လူအများက ရွှီယီနှင့် လျိုဖန်းတို့ကို သတိထား စောင့်ကြည့်ရန်လည်း မမေ့ကြပေ။ သည်နှစ်ယောက်က ဤတစ်ခေါက်တွင်လည်း မည်သို့သော နည်းလမ်းများကို သုံးမည်ကို စိတ်ဝင်စားကြသည်။ သူတို့ ဖန်တီးထားသော အုတ်ခဲကြီးကား စာရွက်ငယ်လေးများလို ပါးလွှာသော အပြားလေးများ ဖြစ်နေကြပြီ ဖြစ်သည်။ တစ်ဖက်တွင် ရွှီယီက အင်း အစီအရင်ကို ဆက်လက်၍ သက်ဝင်လှုပ်ရှား နေစေသည်။
“အဲဒါ ဘာလဲ… စာအုပ်လား…” လူအများအပြားက ထိုအရာကို ကြည့်ကာ နားမလည်ကြပေ။ သူတို့နှစ်ယောက် ဘာလုပ်လိုသည်ကို သူတို့ နားမလည်ကြပေ။ သို့သော်လည်း ယခုတစ်ခေါက် သူတို့ သွန်းလုပ်သည်ကား ယခင် အခေါက်များထက် များစွာ သေသပ်သည်ဟု ပြော၍ရသည်။
“လျိုဖန်း… မင်း အဆင်သင့် ဖြစ်ပြီလား…” ရွှီယီက တီးတိုးပြောသည်။
“အစ်ကို… ငါတို့ ရပ်လိုက်ကြရအောင်… အစ်မ၂ ကို တောင်းဆို ကြည့်ကြမလား… တခြားနည်းလမ်း ရှိရင်လည်း ရှိမှာပဲ…” လျိုဖန်းကလည်း တီးတိုးပြောသည်။
“မင်း အဆင်သင့် ဖြစ်ပြီလား… ငါမေးနေတယ်…” ရွှီယီ၏အသံက အနည်းငယ် မာကျောနေသည်။
လျိုဖန်းက သူ့အား ကြည့်ကာ ပြောသည်… “အစ်ကို… မင်းသေချာ စဉ်းစားသင့်တယ်…”
“ငါမင်းကို ဒီမလာခင် ကတည်းက သေချာ ပြောပြီးပြီ… ငါစတော့မယ်…” ရွှီယီက ထိုသို့ ပြောပြီးသည်တွင် သူ၏ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာသည်။ ရှေးဟောင်းစာအုပ် တစ်အုပ်ပေါ်လာကာ မရေမတွက်နိုင်သော စာရွက်များအဖြစ် ပြောင်းလဲသွားသည်။ ရှေးဟောင်း စာအုပ်မှ စာရွက်များက အုတ်ခဲမှ ဖြစ်တည်လာသော စာရွက်ငယ်လေးများသို့ ပျံသန်းကာ ပူးကပ်သွားကြသည်။
“လုပ်ရအောင်…” ရွှီယီက ခိုင်မာသော လေသံဖြင့် ပြောသည်။ လျိုဖန်းကား အနည်းငယ် တုန်ယင်နေသည်။ သည်မတိုင်မီက သက်သောင့်သက်သာ ရှိသော ပုံဟန်ဖြင့် ယခု သူ၏အမူအရာက လုံးဝ ကွဲပြားနေသည်။ သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ အလွန်အမင်း လေးနက်သောဟန်ပင် ဖြစ်လာသည်။ သူ့ထံမှ မီးတောက်များက အလွန်အမင်း ရုန့်ရင်း ကြမ်းတမ်းသွားကာ စာရွက်များထံသို့ ရောက်ရှိသွားပြီး အားလုံးကို စတင် လောင်ကျွမ်းတော့သည်။ ချက်ချင်းပင် အုတ်ခဲစာရွက် အပိုင်းအစငယ်များက စတင်၍ အရောင်များ လင်းလက်လာကာ အင်း အစီအရင်ကလည်း ကြောက်မက်ဖွယ် ကောင်းသော သဘာဝ စွမ်းအင်များကို စတင်စုပ်ယူသည်။ ထို့နောက် သက်စောင့်ဝိညာဉ် စာရွက်များက အမှန်ပင် အုတ်ခဲစာရွက်များဖြင့် စတင် ပေါင်းစပ်ကြသည်။
“ကောင်စုတ်…” ကျူးကော့မင်းယွီက ရုတ်တရက် ထရပ်ကာ သူမက တင်းမာစွာ ကြည့်သည်။ ရွှီယီအား ကြည့်ကာသူမက ဒေါသတကြီး အော်ဟစ်သည်… “ရွှီယီ… ရပ်စမ်း…” ပုဂ္ဂိုလ်ကြီးများပင် အံ့အားသင့် သွားကြသည်။ ရွှီယီ ဘာလုပ်လိုသည်ကို သူတို့အားလုံး သိလိုက်ကြသည်။ သူကား သူ၏ သက်စောင့်ဝိညာဉ်ကို သိဒ္ဓိဝင်ပစ္စည်းထဲ၌ ဌာပနာတော့မည် ဖြစ်သည်။ သို့သော်လည်း သည်ကိစ္စက ရွှီယီအဆင့်ဖြင့် လုပ်နိုင်သောအရာ မဟုတ်ပေ။ ရှီအဆင့် ထိပ်သီးချပ်ဝတ် လက်နက် ပညာရှင်များသာ ဤသို့သော အမှုကိစ္စမျိုးကို လုပ်နိုင်စွမ်း ရှိကြသည်။ ရွှီယီကား သည်ပညာကို ယခုမှ စတင်၍ လုပ်ဆောင်ဖူးခြင်း ဖြစ်သည်။ သူက သည်ပညာရပ်နှင့် ပတ်သက်၍ စာအုပ်အနည်းငယ်ကိုသာ ဖတ်ဖူးပုံရသည်။ သည်နည်းလမ်း၏ အကျိုးဆက်ကား စွမ်းအားပျက်စီးခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်သွားနိုင်သည်။
သူ ဘာလုပ်နေသနည်း။ နတ်သမီး နန်းတော်မှ ချူကျိက နားမလည်စွာ ကြည့်သည်။ အာခီမီပြိုင်ပွဲတစ်ခု အတွက် ဤမျှ ပေးဆပ်ရန် ထိုက်တန်ပါ၏လော…။
“သူ ရူးနေတာလား…” ယခု အားလုံး၏အာရုံက ရွှီယီထံကို ရောက်လာ နေကြသည်။ သူတို့က ဟာသတစ်ခု အနေနှင့်လည်း မမြင်ကြတော့ပေ။ ယခု သူကား သူ၏အသက်ကိုပင် ရင်း၌ လက်နက်တစ်ခုကို ဖန်တီးနေခြင်း ဖြစ်သည်။
ပါးစပ်မှ နီစွေးသော သွေးများ စီးကျလာသည့်တိုင် သူ၏ချောမောသော မျက်နှာတွင် ခိုင်မာသော ဆုံးဖြတ်ချက်များက အထင်းသား ပေါ်နေ၏။ ကျူးကော့မင်းယွီအား ကြည့်ကာ သူက ပြောသည်…” အစ်မ၂… အစ်မက လှပချောမောတယ်… ဒေါသထွက် နေရင်တောင်မှပေါ့… အစ်ကို၃လိုလူကိုတောင် စွဲလမ်းစေနိုင်တာ မထူးဆန်းပါဘူး… ကျွန်တော်က အစ်မနဲ့ အချိန်အကြာကြီး ရှိနေခဲ့ရတာ ဘယ်လောက် ကံကောင်းလဲ… မှန်တယ်… အခု ကျွန်တော်က တစ်ခါလောက်တော့ ရူးမိုက်တဲ့အလုပ်ကို လုပ်ကြည့်ချင်မိတယ်…”
“လျိုဖန်း… အဲဒါကို ရပ်လိုက်စမ်း…” ကျူးကော့မင်းယွီက ရွှီယီ၏ဘေးမှ ရပ်နေသော လျိုဖန်းကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်ပြန်သည်။
“အစ်မ၂… ကျွန်တော့်မှာ ရွေးစရာ မရှိဘူး…” လျိုဖန်းက မသက်မသာ ပြောသည်။
ကျူးကော့မင်းယွီက ရှေ့ကို စတင်၍ လျှောက်လာသည်တွင် ယူစီက ပြောသည်… “တူမလေး… အာခီမီပြိုင်ပွဲကို ပြင်ပလူ ဝင်နှောင့်ယှက်လို့ မရဘူး…” သူက ထိုသို့ပြောရင်းကပင် ကျူးကော့မင်းယွီ၏ ရှေ့တွင် အရံအတားတစ်ခု ဖြစ်ပေါ်လာသည်။ ယူစီ၏ အကြည့်ကလည်း ရွှီယီထံကို ရောက်သွားကာ သူမ၏နက်ရှိုင်းသော မျက်လုံးများထဲ၌ စိတ်ခံစားချက် တစ်စွန်းတစ်စ ဖြစ်ပေါ်လာသည်။ သည်ကောင်စုတ်ကား အမှန်ပင် အတင့်ရဲသည်။
“အစ်မ၂ … အခု ကျုပ်တို့က ဒီအခြေအနေ ထိအောင် ရောက်လာပြီ… အစ်မက ကျုပ်ကို တားလို့ မရတော့ဘူး… တကယ်လို့ ကျွန်တော်က တစ်ခုခုဖြစ်ခဲ့ရင် အစ်ကို၃ကို ပြောပေးပါ… သူက ကျွန်တော့်အပေါ် တင်းကျပ်ခဲ့ပေမဲ့ နောက်ဘဝကျရင်လည်း သူ့ညီလေးအဖြစ် ရှိချင်ပါတယ်လို့…” ရွှီယီက ဆက်ပြောသည်… “မှန်တယ်… ကျွန်တော်က အစ်မ၂ကိုလည်း မေ့မှာ မဟုတ်ဘူး…”
“အစ်ကို ၄…” ရီဖူရှင်းက ရေရွတ်သည်။ နောက်ဆုံးတွင် ဘာဖြစ်နေသည်ကို ရီဖူရှင်းက နားလည်လိုက်သည်။ သူက ထရပ်ကာ မယုံကြည်နိုင်ခြင်း များစွာဖြင့် ရွှီယီကို ကြည့်သည်။ သူက ဟာသတစ်ခုအနေဖြင့် ထင်မှတ်ခဲ့သည်က သည်မျှ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်နေသည်။
“ညီငယ်လေး… ငါပြောတာကို မှတ်ထား… မင်းရဲ့ အစ်ကို၃နဲ့ အစ်မ၂တို့ရဲ့ ပြဿနာကို ကူညီပေးဖို့ မမေ့နဲ့… မင်းက တပည့်တွေကြားထဲမှာ ဝါစဉ် အငယ်ဆုံး ဖြစ်ရင်ဖြစ်မယ်… ဒါပေမဲ့ မင်းက တကယ်တမ်း ငါတို့အားလုံးရဲ့ မျှော်လင့်ချက်လည်း ဖြစ်တယ် ဆိုတာကို မင်းသိရမယ်…” ရွှီယီက ရီဖူရှင်းကို ပြောသည်။
“အစ်ကို၄… တခြား နည်းလမ်းတွေ ရှိဦးမယ်…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။
ရွှီယီက ရယ်မောကာ ဘာမှ မပြောတော့ဘဲ တစ်ဖက်ကို လှည့်သွားသည်။ ထို့နောက် လျိုဖန်းက မေးသည်… “အစ်ကိုက ငါ့ကို ဘာမှ ပြောစရာ မရှိဘူးလား…”
“သွားစမ်းပါ…” ရွှီယီက ငေါက်ငမ်းလိုက်သည်… “ကံမကောင်းတဲ့အကောင်… နောက်ဘဝကျရင် မင်းနဲ့ မတွေ့လေ ကောင်းလေပဲ…”
“နောက်ဘဝက အဝေးကြီးပါ… အစ်ကိုက သေသေချာချာ စဉ်းစားသင့်တယ်… တကယ်လို့ အစ်ကိုသေရင် မရီးကို ဘယ်သူ ဂရုစိုက်မလဲ… မသေအောင်ပဲလုပ်…” လျိုဖန်းက အပူအပင်ကင်းစွာ ပြောသည်။ အကယ်၍ ရွှီယီကသာ အင်း အစီအရင်ကို မထိန်းချုပ်ဘဲ နေရလျှင် လျိုဖန်းအား ရိုက်မည်မှာ သေချာပေသည်။
အာခီမီမြို့ထဲတွင် အလွန်အမင်း ရှည်လျားသော ရှေးဟောင်း ခန်းမဆောင် တစ်ခု၌ မိန်းကလေး တစ်ယောက် ရပ်နေသည်။ သူမက အာခီမီပြိုင်ပွဲ ရှိနေရာ အရပ်သို့ လှမ်းကြည့်သည်။ ရွှီယီက သူ၏ သက်စောင့်ဝိညာဉ်ကို ဌာပနာသည်ကို မြင်လျှင် သူမ၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သို့သော်လည်း သူမက တည်ငြိမ်အောင် ထိန်းလိုက်ကာ လေထဲကို ပျံတက်ပြီး ပြိုင်ပွဲရှိရာသို့ ထွက်လာသည်။
အာခီမီပြိုင်ပွဲတွင် အားလုံးက ရွှီယီ၏ အပြုအမူကြောင့် စိတ်လှုပ်ရှားကာ သူ့ကို ဝိုင်းကြည့် နေကြသည်။
အားလုံးက ထိုသို့ ကြည့်နေစဉ်မှာပင် လှပသော မိန်းကလေး တစ်ယောက်က မြို့တော်ဝန်ရုံးမှ ထွက်လာကာ မြို့တော်ဝန်၏ ဘေးနားကို လာရပ်သည်။ ထိုမိန်းကလေး ပေါ်လာသည်နှင့် အားလုံးက သူမအားကို လှမ်းကြည့်ကြသည်။ သူမကား အလွန် လှပသော်လည်း အေးစက်သေ မျက်နှာထားကြောင့် လူအများက သူမနှင့် အလွန်အမင်း ဝေးကွာမှု သူစိမ်းဆန်မှုကို ခံစားကြရသည်။ သည်မိန်းကလေး၏ အလှကား စုဟောင်ချူထက် နိမ့်ကျခြင်း မရှိသော်လည်း စုဟောင်ချူကား ညှို့ငင်စွမ်းအား မြင့်ကာ တစ်ဖက်တွင် သည်မိန်းကလေးကား သန့်စင်သော အလှပိုင်ရှင် ဖြစ်သည်။
သည်မိန်းကလေးကား မြို့တော်ဝန်၏သမီးဖြစ်သူ ယူချီဖြစ်သည်။
သူမ၏အကြည့်က ရွှီယီထံကို ရောက်သွားသည်တွင် ရွှိယီက တစ်ချက် ရယ်သည်… “မင်း ရောက်လာပြီလား…”
“ရှင်က ဘာလို့ဒီလို လုပ်နေရတာလဲ…” ယူချီက ရွှီယီကို မေးသည်။ သူမ၏လေသံက အေးစက်ကာ သူမ၏ ခံစားချက်များကို ခန့်မှန်းရန် ခက်ခဲပေသည်။
“ပြန်သွား…” ယူစီက တည်ငြိမ်စွာဖြင့် သူ၏သမီးကို အမိန့်ပေးသည်။ သို့သော်လည်း ယူချီကား ဘာမှ မကြားသလို လျစ်လျူရှု ထားသည်။ ထိုအဖြစ်က အားလုံးကို ဆွံ့အစေသည်။ အာခီမီမြို့တွင် မြို့တော်ဝန်၏ စကားကို ဤသို့ ပြုမူရဲသူက သူမ တစ်ယောက်တည်းသာ ရှိပေမည်။
“ငါလည်း တစ်ခါလောက် စမ်းကြည့်ချင်တာပေါ့…” ရွှီယီက ယူချီကို ပြောသည်။
မထူးဆန်းတော့… အားလုံးက တွေးမိကြသည်။ ရွှီယီနှင့် ယူချီတို့က နဂိုတည်းက သိခဲ့ကြသည်။ ရွှီယီက ပြိုင်ပွဲကို လာခဲ့ခြင်းမှာလည်း ချပ်ဝတ်လက်နက် ပညာရပ်ကို တတ်သိ နားလည်၍ မဟုတ်ဘဲ မြို့တော်ဝန်၏သမီး ယူချီကို ချစ်မြတ်နိုးမိ၍သာ ဖြစ်သည်။ ထိုအချက်ကပင် သူ၏အသက်ဝိညာဉ်ကို ပေးဆပ်ကာ ပထမရရန် ကြိုးစားအားထုတ်ခြင်း အကြောင်းအရင်းလည်း ဖြစ်သည်။
“ငါ နင့်ကို မကြိုက်ဘူး… ထွက်သွားပါ…” ယူချီက ရွှီယီကို အေးစက်စွာ ပြောသည်။
“အိုး…” ရွှီယီက ပြုံးသည်… “မှန်တယ်… ငါမင်းကို ချစ်တယ် ဆိုတာနဲ့တင် လုံလောက်ပါတယ်… ငါသွားမှာ မဟုတ်ဘူး…” သူက ပြောရင်းနှင့်ပင် ရွှေရောင် စာရွက်များကို ဆက်လက်၍ သွန်းလုပ်သည်။ ရွှေရောင်စာရွက်များက ပိုမိုလင်းလက် တောက်ပ လာကြကာ နောက်ဆုံးတွင် စာရွက်များက ပေါင်းစပ်သွားပြီး စာအုပ်တစ်အုပ် ဖြစ်လာသည်။ ထို့အတူ သူ၏ပင်မဝိညာဉ် စာအုပ်ကလည်း ထိုစာအုပ်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေ၏။ မီးတောက်များက ပိုမိုပူပြင်းလာကာ အလွန်အမင်း စူးရှသော အလင်းတစ်ခုနှင့်အတူ အမှန်ပင် ရတနာစာအုပ်နှင့် စာအုပ်ဝိညာဉ်တို့က စတင် ပေါင်းစပ် ကြတော့သည်။ ယခင်ပြိုင်ပွဲများ၌ အဘယ်ကြောင့် သူက ထိုသို့သော ပုံစံများကို သွန်းလုပ်ခဲ့သည်ကို အားလုံးက နားလည် လိုက်ကြသည်။ သူကား သည်အခိုက်အတန့်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
နောက်ဆုံးအဆင့်တွင် သူကား အုတ်ခဲကို စာအုပ်အသွင် ပြောင်းခဲ့သည်။ ထို့နောက် သူ၏ စာအုပ်ဝိညာဉ်ကို ရတနာစာအုပ်၌ ဌာပနာသည်။
“အစ်ကို၄…” ရီဖူရှင်းက ထရပ်ကာ သူ၏ မျက်လုံးများက စတင် နီရဲလာသည်။ သူ၏အစ်ကို၄ကား ယခု သိဒ္ဓိဝင်လက်နက်တစ်ခု သွန်းလုပ်ရန် သူ၏အသက်ကို စတေးနေသည်။ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက သူ့အတွက် ကြီးမားသော ထိတ်လန့်မှုကို ဖြစ်စေသည်။ ယူချီကို လက်ထပ်ရန် အတွက်လား…။ သူ၏အစ်ကို၄က သည်နှစ်များတွင် မည်သို့သော အတွေ့အကြုံများကို ကြုံဆုံခဲ့ရနသည်း။ သူက ယူချီနှင့် မည်သို့ ပတ်သက်ခဲ့သနည်း။
ဟွာဂျီယူကလည်း ထရပ်ကာ ရီဖူရှင်း၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သည်မြင်ကွင်းကလည်း သူမကို ထိတ်လန့်စေ၏။
“သူမကလည်း အစ်ကိုရွှီယီကို သဘောကျတယ်…” ဟွာဂျီယူက ယူချီကို ကြည့်ကာ တီးတိုးပြောသည်။ ယူချီ၏မျက်နှာတွင် မည်သည့် ခံစားချက်မျှ မတွေ့ရသော်လည်း ဟွာဂျီယူက ယူချီ၏အတွင်းစိတ် သဏ္ဌာန်မှ လှုပ်ရှားမှုများကို ခံစားနေရသည်။
ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာကာ သူ၏အင်္ကျီအဖြူကလည်း အနီစွေးစွေးများ ထလာနေသည်။ ရွှီယီ၏ အသက်ရှူသံက ပိုမိုအားနည်း လာသော်လည်း သူ ထုတ်လွှတ်သော စွမ်းအင်က အမှန်ပင် ပိုမို အားကောင်းလာ၏။ တစ်ဖက်တွင် သူ၏သက်စောင့် ဝိညာဉ်ကလည်း အမှန်ပင် ရတနာစာအုပ်နှင့် ပေါင်းစပ်နေပြီး အရောင်အဝါများ ကြောက်မက်ဖွယ် ကောင်းအောင် လင်းလက် လာနေသည်။ သူကား သည်ရတနာ စာအုပ်ကို ပြီးဆုံးအောင် သွန်းလုပ်ရပေမည်။ သူက ဤအဆင့်ထိအောင် ရောက်လာပြီးဖြစ်ရာ နောက်ဆုတ်စရာ မရှိတော့ပေ။ သည့်အတွက် သူက အရာအားလုံးကို ပေးဆပ်ရန် အသင့်ရှိနေသည်။
“သူက သူ့ရဲ့ စိတ်စွမ်းအားတွေ အကုန်လုံးကို လောင်ကျွမ်းနေတယ်… ဘယ်လောက် ရူးမိုက်လိုက်သလဲ…” ယန်ကျွမ်က ရွှီယီကို ကြည့်ကာ မှတ်ချက်ချသည်။ ဤသို့သောအထိ လုပ်ရန် အလွန်အမင်း ခိုင်မာသော စိတ်ဓာတ်နှင့် တွန်းအားရှိရန် လိုသည်။ သူလုပ်သမျှ အားလုံးက မိန်းမတစ်ယောက်အတွက် ဖြစ်သည်။ ထိုမိန်းမက အလွန်အမင်း လှပသည် ဆိုလျှင်ပင် သည်မျှလောက်လုပ်ရန် ထိုက်တန်မှု ရှိပါသလော…။
***