Switch Mode

အပိုင်း (၆၂၅)

နောက်ဆုံးအဆင့်

ထိကန်း၏ အမူအရာမှ လူအများအပြားက များစွာ နားလည်နိုင်ကြသည်။ ထိကန်း၏ပါရမီနှင့် တန်ခိုးအဆင့်က သူ့အတွက် နိုဘယ်များအကြား ပြိုင်ဆိုင်ခြင်းမှာ သိပ်ထူးမခြားနားပေ။ သူ၏လက်ရှိ ရည်ရွယ်ချက်ကား ပိုင်လွေလီ ကဲ့သို့သောသူ ဖြစ်ရန်ပင်။

“ချူကျိ… မင်းကငါ့သားကို သိပ်လျှော့တွက်ရာ ရောက်သွားပြီ…” အင်ပါယာမိသားစု ခေါင်းဆောင်ထိခိုင်က ပြောသည်။ သူ၏သားနှင့် ပတ်သက်၍​ သူက တခြားလူများထက် ပိုသိသည်။ ထိကန်းကား ကြီးကျယ်သော အရာများကို လုပ်နိုင်မည့် ပါရမီရှင်ဖြစ်ကာ အချိန်တစ်ခုတွင် သူ၏အဖေကို ကျော်ဖြတ်နိုင်စွမ်းသော အလားအလာ ရှိသူလည်း ဖြစ်သည်။ သူက နာမည်ကျော် ရှန့်ထိုအဆင့်ကို ခြေချနိုင်သော သူလည်း ဖြစ်လာနိုင်ပေသည်။

အင်ပါယာမိသားစုက အာခီမီမြို့မှ အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်ကာ သူတို့၏ရိုးရာ အမွေအနှစ်ဖြစ်သော ချပ်ဝတ်လက်နက် ပြုလုပ်ခြင်းအား ဘေးချိတ်ကာ တန်ခိုးကျင့်ခြင်းတွင်သာ အာရုံစိုက်ခဲ့ကြသည်။ သို့သော်လည်း ထိခိုင်၏မျိုးဆက်တွင် ယူကလန်ကို မည်သို့မှ ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့ကြပေ။ သို့သော်လည်း ထိကန်း၏ လက်ထက်တွင်ကား ထူးခြား နိုင်ပေသည်။ နောက်တွင် အင်ပါယာ မိသားစုက အာခီမီမြို့၌ သင်္ကေတတစ်ခု ဖြစ်လာကာ အာခီမီမြို့ဟု ပြောလိုက်သည်နှင့် လူအများက အင်ပါယာ မိသားစုကိုသာ ပြေးမြင် ကြတော့မည် ဖြစ်သည်။

“ကျွန်မက ထိကန်းရဲ့ ပါရမီကို ကြားဖူးပါတယ်… ဒါပေမဲ့ မြေရိုင်းပြည်နယ် တစ်ခုလုံးက လူငယ်မျိုးဆက်တိုင်းဟာ သူတို့ကိုယ်စီကတော့ ဂုဏ်ယူရတဲ့သားတွေ သမီးတွေပဲမလား… တော်ဝင်ကျဲနန်းတော်က လူငယ်တွေက ယောက်ျားတွေအကြား နတ်ဘုရားလို့တောင် ဆိုစမှတ်ပြုရအောင် နာမည်ကြီးတာပဲ… ဒါကြောင့် ကျွန်မက ဘယ်သူ့ကိုမှ လျှော့မတွက်တာ သေချာတယ်… တကယ်လို့ ထိခိုင်… ရှင်က ကျွန်မပြောတာကို သဘောမကျရင် ကျွန်မက ဘာမှ မပြောခဲ့ဘူးလို့ သဘောထားပါ…” ချူကျိက ပြောသည်။

သူတို့အထဲတွင် လူအများအပြားက ထိပ်သီး ပါရမီရှင်များ၏ စွမ်းရည်ကို သိလိုသူများ အများအပြား ရှိကြပေသည်။ ယခု အာခီမီပြိုင်ပွဲက ပုံမှန်မဟုတ်သော တခြား ပြိုင်ဆိုင်မှုများ ရှိလာသောအခါ အားလုံးက စိတ်လှုပ်ရှား လာခဲ့ကြသည်။

တော်ဝင်ကျဲ နန်းတော်ကား မြေရိုင်းပြည်နယ် တစ်ခုလုံး၌​ တန်ခိုးကျင့်ရာတွင် အကောင်းဆုံး နယ်မြေဟု သတ်မှတ် ထားကြသည်။ ယနေ့ တော်ဝင်ကျဲ နန်းတော်မှ တပည့်များ ရောက်ရှိနေရာ အားလုံးက ထိုတန်ခိုးကျင့်ခြင်း ကောင်းကင်ဘုံမှ ပါရမီရှင်များ၏ စွမ်းရည်များကို သိလိုကြသည်။

“အာခီမီပြိုင်ပွဲပြီးတဲ့အခါ လူငယ်တွေက သူတို့နည်းလမ်းနဲ့သူတို့ လက်ရည်စမ်းလို့ ရတယ်…” ယူစီက မျက်မှောင်ကြုတ်၍ ပြောသည်။ အားလုံးက မျက်နှာလွှဲ သွားကြသည်။ သည်နေ့ကား မည်သို့ဆိုစေ အာခီမီပြိုင်ပွဲ အတွက်သာ မဟုတ်ပါလား…။ မြို့တော်ဝန်ရုံးက သည်ပွဲကို စီစဉ် ကျင်းပခြင်းဖြစ်ရာ အာခီမီပြိုင်ပွဲက ပထမဦးစားပေးဖြစ်ပြီး ကျန်သော ကိစ္စများက သိပ်အရေးမပါပေ။

ရီဖူရှင်းကလည်း သူ၏အကြည့်ကို ရွှီယီတို့ထံကို ပြောင်းလိုက်သည်။ သူတို့ လုပ်ပုံကိုင်ပုံများကို ကြည့်ကာ ရီဖူရှင်းကား ဆွံ့အနေရဆဲ ဖြစ်သည်။ တခြားလူများက သူ၏စီနီယာများ အပေါ် ပြောဆိုခြင်းမှ ရီဖူရှင်းက ကာကွယ်သည့်တိုင် သူတို့၏အပြုအမူများကား ကိုးရိုးကားရား နိုင်ကာ ပညာရှင်စံနှုန်းနှင့် နှိုင်းပါက အလွန်ဆိုးဝါး သည်ဟုပင် ပြောနိုင်သည်။

“အစ်ကို ၅က ချက်တာလား…သွန်းလုပ်နေတာလား… သူက သတ္တုပစ္စည်းတွေကို အိုးထဲကို ထည့်ပြီး ဒီအတိုင်း ချက်ပြုတ်နေတာပဲ မလား…” ယိရှောင်ရှီက ထိုမြင်ကွင်းကို ကြည့်နိုင်စွမ်းပင် အားနည်းလာဟန် ရသည်။ ကော့တေးတွင် တကယ်တမ်း သူတို့ကို ချက်ပြုတ်ကျွေးသူမှာ အစ်ကို၅ဖြစ်ကာ ဟင်းများက အလွန်အမင်း အရသာရှိပေသည်။ သို့သော်လည်း ယခု သိဒ္ဓိဝင်လက်နက်များ ပြုလုပ်ခြင်းတွင်ကား အစ်ကို၅က အရာအားလုံးကို အိုးထဲသို့ ပစ်ထည့်ကာ သည်အတိုင်း အပူပေးနေခြင်းသာ…။

သို့သော်လည်း တကယ်တမ်း အတည်လုပ်နေသည်က ရွှီယီဖြစ်သည်။ အင်း အစီအရင်ဖြင့် သဘာဝ စွမ်းအင်များကို အားကောင်းစွာ စုပ်ယူခြင်း၊ အစီအစဉ်တကျ လှည့်ပတ်ခြင်း၊ အချိန်အဆများကို မှန်ကန်စွာ ထိန်းချုပ်ခြင်း စသော အရေးကြီးသော အပိုင်းများကို ကောင်းမွန်စွာ စီမံကာ သွန်းလုပ်ခြင်း အပိုင်း၌​ သူက များစွာ သင်ယူထားနိုင်သည်ကို ပြသခဲ့သည်။ သို့သော်လည်း သူတို့နှစ်ယောက် လုပ်နေပုံကို ကြည့်ကာ သူတို့က တကယ်တမ်းရော သိဒ္ဓိဝင်လက်နက်များ သွန်းလုပ်နိုင်စွမ်း ရှိနေသလားဟူ၍ အားလုံးက သံသယ ဝင်ကြရသည်။

“သိဒ္ဓိဝင် လက်နက် သွန်းလုပ်တဲ့အပိုင်းမှာ အရေးအကြီးဆုံးက အင်း အစီအရင်ပဲ… မင်းရဲ့ အစ်ကိုက အဲဒီနေရာမှာ တော်တော် ကောင်းတယ်… ဒါပေမဲ့ သတ္တုတွေ ပြင်ဆင်တဲ့အပိုင်းက … အင်း… ပုံဖော်တဲ့အပိုင်းမှာတော့ အတော်ကို ဆိုးဆိုးဝါးဝါးလို့ ပြောရမယ်…” ကျောင်းလီက ချပ်ဝတ်လက်နက် ပြုလုပ်ခြင်း အပိုင်းတွင် အနည်းငယ် နားလည်ဟန်ရကာ မှတ်ချက်ချသည်။

“သူတို့ တကယ်ပဲ တစ်ခုခု လုပ်နိုင်ဖို့ မျှော်လင့်ရတာပဲ…” ရီဖူရှင်းကလည်း စိတ်ဓာတ်ကျစွာ ပြောသည်။ သူ၏အစ်ကိုများက အာခီမီပြိုင်ပွဲကို အဘယ်ကြောင့် ယှဉ်ပြိုင် လိုသည်ကိုလည်း နားမလည်ပေ။

ပြိုင်ပွဲဝင်များက သူတို့ လုပ်ဆောင်နေသည်များကို တစ်ယောက်ပြီး တစ်ယောက် ရပ်လိုက်ကြသည်။ အချိန်၂နာရီက ကုန်ဆုံးတော့မည် ဖြစ်သည်။ ရွှီယီနှင့် လျိုဖန်းတို့က အသည်းအသန် ချက်ပြုတ်နေကြဆဲ ဖြစ်သည်။ ရီဖူရှင်းကလည်း သူတို့ကို စိတ်ပူစွာ ကြည့်နေသည်။

“အချိန်ပြည့်ပြီ… မင်းတို့ လုပ်နေတာကို ရပ်လိုက်ကြတော့…” ကြီးကြပ်သူက ကြေညာလိုက်သည်။ ရွှီယီနှင့် လျိုဖန်းတို့ကလည်း သူတို့၏ လုပ်ငန်းဆောင်တာကို အပြီးသတ် လိုက်ကြကာ သက်ပြင်းချကြသည်။ သူတို့က အမှန်ပင် အချိန်မီ ပြီးမြောက်ခဲ့ကြသည်။

“အရည်အသွေးမြင့် နိုဘယ်လက်နက် မလုပ်နိုင်ခဲ့တဲ့လူတွေ အကုန်လုံး ထွက်သွားကြ…” ကြီးကြပ်သူက ပြောသည်။ လူအများအပြားက သူတို့ရှေ့မှ အရာဝတ္ထုများကို ကြည့်ကာ သက်ပြင်းချလျက် ထွက်သွား ကြသည်။

လူသုံးထောင် အတွင်းမှ လူများ တဖြုတ်ဖြုတ် အပြင်ထွက် သွားကြကာ မကြာမီပင် လူ၃၀၀ခန့်သာ ကွင်းထဲ ကျန်ရစ်တော့သည်။ ကွင်းပြင်ကျယ်ပြီးကလည်း ဟာလာဟင်းလင်း ဖြစ်သွားတော့၏။

“မင်းတို့ရဲ့ လက်နက်တွေကို မြှောက်ပြီး စွမ်းအင်တွေကို ထုတ်လိုက်ကြ…” ကြီးကြပ်သူက ပြောသည်။ အားလုံးက သူပြောသည့် အတိုင်းပင် လက်နက်၏ စွမ်းရည်များကို ထုတ်လွှတ်ကြသည်။ လေထဲတွင် ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာကြသည်။ သည်အဆင့်တွင် အပျော်လာရောက် ပြိုင်သည့်သူ တစ်ယောက်မှ မရှိရာ သူတို့အားလုံး၏ လက်နက်များက အဆင့်မြင့် နိုဘယ်လက်နက်များ ဖြစ်ကြသည်။

သူတို့အားလုံးက အရည်အချင်းမြင့်သော ချပ်ဝတ်လက်နက် ပညာရှင်များ အဖြစ် သတ်မှတ်နိုင်သည်။

ပို၍ အံ့အားသင့်ဖွယ်ရာ ကောင်းသည်ကား လျိုဖန်းနှင့် ရွှီယီတို့က အမှန်ပင် အဆင့်မြင့် နိုဘယ်လက်နက် တစ်ခုကို သွန်းလုပ် နိုင်ခဲ့ကြခြင်းပင်။ သူတို့၏ လက်နက်ပုံစံက အရုပ်ဆိုး အကျည်းတန်သော အုတ်ခဲပုံစံတစ်ခု ဖြစ်သော်လည်း မည်သို့ဆိုစေ ထုတ်လွှတ်သော စွမ်းရည်အရ အဆင့်မြင့် နိုဘယ်လက်နက် ဖြစ်နေဆဲပင်။

“ကြည့်ရတာ သူတို့နှစ်ယောက်က ဒီပညာမှာ တကယ်ပဲ ကြိုးစား သင်ယူခဲ့ကြတာပဲ…” ရီဖူရှင်းက ပြုံးလျက် မှတ်ချက်ချသည်။ သူ၏စီနီယာ နှစ်ယောက်က အတွေ့အကြုံနည်းကာ ကိုးရိုးကားရား နိုင်သော်လည်း မည်သို့ဆိုစေ သူတို့၏ စွမ်းဆောင်ရည်များက အထင်ကြီး လေးစားဖွယ် ကောင်းနေဆဲ ဖြစ်သည်။ သူတို့ပြုလုပ်သည့် လက်နက်က ပုံစံ အရွယ်အစားအားဖြင့် အလွန်အရုပ်ဆိုး သွားရခြင်းကား သူတို့က သိဒ္ဓိဝင် လက်နက်ပြုလုပ်ခြင်း၏ အရေးအကြီးဆုံးသော အင်းအစီအရင်ကိုသာ သေချာစွာ လေ့လာကာ တခြား အခြေခံကျသော အချက်များကို လျစ်လျူရှုခဲ့မိ၍သာ ဖြစ်သည်။

ကြီးကြပ်သူက သူတို့နှစ်ယောက်ကို သေသေချာချာ ကြည့်ကာ ဘာမှ မပြောပေ။ ထို့နောက် သူက ဆက်လက်၍ ကြေညာသည်… “နောက်တစ်ဆင့်မှာ ကျုပ်တို့က မင်းတို့အတွက် သတ္တုတွေနဲ့ ဖိုအိုးတွေကို စီမံပေးမယ်… မင်းတို့က ကွဲပြားတဲ့ ဓာတ်သတ္တုတွေကို စိတ်ကြိုက်ရွေးလို့ရသလို ဖိုအိုးရဲ့ ဂုဏ်သတ္တိတွေကလည်း အတူတူတွေပဲ… ဒါပေမဲ့ မင်းတို့အားလုံးက သတ္တုသုံးမျိုးကိုပဲ ရွေးပိုင်ခွင့်ရှိတယ်… ဒီတူညီတဲ့ အခြေအနေမှာ မင်းတို့အားလုံးက အဆင့်အမြင့်ဆုံး နိုဘယ် လက်နက်တွေကို သွန်းလုပ်နိုင်ရမယ်…”

ကြေညာပြီးသည်နှင့် လူအများအပြားက သတ္တုများ ဖိုအိုးများကို သယ်ဆောင်ကာ ကွင်းထဲကို ဝင်လာကြသည်။ သူတို့အားလုံးက မိန်းမများ ဖြစ်ကြကာ ပြိုင်ပွဲဝင်များအတွက် ပစ္စည်းများ ဝေပေးခြင်း ဖိုအိုးများ နေရာချပေးခြင်းများကို ကူညီပေးကြသည်။

သည်တစ်ခေါက်ကား တူညီသော အခြေအနေတစ်ခုတွင် လက်နက် သွန်းလုပ်ရမည်ဖြစ်ရာ ထိပ်ဆုံး ၁၀၀ စာရင်းထဲဝင်ရန် မှန်ကန်သော စမ်းသပ်မှုဟုလည်း ပြောနိုင်သည်။ ထိပ်ဆုံး၁၀၀က အာခီမီမြို့ကို ဝင်ပိုင်ခွင့်ရှိမည် ဖြစ်သည်။

ထို့နောက် လူ၃၀၀ က နေရာယူကာ သူတို့၏သတ္တုများကို နေရာတကျ စီမံကြသည်။ အားလုံး၏ အမူအရာများက လေးနက်နေကြသည်။ နောက်တစ်ဆင့်ကား အရေးကြီးကာ အားလုံးက ထိပ်ဆုံးလူ ၁၀၀ထဲကို ဝင်လိုကြသည်။

“ညီလေး… မင်းက ဒီတစ်ခေါက် သေသေချာချာလုပ်… ပြဿနာမရှာနဲ့…” ရွှီယီက တီးတိုးပြောသည်။ သူတို့က နောက်တစ်ဆင့် တက်ရန် လိုပေသည်။

“ကျုပ်က ဘယ်တုန်းက ပြဿနာရှာလို့လဲ…” လျိုဖန်းက ပြောသည်။

“စမယ်…” အကြီးအကဲက နောက်တစ်ဆင့် လက်နက် သွန်းလုပ်ခြင်း အတွက် ကြေညာသည်။ အားလုံးက ချက်ချင်း အလုပ်များ သွားကြသည်။ လျိုဖန်းနှင့် ရွှီယီတို့ကလည်း မူလကလို စကားများနိုင်ခြင်း မရှိတော့ဘဲ လေးနက်စွာ လုပ်ဆောင်ကြသည်။

အချိန်များ ကုန်ဆုံးသွားကာ နောက်ဆုံးတွင် တစ်ယောက်က ပြောသည်…

“ပြီးပြီ…”

ထိုလူကား မူအုဖြစ်သည်။ သူက သာမန် ဓားမြှောင် တစ်လက်ကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဓားထံမှ ကြောက်မက်ဖွယ် ကောင်းသော ထက်ရှမှုကို ခံစားကြရသည်။ အားလုံးက တိတ်ဆိတ်စွာ​ ခေါင်းညိတ်ကြသည်။ မူအုကား အမှန်ပင် သည်ပညာရပ်၌ အတွေ့အကြုံ ကြွယ်ဝသည်။ သူက အမြန်ဆုံး ဖြစ်နေသည်မှာ မထူးဆန်းပေ။

ချီလျန်ကား ဒုတိယမြောက်ပြီးသူ ဖြစ်သည်။ ထိုအရာကလည်း ဓားရှည်တစ်လက် ဖြစ်၏။

အာခီမီမြို့ လုကလန်မှ လုဝေက တတိယမြောက်တွင် ပြီးသည်။ ထို့နောက်တွင် ကျောက်ကလန်မှ ကျောက်ရှမ်းက ပြီးမြောက်သည်။ သူတို့အားလုံးက အာခီမီမြို့၌ နာမည်ကျော်များ ဖြစ်ကြသည်။

တစ်ယောက်ပြီး တစ်ယောက်က လက်နက်သွန်းလုပ်ခြင်း အမှုကို ပြီးစီးသွားကြသည်။ သို့သော်လည်း ကွန်ဆွန်ရီ၊ ယူတုနှင့် ယွီမိန်တို့ကား အာရုံစူးနစ်ကာ သွန်းလုပ်နေကြဆဲ ဖြစ်သည်။ သူတို့က ပြိုင်ပွဲဝင်နေသည်နှင့်ပင် မတူဘဲ သူတို့လိုက်စားသော ပညာရပ်ကို အကောင်းဆုံး ဖြစ်လိုသောစိတ်ဖြင့် သေသေချာချာ အသေးစိတ် သွန်းလုပ်နေခြင်းနှင့် တူပေသည်။

ယူတုက လက်အိတ်တစ်စုံကို သွန်းလုပ်ခဲ့ကာ အလွန်လှပ သေသပ်ပေသည်။ လက်အိတ်က နဂါးတစ်ကောင်ကို အတုယူပြုလုပ်ထားကာ အလွန်အမင်း အားကောင်းသော စွမ်းအင်များကို ထုတ်လွှတ်နိုင်သည်။

“မြို့တော်ဝန်ရဲ့ ဆက်ခံသူလို့ မပြောရဘူး…” အချို့က တီးတိုး ပြောကြသည်။

ကွန်ဆွန်ရီ၏ လက်နက်ကလည်း နိမ့်ကျခြင်း မရှိပေ။ သူက နတ်ငှက် အတောင်ပံ တစ်စုံကို သွန်းလုပ်ကာ  ရွှေရောင်များ လင်းလက်နေပြီး အလွန်အမင်း အားကောင်းသော အရှိန်အဝါကို ပေးသည်။ ဓာတ်သဘာဝအားဖြင့် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နှစ်ခုလုံး စွမ်းဆောင်နိုင်ကာ ဝတ်ဆင်သူကား မြန်ဆန်စေသည်။ ဤမျှသော အချိန်တိုအတွင်း ဤသို့သော ထူးခြား ကောင်းမွန်သော ချတ်ဝတ် လက်နက်အား သွန်းလုပ်နိုင်ခြင်းက အလွန်မြင့်မားသော အရည်အချင်း တစ်ရပ် ဖြစ်ပေသည်။

“ငါတို့ ပြီးပြီ…” အားရကျေနပ်သော အသံတစ်သံကို ကြားကြရသည်။ ရွှီယီနှင့် လျိုဖန်တို့က အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့ သွန်းလုပ်ခဲ့သည်ကား အုတ်ခဲတစ်ခဲသာ ဖြစ်သည်။ ရွှီယီ၏လက်ထဲမှ အုတ်ခဲကား ကြောက်မက်ဖွယ် အားလှိုင်းများ ဖြာထွက်နေသည်။ လင်းလိုက် မှိန်လိုက်ဖြင့် ဓာတ်စွမ်းအင်များ ဆော့ကစားနေပုံမှာ မည်မျှ စွမ်းအားကြီးမည်ကို ခန့်မှန်း၍ ရသည်။

“ဒါ…”

အားလုံးက ဆွံ့အကြရသည်။ သူတို့၏ နောက်ဆုံး ဖန်တီးမှုက ယခင်ပြုလုပ်ခဲ့သော အရာနှင့် ဆင်တူလှသည်။ သူတို့၏ ယခင်တစ်ခေါက် အုတ်ခဲကိုပင် သည်တစ်ခေါက် ပိုမိုကောင်းမွန်သော ပုံစံဖြင့် ထုတ်လုပ်လိုက် ကြသည်လား…။ သူတို့က အုတ်ခဲ ထုတ်လုပ်သည်ကို ပိုမိုရင်းနှီး ကျွမ်းဝင်အောင် လေ့ကျင့်နေကြသည်လား…။

ဤသို့သော ပုံစံဖြင့် ပြိုင်ပွဲဝင်ခြင်းကို တားမြစ်ထားခြင်း မရှိသည့်တိုင် ထိုအရုပ်ဆိုး အကျည်းတန်သော ပုံစံကိုပင် နောက်တစ်ခေါက် အရှက်မရှိ သွန်းလုပ်ခြင်းက မလွန်ကဲဘူးလား…။

“ဒီလိုကောင်တွေက ဘယ်လိုလုပ် အာခီမီပြိုင်ပွဲကို ရောက်လာရတာလဲ… ဒါက စော်ကားတာပဲ…” ထိကျိုးက အေးစက်စွာ ပြောသည်။

“ပညာရပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို နည်းဗျူဟာနဲ့ အစားထိုး လိုက်တယ်… အကွက်ကောင်းပဲ…” ရီဖူရှင်းက ကျယ်လောင်စွာ ချီးကျူးလိုက်သည်။

“မင်းက ဒါကို နည်းဗျူဟာလို့ ခေါ်တာလား…” လူအများအပြားက ရီဖူရှင်းကို ကြည့်ကာ သူကား သူ၏ စီနီယာများလိုပင် အရှက်မရှိဟု တွေးကြသည်။

လူတစ်ရာခန့်က လက်နက်ကို ပြီးမြောက်အောင် သွန်းလုပ်နိုင်ခဲ့ကြကာ သူတို့လက်နက်၏ စွမ်းရည်များကို အစမ်းသပ် ခံကြသည်။ နောက်ဆုံးတွင် လူ ၁၂၀သာ ကျန်ရစ်ခဲ့ကာ နောက်ဆုံးအဆင့် ပြိုင်ပွဲသို့ ရောက်လာခဲ့သည်။

အချိန်မီ မပြီးမြောက်ခဲ့သူများ အားလုံးက ရွှီယီနှင့် လျိုဖန်းတို့ကို ရွံရှာသော အမူအရာများဖြင့် ကြည့်ကြသည်။ အကယ်၍ သည်နည်းလမ်းကသာ အလုပ်ဖြစ်မည်ကို ကြိုသိပါက သူတို့လည်း ထို့နည်းတူ လုပ်ခဲ့ကြမည် ဖြစ်သည်။ မည်သို့ဆိုစေ ယခုကား နောက်ကျခဲ့ပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset