Switch Mode

အပိုင်း (၆၂၃)

စီနီယာအစ်ကိုများ ချပ်ဝတ်လက်နက် ပညာရှင် ဖြစ်နေခြင်း

ရီဖူရှင်းက ရွှီယီနှင့် လျိုဖန်းကို ကြည့်သည်။ သည်နှစ်ယောက်က တစ်ခုခုတော့ တစ်ခုခုဟု သူတွေးမိသည်။

သူမသိသော အကြောင်းအရာ တစ်ခုခုများ ရှိနေသလော…။ သူ၏ စီနီယာအစ်ကိုများ အာခီမီညီလာခံကို အဘယ်ကြောင့် ရောက်လာကြသနည်း။ သူ၏အစ်ကို ၅က ချက်ပြုတ်ရာတွင် သေချာပေါက် ကျွမ်းကျင်မှု ရှိပေသည်။ သို့သော် ချက်ပြုတ်ခြင်းက ချပ်ဝတ်လက်နက် ပြုလုပ်ခြင်းနှင့် လားလားမှ မဆိုင်…။

ပိုမို များပြားသောလူများ နာမည်ကျော် ချပ်ဝတ်လက်နက် ပညာရှင်များ အဆက်မပြတ် ရောက်လာနေကြသည်။ အာခီမီညီလာခံက ရှီအဆင့်အောက်မှ မည်သူ့ကိုမဆို ပြိုင်ပွဲဝင်ခွင့် ပေးထားသည်။ အားလုံးသော ပြိုင်ပွဲဝင်များက အဆင့်မြင့် လက်နက် ပစ္စည်းများ ပြုလုပ်ရာတွင် ထူးချွန်သူများ ဖြစ်ကြသည်။ သူတို့က ရှီအဆင့်ကို တက်လှမ်းသော အခါတွင် သူတို့ပြုလုပ်သော ပစ္စည်းများကလည်း ရှီအဆင့်ဖြစ်မည်မှာ သေချာပေသည်။

ရီဖူရှင်းနှင့် လွန်ခဲ့သော ရက်အတန်ကြာက တိုက်ခိုက်ခဲ့သော ယွီမိန်လည်း လူအုပ်ထဲတွင် ရှိသည်။ သူ၏အကြည့်များက စုဟောင်ချူထံတွင် ဝဲနေကာ သူ၏ ချစ်ခင်နှစ်သက်သော အပြုအမူများက သိသာလွန်းလှသည်။

ယွီမိန်အပြင် တခြားသော နာမည်ကျော် ချပ်ဝတ်လက်နက် ပညာရှင်များလည်း လူအုပ်ထဲတွင် ရှိသည်။ တစ်ယောက်ကား မြို့တော်ဝန် အိမ်တော်မှ ယူတုဖြစ်ပြီး နောက်တစ်ယောက်ကား လူငယ်မျိုးဆက်ထဲတွင် အတော်ဆုံး ချပ်ဝတ်လက်နက် ပညာရှင်ဟု သမုခံရသော ကွန်ဆွန်ရီ ဖြစ်သည်။ ထို့အပြင် လူအများက အလေးထား စောင့်ကြည့်ရသော သူနှစ်ယောက်လည်း ရှိသေးသည်။ သူတို့နှစ်ယောက်ကား ချီလျန်နှင့် ဆရာမူအု ဖြစ်သည်။ သို့သော်လည်း မြို့တော်ဝန်ရုံးက ဆရာမူအုအား အာခီမီပြိုင်ပွဲ၏ ချံပီယံဖြစ်ရန် မလိုလားကြပေ။ ဆရာမူအု၏ ပြဿနာက အသက်ကြီးရင့် နေခြင်းဖြစ်သည်။ ရှီအဆင့်ကို တက်လှမ်းနိုင်စွမ်း မရှိခြင်းက သူ့အား ချပ်ဝတ်လက်နက် ပြုလုပ်ခြင်းတွင် ပိုမိုအားစိုက်စေခဲ့ပြီး သည်ပညာတွင် အလွန်အမင်း ထူးချွန်လာခဲ့သည်။ သို့သော်လည်း အာခီမီပြိုင်ပွဲ၏ချံပီယံက မြို့တော်ဝန်၏ သမီးကို လက်ထပ်ခွင့်ရှိရာ မြို့တော်ဝန်က သူ၏သမီးကို အဘိုးအို တစ်ယောက်နှင့် လက်ထပ်မည်ကို မည်သို့မှ မလိုလားပေ။

သည်တစ်ခေါက် မြို့တော်ဝန်က ပြိုင်ပွဲအနိုင်ရသူအား သူ၏သမီး ယူချီဖြင့် လက်ဆက်စေမည် ဖြစ်သည်။ အကယ်၍​သူ၏မြို့တော်ဝန်အိမ်တော်မှ တစ်ယောက်က ပြိုင်ပွဲအနိုင်ရသူ ဖြစ်လျှင် ဒုတိယ ရသူက သူ၏သမီးနှင့် လက်ဆက်ရမည် ဖြစ်သည်။

မရေမတွက်နိုင်သော လူများက ဖိုအိုးကြီး ရှစ်လုံးအောက်တွင် စုစည်းနေကြသည်။ မြေရိုင်းဒေသမှ မရေမတွက်နိုင်သော လူများက စင်မြင့်ပေါ်မှ တစ်ဖုံး ဘေးမှ တစ်မျိုးဖြင့် ကြည့်ရှုနေကြ၏။

မြို့တော်ဝန်ယူစီကား ကွင်း၏ အရှေ့တည့်တည့် မြို့တော်ဝန်ရုံး ရင်ပြင်တွင် အထူးပြုလုပ်ထားသော ထိုင်ခုံ၌ ထိုင်နေသည်။ သူက ထရပ်ကာ အကြီးအကဲ နှစ်ယောက်နှင့်အတူ ရှေ့ကို တက်လာပြီး လက်ဝှေ့ယမ်း ပြသည်တွင် ကွင်းပြင်ကျယ်ကြီး တစ်ခုလုံး တိတ်ဆိတ် သွားသည်။

“အာခီမီညီလာခံကို ဆယ်နှစ်တစ်ခါ ကျင်းပတယ်… ဒီနေ့ ကျုပ်တို့က မြေရိုင်းပြည်နယ် တစ်ခုလုံးကို သက်သေထားပြီး ထောင်ပေါင်း များစွာသော ချပ်ဝတ်လက်နက် ပညာရှင်တွေကို ပြိုင်ပွဲ ကျင်းပပေးတယ်… ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ…” ယူစီက ပြောသည်။

“ဒီတစ်ခေါက် အာခီမီပြိုင်ပွဲမှာ ရှီအဆင့်အောက်က ဘယ်သူမဆို ဝင်ပြိုင်လို့ရတယ်… ဒါက အနာဂတ်မြေရိုင်း ပြည်နယ်က လူငယ် မျိုးဆက်သစ်တွေ အတွက်ပဲ… ဒါကြောင့် ပြိုင်ပွဲဝင်တွေက အတတ်နိုင်ဆုံး ကြိုးစားပြိုင်မယ်လို့ ကျုပ်ယူဆပါတယ်…” ယူစီက ဆက်ပြောသည်… “ဒီပြိုင်ပွဲမှာ ထိပ်ဆုံး လူတစ်ရာက အာခီမီမြို့တော်ဝန် အိမ်တော်ကို ဝင်ခွင့်ပေးမှာ ဖြစ်ပြီးတော့ ထိပ်ဆုံး ဆယ်ယောက်က ကျုပ်ဆီက ချပ်ဝတ် လက်နက်ပညာ သင်ခွင့်ကို ရမယ်… နောက်ဆုံး သုံးယောက်ကို ကျုပ်က တိုက်ရိုက် တပည့်အဖြစ် လက်ခံမှာ ဖြစ်ပြီးတော့ ပထမရသူကို ကျုပ်ရဲ့ သမီးနဲ့ လက်ဆက်ပေးမှာပါ… မှန်တယ်.. ဆုလာဘ်တွေကို သဘောမကျဘဲ မယူဘူးဆိုလည်း ကျုပ်က ငြင်းစရာမရှိဘူး…”

လူအများအပြား ရယ်မော လိုက်ကြသည်။ ဆယ်နှစ်တစ်ကြိမ် ကျင်းပသော သည်ပြိုင်ပွဲကား လွန်စွာ ဂုဏ်သိက္ခာ ကြီးမားကာ ကြီးမားသော အဆင့်အတန်း တစ်ခု၌ ရှိပေသည်။ ထို့ကြောင့် ပြိုင်ပွဲအနိုင်ရသူက လက်ဆက်ရမည့် မြို့တော်ဝန်၏ သမီးက အချင်းနှင့်အဆင်း ပြီးပြည့်စုံသော နာမည်ကျော် အလှပဂေး တစ်ယောက် ဖြစ်သည်မှာ သေချာပေသည်။ အာခီမီမြို့တွင် ယူချီဟူသော အလှ နတ်ဘုရားမလေးကို မည်သူက မသိဘဲ နေအံ့အနည်း။ ဘယ်သူက ရူးမိုက်၍ သူမကို လက်ထပ်ရန် ငြင်းဆန်မည်နည်း။

“အခု ပြိုင်ပွဲက မင်းတို့နဲ့ ဆိုင်သွားပြီ…” ယူစီက ပြောစရာ ရှိသည်များကို လက်စသတ်ကာ သူ၏ထိုင်ခုံနေရာသို့ ပြန်သွားသည်။ သို့သော် အကြီးအကဲ နှစ်ယောက်က ရင်ပြင်အလယ်တွင် ကျန်နေရစ်ကြကာ တစ်ယောက်က ကြေညာသည်… “မင်းတို့က သိဒ္ဓိဝင်လက်နက် တစ်ခုကို သွန်းလုပ်ဖို့ အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ရှိတယ်… မင်းတို့ သွန်းလုပ်တဲ့ နည်းလမ်းနဲ့ ထည့်ဝင်တဲ့ အမယ်တွေ အပေါ်မှာ ကန့်သတ်ချက် မရှိဘူး… နောက်ဆုံး သွန်းလုပ်လို့ အောင်မြင်သွားတဲ့ လူတွေက ကွင်းထဲမှာ ဆက်လက် ယှဉ်ပြိုင်ခွင့် ရှိပြီးတော့ မအောင်မြင်တဲ့လူက ဖယ်ရှားခံရမယ်…”

“မင်းတို့ အခုစလို့ရပြီ…”

အကြီးအကဲ၏ စကားဆုံးသည်နှင့် လူအများအပြားက စတင် လှုပ်ရှားကြသည်။ လေထုက ချက်ချင်း ပူပြင်း တောက်လောင် သွားကာ လူတိုင်းက သူတို့၏ ဖိုအိုးကြီးများကို ထုတ်ပြီး စတင်ကာ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ကြသည်။ ပြိုင်ပွဲတွင် ဝင်ပြိုင်သူများထဲ၌ အတွေ့အကြုံ ကြွယ်ဝသော ပညာရှင်များ ပါဝင်သလို အတွေ့အကြုံ လာရှာသော ပညာသင်များစွာလည်း ပါဝင်ပေသည်။ ထို့ကြောင့် ပြိုင်ပွဲမှ ဦးဆုံး ထွက်သွားရသူများကား သာမန် အပျော်တမ်း လာရောက် စမ်းသပ်သူများ ဖြစ်ကြကာ နောက်ဆုံး ကျန်ရစ်သူများက တကယ့် ချပ်ဝတ်လက်နက် ပညာရှင်များ ဖြစ်ကြပေသည်။

ရီဖူရှင်းက ပစ္စည်းများ သွန်းလုပ်ခြင်း၌ သိပ်စိတ်ဝင်စားခြင်း မရှိရာ ထိုပညာရပ်များ၌ သိကျွမ်းနားလည်ခြင်း မရှိပေ။ သူက လျိုဖန်းနှင့် ရွှီယီတို့ကို ကြည့်ကာ ဘေးမှ လူများကို တီးတိုးမေးသည်… “အာခီမီပြိုင်ပွဲမှာ နှစ်ယောက်တွဲ ပြိုင်ခွင့်ရှိလား…”

“ရတယ်… တချို့ ပါရမီမြင့်တဲ့ ချပ်ဝတ်လက်နက် ပြုလုပ်သူတွေက မီးဓာတ်မှာ အားနည်းတာလည်း ရှိနိုင်တယ်… ဒါကြောင့် သူတို့ကို နောက်တစ်ယောက်က ကူညီရတတ်တယ်… ဒါမှမဟုတ် သူတို့ကို တခြားအပိုင်းတွေမှာ ဖြည့်ဆည်းပေးရတဲ့ အကူတွေလည်း လိုတတ်တယ်… ချပ်ဝတ်လက်နက် ပြုလုပ်သူ အများစုမှာ အကူတွေ ရှိတတ်တယ်… ဒါပေမဲ့ ပြိုင်ပွဲမှာတော့ အကူတစ်ယောက်ပဲ ခေါ်ခွင့်ရှိတယ်…” ကျောင်းလီက ရှင်းပြသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက လျိုဖန်း ထုတ်ယူသော ပစ္စည်းများကို ကြည့်သည်တွင် မျက်လုံးပြူး သွားသည်။ ထိုအရာများက အလုပ် ဖြစ်ပါ၏လော…။

လျိုဖန်းထုတ်ယူသော ပစ္စည်းများကား ပစ္စည်းများ သွန်းလုပ်သည့် ဖိုအိုးမဟုတ်ဘဲ သာမန် ချက်ပြုတ်သည့် အိုးတစ်လုံးသာ ဖြစ်သည်။

“အဲဒါ မင်းနဲ့ စီနီယာနှစ်ယောက် မဟုတ်ဘူးလား…” ကျောင်းလီက ရွှီယီနှင့် လျိုဖန်းတို့ နှစ်ယောက်ကို ကြည့်ကာ မဟန်နိုင်တော့ဘဲ မေးလိုက်သည်။ သူကလည်း ရီဖူရှင်းကဲ့သို့ အံ့အားသင့်ရသည်။

“ငါ သူတို့ကို မသိဘူး…” ရီဖူရှင်းက သူ၏နဖူးကို လက်ဝါးဖြင့် ရိုက်ကာ အရွှန်းဖောက်သည်။ သူတို့နှစ်ယောက် လုပ်နေပုံက အမှန်ပင် လှောင်ပြောင် ရယ်မောစရာ ဖြစ်နေသည်။ သူ၏စီနီယာများက မည်သို့ ဤပုံစံ ဖြစ်နေရသနည်း။ ပုံမှန် လုပ်ထုံးလုပ်နည်းများကိုပင် နားမလည်ပဲ ပြိုင်ပွဲ လာဝင်ကြသည်။ ယခု ပြိုင်ပွဲ၌ ပစ္စည်းများကို သွန်းလုပ်ရာတွင် ရိုးရိုး ချက်ပြုတ်သည့်အိုးကို ထုတ်ယူသည်။ ဒါက…

ပြိုင်ပွဲဝင်များ အလွန်အမင်း များပြားစွာ ရှိနေခြင်းက ကံကောင်းခြင်း တစ်ခုလည်း ဖြစ်သည်။ ကြီးမားသော လူအုပ်ထဲတွင် သူတို့နှစ်ယောက်၏ မူမမှန်မှုကို သတိထားမိသူ အလွန်ရှားပေသည်။ အများစုက နာမည်ကြီး ချပ်ဝတ်လက်နက် ပြုလုပ်သူများကိုသာ စောင့်ကြည့် နေကြသည်။

“မီးက ဒီထက် ပူဖို့လိုတယ်… မင်းမီးက ဘာမှ အရည်ပျော်မှာ မဟုတ်ဘူး…” ရွှီယီက ပြောသည်။

“အင်းကို အဆင်သင့် လုပ်တော့… ” လျိုဖန်းက ပြောသည်။

“စာအုပ်ထဲမှာ ဒီလို မရေးထားဘူး… အဆင့်တွေက မမှန်သလို သွန်းလုပ်ရာမှာလည်း အစီအစဉ် မကျဘူး…”

“ဘယ်သူ ဂရုစိုက်လို့လဲ… ဒါတွေက ပစ္စည်းကောင်းတွေချည်းပဲ … မင်းက ပစ္စည်းတွေ အကုန်လုံးကို ပစ်ထည့်လိုက်ပြီးတော့ ချက်လိုက်ရင် ပြီးတာပဲ… အင်းတည်ဆောက်ပုံ မှန်ကန်ရင် ဒါက သိဒ္ဓိဝင်လက်နက် မဟုတ်ဘူးလို့ မင်းကို ဘယ်သူမှ ငြင်းမှာ မဟုတ်ဘူး…”

“ပုံစံ အနေအထားတွေ မလိုဘူးလား… အဲဒီလိုမျိုးကို မင်းက သိဒ္ဓိဝင် လက်နက်လို့ ခေါ်မလား..” ရွှီယီက မေးသည်။

“ဒါဆို မင်းလုပ်လေ…” လျိုဖန်းက ဒေါသတကြီး ပြောသည်။

“ကောင်းပြီ… မင်းသဘောအတိုင်း လုပ်တော့…”

သူတို့နှစ်ယောက်က လက်ကို အဆက်မပြတ် လှုပ်ရှား နေသော်လည်း စကားပြောခြင်း ကိုလည်း လုံးဝ မရပ်နားကြပေ။ သူတို့ဘေးနားမှ တစ်ယောက်ကား အလွန်အမင်း စိတ်ရှုပ်ထွေးနေဟန် ရကာ မဟန်နိုင်တော့ဘဲ ထုတ်ပြောသည်… “ခင်ဗျားတို့ နှစ်ယောက် ပါးစပ်ပိတ်ထားလို့ မရဘူးလား…”

သူတို့နှစ်ယောက် မည်သို့သော ချပ်ဝတ်လက်နက် ပြုလုပ်သူများနည်း…။ ဤသို့သော အချိန်တွင် လာရောက် ချက်ပြုတ် နေကြသည်။

“မင်းက ကိုယ့်ကိစ္စကိုယ် မလုပ်ဘဲ သူများကို လာပြောမနေနဲ့… အာခီမီပြိုင်ပွဲမှာ စကားပြောတာကို ပိတ်ပင်မထားဘူး…” လျိုဖန်းက သူ့အား လာပြောသူကို ဒေါသတကြီး ပြောသည်။ သူက တခြားကိစ္စများတွင် မထူးချွန်လျှင်နေမည်။ တိုက်မည် ခိုက်မည် ဆိုပါက ရှေ့ဆုံးက ဖြစ်၏။ ယခု သူကား အလွန် စိတ်ပျက်နေသည်။

“သောက်ရူး…” တစ်ဖက်လူက တီးတိုးဆဲဆိုကာ သူ၏အလုပ်ကို ဆက်လုပ်သည်။

ရီဖူရှင်းမူကား သူတို့နှစ်ယောက် လုပ်နေပုံကို ကြည့်ကာ အလွန်အမင်း စိတ်ဓာတ် ကျနေသည်။

သူတို့ နှစ်ယောက်လုံးက ပါရမီရှင်များ မဟုတ်ပေဘူးလား…။ ကော့တေးမှ လူများ သေချာပေါက် မဟုတ်ပေ။

“နင့်ရဲ့ စီနီယာ​တွေက စိတ်ဝင်စားဖို့ ကောင်းတယ်…” အမြဲတမ်း မျက်နှာတွင် အပြုံးအရယ် ကင်းမဲ့သော ဖီးနစ်ပင် ထိုအခိုက်တွင် ပြုံးရယ်လျက် ပြောသည်။ လျိုဖန်းနှင့် ရွှီယီတို့ကား လူအုပ်ကြီးထဲတွင် စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်နေသည်။

“ငါ့ရဲ့ အရင် စီနီယာတွေကိုပဲ လွမ်းတယ်…” ရီဖူရှင်းက စိတ်ဓာတ်ကျစွာ ရေရွတ်သည်။ ရီဖူရှင်းအား ချင်ပြည်ထောင်က အနိုင်ကျင့်စဉ် သူ၏အစ်ကို ၅က ကြီးမားသော အရှိန်အဝါဖြင့် ကာကွယ်ပေးခဲ့သည်။ သူ၏အစ်ကို ၃နှင့် အစ်ကိုလေးတို့က ချင်ပြည်ထောင်ကို သွားရောက် တုံ့ပြန်ခဲ့စဉ်က သူ၏အစ်ကိုများက ရီဖူရှင်း၏ လေးစား အားကျရသော သူရဲကောင်းများ ဖြစ်ခဲ့ကြသည်။ ယခုကား…

ထွန်းညှိထားသော အမွှေးတိုင်က နောက်ဆုံးတွင် ကုန်သွားသည်တွင် အကြီးအကဲက ကြေညာသည်… “အချိန်ပြည့်ပြီ… အားလုံးက လုပ်နေတာကို ရပ်လိုက်တော့… မဟုတ်ရင် ပြိုင်ပွဲက ဖယ်ရှားခံရမယ်…”

အားလုံးက သူတို့ လုပ်နေသည်များကို ရပ်လိုက်ကြသည်။ အချို့က သက်သောင့်သက်သာ ရှိသော်လည်း အများစုက စိတ်ပျက်ဟန်များ အထင်းသား မြင်ကြရသည်။ အကြီးအကဲက ဆက်လက်၍ ကြေညာသည်… “သွန်းလုပ်ခြင်း အမှုကိစ္စ မပြီးမြောက်တဲ့လူတွေက ကွင်းထဲက ထွက်သွားကြ…”

တစ်ယောက်ပြီး တစ်ယောက် ကွင်းထဲမှ ထွက်ခွာကြသည်။ အများစုက ပြိုင်ပွဲမှ ထွက်သွားရသည်။ အချိန်ကား အလွန် တိုတောင်းရာ တကယ့်ပညာရှင်များသာ ကွင်းထဲ၌ ကျန်ရစ်နိုင်သည်။ ထို့ကြောင့် ကျန်ရစ်သူများ၏ ပြီးမြာက်သော သိဒ္ဓိဝင် လက်နက်များကို အကြီးအကဲများက လာရောက်၍ စစ်ဆေးကြသည်။

“အစ်ကိုတွေက ပစ္စည်းလုပ်ပြီး သွားတာလား…” ရီဖူရှင်းက ကွင်းထဲတွင် ကျန်ရစ်သော ရွှီယီနှင့် လျိုဖန်းတို့ကို ကြည့်သည်။

လာရောက် စစ်ဆေးသူက သူတို့ဘေးနားကို ရောက်လာကာ မေးသည်… “မင်းတို့လုပ်တဲ့ သိဒ္ဓိဝင်ပစ္စည်းက ဘယ်မှာလဲ…”

“ဒီအထဲမှာပါ…” လျိုဖန်းက ဖိုအိုးကို ညွှန်ပြသည်။

စစ်ဆေးသူက အိုးထဲကို ငုံ့ကြည့်သည်တွင် အထဲ၌ မည်သည့်ပုံစံများ မသိသော အရာတစ်ခုအား မြင်သည်။ ထိုအရာက လက်နက်နှင့်လည်း မတူသလို သူ သိဖူးမြင်ဖူးသော အခြား အမျိုးအစား တစ်ခုခုနှင့်လည်း မတူ။ ထို့အပြင် ယခု သူတို့၏ဖိုအိုးက သာမန် ချက်ပြုတ်သည့် အိုးတစ်လုံး အဘယ်ကြောင့် ဖြစ်နေရသနည်း။

“ဒါက ဘာလဲ…” စစ်ဆေးသူက မေးသည်။

“ကျုပ်ကိုယ်တိုင် ထွင်ထားတာ… ဒါက အရွယ်အစား ပုံမှန်မဟုတ်ပေမဲ့ အံ့အားသင့်ဖွယ်ရာတွေနဲ့ ပြည့်နေပြီးတော့ အားကောင်းတယ်…” လျိုဖန်းက ရင်ကော့သည်။

“မင်းတို့ကိုယ်တိုင် တီထွင်ထားတာ ဟုတ်လား…” စစ်ဆေးသူက ရယ်ရွှင်လိုသော စိတ်ကို ထိန်းချုပ်ကာ ပစ္စည်းကို ကြည့်သည်။ သူတို့ ပြုလုပ်ထားသည်ကား အိုးထဲတွင် ဖင်ကပ်နေသော သတ္တုပြား တစ်ခုထက်မပို…။ သို့သော် လျိုဖန်း ပြောသည်မှာလည်း အဓိပ္ပာယ်တော့ ရှိပေသည်။ ဘာမှန်းမသိသော အရာက လက်နက်အဖြစ် အသုံးပြုပါက အံ့အားသင့်ဖွယ်ရာများနှင့် ပြည့်နှက် နေပေတော့မည်။

“ဟွန်း… ဒီလူနှစ်ယောက်က ချပ်ဝတ်လက်နက် ပြုလုပ်တဲ့ နည်းပညာရပ်တွေကို ဘာမှ နားလည်တာ မဟုတ်ဘူး… စီနီယာ… သူတို့က ဒီပြိုင်ပွဲမှာ လာပြီး ရှုပ်နေတဲ့လူတွေပဲ… သူတို့က စိတ်ထင်ရာ လုပ်နေတာပဲ…” သူတို့ဘေးမှ လူငယ်လေးက မျက်နှာ ညိုမည်းစွာဖြင့် ပြောသည်။

အကြီးအကဲက အံ့အားသင့် သွားသည်။ ထို့နောက် သူက ရွှီယီတို့ကို ပြန်ကြသည့်သည်။ ရွှီယီက ထိုပုံစံမကျိသော အရာကို ထုတ်ယူကာ ဝှေ့ယမ်း လိုက်သည်တွင် သဘောဝ စွမ်းအင်များ စီးဆင်းလာကာ အလွန်လင်းလက် တောက်ပသွားပြီး ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးဓာတ်အားများ လေဟာနယ်ကို ထွင်းဖောက် သွားသည်။

“ဒါက တကယ်ပဲ သိဒ္ဓိဝင် လက်နက်ပါ…. ကျုပ်တို့က ပုံမှန်နည်းလမ်းကို အသုံးမပြုခဲ့တာပဲ ရှိတာ…” ရွှီယီက ရှင်းပြသည်။

“ပါးစပ်ပိတ်ထားစမ်း… မင်းက ဘာမှ​မသိရင် ဝင်မပြောနဲ့…” လျိုဖန်းက ဘေးမှ လူငယ်ကို ဒေါသတကြီး ပြောသည်။

“မင်း…” လူငယ်က လျိုဖန်းအား လက်ညှိုးထိုးသည်။ ထို့နောက် အကြီးအကဲအား ပြောသည်… “ကျွန်တော့် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာပါ…. စီနီယာ… သူတို့က ချပ်ဝတ်လက်နက် လုပ်တာနဲ့ ပတ်သက်ပြီး ဘာမှ မသိပါဘူး…”

စစ်ဆေးသူက ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် ပြောသည်… “ဒါပေမဲ့ သူ့ပစ္စည်းက အရည်အသွေးမြင့် လက်နက်တစ်ခုရဲ့ စွမ်းရည်မျိုးကို ထုတ်နိုင်တယ်… မင်းတို့ နောက်တစ်ဆင့်ကို တက်တယ်… ” သူက ထိုသို့ ပြောကာ ထွက်သွားသည်။ လျိုဖန်းက ဘေးမှ လူငယ်ကို ငေါ့တော့တော့ ကြည့်သည်။

ရီဖူရှင်းက ခေါင်းကုတ်လိုက်သည်။ အနည်းဆုံး သူ၏စီနီယာများကား ကောင်းကောင်း လုပ်နိုင်ခဲ့ကြ၏။

***

စာစဉ်(၄၂)ပြီးပါပြီ

ဆက်ပါဦးမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset