အာခီမီပြိုင်ပွဲ၏ ပထမအကျော့က ပြီးဆုံးသွားကာ လူသုံးထောင်ခန့်သာ ကျန်ရစ်သည်။ ကျန်ရစ်သူများကား အဆင့်မြင့် ပညာရှင်များ ဖြစ်ကြသည်။
ဤသို့သော လက်နက်များ ပြုလုပ်ခြင်းက လိုအပ်ချက် မြင့်မားကာ ပါဝင်သော သတ္တုများကို အရည်ပျော်အောင် အားထုတ်ခြင်းကပင် အလွန် အချိန်ကုန်သည်။ အကယ်၍ သူတို့သုံးသော မီးတောက်က လုံလုံလောက်လောက် အားကောင်းခြင်း မရှိပါလျှင် ပါဝင်သော သတ္တုများက ပေးထားသော အချိန်အတွင်း အရည်ပျော်မည် မဟုတ်ပေ။
လူအများက တဖြည်းဖြည်း ရွှီယီနှင့်လျိုဖန်းတို့ကို သတိထားမိ လာကြသည်။ သူတို့နှစ်ယောက်၏ အပြုအမူများက ထူးဆန်းလှပေ၏။ သို့သော်လည်း ဘယ်သူမှ အရေးတယူ ပြောမနေကြပေ။ ပြိုင်ပွဲဝင်များက စည်းမျဉ်း စည်းကမ်းများကို မဖျိုးဖောက်သရွေ့ ဘာပြဿနာမှ မရှိပေ။
“လူခွဲပြီးတော့ နေရာယူကြမယ်…” ကြီးကြပ်သူက ပြောသည်။ လူ ၃၀၀၀ က ဖိုအိုးကြီးများ၏ အောက်တွင် အသီးသီး နေရာယူကြသည်။ လူအရေအတွက် များစွာ လျော့ပါးသွားရာ ပြိုင်ပွဲဝင်များအကြား အကွာအဝေးက ပိုမိုကျယ်သွားသောကြောင့် တစ်ဦး တစ်ယောက်ချင်း၏ လှုပ်ရှားမှုတို့ကို ပိုမို၍ သတိထားမိနိုင်သည်။
“မင်းတို့ အားလုံးက ပစ္စည်းသွန်းလုပ်ဖို့ အချိန် ၂နာရီ ရမယ်… အဆင့်မြင့်တန်း နိုဘယ်လက်နက် သွန်းလုပ်နိုင်သူ ဘယ်သူမဆို နောက်တစ်ဆင့် တက်မယ်…အခု စလို့ရပြီ…” ကြီးကြပ်သူက ကြေညာသည်။ သည်တစ်ခေါက် ပေးသော အချိန်က ကြာမြင့်သလို နောက်တစ်ဆင့် တက်ရန် လိုအပ်ချက်ကလည်း မြင့်ပေသည်။ ပထမအဆင့် အောင်မြင်ရန် သိဒ္ဓိဝင် လက်နက်တစ်ခုကို အချိန်တိုအတွင်း ပြီးမြောက်ရမည် ဖြစ်ကာ ယခု ဒုတိယအဆင့်အတွက် အချိန်၂နာရီအတွင်း အဆင့်မြင့်တန်း နိုဘယ်လက်နက်တစ်ခု ဖန်တီးရမည် ဖြစ်သည်။
လူသုံးထောင်က စတင်၍ ကိုယ်စီလက်နက်များ သွန်းလုပ် ကြတော့သည်။ ထို့အပြင် သူတို့က အတိမ်းအစောင်း ဖြစ်ကာ အရည်အသွေး မမီသော လက်နက်များ ဖြစ်သွားမည်ကိုလည်း ဂရုစိုက်ကြရသည်။ အကယ်၍ သူတို့က အရည်အသွေးမြင့် လက်နက်ကို နှစ်နာရီအတွင်း သွန်းလုပ်ရပါက သေချာပေါက် အမှား ပြုလုပ်မိ နိုင်ပေသည်။
“ယူတုက တကယ်ပဲ မြို့တော်ဝန် အိမ်တော်ရဲ့ ဆက်ခံသူပဲ… သူ့ပညာရပ်က အဆင့်မြင့်တယ်… အသက်ငယ်ငယ်နဲ့ သူ့လောက် ကျွမ်းကျင်မှု ရှိတဲ့လူ ရှားတယ်…” ယန်ကျွမ်က ယူတုကို ကြည့်ကာ မှတ်ချက်ချသည်။
“ကွန်ဆွန်ရီလည်း အဆင်ပြေပုံပဲ… သူထုတ်သုံးတဲ့ မီးတောက်ကလည်း တော်တော် အားကောင်းတယ်… သတ္တုတွေကို အရည်ပျော်နိုင်စွမ်းမှာ ဒုတိယလိုက်တယ် ပြောရမယ်…” အင်ပါယာမိသားစု ခေါင်းဆောင်ထိခိုင်က ပိန်ပါးသော လူငယ်ကို ကြည့်ကာ ပြောသည်။
ကွန်ဆွန်ရီ၊ ယူတု၊ ချီလျန်၊ ယွီမိန်နှင့် တခြားလူများက အတော် နာမည်ကျော်ကြသည်။ အထူးသဖြင့် ကွန်ဆွန်ရီကား အင်ပါယာ မိသားစုမှ ထိကန်းကဲ့သို့ နာမည်ကျော်ကြားသူ ဖြစ်သည်။
အာခီမီမြို့ကား ချပ်ဝတ်လက်နက် ပညာရှင်များအတွက် သီးသန့်ကမ္ဘာဟု ပြော၍ ရသည်။ ကွန်ဆွန်ရီ၏ပါရမီနှင့် အရည်အချင်းက မြို့တော်ဝန်၏ လက်အောက်တွင်သာ အနီးကပ် သင်ကြားနိုင်ပါက အလွန်အမင်း ထွန်းတောက် လာနိုင်ပေသည်။
“မူအုကလည်း တော်တော် ချောမောအောင် လုပ်နိုင်တယ်… သူက အသက် နည်းနည်း ကြီးသွားတာ ဆိုးတာပဲ…” တစ်ယောက်က မူအုကို ကြည့်ကာ ပြောသည်။ ထိပ်သီး ချပ်ဝတ်လက်နက် ပညာရှင်များကား တန်ခိုးကျင့်ခြင်းတွင်လည်း ပါရမီမြင့်ရန် လိုအပ်ပေသည်။ မဟုတ်ပါက သူတို့၏ လက်နက်သွန်းလုပ်ခြင်း စွမ်းရည်များက အကန့်အသတ် ရှိပေသည်၊ နိုဘယ်တစ်ယောက်က ရှီအဆင့်လက်နက် မပြုလုပ်နိုင်ပေ။
ယူစီကား ကောင်းကင်မြေရိုင်း အဆင့် ၈ နေရာ၌ ရှိခြင်းမှာ သူ၏လက်နက် သွန်းလုပ်ခြင်း အတတ်နှင့် တန်ခိုးအစွမ်းတို့ နှစ်ခုလုံးက အလွန်မြင့်မား၍ ဖြစ်သည်။ ထို့ကြောင့်လည်း သူက အာခီမီမြို့၏ အမှတ်သင်္ကေတ ဖြစ်လာခဲ့ခြင်း မဟုတ်ပါလော…။
ပရိသတ်များက အလုပ်ရှုပ်နေသော ပြိုင်ပွဲဝင်များကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။ အချို့သော ပညာရှင်များက ရွှီယီနှင့် လျိုဖန်းတို့ကို သတိထားမိကြသည်… “အဲဒီနှစ်ယောက်က ဘာတွေ လုပ်နေကြတာတုန်း…” တခြားလူများကလည်း ထိုနှစ်ယောက်ကို လှမ်းကြည့်ကြသည်။ ရွှီယီက အင်း အစီအရင်ဖြင့် သဘာဝ စွမ်းအင်များကို လှုပ်ရှား လည်ပတ်နေသော အချိန်တွင် လျိုဖန်းက အိုးထဲကို ပစ္စည်းများ သည်အတိုင်း ပစ်ထည့်နေသည်ကိုသာ မြင်ကြရသည်။ အိုးကလည်း ချုပ်ပြုတ်သည့်အိုး ဖြစ်ဟန်ရကာ သူတို့နှစ်ယောက်၏ အပြုအမူများက ချပ်ဝတ်လက်နက် သွန်းလုပ်ခြင်းတွင် လုံးဝ အတွေ့အကြုံ မရှိသူများဖြစ်ကြောင်း ပေါ်လွင်နေပေသည်။ သူတို့က လုပ်နည်း လုပ်ဟန်များကို စာအုပ်များတွင်သာ ဖတ်ဖူးဟန်ရကာ လက်တွေ့ လုံးဝမရှိကြောင်း သိသာလွန်းလှ၏။
“သူတို့က ဒီလိုပဲ လက်နက်တွေ လုပ်တာလား…” လူအများအပြားက အံ့အားသင့် ကြရသည်။ သူတို့ သွန်းလုပ်သည့်ပုံစံက အသစ် တီထွင်ခြင်း မဟုတ်ဘဲ သည်ပညာရပ်တွင် နကန်းတစ်လုံးမှ မတတ်မြောက်ခြင်းသာ ဖြစ်ကြောင်း မြင်နေရ၏။
နတ်သမီးအိမ်တော်မှ ချူကျိက ရယ်မော၍ ပြောသည်… “ဒီလို စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြိုင်ပွဲဝင်တွေ ပါလာမယ်လို့ ငါမသိခဲ့ဘူး…”
“သူတို့က ဒီလောက် အခြေခံလေးတောင် မသိတာတောင်မှ ပြိုင်ပွဲကို အလေးအနက် ယှဉ်ပြိုင်နေကြသလိုပဲ…”
အာခီမီပြိုင်ပွဲကား ဂုဏ်သိက္ခာ အဆင့်အတန်း မြင့်မားပေသည်။ ယခု သည်နှစ်ယောက်က ထိုမျှလောက်သော အရည်အချင်းဖြင့် ထိပ်ဆုံးလူ၁၀၀ စာရင်းသို့ ဝင်လိုကြသည်လား…။
ရီဖူရှင်းက လူအများအပြား၏ မှတ်ချက်များကို ကြားကာ ဆွံ့အရသည်။
“ဒါပေမဲ့ သူတို့ကို သေသေချာချာ ကြည့်ပါ… သူတို့က ဒီပညာရပ်မှာ အတွေ့အကြုံ မရှိပေမဲ့ တော်တော် အဆင်ပြေပြေ လုပ်နိုင်ကြတယ်… အင်း အစီအရင်နဲ့ မီးတောက် အချိန်အဆတွေ အကုန်လုံးက ပြည့်စုံတယ် ပြောရမယ်… တကယ်လို့ သူတို့ကသာ ဒီပညာကို သေသေချာချာ လေ့လာလိုက်စားရင် အချိန်တိုအတွင်း အဆင့်မြင့် ပညာရှင်တွေ ဖြစ်လာလိမ့်မယ်…”
“သူတို့လုပ်တာ အဆင်ပြေတယ် ဆိုရင်တောင် အာခီမီပြိုင်ပွဲမှာ ဒီလိုလာပြိုင်တာက ပြိုင်ပွဲကို စော်ကားတာပဲ…” ထိကန်းက ပြောသည်။
“အာခီမီပြိုင်ပွဲက ချပ်ဝတ်လက်နက် လုပ်တဲ့ပညာရပ် ကျွမ်းကျင်သူတွေ အားလုံးကို လက်ခံ ကျင်းပပေးတဲ့ပြိုင်ပွဲပဲ… မင်းက လူမျိုးစုံကို တွေ့တာ မထူးဆန်းပါဘူး…”
ကျူးကော့မင်းယွီနှင့် ကျူးကော့ခမ်ယန်တို့က ဘာမှ မပြောကြပေ။ ရွှီယီနှင့် လျိုဖန်းတို့က ကျူးကော့မိသားစုကို လာရောက် ဖူးကြပေသည်။ သူတို့က ထိပ်သီးအင်အားစု နောက်ခံမရှိသလို အလွန်အမင်း ထင်ပေါ်သူများလည်း မဟုတ်ရာ သူတို့နှစ်ယောက်အား သိသူ သိပ်မရှိကြပေ။ ထို့ကြောင့် ရွှီယီတို့က ကျူးကော့မင်းယွီနှင့် ဆက်စပ်မှုရှိသည်ကို ဘယ်သူမှ မသိကြပေ။
“သူတို့က ပါရမီရှင်တွေပဲ…” တစ်ယောက်က ပြောလိုက်သည်တွင် လူအများအပြားက လှမ်းကြည့်ကြသည်။ ရီဖူရှင်းက ပြုံးလျက် ဆက်ပြောသည်… “သူတို့က သိဒ္ဓိဝင်ပစ္စည်းတွေ လုပ်တာနဲ့ ပတ်သက်ပြီး နည်းနည်းလေးပဲ သိပေမဲ့ အခုမှ စပြီး လေ့လာတဲ့သူတွေ ဆိုတာလည်း မြင်နိုင်တယ်… အခုလို စပြီးလေ့လာတဲ့သူ တစ်ယောက်အနေနဲ့ ဒီအဆင့်အထိ စွမ်းဆောင်နိုင်တာ သာမန် ဘယ်ဟုတ်ပါ့မလဲ… ကျုပ်က ချပ်ဝတ် လက်နက်ပညာရှင် မဟုတ်ပေမဲ့ သူတို့က ကျုပ်တို့ ပုံမှန်မြင်နေကျ ပါရမီရှင်မျိုး မဟုတ်ဘူးလို့ အတတ် ပြောနိုင်တယ်… သူတို့ကသာ ဒီပညာမှာ သေသေချာချာ လေ့လာရင် အဆင့်မြင့် ချပ်ဝတ်လက်နက် ပညာရှင်တွေ ဖြစ်လာမှာ သေချာတယ်…”
လူအများအပြားက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ လူအများအပြားက ထိုနှစ်ယောက်ကို ဝေဖန်ပြစ်တင်နေသော အချိန်တွင် ရီဖူရှင်းက သူတို့နှစ်ယောက်အား ပါရမီရှင်ဟု ခေါ်နေသည်။
သည်ကဲ့သော ပါရမီရှင်မျိုး အမှန်တကယ်ရော ရှိပါ၏လော…။
ရီဖူရှင်းက တခြားလူများ၏ အတွေးကို ဂရုမစိုက်ပေ။ ရွှီယီနှင့် လျိုဖန်းတို့က အာခီမီပြိုင်ပွဲတွင် ပါဝင်သည်ဖြစ်စေ မပါဝင်သည် ဖြစ်စေ တခြားလူများက သူတို့နှစ်ဦးကို ဝေဖန်ခြင်းအပေါ် ရီဖူရှင်းက သည်းမခံနိုင်ပေ။ သူတို့ကား မည်သို့ဆိုစေ သူ၏စီနီယာများဖြစ်ကာ သူတို့ဘက်မှ ရပ်တည်ပေးရန် လိုပေသည်။
ထိကန်းက ရီဖူရှင်းကို ကြည့်ကာ ပြုံးသည်… “ဒါဆို မင်းက အဲဒီလို ပါရမီရှင်မျိုးလား…” လွန်ခဲ့သော ရက်အနည်းငယ်က ရီဖူရှင်းတို့ အုပ်စုနှင့် လီဖူတုတို့အုပ်စု ရင်ဆိုင် တိုက်ခိုက်ခဲ့ကြကာ ရီဖူရှင်းတို့ အနိုင်ရခဲ့သည်ဟု သူကြားခဲ့သည်။ ထို့ကြောင့် လီဖူတုကား သည်နေရာသို့ ရောက်လာသည်နှင့် အရှုံးသမား ဖြစ်ခဲ့ရ၏။ တော်ဝင်ကျဲ နန်းတော်ကား မြေရိုင်းပြည်နယ်၏ တန်ခိုးကျင့်ခြင်း ကောင်းကင်ဘုံဖြစ်ကာ ပိုင်လွေလီကဲ့သို့သော ပါရမီရှင်မျိုးအား မွေးထုတ်ခဲ့သည်။ ရီဖူရှင်းကလည်း နန်းတော်ဝင်ခွင့် စာမေးပွဲကို ပထမဖြင့် ဝင်ရောက်ခဲ့သော ရှားပါး ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သို့တိုင်အောင် ထိကန်းက ပိုင်လွေလီနှင့် ရီဖူရှင်းတို့နှင့် မိမိကိုယ်ကို ယှဉ်လျှင်ပင် မည်သည့်နည်းနှင့်မှ နိမ့်ကျသည် မခံစားရပေ။ သူသာလျှင် ယခုမျိုးဆက်၏ အတောက်ပဆုံး ကြယ်တစ်ပွင့်ဟုပင် ခံယူထားသည်။
ရီဖူရှင်းက ထိကန်းကို ကြည့်သည်။ သူက ထိကန်းကို မမြင်ဖူးသော်လည်း ထိုလူငယ်၏ မျက်လုံးများထဲမှ မောက်မာဝင့်ကြွားမှုနှင့် မာန်မာနတို့ကို မြင်သည်နှင့် အင်ပါယာမိသားစုမှ ထိကန်းဟု ခန့်မှန်းမိသည်။
“ကျုပ်က ချပ်ဝတ်လက်နက် ပညာရှင် မဟုတ်ဘူး..” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ကျုပ်ကြားတာ တော်ဝင်ကျဲနန်းတော် ရီဖူရှင်းက သံစဉ်တစ်ခုတည်းကို သုံးပြီး တခြားလူတွေ အားလုံးရဲ့ စိတ်နဲ့ ပေါင်းစပ်နိုင်တယ်တဲ့… လွန်ခဲ့တဲ့သုံးနှစ်က တော်ဝင်ကျဲ နန်းတော် ဝင်ခွင့်ပထမက ပညာရပ်မျိုးစုံ ထူးချွန်တယ်ဆိုပဲ…” ထိကန်းက ပြောသည်။
“ကျုပ်က အဆင်ပြေနေပါတယ်…” ရီဖူရှင်းက အေးအေးလူလူ ပြောသည်။
“ဒါက စိတ်မကောင်းစရာပဲ… အားလုံးကို လိုက်ပြီး ဟိုစပ်စပ်ဒီစပ်စပ် လုပ်တာတွေက နောက်ဆုံး အကျိုးမရှိ ဖြစ်တတ်တယ်… ဘာလို့ မင်းရဲ့ ခွန်အားတွေကို တစ်နေရာတည်းမှာ အသုံးမချ နိုင်ရတာလဲ…” ထိကန်းက ပြောသည်… “သူတို့ နှစ်ယောက်လိုပေါ့… သူတို့က ဒီပညာရပ်မှာ ပါရမီရှိရင်တောင်မှ ဒီလို အဆင့်မြင့်တန်း ပြိုင်ပွဲမှာ နကန်းတစ်လုံးမှ နားမလည်ဘဲ လာပြိုင်မှတော့ သူတို့ ပြုလုပ်သမျှက အမှိုက်တစ်ခုထက် ပိုမှာ မဟုတ်ဘူး…”
“ခင်ဗျားရဲ့ညီလေး ထိကျိုးက ဘယ်လိုလဲ…” ရီဖူရှင်းက ပြုံးလျက် မေးသည်။
“သူက အဆင်ပြေနေပါတယ်… လုံးဝ ခြွင်းချက်မဲ့ ဆိုတာတော့ မဟုတ်ပေမဲ့ သူကလည်း ပါရမီရှင် တစ်ယောက်ပါပဲ…” ထိကန်းက ပြောသည်။
“အင်ပါယာမိသားစု ထိကန်းက တကယ်ပဲ နှိမ့်ချတတ်ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ဆက်ပြောသည်… “ကျုပ်က ပညာရပ်မျိုးစုံကို လေ့ကျင့်ပြီးတော့ အများကြီး ကျွမ်းကျင်ခြင်း မရှိသည့်တိုင် ကျုပ်က ခင်ဗျားပြောတဲ့ ပါရမီရှင်တွေရဲ့ အထူးချွန်ဆုံးဆိုတဲ့ ပညာတွေထက် တတ်ကျွမ်း ပါသေးတယ်… ဒါကြောင့် ခင်ဗျားစိတ်ပူဖို့ မလိုပါဘူး… ခင်ဗျားက ချပ်ဝတ်လက်နက်လုပ်တဲ့ အမှုကိစ္စမှာပဲ စိတ်ပူပါ…”
လူအများအပြားက လူငယ်နှစ်ယောက်ကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ တစ်ယောက်ကား အာခီမီမြို့မှ အထွန်းတောက်ဆုံး ကြယ်ပွင့်ဖြစ်ကာ နောက်တစ်ယောက်ကား နာမည်ကျော် တော်ဝင်ကျဲ နန်းတော်မှ ဖြစ်သည်။
ရီဖူရှင်း၏ ဆိုလိုရင်းက ရှင်းသည်။ ထိကန်း ပြောသော အမှိုက်က သူ၏ညီငယ် ထူးချွန်သည့် အပိုင်းထက် ပိုမိုသာလွန်သေးသည်။ ထို့ကြောင့် ထိကန်းက တခြားလူများ၏ အမှုကိစ္စကို စိတ်မဝင်စားဘဲ မိမိအရေးကိုသာ အာရုံစိုက် သင့်သည်။
ရီဖူရှင်းက ပြုံးနေဆဲ ဖြစ်သည်။ ထိကန်းက အာခီမီမြို့မှ နာမည် အကျော်ဆုံး ပါရမီရှင်ဖြစ်ကာ ရီဖူရှင်းကလည်း ခေသူတော့ မဟုတ်ပေ။ ထို့ကြောင့် ထိကန်းက သူ၏ကျော်စောမှုကို အသုံးချကာ နေရာတကာ လိုက်လံ ဝေဖန်နေစရာ အကြောင်းမရှိပေ။ ထို့ကြောင့်လည်း ရီဖူရှင်းက ထိကျိုးကို ရည်ရွယ် ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ထိကန်းက လူပုံအလယ်တွင် သူ၏စီနီယာများကို စော်ကားပြောဆိုခြင်းကို သူ သဘောမကျပေ။ ထိကန်းက သူ၏စကားကို မဆင်ခြင်မှတော့ ရီဖူရှင်းလည်း ပြန်တုံ့ပြန်ပေးမှ ရပေမည်။
“မင်းက ဘာကို ဆိုလိုတာလဲ…” ထိကျိုး၏နောက်မှ ထိကန်းက အေးစက်စွာ မေးသည်။ ရီဖူရှင်းက သူ့အား တမင် စော်ကား နေသည်ကို သူသိသည်။
“အာခီမီပြိုင်ပွဲက ချပ်ဝတ်လက်နက် ပြုလုပ်သူလို့ မိမိကိုယ်ကို ခံယူတဲ့လူမှန်သမျှကို ပြိုင်ပွဲဝင်ခွင့်ပေးတယ်… သူတို့ရဲ့ စွမ်းဆောင်ရည်ကို အဆင့်မီလား မမီလားဆိုတာ အကဲဖြတ်မယ့်လူလည်း သတ်သတ်ရှိတယ်… နိုဘယ်တစ်ယောက်က ပြိုင်ပွဲကို ဘယ်တုန်းက အကဲဖြတ်ပိုင်ခွင့် ရှိသွားတာလဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်တွင် ထိကန်းနှင့် ထိကျိုးတို့ နှစ်ယောက်လုံး မှင်တက် သွားကြသည်။
“ပြီးတော့ သူတို့က ကျုပ်ရဲ့ စီနီယာတွေပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ လူအများအပြားက ရီဖူရှင်းကို ကြည့်ကာ ရွှီယီတို့ကို ကြည့်ကြသည်။ သူတို့အားလုံး ရီဖူရှင်းက အဘယ်ကြောင့် သည်မျှ ဝင်ပြောနေရသည် ကိုလည်း နားလည် လိုက်ကြသည်။
“သူတို့က တော်ဝင်ကျဲ နန်းတော်ကလား…” ထိကန်းက ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် မေးသည်။
“တော်ဝင်ကျဲ နန်းတော်ကို မဝင်ခင်က စီနီယာတွေ…” ရီဖူရှင်းက ပြောသည်။
“စိတ်ဝင်စားစရာပဲ…” ထိကန်းက ရီဖူရှင်း၏ စကားကို ကြားကာ မဲ့ပြုံးပြုံးသည်… “မင်းရဲ့ တန်ခိုးအဆင့်က နည်းနည်း နိမ့်နေတာ စိတ်မကောင်းစရာပဲ…” အကယ်၍ ရီဖူရှင်း၏ တန်ခိုးအဆင့်သာ အနည်းငယ်မြင့်ပြီး သူနှင့် တူညီပါက အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်သည်။
ရယ်သံတစ်ချက် ကြားလိုက်ကာ ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်… “ဒီကောင်လေးက နဝမတန်းစား နိုဘယ်အဖြစ်နဲ့ တော်ဝင်ကျဲ နန်းတော်ဝင်ခွင့် ပထမ ဖြစ်ခဲ့တယ်… အဋ္ဌမတန်းစား နိုဘယ်အဖြစ်နဲ့ နန်းတော်ပါရမီရှင်အဆင့် ဇယားနံပတ်၁၀ ကို တက်ရောက်ခဲ့တယ်… စတုတ္ထတန်းစား နိုဘယ်အဖြစ်နဲ့ အာခီမီ လောင်းကစားရုံက ရတနာတွေကို ရယူခဲ့တယ်… တကယ်လို့ သူသာ တန်ခိုးအဆင့် ဒီထက် နည်းနည်းမြင့်ခဲ့ရင် မြေရိုင်းပြည်နယ်က နိုဘယ်တွေ တကယ်ရော သူ့ကို ယှဉ်နိုင်ပါ့မလား…ဘယ်လိုထင်လဲ မောင်ငယ်လေး…”
ကျူးကော့မင်းယွီက ရီဖူရှင်းကို ပြုံးလျက် ကြည့်သည်။ သည်ကောင်စုတ်လေးကား ကော့တေးတွင် ကတည်းက သူ၏လူများကို ကာကွယ်ပေးတတ်သော အကျင့်များ စွဲမြဲနေဟန်ရသည်။
အားလုံးက ကျူးကော့မင်းယွီကို ကြည့်ကာ တစ်စုံတစ်ခုကို နားလည် လိုက်ကြသည်။ ကောလာဟလအရ ကျူးကော့မင်းယွီက အရှေ့မြေရိုင်းဒေသမှ လာကာ ရီဖူရှင်းက သူ၏ဂျူနီယာလေး ဖြစ်သည်။ ယခု အာခီမီပြိုင်ပွဲဝင် နှစ်ယောက်က ရီဖူရှင်း၏ စီနီယာများ ဖြစ်သည်ဆိုလျှင် ကျူးကော့မင်းယွီက သူမ၏ဂျူနီယာများ အတွက် ဝင်ပြောခြင်းက မထူးဆန်းတော့…။
“စိတ်ဝင်စားစရာပဲ… အာခီမီပြိုင်ပွဲပြီးရင် ငါတို့က သိုင်းပြိုင်ပွဲလေး ကျင်းပရင် ဘယ်လိုနေမလဲ…” ချူကျိက ရယ်မော၍ ပြောသည်… “ဒီနေ့ မြေရိုင်းပြည်နယ်က နာမည်ကျော် လူငယ်လေးတွေ စုနေကြတာပဲ…”
“သိုင်းပညာပြိုင်ပွဲ…” ထိကန်းက ပြုံးသည်။ သူ၏လက်ရှိ တန်ခိုးအဆင့်နှင့် ရည်မှန်းချက်တို့ဖြင့် ထိုသို့သော ပြိုင်ပွဲများကို အာရုံထဲတွင်ပင် မထားတော့…။
***