ်သက်လာရင် အဆင့်တစ် နေရာမှာ ရှိတာကွ။ ငါတို့ရဲ့ ခန္ဓာကိုယ်တွေက ပြိုင်ဘက်ကင်းပဲ ”

” အသုံးမကျတဲ့ကောင်တွေ နားထောင်ကြစမ်း။ မင်းတို့အားလုံး လေ့ကျင့်ခန်း နှစ်ဆလုပ်ရမယ်။ ဝမ်ပေါင်လဲ့ကို ကျော်မတက်နိုင်ဘူးဆိုရင် တစ်ယောက်မှ အိပ်ခွင့်မရှိဘူး။ တစ်ညလုံး ပြေးကြစမ်း ”
သူတို့၏ဆရာက ဟိန်းဟောက်ကြိမ်းမောင်းလိုက်၏။ ထိုအခါ ကျောင်းသားအားလုံးမှာလည်း ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြတော့သည်။

ဓမ္မလက်နက်ဌာနမှ လူတစ်ယောက်၏ ကျော်တက်ခြင်းကို ခံလိုက်ရသောကြောင့် သူတို့ကိုယ်တိုင်ပင် အရှက်ရနေကြတော့သည်။ သူတို့မှာ ထိုအခြင်းအရာကို လက်မခံနိုင်ကြပေ။ ထိုဖက်တီးမှာ တစ်ပတ်အပြည့် ပြေးခဲ့ခြင်း မဟုတ်ဘဲ လမ်းခုလတ်တွင် အနားယူနေခဲ့ပြီးမှ သူတို့အား ရန်စရန်အတွက် ဖြတ်လမ်းများမှ လိုက်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူတို့ ယူဆလိုက်ကြသည်။

သူတို့မှာ ထိုကဲ့သို့သော ရန်စမှုမျိုးကို အဘယ်ကြောင့် သည်းခံနိုင်ပါမည်နည်း။ ကျိုးရိဖန်နှင့် ချန်းကျစ်ဟန်တို့အတွက်ဆိုလျှင် ပို၍ပင် အူလှိုက်သည်းလှိုက် ဖြစ်နေရတော့သည်။ သူတို့မှာ စကားတစ်ခွန်းမှ မပြောပါသော်လည်း ဝမ်ပေါင်လဲ့၏ အရည်အချင်းကို မယုံကြည်သောကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မှာ ပြိုင်ဘက်များ ဖြစ်ကြပါသော်လည်း ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာမှုမှာ သူတို့အား ချက်ချင်းဆိုသလိုပင် လမ်းပြပေးလိုက်သကဲ့သို့ ဖြစ်သွား၏။ သူတို့က ဘုံရန်သူတစ်ယောက်ကို ရင်ဆိုင်ရတော့မည်ဖြစ်၍ သွေးစည်းသွားကြတော့သည်။

သို့ဖြစ်၍ သိုင်းပညာဌာနမှ အဖွဲ့ဝင်အားလုံး ဒေါသတထောင်းထောင်း ထနေကြပြီး သူတို့ကိုယ်သူတို့ သက်သေပြရန် စိတ်အားထက်သန်နေကြတော့သည်။ သူတို့က တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည့် နှလုံးသားများဖြင့် ဝမ်ပေါင်လဲ့ နောက်ထပ်တစ်ကြိမ် ပြန်၍ပေါ်လာမည်ကို စောင့်ဆိုင်းနေကြ၏။ သူတို့သည် ဝမ်ပေါင်လဲ့အား သိုင်းပညာဌာနမှာ အမြန်နှုန်းနှင့် ပတ်သက်လာလျှင် အဆင့်တစ်နေရာတွင် ရှိနေကြောင်း အသိပေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။

သိပ်မကြာခင် ကောင်းကင်ကြီးမှာ မှောင်မိုက်စပြုလာ၏။ နေဝင်ရီတရောအချိန်တွင် ဝမ်ပေါင်လဲ့မှာ တဂျုန်းဂျုန်းမြည်နေသော ခြေသံကြီးများဖြင့် နောက်ထပ်တစ်ကြိမ် ထပ်၍ ပေါ်လာတော့သည်။ သူကမူ ဝိတ်ကျအောင်လုပ်ရန်ဟူသော သန္နိဌာန်ကြောင့် စိတ်ဖောက်ပြားနေသည့်အလား ဖြစ်နေသောကြောင့် သိုင်းပညာဌာန၏ အမျက်ဒေါသကို အာရုံမခံမိပေ။ သူသည် သူတို့၏ဘေးမှ ကျော်ဖြတ်သွားပြီးနောက် နောက်ကိုပင် လှည့်မကြည့်ခဲ့ပေ။ သိုင်းပညာဌာနမှ ကျောင်းသားအားလုံးကမူ အော်ဟစ်မြည်တမ်းကာ အစွမ်းကုန်ထုတ်၍ သူ၏နောက်သို့ လိုက်လာကြတော့သည်။

” ဝမ်ပေါင်လဲ့ … မင်း သေချာပေါက် ရှုံးကိုရှုံးရမယ် ”

” ဝမ်ပေါင်လဲ့။ မင်းကများ ငါတို့ရဲ့ သိုင်းပညာဌာနနဲ့ အပြေးပြိုင်ရဲတယ်။ ဘယ်သူက ဘုရင်လဲဆိုတာ မင်းကို အသိပေးရတာပေါ့ကွာ ”

ရန်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံများ မရပ်မနား ထွက်ပေါ်လာကြပြီး သိုင်းပညာဌာနမှ ကျောင်းသားများမှာ မျက်လုံးနီကြီးများဖြင့် အရှိန်ကုန် ပြေးလွှားနေကြတော့သည်။ အဝေးမှ ကြည့်လိုက်ပါက သူတို့အဖွဲ့မှာ မျဉ်းကြောင်းအရှည်ကြီးတစ်ကြောင်းပုံစံအဖြစ် ပြောင်းလဲသွားကြပြီး သူတို့၏ အော်ဟစ်သံများကို ကြားနိုင်ပေသည်။ ထိုမြင်ကွင်းကြီးမှာ ထူးဆန်းလွန်းလှသဖြင့် အခြားဌာနများမှ လူများ၏ အာရုံများကိုပါ ဖမ်းစားမိသွားတော့သည်။

သူတို့သည် တဖြည်းဖြည်း တစ်ပတ်ပြည့်အောင် ပြေးပြီးသွားကြပြီ ဖြစ်သည်။ ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာနေပြီး အော်ဟစ်သံများ၏ နေရာတွင် လေးလံသောအသက်ရှူသံများက နေရာယူလာကြတော့သည်။ သိုင်းပညာဌာနမှ ကျောင်းသားများအားလုံး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ကင်းမဲ့နေသည့် အရိပ်ယောင်များဖြင့် ပြည့်နှက်နေကြတော့သည်။

” သူက လူရောဟုတ်ရဲ့လားကွာ။ ဘာလို့ ဒီလောက်တောင် အပြေးမြန်နေရတာလဲ ”

” သူက သားရဲတစ်ကောင်ကောင်များ ဖြစ်နေမလား ”

လူတိုင်း အမျက်ချောင်းချောင်း ထွက်နေကြပြီး သူတို့၏ ခြေလှမ်းများမှာ အရှိန်လျော့ကျသွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ တုန်ရီနေကြပြီဖြစ်ပြီး သူတို့၏ ခြေထောက်များမှာလည်း ပျော့ခွေနေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ကို အမီမလိုက်နိုင်သည့် လူများ တဖြည်းဖြည်း ပို၍များလာတော့သည်။ လက်တစ်ဆုပ်စာမျှသာရှိသော လူတချို့သာ သူ့အား မနည်းမီအောင် လိုက်နေရသည်ဖြစ်ပြီး နောက်ဆုံးတွင် အံများကြိတ်နေရသည့် ချန်းကျစ်ဟန်နှင့် ကျိုးရိဖန်းတို့သာ ကျန်ရစ်ခဲ့တော့သည်။

သို့သော် သူတို့ပင်လျှင် ဆက်၍မပြေးနိုင်တော့လောက်အောင် ဖြစ်နေပြီဖြစ်သည်။ ချန်းကျစ်ဟန်မှာ ခန္ဓာအချုပ်အနှောင် ကျင့်ကြံခြင်းအဆင့်ကိုပင် ထုတ်သုံးထားပါသော်လည်း သူနှင့် ဝမ်ပေါင်လဲ့ကြားရှိ အကွာအဝေးမှာ ပို၍ပင် ကြီးမားလာနေ၏။ သူသည် တစ်ပတ်ပြည့်အောင် ပြေးပြီးနောက် ဟောဟဲလိုက်ကာ မြေကြီးပေါ်သို့ ပုံခနဲ လဲကျသွားတော့သည်။ ထို့နောက် မိုးကောင်းကင်ကြီး တောက်ပလာသည်ကို မြင်လိုက်ရသောအခါ သူ စိတ်ဓာတ်ကျသွားရတော့သည်။

” ငါတို့နှစ်ယောက်ထဲက ဘယ်သူက သိုင်းပညာဌာနကလဲကွ။ ငါလား သူလား ”

ထိုကဲ့သို့ လဲကျသွားရသည့် နောက်ဆုံးတစ်ယောက်မှာ ကျိုးရိဖန် ဖြစ်သည်။ သူသည် မခံမရပ်နိုင်ဖြစ်နေပြီး သူ၏မျက်လုံးများမှာ သွေးစက်များကဲ့သို့ ရဲရဲနီကာ စိတ်အားထက်သန်မှု အပြည့်ရှိနေပါသော်လည်း ကွင်းတစ်ဝက်ကိုသာ ဆက်၍ ပြေးနိုင်လိုက်တော့သည်။ မိုးစင်စင်လင်းလာသောအခါ သူ၏ခြေ‌ထောက်များမှာ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ ဘုတ်ခနဲ လဲကျသွားတော့သည်။

” ငါတို့က သိုင်းပညာဌာနကလေ။ ဓမ္မလက်နက်ဌာနက အဆောင်တွေ သန့်စင်တဲ့ ငပျော့တွေကို ငါတို့တွေ အနိုင်ယူခွင့်ပေးလို့ဖြစ်မလားကွ။ ကျိုးရိဖန် … မင်းရဲ့ အစွမ်းကို ထပ်ပြီးတော့ ထုတ်လိုက်စမ်း။ သူ့ကို ရအောင်ကျော်တက် ”

သူတို့၏ဆရာမှာ သူ၏နောက်မှနေ၍ အဆက်မပြတ် လိုက်နေခဲ့၏။ သူသည်လည်း ခြေကုန်လက်ပန်းကျနေပြီဖြစ်ပါသော်လည်း သူ၏ ဝမ်းနည်းအားငယ်နေသည့်စိတ်ကို ထုတ်ပြ၍ မဖြစ်ပေ။ သူသည် ဝမ်ပေါင်လဲ့၏ မောပန်းနွမ်းနယ်နေသည့်ပုံ ပေါ်မနေသော လူရိပ်ကြီးက သူတို့၏အဝေးသို့ တဖြည်းဖြည်း ရောက်သွားသည်ကိုကြည့်ရင်း ဒေါသတကြီး မြည်တွန်တောက်တီးမိလိုက်တော့သည်။

” ဆရာ … ကျနော် တကယ်မရတော့ဘူး ”
ကျိုးရိဖန်သည် ဆက်၍ ပြေးချင်ပါသော်လည်း ဝမ်ပေါင်လဲ့၏ လျင်မြန်စွာ ထွက်ခွာသွားသော ပုံရိပ်ကြီးကို မြင်လိုက်ရသောအခါ ဘဝတွင် တစ်ခါမှမကြုံဖူးသလို ရှုံးနိမ့်သွားရသည့်အလား ခံစားလိုက်ရတော့သည်။ ထို့နောက် သူသည် ခါးသီးစွာ ပြုံးလိုက်၏။

သူတို့၏ဆရာမှာ ထပ်၍ ပါးစပ်ဟလိုက်ပါသော်လည်း သူ့တွင် ခါးသီးသော စကားများမှလွဲ၍ အခြားပြောစရာမရှိကြောင်း သိသွား၏။ ပြီးနောက် သူသည် ဓမ္မလက်နက်ဌာနမှာ အမြဲတမ်း လူပျော့များသာ ဖြစ်နေခဲ့သည်ဖြစ်ကြောင်း ပြန်၍ အမှတ်ရသွား၏။ ထိုဌာနမှာ မည်သို့ဖြင့် ယခုလိုမျိုး လူထူးဆန်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပါသနည်း။

” စော်ကားခံလိုက်ရပြီကွာ ”
သူသည် စိတ်ပျက်လက်ပျက် အော်ဟစ်မြည်တမ်းလိုက်၏။ ထို‌နေ့မှစ၍ သူသည် သူ၏ကျောင်းသားများကို ဦးဆောင်ကာ အပြေးလေ့ကျင့်သည့်နေ့တိုင်းတွင် ဝမ်ပေါင်လဲ့က သူတို့အား ကျော်တက်သွားသည်ကို မြင်နေရတော့သည်။ ဝမ်ပေါင်လဲ့မှာ တစ်ကြိမ်ပင် အနားမယူခဲ့သည့် ပုံပင်။

ထိုအတွေ့အကြုံကြောင့် ဆရာတယောက်ဖြစ်သည့် သူကိုယ်တိုင်ပင် အကြီးအကျယ် တုန်လှုပ်သွားရသည်ဖြစ်ရာ ကျောင်းသားများ၏ အမူအရာများကိုဆိုလျှင် ဖော်ပြနေစရာပင် မလိုတော့ပေ။ နောက်ဆုံးတွင် သူသည် သိုင်းပညာဌာနမှ ကျောင်းသားများကို ထိုကျွန်းကိုပတ်၍ မပြေးခိုင်းတော့ချေ။

” ကွယ်ရင်မေ့ပဲဟေ့ ”
သူသည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည့်အမူအရာဖြင့် သက်ပြင်းချနေသည့် သူ၏ကျောင်းသားများကို အဝေးသို့ ခေါ်ဆောင်သွားတော့သည်။ သူသည် ထိုကျောင်းသားများ ခွန်အားလေ့ကျင့်ခန်းများကို စတင်နိုင်ရန်အတွက် သူတို့အား ပစ္စည်းကိရိယာများဖြင့် ရင်းနှီးသွားအောင် ကူညီပေးရန် ကြံရွယ်လိုက်သည်။

ကျိုးရိဖန်ပင် သူတို့ဆရာ၏ အစီအစဉ်က ပြောင်မြောက်ကြောင်း ခံစားလိုက်ရသည်။ လွန်ခဲ့သော ရက်အနည်းအတွင်း သူခံစားခဲ့ရသည့် ထိုးနှက်ချက်များမှာ သူ၏ဘဝတစ်လျှောက်ရှိ အပြင်းထန်ဆုံးသော ထိုးနှက်ချက်များဟုပင် ဆိုနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ တစ်ပတ်တိတိ ပြေးလွှားပြီးနောက် အများကြီး ပိန်ကျသွားပြီဖြစ်သည်။ သူသည် စိတ်လှုပ်ရှားနေသလို နောင်တများလည်း အကြီးအကျယ်ရနေ၏။ ယင်းနောက် အစောပိုင်းက သူကဲ့သို့ ပြေးလွှားနေသည့် လူတချို့ရှိကြောင်းကိုလည်း ခပ်ရေးရေး ပြန်၍မှတ်မိသွား၏။ သို့သော် သူတို့က တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။

မဆုတ်မနစ် ကြိုးစားတယ်ဆိုတာလည်း အရည်အချင်းတစ်ခုပဲ…
ဝမ်ပေါင်လဲ့သည် ထိုကဲ့သို့ တသသဖြစ်နေရင်း သူ၏ခန္ဓာကိုယ်မှာ ယခင်ကထက် ပို၍ သိသိသာသာ သန်မာကြောင်း ခံစားလိုက်ရသည်။ သူသည် သွေးချီအဆင့်နှင့်လည်း သိပ်မဝေးတော့ပေ။ ထိုခံစားမှုမျိုးမှာ အလွန် ပြင်းထန်၏။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြေးလွှားနေခဲ့စဉ်က သူသည် မကုန်ခမ်းနိုင်သော အားအင်များကို ပိုင်ဆိုင်ထားသည့်အလား လုံးဝနီးပါး မောင်ပန်းနွယ်နယ်ခြင်း မရှိခဲ့သည်ကို သတိထားမိလိုက်သည်။

ဝမ်ပေါင်လဲ့သည် ထိုကဲ့သို့ အံ့အားသင့်ကာ ကျေနပ်နေရင်း ရက်အနည်းငယ်ခန့် ထပ်၍ ပြေးလွှားလိုက်သည်။ နောက်ဆုံးတွင် ထိုသို့ပြေးလွှားနေခြင်းမှာ သူ့အတွက် အကျိုးမရှိတော့ကြောင်း သိလိုက်ရသဖြင့် ဝမ်းနည်းသွားရ၏။ သူသည် ထိုကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်နေရင်း လေ့ကျင့်ခန်းလုပ်နေသည့် နေရာတစ်ခု၏ ဘေးမှ ဖြတ်သွားမိလိုက်သည်။ ထိုနေရာတွင် သိုင်းပညာဌာနမှ ကျောင်းသားများက အလေးချိန်ဆိုင်ရာ လေ့ကျင့်ခန်းများအပြင် ခွန်အားနှင့်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ လုပ်နေကြသည်ကိုလည်း သူ မြင်လိုက်ရသည်။

သူသည် ထိုကဲ့သို့ ချွေးသံတရွှဲရွှဲဖြင့် လေ့ကျင့်ခန်းလုပ်နေကြသည့် လူများကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ဝင်းလက်သွားတော့သည်။ ထို့နောက် သူသည် သူတို့ဆီသို့ ပြေးသွားလိုက်၏။

” ဆရာ ၊ ဆရာ။ ကျနော့်နာမည်က ဝမ်ပေါင်လဲ့ပါ။ ကျနော် လေ့ကျင့်ခန်းလုပ်ဖို့ ဒီနေရာကို အသုံးပြုလို့ ရမလား ”
ဝမ်ပေါင်လဲ့မှာ မျှော်လင့်ချက် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ချက်ချင်းပင် မေးလိုက်၏။

သူ ထိုသို့ရောက်လာသည်နှင့် တစ်ပြိုင်နက် ညည်းညူသံများဖြင့် ပြည့်နှက်နေသည့် လေ့ကျင့်ကွင်းကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွား၏။ ယင်းနောက် သိုင်းပညာဌာနမှ ကျောင်းသားအကုန်လုံး အနီရောင်ဝတ်ရုံအား ဆင်မြန်းထားသည့် ဝမ်ပေါင်လဲ့အား ချက်ချင်းပင် လှမ်းကြည့်လိုက်ကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset