“ဒါပေမဲ့ ဒါက အုပ်စုဖွဲ့တိုက်ပွဲပဲ… ဒါက သခင်လေးလီရဲ့အမှား မဟုတ်ပါဘူး… ဘာလို့ လူငယ်ကို ဒီလို အပြစ်တင်ရတာလဲ ယန်ကျွမ်း…” အလွန် ညင်သာသော အသံ ညှို့ငင်သော အသံတစ်ခုကို သူတို့ ကြားကြရသည်။ ထိုအသံကို ကြားရုံမျှက တစ်စုံတစ်ယောက်အား အသိစိတ် ပျောက်သွား စေနိုင်လောက်ပေသည်။ ချက်ချင်းပင် ဘယ်သူ ရောက်လာသည်ကို သူတို့အားလုံး သိလိုက်ကြသည်။ မြေရိုင်းပြည်နယ်၏ အနောက်ဘက် ဒေသတစ်ခုလုံး၌ သည်မျှသော ညှို့ငင်အားကို ပိုင်ဆိုင်သူကား တစ်ဦး တစ်ယောက်တည်းသာ ရှိပေသည်။
ကောင်းကင်တွင် လှပသော ရထားတစ်စင်းနှင့်အတူ မိန်းမပျိုတစ်အုပ်စု ရောက်လာသည်။ မိန်းကလေးများ အားလုံးက အလွန်အမင်း လှပချောမောကာ နတ်သမီးများအလား ထင်မှတ်ရသည်။ နာမည်ကျော် မိန်းမလှဖြစ်သူ စုဟောင်ချူပင် ရထားလုံး ဘေးနားတွင် ရပ်နေသည်။ ထို့နောက်တွင် ရထားလုံးထဲမှ မိန်းမတစ်ယောက် ဆင်းသက်လာ၏။ နတ်သမီးတစ်ပါး သက်ရှိထင်ရှား လူသားကမ္ဘာကို ဆင်းသက်လာသည့်အလား ထိုမြင်ကွင်းက အားလုံး၏ စိတ်သဏ္ဌာန်ကို ဖမ်းစား သွားသည်။
သည်မိန်းမတွင်ကား ရေတံခွန်ကဲ့သို့ နောက်ကျောကို ဝကျဲနေသော ဆံနွယ်များနှင့် သူမ၏ကြည်လင် တောက်ပနေသော မျက်လုံးများက သူတို့ကို လွန်စွာ ဆွဲဆောင် ညှို့ငင်သည်။ ခန္ဓာကိုယ် အလှအပကို ထင်ပေါ်အောင် ဝတ်စားထားသော ပိုးသားပျော့ပျော့၏ အောက်မှ ကောက်ကြောင်းများကို မည်သည့် ပုရိသက မကြည့်ဘဲ နေနိုင်အံ့နည်း။ ဝတ်စုံရှည်၏ ဘေးအစနားက လေအတိုးတွင် အနည်းငယ် ဟသွားပါက မိန်းကလေးငယ် တစ်ယောက်၏ ပျိုမြစ်ခြင်း နှစ်လိုဖွယ်ကောင်းခြင်း အင်္ဂါများနှင့် ပြည့်စုံသော ခြေထောက်အစုံကို တစ်စွန်းတစ်စ မြင်ရတတ်သေးသည်။ ထို့အပြင် သူမ၏ ဘယ်ပန်းချီမှ ရေးမမီအောင် လှပပြည့်စုံသော ဖွင့်ထွားသော အဖိုအရှိုက်တို့က မြင်သူတကာ၏ စိတ်သဏ္ဌာန်မှာ မီးတောက်ပမာ စိတ်ဆန္ဒများ ဆူဝေနိုင်စွမ်း ရှီပေသည်။ သူမ၏ အသားအရေ အလုံးအရပ်နှင့် မျက်နှာ ပုံပန်းသွင်ပြင်တို့ အားလုံးက မြင်သူတကာကို ကြည့်လို့မဝ တဖွဖွ ဖြစ်လောက်ပေ၏။ သူမအား တစ်ချက် ကြည့်မိရုံမျှက သာမန် စိတ်မခိုင်သူများအား ရူးသွပ်စေနိုင်လောက် ပေသည်။
သူမကား နတ်သမီး နန်းတော်ပိုင်ရှင် ချူကျိဖြစ်သလို မြေရိုင်းပြည်နယ် အနောက်ဘက်ဒေသ၏ အလှဆုံးမိန်းမလည်း ဖြစ်သည်။ တန်ခိုးရှင်များက တန်ခိုး အဆင့်မြင့်လာလေ ရုပ်ရည်များက ပိုမိုချောမော ပြေပြစ်ကာ ကိုယ်ရောင်ကိုယ်ဝါက ပိုမိုလင်းလက် လာတတ်ပြီး သက်တမ်းလည်း ပိုမိုရှည်လျား သွားကြသည်။ ထို့နောက် သူတို့၏ ရုပ်ရည်ကလည်း ပုံမှန်အားဖြင့် နုရွယ်ပျိုမြစ် ကြပေသည်။ ထို့ကြောင့် ချူကျိကား အသက်ကြီးပြီ ဖြစ်သော်လည်း သူမ၏ဘေးတွင် ရပ်နေသော စုဟောင်ချူနှင့် ယှဉ်လျှင် ညီအစ်မသဖွယ် ထင်မှတ်ရပေသည်။ ထို့အပြင် ချူကျိကား သူမ၏အလှထက် သူမ၏ ဆွဲဆောင်ညှို့ငင်အားကြောင့် နာမည်ကျော်ကြားခြင်း ဖြစ်သည်။ စုဟောင်ချူ၏ ညှို့ငင်နိုင်စွမ်းက ချူကျိ၏ အဆင့်ကို ရောက်ရန် အလွန်အမင်း လိုအပ်ပေသေးသည်။
ချူကျိကား သူမ၏ အကြည့်တစ်ချက်မျှဖြင့် တစ်စုံတစ်ယောက်ကို သူမ၏ အလှကွန်ရက်ထဲ၌ တစ်သက်လုံး နစ်မြုပ်နိုင်စွမ်းသော မိန်းမဖြစ်သည်။ ယန်ကျွမ်ပင် သူမအား တာရှည်စွာ ကြည့်ရှုလိုခြင်း မရှိပေ။ သူမအား တစ်ချက်မျှ အေးစက်စွာ ကြည့်ရင်း ယန်ကျွမ်က အေးစက်စွာ ပြောသည်… “ချူကျိ… မင်းရဲ့ညှို့တဲ့ အတတ်တွေကို လူငယ်တွေ ရှေ့မှာ ဆင်ခြင်သင့်တယ်…”
ချူကျိ၏ ညှို့ငင်အားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ယန်ချူသိသည်။ လူငယ်များက မည်သို့မှ ခံနိုင်မည် မဟုတ်ပေ။ ယခု ချူကျိ ဆင်းသက်လာသည်ကို မှင်တက်ငေးမော နေကြသူများ အများအပြားရှိနေရာ သူမ၏အလှထဲတွင် နစ်မျောနေကြပြီ ဖြစ်သည်မှာ သံသယ ရှိနေစရာ မလိုတော့။
“သေချာတာပေါ့…” ချူကျိက ပြုံးသည်တွင် သူမ၏ ကိုယ်ရောင်ကိုယ်ဝါက ချက်ချင်း ပြောင်းလဲသွားသည်။ သူမက ထိုနေရာတွင်ပင် အညစ်အထေးများ မရှိသော သန့်စင်သော နတ်မိမယ်တစ်ပါး အလား ရပ်နေသည်။ ယခု သူမအပေါ် လူအများက လုံးဝ ကွဲပြား ခြားနားသော ခံစားချက်ကို ရကြသည်။ ထိုအခါမှ လူအများအပြားက သက်ပြင်းချကြကာ မိန်းမလှများကား ပြဿနာများ၏ ရင်းမြစ်ဖြစ်သည်ဟု တိတ်တခိုး မှတ်ချက် ချကြသည်။
ကောင်းကင်တွင် ပိုမိုသော လူများ ရောက်ရှိ လာကြသည်။
“အဲဒါ အင်ပါယာ မိသားစုပဲ…” တစ်ယောက်က ပြောသည်။
“အင်ပါယာ မိသားစုခေါင်းဆောင် ထိခိုင်လည်း ရောက်လာတယ်… ထိကန်းကလည်း သူနဲ့ ပါလာတယ်…” နောက်တစ်ယောက်က ပြောသည်။ လူအများအပြားက ကောင်းကင်မှ ဆင်းသက် လာသူများကို ကြည့်ကြသည်။ တစ်ယောက်က ကောင်းကင်မြေရိုင်း အဆင့်တွင် မြင့်မားသော အဆင့်၌ရှိသော ထိခိုင်ဖြစ်ပြီး နောက်တစ်ယောက်ကား မြေရိုင်းပြည်နယ် အနောက်ဘက် ဒေသ၌ အကျော်ကြားဆုံး လူငယ်ပါရမီရှင် ထိကန်းဖြစ်သည်။
“ရှုံးတာက ရှုံးတာပဲ… လီဖူတုကလည်း ဝင်တိုက်ခိုက်တာ ဖြစ်တော့ ဒီအရှုံးအပေါ်မှာ သူက ငြင်းပယ်ခွင့် မရှိဘူး…” ထိကန်းက တည်ငြိမ်စွာ ပြောသည်။
လီဖူတုက၏ မျက်နှာက တည်ငြိမ်နေသည်။ သူက ထိကန်းကို ကြည့်ကာ ပြောသည်… “အမှန်ပဲ… ကျုပ်ကလည်း ပါဝင် တိုက်ခိုက်ခဲ့တာ ဆိုတော့ ဒီအရှုံးက ကျုပ် စွမ်းရည်ကြောင့်လည်း ပါတယ်… ရှုံးတာက ရှုံးတာပဲ…”
ထိကန်းက လီဖူတုကို လေးစားသော ဟန်အမူအရာဖြင့် ကြည့်သည်။ လီဖူတု၏ စိတ်နေ သဘောထားက သူ၏ ကျော်ကြားမှုများနှင့် လိုက်ဖက်လှပေသည်။
“ဘယ်လောက် မာနကြီးတဲ့ ကောင်လေးလဲ…” ချူကျိက ရယ်မောကာ ပြောသည်။ ထိကန်းက သူမကို မကြည့်ပေ။ သူကလည်း ချူကျိအကြောင်းကို သေချာပေါက် ကြားဖူးကာ သည်မိန်းမ၏ မာယာ ထောင်ချောက်ထဲ မကျဆင်းလိုပေ။
“ကျွန်တော် ပိုင်လွေလီက စီနီယာတွေကို အရိုအသေ ပေးပါတယ်…” အဝေးမှ လူတစ်ယောက် ရောက်လာသည်။ မရေမတွက်နိုင်သော လူများက သူတို့ထံ လှမ်းလာနေသော လူငယ် တစ်ယောက်ကို ကြည့်ကြ၏။
သူကား မြေရိုင်းပြည်နယ်တွင် နာမည် အကျော်ကြားဆုံး လူငယ်ဖြစ်သော ပိုင်လွေလီ ဖြစ်သည်။ လူကြီး လူငယ်များ အားလုံးက သူ့အား လူငယ်မျိုးဆက်၏ ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း သတ်မှတ် ထားကြသည်။ မည်သို့ဆိုစေ သူကား ကောင်းကင်မြေရိုင်း အဆင့်တွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် အဆင့်၁၀ နေရာ၌ ရှိသူ မဟုတ်ပါလား…။ အနောက်ဘက်ဒေသမှ ထိကန်းပင် သူနှင့်ယှဉ်လျှင် မှေးမှိန်ရသည်။
အခီမီမြို့မှ အရေးပါသော ပုဂ္ဂိုလ်များအပြင် မရေမတွက်နိုင်သော လူများက ပိုင်လွေလီကို ကြည့်ကြသည်။ ထိုအထဲတွင် မြို့တော်ဝန်ယူစီကား ကောင်းကင်မြေရိုင်း အဆင့်၌ ပိုင်လွေလီထက် တစ်ဦးတည်းသော အဆင့်မြင့်သူ ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ ပိုင်လွေလီကို လူငယ်မျိုးဆက်ထဲမှ တစ်ယောက်ဟု သာမန်ကာလျှံ သဘောထား၍ မရပေ။
“မင်းက တော်ဝင်ကျဲနန်းတော်ရဲ့ ကိုယ်စားလှယ်လား ဒါမှမဟုတ် တိမ်ဖြူမြို့ကို ကိုယ်စားပြုတာလား…” ယူစီက မေးသည်။ ပိုင်လွေလီကား နောက်ခံအင်အား နှစ်ခုရှိပေသည်။
“ကျွန်တော်က တိမ်ဖြူမြို့ကို ကိုယ်စားပြုပြီး ရောက်လာတာပါ… ဒါပေမဲ့ နန်းတော်ကလည်း အာခီမီညီလာခံကို အလေးထားတာမို့လို့ နန်းတော်က လူငယ်လေးတွေကို ပွဲတက်ရောက်ဖို့ စီစဉ်ခဲ့တာပါ…” ပိုင်လွေလီက ယဉ်ကျေးစွာ ပြောသည်။ သူက တော်ဝင်ကျဲနန်းတော်၏ မည်သည့် ညွှန်ကြားချက်ကိုမှ မရထားမှတော့ သူက နန်းတော်ကို လုံးဝ ကိုယ်စားပြုသည်တော့ မဟုတ်ပေ။
“ကောင်းပြီ…” ယူစီက ခေါင်းညိတ်ကာ ဆက်ပြောသည်… “မင်းက ငယ်ရွယ်တယ် ဆိုပေမဲ့ ကောင်းကင်မြေရိုင်း အဆင့်၁၀မှာရှိတယ်… ထိုင်ပါ…”
“ကျေးဇူးတင်ပါတယ် မြို့စားယူ…” ပိုင်လွေလီက ပြုံးကာ ပြောသည်။ ထို့နောက် သူက သီးသန့်ထိုင်ခုံ တစ်နေရာတွင် ထိုင်၏။
ထိကန်းက ပိုင်လွေလီကို ကြည့်သည်။ သူတို့ နှစ်ယောက်လုံးက မြေရိုင်းပြည်နယ် အနောက်ဘက် ဒေသမှ ဖြစ်ကာ ပိုင်လွေလီကား တိမ်ဖြူမြို့မှ ဖြစ်ပြီး ထိကန်းက အာခီမီမြို့မှ ဖြစ်သည်။ သူတို့နှစ်ယောက်က မြေရိုင်းပြည်နယ်တွင် ရှေ့ဆင့်နောက်ဆင့် ကျော်ကြားလာသူများ ဖြစ်ကြ၏။ ပိုင်လွေလီက ကောင်းကင်မြေရိုင်း အဆင့်၁၀ နေရာသို့ တက်လှမ်း သွားသည့်တိုင် ထိကန်းက မိမိကိုယ်ကို ပိုင်လွေလီထက် နိမ့်ကျသည် မထင်ပေ။
ပရိသတ်များအားလုံး စိတ်လှုပ်ရှား ကြရသည်။ သူတို့ ထင်မှတ်ထား သလိုပင် အင်ပါယာမိသားစုမှ ထိခိုင်၊ မီးတောက် အင်ပါယာ နန်းတော်မှ ယန်ကျွမ်၊ နတ်သမီး နန်းတော်မှ ချူကျိနှင့် တော်ဝင်မီးတောက် ဂိုဏ်းခေါင်းဆောင်တို့ အားလုံး ရောက်လာကြသည်။ ထို့အတူ လူငယ်မျိုးဆက်မှ နာမည်ကျော် များစွာလည်း ရောက်လာကြသည်။
ထို့နောက်တွင် ရီဖူရှင်းတို့ အုပ်စုလည်း ရောက်လာကြသည်။ ရီဖူရှင်းတို့ အုပ်စုက ပရိသတ်များအတွက် သီးသန့်နေရာတွင် သွားရောက် နေရာယူကြကာ အရေးကြီး ပုဂ္ဂိုလ်များကို ကြည့်သည်။
“တော်ဝင်ကျဲ နန်းတော်က ရီဖူရှင်း… အာခီမီညီလာခံကို တက်ရောက်ပါတယ်… ကျွန်တော်က စီနီယာများ အားလုံးကို အရိုအသေပေးပါတယ်…” ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောသည်။ သူက နန်းတော်၏ တပည့်အနေဖြင့် ပွဲတက်ရောက်ရာ ထုံးတမ်းစဉ်လာများကို လိုက်နာရမည် ဖြစ်သည်။
“ဟောင်မိသားစု ဟောင်ကျူဂီက စီနီယာများကို အရိုအသေ ပေးပါတယ်…” ဟောင်ကျူဂီကလည်း လေးစား ဂါရဝပြုသည်။
ယူစီ၊ ယန်ကျွမ်နှင့် ကျန်သော သူများအားလုံးက ရီဖူရှင်းတို့အဖွဲ့ကို ကြည့်ကြသည်။ ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်ကို ဝင်ကတည်းက တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့ရာ သူနှင့်ပတ်သက်၍မြေရိုင်းပြည်နယ်၌ သတင်းများ သိပ်မကြား ရသော်လည်း အနည်းဆုံး သူက ဝင်ခွင့် ပထမဖြစ်သည်ကိုတော့ သူတို့အားလုံး သိကြသည်။
“မင်းတို့ တော်ဝင်ကျဲ နန်းတော်က ကောင်လေးတွေ အကုန်လုံး ချောမော ကြတာလား…” ချိုသာသော အသံလေးတစ်သံကို အားလုံးက ကြားကြရသည်။ ပိုင်လွေလီကား အလွန်ချောမောကာ သူ၏ပါရမီက မြေရိုင်းပြည်နယ်၌ ပြိုင်ဘက်ကင်း၏။ ယခု ရီဖူရှင်းကလည်း ပိုင်လွေလီကဲ့သို့ အလွန်အမင်း ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
မိန်းကလေးများ ထဲတွင်လည်း ဟွာဂျီယူ၊ ယွန်စွေ့ရှင်းနှင့် ဖီးနစ်တို့ အားလုံးက ကိုယ်စီ လှပချောမောကြသူများ ဖြစ်၏။ သူတို့က နတ်သမီး နန်းတော်မှ မိန်းကလေးများထက်ပင် ချောလှသည်ဟု ချူကျိက ဝန်ခံရသည်။
ရီဖူရှင်းက နတ်သမီးနန်းတော်မှ ချူကျိကို ကြည့်သည်တွင် ရေစင်အလား ကြည်လင်သော မျက်လုံးများ၏ အောက်၌ အသိစိတ်များ လွတ်မတတ် ဖြစ်သွားသည်။ သူမ၏အကြည့်တွင် ထူးဆန်းသော ဆွဲငင်အားတစ်ခု ပါဝင်နေသည်။ သူမ၏ဆွဲဆောင်မှု ရှိသော ကောက်ကြောင်း၊ ကိုယ်ရောင်ကိုယ်ဝါတို့ အောက်တွင် ရီဖူရှင်းက စိတ်ငြိမ်အောင် မနည်း ထိန်းနေရသည်။
“အစ်မကြီး… ခင်ဗျားက ကောင်းကင်က နတ်သမီးများလား… အစ်မကြီးကို တစ်ချက် ကြည့်မိတာ အကြည့်ကို မလွှဲချင်တော့ဘူး…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ သူ၏ပုံစံက သက်သောင့်သက်သာဟု ထင်ရသော်လည်း ရီဖူရှင်းကား မိမိကိုယ်ကို ကြီးစွာ ထိန်းချုပ် နေရသည်။
“အစ်မကြီး…” ချူကျိက မျက်လုံးပြူးသွားကာ ချိုသာစွာ ပြုံးသည်။ အားလုံးက သူမ၏အပြုံးကို ကြည့်ကာ ခံနိုင်ရည်အား မဲ့ကြသည်။ ရီဖူရှင်းမူကား နောက်ကျောမှ ချွေးစေးများပင် ပြန်လာသည်။
“ချူကျိ… ကလေးတွေကို မစနဲ့…” ယူစီက ပြောသည်။ ချူကျိက ပြုံးကာ သူမ၏ ကိုယ်ရောင် ကိုယ်ဝါကို ထိန်းချုပ်လိုက်သည်။ ထိုအခါမှ အားလုံးက စိတ်အေး သွားကြရသည်။
“ချူကျိက နတ်သမီးနန်းတော် အရှင်သခင်မပဲ… သူမက စိတ်ဝိညာဉ် အထူးပြု မှော်ထိန်းချုပ်သူ ဖြစ်ပြီးတော့ ညှို့ဓာတ်ကို လေ့ကျင့်သူဖြစ်တယ်… မြေရိုင်းပြည်နယ်မှာ သူ့ညှို့ဓာတ်ကို ခံနိုင်တဲ့သူ ရှားတယ်… အခု ငါတို့ မြင်နေရတဲ့ စုဟောင်ချူကလည်း သူမရဲ့ တိုက်ရိုက်တပည့်ပဲ…” ကျောင်းလီက ရီဖူရှင်းတို့ အားလုံးကို စိတ်ဖြင့် စကားလှမ်း ပြောသည်။
“မင်း စိတ်မဝင်စားဘူးလား… မောင်ငယ်လေး… မင်းမှာ ချစ်သူရှိတာလား… အစ်မကြီးက နောက်ထပ် မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးမယ်လေ…” ချူကျိက ရီဖူရှင်းကို ပြုံးလျက် ပြောသည်။
ဟွာဂျီယူက ရီဖူရှင်း၏လက်ကို ဆုပ်ကိုင်ကာ မသက်မသာ ပြုံးသည်။ ရီဖူရှင်းကလည်း ရယ်မောကာ ပြန်ပြေသည်… “အစ်မကြီးကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျွန်တော်က ချစ်သူနဲ့ပါ…”
“ဒါက စိတ်မကောင်းစရာပဲ…” ချူကျိက စိတ်မကောင်းဟန်ဖြင့် ပြောသည်။ သို့သော် သူမ၏ အပြုအမူတိုင်းက ချစ်ခင်နှစ်လိုဖွယ် ကောင်းလှ၏။
“ဒီကောင်လေးက နန်းတော်သခင်မရဲ့ စေတနာကို လက်ခံဖို့ ထိုက်တန်မှု မရှိပါဘူး ထင်ပါတယ်…” ရယ်သံတစ်ချက်ကို ကြားရသည်။ ထို့နောက်တွင် အဝေးမှ လူတစ်စု ပျံသန်းရောက်ရှိ လာသည်။
“အစ်မ၂…” ရီဖူရှင်းက လှမ်းခေါ်သည်။ သူ၏အစ်မ၂ကလည်း အာခီမီညီလာခံကို တက်မည်ဟု မထင်ထားပေ။
ကျူးကော့မင်းယွီက ရီဖူရှင်းကို ကြည့်ကာ မဲ့ပြုံးပြုံးသည်။ သည်ကောင်စုတ်လေးက ချူကျိနှင့် အမှန်ပင် စကားပြောရဲသည်။ သူက သူမ၏ကျော့ကွင်းထဲ ရောက်သွားမည်ကို မစိုးရိမ်ဘူးလား…။
ကျူးကော့ခမ်ယန်ကလည်း ရောက်လာသည်။ သူတို့မောင်နှမက ပုဂ္ဂိုလ်ကြီးများကို ကြည့်ကာ အရိုအသေ ပေးကြသည်… “ကျူးကော့မိသားစုမှ ကျူးကော့ခမ်ယန်နဲ့ ကျူးကော့မင်းယွီတို့က စီနီယာများကို ဂါရဝပြုပါတယ်…”
“အာ … ကျူးကော့မိသားစုက ကျုပ်တို့ မိတ်ဆွေတွေလည်း ရောက်လာပြီပဲ… ထိုင်ကြပါ…” ယူစီက ပြောသည်။ အသစ် ရောက်လာသူများကား ကျူးကော့မိသားစုမှ ကိုယ်စားပြုများ သာမက ရှီတန်ခိုးရှင်များလည်း ဖြစ်ကြသည်။ သူတို့က သေချာပေါက် ပင်မထိုင်ခုံများတွင် ထိုင်ခွင့် ရှိပေသည်။
ပိုင်လွေလီက ပြုံးလျက် သူတို့နှစ်ယောက်ကို ခေါင်းညိတ်သည်။ တစ်ဖက်တွင် ကျူးကော့မင်းယွီက ရီဖူရှင်းကို ကြည့်၏။ ရီဖူရှင်းက ပြုံးနေရာမှ တည်သွားသည်။ သူ၏အစ်မ၂က အဘယ်ကြောင့် အာခီမီညီလာခံကို တက်ရောက် လာသည်ကို သူ နားမလည်ပေ။
ထိုစဉ်မှာပင် ကျူးကော့မင်းယွီက အာခီမီညီလာခံ၌ လာရောက် ပြိုင်ပွဲဝင်သော လူများကို လှမ်းကြည့်သည်။ သူအ၏အကြည့် လူအုပ်၏တစ်နေရာကို ရောက်သွားကာ မဲ့ပြုံးပြုံးသည်။
“ဟမ်…” ရီဖူရှင်းကလည်း ထိုနေရာကို လှမ်းကြည့်သည်တွင် လူနှစ်ယောက်ကို မြင်ပြီး ထိတ်လန့် သွားသည်။ သူတို့ နှစ်ယောက်မူကား ခေါင်းငုံ့ကာ ကျူးကော့မင်းယွီကို ကြည့်ရဲခြင်း မရှိကြပေ။
“အစ်ကို၄… အစ်ကို၅…” ရီဖူရှင်းက သူတို့နှစ်ယောက်ကို အလွန်အမင်း အံ့အားသင့်စွာ ကြည့်သည်။ သူက အစ်နှစ်ကို သူတို့၏သတင်းများကို မေးကြည့်ဖူးရာ အစ်မနှစ်က ပြန်ပြောလိုဟန် မရပေ။ ယခု သူတို့က အာခီမီညီလာခံ၌ ပြိုင်ပွဲ လာဝင်ကြသည်။
သူ၏အစ်ကို နှစ်ယောက်က သိဒ္ဓိဝင်လက်နက်များ သွန်းလုပ်ခြင်းကို ဘယ်တုန်းက သိနားလည် ခဲ့ကြသနည်း။ သို့မဟုတ် သူတို့က ကော့တေးတွင် ထိုပညာရပ်များကို လျှို့ဝှက်ထားကာ ယခုမှ ထုတ်ပြခဲ့ကြသည်လား…။
“အစ်ကို ၇ … ခင်ဗျား မြင်လား… ကျုပ်တို့ အစ်မ၂က ကျုပ်တို့ကို ဂရုစိုက်သေးတယ်… သူမက ကိုယ်တိုင် ရောက်လာတယ်…” လျိုဖန်းက ခေါင်းငုံ့ကာ တီးတိုးပြောသည်။
“အစ်မ၂က ငါ့ကို သေချာပေါက် သတ်ချင်နေလိမ့်မယ်…” ရွှီယွီက သုန်မှုန်စွာ ပြောသည်။
“အစ်ကို၄… ခင်ဗျားက ဒီအထိတောင် လာပြီးပြီ… ဒါက အရေးကြီးသေးလို့လား… ဘယ်လိုဖြစ်ဖြစ် ကျုပ်တို့က သေရမှာပဲ…” လျိုဖန်းက တီးတိုး ပြန်ပြောသည်။
“ညီလေး… မင်းက အရမ်းသစ္စာရှိတာပဲ…” ရွှီယီ ခံစားသွားရသည်။
“ကျုပ်ကို ဒီအထဲ ဆွဲမထည့်နဲ့…” လျိုဖန်းက ခေါင်းယမ်းသည်… “ကျွန်တော်က အစ်မ၂ကို သတိရတယ်… အစ်မ၂ ဆီကို အခု သွားလိုက်ရမလား…”
ရွှီယီက ဆွံ့အားသွားသည်။
“ညီလေး… အစ်မ၂က စိတ်ကူးယဉ် မဆန်တတ်သလို အစ်ကို၃ကလည်း သစ်သားတုံးနဲ့ တူတယ်လို့ မင်းပြောတာ ငါမှတ်မိသေးတယ်…” ရွှီယီက တီးတိုးပြောသည်။
“အစ်ကို၄… ကျွန်တော် မှားသွားပါတယ်…” လျိုဖန်းကား သည်ကဲ့သို့ အစ်ကိုတစ်ယောက် ပိုင်ဆိုင်ရခြင်းအပေါ် သူ၏ ဆိုးဝါးလှသော ကံကြမ္မာကိုသာ အပြစ်ဖို့ နိုင်တော့သည်။
“ညီလေး… အခု ငါတို့ ညီငယ်လေးက တော်ဝင်ကျဲ နန်းတော်မှာ လေ့ကျင့်ပြီးတော့ နာမည်ကျော်နေပြီ… သူက ငါတို့ကို ကူညီနိုင်မယ်လို့ မင်းထင်လား…” ရွှီယီက ထပ်ပြောသည်။ အာခီမီညီလာခံတွင် သူက ရီဖူရှင်းကို သေချာပေါက် တွေ့ပြီးဖြစ်သည်။
“ဒါကို မတွေးနဲ့… အခုက တော်ဝင်ကျဲ နန်းတော်သခင် ကိုယ်တိုင် လာရင်တောင် ဒီပြဿနာ ပြေလည်မှာ မဟုတ်ဘူး…” လျိုဖန်းက သက်ပြင်းချသည်။
ရွှီယီကလည်း သက်ပြင်းချသည်… “မင်းကြောင့်မဟုတ်ရင် ငါလည်း မီးတောက်တောင်ကို သွားဖြစ်မှာ မဟုတ်ဘူး… ဒါဆို သူမကို အဲဒီမှာ တွေ့မှာ မဟုတ်ဘူး…”
“အစ်ကိုက ကျုပ်ကို အပြစ်တင်နေတာလား…” လျိုဖန်းက ပြန်ပက်သည်… “အစ်ကိုက ဘာလို့ မဟုတ်တာ သွားလုပ်လဲ…”
“အဲဒီမိန်းကလေးကို ပိုးပန်းဖို့ မင်းပဲ မြှောက်ပေးတာလေ…” ရွှီယီက လျိုဖန်းကို ဒေါသတကြီး ပြောသည်။
“အစ်ကို ၄ကိုက ပြဿနာရှာတာလေ…” လျိုဖန်းက စိတ်ပျက်စွာ ပြောသည်။
“လူနှစ်ယောက်ကြားက အချစ်ကို ဘယ်သူက ထိန်းချုပ်နိုင်လို့လဲ… သူမက တမင် လုပ်တာလည်း ဖြစ်နိုင်တာပဲ… ငါ့ဘဝက သူမလက်ထဲကို ရောက်နေပြီ…” ရွှီယီကား စိတ်ဓာတ်ကြီးစွာ ကျနေဟန်ပင် ရသည်။ အစပထမပိုင်းက သူကား လောက၌ အပျော်ဆုံး လူသားဖြစ်ခဲ့ကာ ယခု အဆုံးဝါးဆုံးသော ကံဆိုးမိုးမှောင်ကျမှုကို သူ ခံစားနေရသည်။
“မိန်းမလှအတွက် သေဆုံးရတာလည်း ကံကောင်းမှု တစ်ခုပဲ မလား…” လျိုဖန်းက သုန်မှုန်စွာ ပြောသည်။ သူကလည်း မှားယွင်းစွာ စဉ်းစားခဲ့မိသည်။ သူ၏အစ်ကို၄အား မိန်းကလေး တစ်ယောက်ကို ပိုးပန်းရန် မြှောက်ပေးမိခြင်းက ယခု သူကပါ သည်အရှုပ်ထုပ်ထဲ ဝင်ပါနေရသည်။ သူ့အတွက်လည်း ကံဆိုးခြင်း တစ်မျိုးပင်။
***