အပိုင်း (၆၂၆)

ရွှီယီ၏ရည်ရွယ်ချက်

လူတစ်ရာကျော်တို့၏ လက်နက်များက အရည်အသွေး မပြည့်မီခြင်းများ မရှိသော်လည်း အချိန်မီ မပြီးလိုက်သူများ အားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြရသည်။

မရေမတွက်နိုင်သော လူများက နောက်ဆုံးကျန်သော လူ၁၀၀ခန့်ကို ကြည့်နေကြသည်။ သူတို့အားလုံးက နောက်ဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကြရတော့မည်။

ကြီးကြပ်သည့်လူက ကျန်ရှိနေသော လူ၁၀၀ကို ကြည့်ကာ ပြောသည်… “နောက်တစ်ဆင့်က အာခီမီပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်ပဲ… ဒီအဆင့်မှာ ဘာကန့်သတ်ချက်မှာ မရှိဘူး… မင်းတို့က မင်းတို့ရဲ့ကိုယ်ပိုင် ဖိုအိုး၊ သတ္တုတွေကို သုံးပြီးတော့ ကြိုက်သလို သွန်းလုပ်လို့ရတယ်… အချိန် ကန့်သတ်ချက် မရှိဘူး… မင်းတို့ရဲ့ သွန်းလုပ်ခြင်းပြီးတဲ့အခါမှ အချိန်ပြည့်မယ်… နောက်တစ်ခါ ပြန်လည် သွန်းလုပ်ခြင်း မရှိရ… မင်းတို့ရဲ့အဆင့်ကို မင်းတို့ သွန်းလုပ်တဲ့ပစ္စည်း အရည်အသွေးကို အကဲဖြတ်ပြီးတော့ ဆုံးဖြတ်မယ်…”

နောက်တစ်ဆင့် လက်နက် သွန်းလုပ်ခြင်းကား လူများကို ဖြုတ်ချစရာ မလိုတော့ပေ။ အားလုံးသော ပြိုင်ပွဲဝင်တိုင်းက မိမိတို့ စိတ်တိုင်းကျ လက်နက်များကို သွန်းလုပ်နိုင်သည်။ အဆင့်က သူတို့သွန်းလုပ်သော လက်နက်၏အရည်အသွေးအပေါ် မူတည်သည်။

“မင်းတို့က ပြင်ဆင်ဖို့နဲ့ အနားယူဖို့ အချိန် ၁နာရီ ရမယ်…” ကြီးကြပ်သူက ကြေညာက ထွက်သွားသည်။ ပြိုင်ပွဲ နောက်တစ်ဆင့်က မြေရိုင်းပြည်နယ်၏ အနာဂတ် ချပ်ဝတ်လက်နက် ပြုလုပ်သူများ၏ အမြင့်ဆုံးသော အဆင့်အတန်းကို သတ်မှတ်တော့မည် ဖြစ်သည်။

အားလုံးက ကျယ်ပြောသော နေရာတွင် ကိုယ်စီနေရာ ယူကြသည်။ အများစုက စိတ်အာရုံကို စုစည်းခြင်း၊ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ခြင်းနှင့် လိုအပ်သော သတ္တုများကို ပြင်ဆင်ခြင်းများ ပြုလုပ်ကြသည်။ သည်အဆင့်ကား အရေးအကြီးဆုံး ဖြစ်သည်။

အကြီးအကဲ တစ်ယောက်က ယူစီထံသို့ လှမ်းသွားကာ ရွှေရောင်ပေလွှာ တစ်ခုကို ထုတ်ယူသည်။ အတော်များများက ထိုပေလွှာကို မှတ်မိကြကာ မျက်လုံများက အရောင်လက် သွားကြသည်။

“အဲဒါ အာခီမီအဆင့်ပဲ…” တစ်ယောက်က ပြောသည်။ အဝေးမှ လူများက ထိုပေလွှာကို ကြည့်ကာ စိတ်လှုပ်ရှားခြင်းကြီးစွာ ဖြစ်ကြရသည်။ ယခု အာခီမီအဆင့်က ထုတ်ယူလာပြီ ဖြစ်ရာ ထိုအာခီမီပြိုင်ပွဲဝင် တစ်ရာက ထိုအဆင့်ဇယားတွင် နာမည်ရေး ထွင်းပိုင်ခွင့် ရှိလာတော့မည် ဖြစ်သည်။ နောက်တစ်ဆင့် ပြိုင်ပွဲက သည်နှစ်၏အာခီမီအဆင့် ဇယားကို သတ်မှတ်မည် ဖြစ်သည်။

သည်အဆင့်က ပြိုင်ပွဲဝင်တစ်ယောက်၏ အနာဂတ်ကိုလည်း လုံးလုံးပြောင်းလဲ သွားနိုင်၏။ သူတို့က အာခီမီအဆင့်တွင် မြင့်မားစွာ နေရာယူနိုင်ပါက သူတို့၏ အလားအလာကလည်း ပိုမိုအားကောင်း သွားနိုင်သည်။ မြေရိုင်းဒေသ ထိပ်သီးအင်အားစုများ အားလုံးက သူတို့အတွက် မဆုံးနိုင်သော လေးကျင့်စဉ်များ၊ အထောက်အပံ့များကို ပေးကြမည်မှာ သေချာပေသည်။

သည်အဆင့်ဇယားက အလွန်အမင်း အရေးကြီးပေသည်။ အင်အားစုတိုင်းက သည်အဆင့်ဇယားမှ ချပ်ဝတ်ပညာရှင်များကို အထောက်အပံ့ကြီးများ ပေးကာ နောင်တွင် သူတို့ အင်အားစုများကို ဝင်ရောက်ရန် သိမ်းသွင်းကြပေမည်။ မှန်သည်… ချပ်ဝတ်လက်နက် ပညာရှင်များ အတွက်လည်း ထိပ်သီး အင်အားစုများကို အဆင့်အတန်း မြင့်မြင့်ဖြင့် ဝင်ရောက်နိုင်ခြင်းက အခွင့်အရေးတစ်ရပ် မဟုတ်ပါလား…။

ချပ်ဝတ်လက်နက်ပညာရှင် အများအပြားက အာခီမီအဆင့်ဇယား ပေလွှာကို ကြည့်ကြသည်။ သို့သော်လည်း ရွှီယီနှင့် လျိုဖန်းမူကား ထိုပေလွှာကို စိတ်ဝင်စားဟန် စိုးစဉ်းမျှမရှိပေ။ သူတို့က တခြားလူများလို အနားယူခြင်းလည်း မရှိဘဲ တစ်နေရာသို့ မြန်ဆန်စွာ လျှောက်သွား နေကြသည်။ အားလုံးက သူတို့ မည်သည့်နေရာသို့ သွားနေသည်ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။ မည်သို့ဆိုစေ သည်အချိန်ကား အနားယူရန် သတ်မှတ်ထားသော အချိန်ဖြစ်သည်။ သူတို့က သူတို့စိတ်ကြိုက် ပြုမူနေထိုင်နိုင်သည်။

ရွှီယီနှင့် လျိုဖန်းတို့က ပရိသတ် စင်မြင့်ထက်ကို လျှောက်လာကြကာ ရီဖူရှင်းရှိရာသို့ ရောက်လာသည်။

“အစ်ကို၅ …. အစ်ကို၆…” အစ်ကိုနှစ်ယောက် သူတို့ထံ ရောက်လာသည်တွင် ရီဖူရှင်းကလည်း ပြုံးလျက် နှုတ်ဆက်သည်။ ယိရှောင်ရှီကလည်း သူတို့ကို နှုတ်ဆက်၏။

“ညီငယ်လေး… မင်းနဲ့ ရှီကလေးတို့က အာခီမီမြို့ကို အတွေ့အကြုံရှာဖို့ ရောက်လာ ကြတာလား…” ရွှီယီက မေးသည်။

“ဟုတ်တယ်…” ကျွန်တော်က ဒီလိုပဲ ပြိုင်ပွဲကို စိတ်ဝင်စားလို့ တက်လာခဲ့တာ… ပြီးတော့ အာခီမီမြို့မှာ လက်နက်ကောင်းတွေလည်း ရနိုင်တယ်လေ….” ရီဖူရှင်းက ခေါင်းညိတ်ကာ ဆက်ပြောသည်… “အစ်ကို ၄… အာခီမီပြိုင်ပွဲကို ဘာလို့ လာပြိုင်တာလဲ… တကယ်လို့ လက်နက်တစ်ခုခု လိုချင်ရင် ကျုပ်တို့က အာခီမီ လောင်းကစားရုံမှာ သွားယူလို့ရတယ်…”

ရီဖူရှင်း၏ စကားကို နားစွန်နားဖျား ကြားသော အာခီမီ လောင်းကစားရုံမှ လူများက မျက်နှာများ ညိုမည်း သွားကြသည်။ သည်ကောင်စုတ်လေးက အာခီမီ လောင်းကစားရုံကို သူပိုင်သော နေရာဟု မှတ်နေသည်လားမသိ…။

“ငါတို့ အချင်းချင်း မတွေ့တာ သုံးနှစ်ကျော်လောက် အတွင်းမှာ ညီငယ်လေးက ဘာမှ မပြောင်းလဲပါလား…” လျိုဖန်းက ရီဖူရှင်းကို ပြောသည်။

“အာ… ” ရီဖူရှင်းက အံ့အားသင့် သွားသည်… “တကယ်လို့ အစ်ကိုတို့က သိဒ္ဓိဝင်လက်နက်တွေ အတွက် မဟုတ်ဘူးဆို မြို့တော်ဝန် အိမ်တော်ကို ဘာလို့ ဝင်ချင်ရတာလဲ… ဒါမှမဟုတ် တကယ်ပဲ ချပ်ဝတ်လက်နက် ပညာကို လေ့လာချင်လို့လား…” ထိုအကြံကလည်း မဆိုးဟု ရီဖူရှင်းက တွေးသည်။ သူ၏အစ်ကိုများကသာ မြို့တော်ဝန် အိမ်တော်ကို ဝင်ခဲ့ပါက နောင်တွင် အရည်အသွေးမြင့် လက်နက်များ အလျှံပယ် ရနိုင်ပေသည်။

“မဟုတ်ဘူး…” လျိုဖန်းက ခေါင်းယမ်းသည်… “ငါတို့က ပထမနေရာကို ရည်မှန်းထားတယ်…”

ရီဖူရှင်းက မျက်လုံးပြူးသွားကာ ရွှီယီကို သေသေချာချာ ကြည့်သည်။ သူတို့က ထိပ်ဆုံး၁၀၀ စာရင်းသို့ ဝင်ခြင်းကပင် အလွန် ကံကောင်းနေပြီ ဖြစ်သည်။ ယခု သူတို့က ပထမနေရာကိုပင် ရယူလိုသည်။

“သူတို့နှစ်ယောက်က အရူးတွေလား…” ထိကျိုးက ပြောသည်။ သူ့အမြင်တွင်ကား သည်နှစ်ယောက်ကား ရူးသွပ်နေခြင်း ဖြစ်၏။ မြို့တော်ဝန်ရုံးမှ ယူတုပင် အာခီမီပြိုင်ပွဲ၌​ ပထမရမည်ဟု တထစ်ချ မပြောရဲပေ။

“အစ်ကို…ခင်ဗျားက တကယ် ပြောနေတာလား…” ရီဖူရှင်းက လေးနက်စွာ မေးသည်။

“ဟုတ်တယ်…” ရွှီယီက ခေါင်းညိတ်သည်… “ငါတို့က ပထမနေရာရဖို့ လိုတယ်…”

“ကျွန်တော် ယုံတယ်…” ရီဖူရှင်းကား ပြောစရာစကား ရှာမရတော့…။ ရီဖူရှင်းက ရွှီယီက နားမလည်စွာ ကြည့်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိကာ မေးသည်… “အာခီမီပြိုင်ပွဲမှာ ပထမရတဲ့လူက မြို့တော်ဝန်ရဲ့ သမီးနဲ့ လက်ထပ်ရမယ်တဲ့… အစ်ကို၄က မြို့တော်ဝန်သမီးကို လိုချင်နေတာလား…”

“ညဏ်ကောင်းတယ်… မင်း သိပြီမလား…” လျိုဖန်းက ချီးကျူး၏။

“ညီငယ်လေး… ငါ့လို ပါရမီမြင့်တဲ့လူ တစ်ယောက်က တူညီတဲ့ အဆင့်အတန်းမှာရှိတဲ့ မိန်းကလေးကို ရည်မှန်းတာ မမှားဘူးမလား…” ရွှီယီက ပြောသည်။

ရီဖူရှင်းက အတန်ကြာ ဆွံ့အနေပြီးမှ ပြောသည်… “အစ်ကို… ခင်ဗျားက အရမ်းမိုက်တာပဲ…”

“ညီငယ်လေး… ရှီကလေး… မင်းတို့က နန်းတော်မှာ လေ့ကျင့်တာ ဘယ်လိုနေလဲ…” ရွှီယီက မေးသည်။

“အစ်ကို၇နဲ့ ကျွန်တော်တို့က အဆင်ပြေတယ်… ကျွန်တော်က စတုတ္ထတန်းစား နိုဘယ်… အစ်ကို၇က တတိယတန်းစား နိုဘယ်…” ရီဖူရှင်းက ပြန်ပြောသည်။

“ဒါက ငါ့ကို စိတ်အေးစေတယ်… ကြည့်ရတာ မင်းတို့က အဆင့်မြင့် နိုဘယ်ဖြစ်ဖို့ သိပ်မဝေးတော့ဘူးပဲ… တော်ဝင်ကျဲနန်းတော်မှာ အထောက်အပံ့တွေ အားကောင်းတယ်… မင်းတို့က ဒါတွေကို ကောင်းကောင်း အသုံးချရမယ်…” ရွှီယီက ဩဝါဒခြွေသည်။

“ကျွန်တော် နားလည်ပါတယ်… အစ်ကို…” ရီဖူရှင်းကက ခေါင်းညိတ်သည်။

“ကြိုးစား… ညီငယ်လေး… မင်းက ဉာဏ်ကောင်းတဲ့လူပဲ… အစ်ကို၃နဲ့အစ်မ၂ တို့ပြဿနာမှာ မင်းက အကူအညီရရင်လည်း ရမှာ…” ရွှီယီက ပြောသည်။

“သေချာတာပေါ့…” ရွှီယီ၏စကားက ရီဖူရှင်းကို ထူးဆန်းစေသည်။ သူ၏စကားက သူမသိသော တစ်ခုခုကို ရည်ညွှန်းနေကာ ရီဖူရှင်းက အတိအကျ မပြောတတ်ပေ။

“ကောင်းပြီ… ငါ ပြန်သွားတော့မယ်…” ရွှီယီက နှုတ်ဆက်သည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်တွင် လျိုဖန်းနှင့် ရွှီယီတို့က ပြိုင်ပွဲနေရာသို့ ပြန်သွားကြသည်။

အချိန်တစ်နာရီက မြန်ဆန်စွာပင် ကုန်ဆုံးသွားကာ အကြီးအကဲက ပြိုင်ပွဲစရန် ကြေညာသည်။ ကွင်းပြင်ကွင်းတွင်း အားလုံးက တိတ်ဆိတ် သွားကြပြန်သည်။

မရေမတွက်နိုင်သော လူများက ပွဲကြည့်နေကြသော်လည်း မည်သူမှ စကားမပြောကြပေ။ အရေးပါသော ပုဂ္ဂိုလ်ကြီးများပင် ဆွေးနွေးသည်များကို ရပ်လိုက်ကြသည်။ အားလုံးက ပြိုင်ပွဲဝင်များ၏ လှုပ်ရှားမှုများကို ကြည့်ရှုနေကြသည်။ မည်သူမှ အသံမထွက်ကြသည်။ ဤအခြင်းအရာက ပြိုင်ပွဲအပေါ် အားလုံးက ပြသသော လေးစားမှု ဖြစ်သည်။

ထိုအခိုက်တွင် ယူတုက ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များ ရစ်ပတ်ထားသည်။ သူ၏မီးတောက်က ရွှေရောင်ဖြစ်ကာ အလွန်အမင်း လှသည်။ မီးတောက်များက နဂါးပုံသဏ္ဌာန်ဖြင့် သူ၏ဖိုအိုးကို လှည့်ပတ်နေသည်။ သူ၏မီးတောက်ကား ယူမိသားစု၏ မျိုးရိုးစဉ်ဆက် ဆက်ခံရသော ကိုးနဂါးမီးတောက် ဖြစ်သည်။

ကွန်ဆွန်ရီ၏ လက်စွမ်းကလည်း ဆန်းကြယ်လွန်း လှသည်။ လင်းလက်သော အင်းအစီအရင်၏ အောက်တွင် ရွှေပေလွှာက ဖိုအိုးထဲတွင် ပေါလောမျောနေသည်။ သဘာဝ စွမ်းအင်များက ဖိုအိုးထဲကို အဆက်မပြတ် စီးဆင်းနေကြ၏။

ယွီမိန်ကား စစ်တုရင်ခုံတစ်ခုကို တည်ဆောက်နေသည်။ တစ်ဖက်တွင် ချီလျန်က ဓားတစ်လက်ကို သွန်းလုပ်နေ၏။ မူအုက မှော်ဖန်လုံးတစ်ခုကို ပြုလုပ်နေသည်။ အားလုံးက သူတို့၏အကောင်းဆုံး အရာကို ပြုလုပ်နေကြသည်။

ရီဖူရှင်း၏ အကြည့်က ချပ်ဝတ်လက်နက် ပညာရှင်များ အားလုံးကို သေသေချာချာ ကြည့်သည်။ သူက သည်ပညာရပ်တွင် သိပ်နားလည်ခြင်း မရှိသော်လည်း သူတို့အားလုံး၏ အဆင့်မြင့်သော သွန်းလုပ်ဟန်များကို မြင်နေရသည်။ အာခီမီပြိုင်ပွဲကား မည်သို့ဆိုစေ တကယ့် ပညာရည် ပြည့်ဝသူများ အတွက်သာ ဖြစ်သည်။

ထို့နောက် သူ၏အကြည့်က အစ်ကိုများထံကို ရောက်သွားသည်။ သူတို့ နှစ်ယောက်က သည်တစ်ခေါက် သေချာပေါက် အလေးအနက်ထားကာ လုပ်ဆောင် နေကြသည်။ သို့သော်လည်း သူတို့ ပြုလုပ်သော လက်နက်က ထုံးစံအတိုင်း ဧရာမ အုတ်ခဲတုံးကြီး တစ်ခု ဖြစ်သည်။ သူ၏အစ်ကိုငါးက အုတ်ခဲကို အပိုင်းအစငယ်လေးများ အဖြစ် တိတိရိရိ ဖြတ်တောက် နေဟန်လည်း ရသည်။ သူ၏ဓားစွမ်းရည်ကား သစ်သီးသစ်ရွက်များကို ဖြတ်တောက် လေ့ကျင့်ထားသောကြောင့် ထင်သည်၊ အပိုင်းအစ ငယ်လေးများကား အလွန်သပ်ရပ်ပြီး တိတိရိရိ ဖြစ်သည်။

အစ်ကိုနှစ်ယောက်၏လေးနက်သော အပြုအမူက ရီဖူရှင်းကို အမှန်ပင် နားမလည် ဖြစ်စေသည်။ သူ၏အစ်ကိုလေးက မြို့တော်ဝန်၏သမီးကို အမှန်ပင် ချစ်မြတ်နိုး နေသည်များလား…။ သို့တိုင်အောင် အာခီမီပြိုင်ပွဲကား အကောင်းဆုံး ပညာရှင်များ လာရောက် ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဖြစ်သည်။ ယခုမှ စတင် လေ့လာသင်ယူသော သူ၏အစ်ကိုများက ပြိုင်ပွဲကို မည်သို့ အနိုင်ရအောင် ကြံဆောင်မည်နည်း။

တိတ်ဆိတ်သော ကွင်းပြင်ကျယ်ကြီးထဲတွင် မီးတောက်များ လောင်ကျွမ်းသံများကိုသာ ကြားကြရသည်။ တဖြည်းဖြည်းဖြင့် အများစုသော သတ္တုများ အရည်ပျော် သွားသောကြောင့် မီးတောက်သံများကပါ နည်းပါးလာသည်။ ယခု လေးနာရီခန့်မျှ ကြာမြင့်သည့်တိုင် မည်သူကမှ ပြီးမြောက် အောင်မြင်ခြင်းလည်း မရှိသေးပေ။

သည်နောက်ဆုံး အဆင့်တွင် အားလုံးက သူတို့၏ပညာကုန်ကို ထုတ်သုံးကာ အကောင်းဆုံးသော လက်နက်များကို ပြုလုပ်ကြသည်။ ပြီးပြည့်စုံအောင် အားထုတ်ကြသည်။ အသေးစိတ်က အစ သေသေချာချာ ဂရုတစိုက် ပြုလုပ်ကြရရာ အချိန်ကလည်း အလွန်ယူသည်။ သို့သော်လည်း အချို့သော လူများ၏ပစ္စည်းများက ပုံသဏ္ဌာန်များ ပေါ်လာပြီ ဖြစ်သည်။

နှစ်နာရီခန့် ထပ်မံ ကြာမြင့်ပြီးနောက် လက်နက်တစ်ခုက ပုံပန်းသွင်ပြင်အားဖြင့် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်လာသည်။ ထိုအရာကား ဓားတစ်လက် ဖြစ်သည်။ ဓားက အလွန်ပါးလွှာကာ ငွေရောင်များ လင်းလက်နေသည်။ ကြောက်မက်ဖွယ် ထွင်းဖောက်နိုင်အားကို ပိုင်ဆိုင်ကာ လေကဲ့သို့ ခြေရာကောက်ခက်သော ဓားအမျိုးအစား ဖြစ်သည်။

“လက်နက်ကောင်းပဲ…” လူအများအပြားက ချီးကျူးကြသည်။ ဤသို့သော လက်နက်ကောင်း တစ်ခုကို သွန်းလုပ်နိုင်သည်မှာ အမှန်ပင် ချီးကျူးထိုက်ပေသည်။

ထို့နောက်တွင် လူအများအပြားက သူတို့၏လက်နက်များကို အပြီးသတ်ရန် ကြိုးပမ်းကြသည်။ အားလုံးက လက်နက်သွန်းလုပ်ခြင်း အပိုင်းတွင် ပညာရည် ပြည့်ဝသူများ ဖြစ်ကြသည်။ ချီလျန်က ကြီးမားသော ဓားတစ်လက်ကို သွန်းလုပ်နေကာ ရွှေရောင် အလင်းတန်းများက ဓားထံမှ ဖြာထွက်နေသည်။ ဓားက အလွန်အမင်း လေးလံဟန်ရကာ ဓားသွားကလည်း ထက်ရှလွန်း လှသည်။

“မူအုရဲ့ လက်နက်ကလည်း ပြီးတော့မယ်…” တစ်ယောက်က မှတ်ချက်ချသည်။ အားလုံးက သူ့ကို လှမ်းကြည့် ကြသည်တွင် မှော်ဖန်လုံးမှ ကြည်လင်သော စွမ်းအင်များ ရစ်သိုင်းနေကာ လှပသေသပ်သော ပုံစံက သူ၏ကျွမ်းကျင်မှုကို ပြသနေသည်။

ယူတု၏ ဖိုအိုးကြီးက အပေါ်သို့ မြင့်တက်နေကာ အလွန်လှပသော ကိုးနဂါးဖိုအိုးတစ်လုံး ဖြစ်ပေါ်လာသည်။

ကွန်ဆွန်ရီက မှော်ပေလွှာ တစ်ခုကို ပြုလုပ်နေကာ ပေလွှာပေါ်တွင် များစွာသော ပုံရိပ်များ သက်ဝင် လှုပ်ရှားနေသည်ကို မြင်ကြရသည်။ ပုံရိပ်များက ရှင်းလင်းခြင်း မရှိသေးသော်လည်း လူအများက ထူးခြားမှုကို သတိထားမိနေကြပြီ ဖြစ်သည်။

“ကွန်ဆွန်ရီ။ ယူတု၊ ချီလျန်နဲ့မူအုတို့က ထိပ်ဆုံးဆယ်နေရာကို ဝင်ရောက်မှာ သေချာနေပြီ…” တစ်ယောက်က ခန့်မှန်းသည်။ လက်နက်ပစ္စည်းများ သွန်းလုပ်ခြင်းက မပြီးသေးသော်လည်း လူအများက အဆင့်သတ်မှတ်မှုကို ခန့်မှန်းနေကြပြီ ဖြစ်သည်။ ကွန်ဆွန်ရီနှင့် ယူတုတို့ သွန်းလုပ်သော လက်နက်ပစ္စည်းများက အလွန် အရည်အသွေး မြင့်မားရပေမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset