Switch Mode

အပိုင်း (၆၂၁)

အာခီမီညီလာခံစတင်ခြင်း

ရီဖူရှင်းတို့အဖွဲ့က သူတို့၏လောင်းကြေးများကို ထုတ်ယူပြီးနောက် အာခီမီ လောင်းကစားရုံမှ ထွက်ခွာ သွားကြသည်။ သူတို့အားလုံးက မိမိတို့ကိုယ်ပိုင် သိဒ္ဓိဝင် လက်နက်များကို ပိုင်ဆိုင်ခဲ့ကြပြီး အာခီမီ လောင်းကစားရုံမှ ရွှင်တပြုံးပြုံးဖြင့် ထွက်လာကြ၏။

အကြီးအကဲက သူတို့ကို ထွက်ပေါ်သို့အထိ လိုက်ပို့ကာ ရီဖူရှင်းတို့ နောက်တစ်နေ့တွင် လာရောက်ဦးမည်လော မေးသည်။ သို့သော် ရီဖူရှင်းက ငြင်းပယ်ခဲ့သည်။ သူတို့တွင် လုံလောက်သော သိဒ္ဓိဝင် လက်နက်များ ရှိနေပြီး ဖြစ်သည်။ ထို့နောက် သူက အကြီးအကဲအား စိတ်အား ထက်သန်စွာဖြင့် ကျေးဇူးတင်သည်။ အကြီးအကဲ၏ မျက်လုံးများထဲမှ မခံချိမခံသာဟန်က ရီဖူရှင်းအတွက် မမေ့နိုင်စရာပင်။

အကြီးအကဲကား အလွန်အမင်း နာကျင်ရသည်။ သူက တော်ဝင်ကျဲ နန်းတော်၏ တပည့်များကို မူလကတည်းက အထင်ကြီးခဲ့သည်။ သို့သော်လည်း လီဖူတုတို့ အုပ်စုနှင့် ရင်ဆိုင်ရာတွင် အခြေအနေကို မှားယွင်းစွာ သုံးသပ်မိခြင်းက သူ့အတွက် ဆုံးရှုံးမှုကြီးမား စေခဲ့သည်။ အကယ်၍ သူတို့ကသာ မူလ တစ်လေးတစ်လေး ပေါက်ကြေးကို သည်အတိုင်းထားခဲ့ပါက သူတို့က များစွာ အကျိုးအမြတ်ရခဲ့မည် ဖြစ်သော်လည်း ယခုကား နောင်တရရုံမှလွဲ၍​ ဘာမှ မတတ်နိုင်တော့…။

တိုက်ပွဲသတင်းက အာခီမီမြို့ကို မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူအများကလည်း ထိုကိစ္စနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေးကြ၏။ မီးတောက်အင်ပါယာ နန်းတော်မှ လီဖူတုက ယွီမိန်လိုလူနှင့် ပူးပေါင်းခဲ့သော်လည်း လွန်ခဲ့သော သုံးနှစ်က တော်ဝင်ကျဲ နန်းတော်ကို ဝင်ခဲ့သူများအား ရှုံးနိမ့်ခဲ့သည်။ တော်ဝင်ကျဲ နန်းတော်က မြေရိုင်းဒေသ တစ်ခုလုံး၏တန်ခိုးကျင့်ခြင်း ကောင်းကင်ဘုံဟူသော နာမည်နှင့် အမှန်ပင် လိုက်ဖက်ပေသည်။

ဤသို့ဖြင့် အားလုံးက စိတ်လှုပ်ရှားစွာ စောင့်စားနေခဲ့ကြသော အာခီမီ ညီလာခံလည်း ရောက်ရှိလာခဲ့သည်။

***

ယနေ့ အာခီမီမြို့မှ လေထု ပတ်ဝန်းကျင် အခြေအနေက လွန်စွာ ထကြွ သက်ဝင်နေသည်ဟု ပြောနိုင်သည်။ လမ်းတွင် လူများ ပြည့်နှက်နေကာ အားလုံးက မြို့တော်ဝန် ခန်းမကို သွားနေကြသည်။ ကောင်းကင်တွင် ယာဉ်ပျံများနှင့် သတ္တဝါဆန်းများကို မြင်တွေ့ကြရမည်။ စားသောက်ဆိုင်များတွင် မဆုံးနိုင်သော ဆွေးနွေးမှုများကို ကြားကြရမည်။ မှဿ်သည်… ဆယ်စုနှစ်တစ်ခုမှ တစ်ခါ ပြုလုပ်သော အာခီမီညီလာခံအား မြေရိုင်းဒေသ အနောက်ဘက်နယ် တစ်ခုလုံးက လာရောက် ကြပေသည်။

မည်သို့ဆိုစေ အနောက်ဘက် ဒေသတွင် အာခီမီမြို့ကား အလွန်အမင်း အရေးပါသော နေရာတွင် ရှိသည်။ မြို့တော်ဝန်ကား မြေရိုင်းပြည်နယ်၏ ကောင်းကင်မြေရိုင်း အဆင့်တွင် အဆင့်၈ ဖြစ်ရာ မြေရိုင်းပြည်နယ်၏ အပေါ်ဆုံးတွင် ရပ်နိုင်သော လူများထဲမှ တစ်ယောက်လည်း ဖြစ်သည်။ အကယ်၍ သူကသာ သူပိုင်ဆိုင်သော သိဒ္ဓိဝင် လက်နက်များဖြင့် တိုက်ခိုက်မည် ဆိုပါက တခြားကောင်းကင် မြေရိုင်းအဆင့်မှ မည်သူကမှ တိုက်ခိုက်လိုမည် မဟုတ်ပေ။

အာခီမီမြို့တော်ဝန် ယူစီကား အနောက်ဘက် နယ်မြေ၏ စွမ်းအား အမြင့်ဆုံးလူဟု ပြော၍ ရသည်။ ထို့ကြောင့် အနောက်ဘက် နယ်မြေတစ်ခုလုံးမှ စွမ်းအားမြင့် စွမ်းအားနိမ့် တန်ခိုးရှင်များ အားလုံးက သူ့အား လေးစားကြရသည်။ ထို့အပြင် မြေရိုင်းပြည်နယ် တစ်ခုလုံးမှ ထိပ်သီး အင်အားစုတိုင်းကလည်း သူတို့၏ မိသားစုဝင်များ ကလန်ဝင်များကို အာခီမီညီလာခံသို့ စေလွှတ် တက်ရောက်စေကြသည်။

မြို့တော်ဝန်ရုံး၏ အပြင်ဘက်တွင် လှေကားထစ်ကြီး တစ်ခုရှိသည်။ လှေကားထစ် ရှေ့တွင်ကား ကျယ်ပြန့်သော မြေနေရာကြီး တစ်ခုရှိ၏။ ထိုမြေကွက်လပ်ထဲတွင် အဂ္ဂရက်ဖို အိုးကြီးများကို တင်ထားသော အာခီမီ ထောက်တိုင်၈ခု တည်ရှိသည်။ ထိုအာခီမီ ထောက်တိုင်ကြီး များကား အာခီမီညီလာခံတွင် ပြိုင်ပွဲဝင်များက သူတို့၏ သိဒ္ဓိဝင် လက်နက်များကို သွန်းလုပ်ရမည့် နေရာလည်း ဖြစ်သည်။

ကွင်း၏ ဘေးတစ်ဖက် တစ်ချက်တွင် ကြီးမားသော စင်ကြီးများ တည်ဆောက်ထားကာ ပရိသတ်များ အတွက် ထိုင်ခံနေရာများ ခင်းကျင်း ပြင်ဆင်ထားသည်။ ထိုနေရာများကား အရေးပါသော လူများနှင့် အာခီမီညီလာခံကို လာသော စွမ်းအားမြင့် တန်ခိုးရှင်များအတွက် ဖြစ်သည်။ ဘေးတစ်ဖက် တစ်ချက်မှ ပွဲကြည့်စင်များတွင်မူကား အထူး ဖိတ်ခေါ်ထားသူများ အတွက်သာ ဖြစ်ရာ သာမန်လူများက ပွဲပြည့်စင်၏နောက်မှသာ ရပ်ကြည့်နိုင်ကြသည်။

ယခုကား အာခီမီညီလာခံ၏ ပြင်ပနေရာတွင် လူအုပ်ကြီး ဖြစ်နေပြီ ဖြစ်သည်။ လူအများအပြားက ဆယ်စုနှစ် တစ်ခုတွင်မှ တစ်ခါ ပြုလုပ်သော အာခီမီညီလာခံကို ကြည့်ရှုလိုကြသည်။ သူတို့က သိဒ္ဓိဝင် လက်နက်များ သွန်းလုပ်ခြင်းကို စိတ်မဝင်စားသည့်တိုင် ယနေ့က သူတို့တစ်သက်တွင် တစ်ခါ​ မြင်တွေ့ဖူးရန် ခက်ခဲသော ပုဂ္ဂိုထူးကြီးများ ရောက်လာမည့် နေ့လည်း ဖြစ်သည်။ ထို့အပြင် ထိုရောက်လာ သူများထဲတွင် အချို့က ကောင်းကင်မြေရိုင်း အဆင့်တွင် ပါဝင်သူများလည်း ဖြစ်ကြသည်။

လှေကားထစ်၏ အောက်ခြေတွင်ကား မြို့တော်ဝန်ရုံးမှ လူအများအပြားက ဖိတ်ကြားထားသော လူများကို နေရာထိုင်ခိုင်းများ ချပေးရန် ကြိုဆိုရန် မူလကတည်းက နေရာ ယူထားကြသည်။ အာခီမီညီလာခံ၌ ဝင်ပြိုင်မည့် လူများကလည်း ကွင်းထဲကို ဝင်ကာ ကျယ်ပျံ့သော မြေနေရာကြီး၌ နေရာကိုယ်စီ ယူထားကြသည်။

နေရာမျိုးစုံမှ အဆင့်မြင့် ချပ်ဝတ်လက်နက် ပြုလုပ်သူများက သူတို့၏ သွန်းလုပ်ခြင်း စွမ်းရည်ကို ဤနေရာတွင် ပြသရမည် ဖြစ်သည်။ ယနေ့ သည်နေရာက သူတို့အတွက် ဖြစ်ကာ သူတို့၏ အရည်အချင်းကို မြေရိုင်းပြည်နယ်တစ်ခုလုံး သိမြင်စေရပေမည်။

“လုမိသားစု ရောက်လာပြီ… လုမိသားစုက ခေါင်းဆောင် ကိုယ်တိုင်တောင် ညီလာခံကို တက်ရောက် လာတယ်လို့ ငါကြားတယ်…” တစ်ယောက်က ကောင်းကင် တစ်နေရာကို လှမ်းကြည့်ကာ ပြောသည်။ လုမိသားစုကား အာခီမီမြို့မှ ဂုဏ်သရေရှိ မိသားစုတစ်ခု ဖြစ်သည်။ သူတို့က မြို့တော်ဝန်ရုံးနှင့် အင်ပါယာ မိသားစုတို့ကဲ့သို့ မကျော်ကြား မထင်ရှားသော်လည်း သူတို့၏ အင်အားကလည်း မသေးပေ။ မြို့တော်ဝန် အိမ်တော်၏ သခင်လေးက သူတို့ကို သွားရောက် ကြိုဆိုလာခဲ့သည်။ မိသားစု ခေါင်းဆောင်နှင့် အရေးပါ အရာရောက်သော နေရာများတွင် နေရာချထားပေးကာ ကျန်လူငယ်များက စင်မြင့်ကြီး၏ ဘေးဘက်တွင် နေရာယူကြသည်။

“ကျိုးမိသားစုလည်း ရောက်လာပြီ…” နောက်မိသားစု တစ်ခု ရောက်လာသည်။ လုမိသားစုကဲ့သို့ပင် ကျိုးမိသားစုသည်လည်း အာခီမီမြို့တွင် ဂုဏ်သရေရှိ မိသားစုဖြစ်၏။

ထို့နောက်တွင် အင်အားစုများ တစ်ခုပြီးတစ်ခု ရောက်လာကြကာ ထိုအထဲတွင် မီးတောက်မြို့မှ လူများလည်း ပါသည်။ မြို့တော်ဝန်ရုံး၏ နာမည်ကျော်ကြားသော လူများပင်လျှင် ဧည့်သည်များကို ကိုယ်တိုင်ထွက်ရောက် ကြိုဆိုကြသည်။ သို့သော်လည်း မြို့တော်ဝန် ကိုယ်တိုင်မူကား ပေါ်ထွက်လာခြင်း မရှိသေးပေ။ သူ၏ အဆင့်အတန်းဖြင့် သူကိုယ်တိုင် ကြိုဆိုရမည့် လူများကား လက်ချိုးရေ၍ ရပေသည်။

“တော်ဝင်မီးတောက် ဂိုဏ်းလည်း​ ရောက်လာပြီ… အဲဒါက ဂိုဏ်းခေါင်းဆောင်လေ…” လူအများအပြားက ကောင်းကင်မှ ပျံသန်းလာသော လူတစ်အုပ်ကို ကြည့်ကြသည်။ အရှေ့ဆုံးမှ လူကြီးကား အလွန်အမင်း တောက်ပြောင်သော အနီစွေးစွေး ဝတ်စုံကို ဝတ်ထားကာ ကြီးမားသော အရှိန်အဝါကို ပိုင်ဆိုင်သည်။ ခေါင်းဆောင် ကိုယ်တိုင်က ညီလာခံကို တက်ရောက်ကာ သူက ပွဲကြည့်စင်၏ အထူးနေရာ ထိုင်ခိုင်းများ ပြင်ဆင်ထားရာသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။

ထိုစဉ်မှာပင် လူတစ်စု မြို့တော်ဝန်ရုံးမှ ထွက်လာကြသည်။ ရှေ့ဆုံးမှ လူကြီးကား ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏လှုပ်ရှားမှု ဟန်ပန်က ခန့်ညား သေသပ်ကာ ညီလာခံကို တက်ရောက်သူများ အားလုံးက သူ့အား ထ၍ နှုတ်ဆက်ကြရသည်။

“မြို့တော်ဝန် ထွက်လာပြီ…” လူအများအပြားက မြို့တော်ဝန်ရုံးမှ ထွက်လာသော ပုဂ္ဂိုလ်ကြီးကို ကြည့်ကြသည်။ ယခု မြေရိုင်းပြည်နယ်မှ အရေးပါ အရာရောက်သော သူများ အားလုံး ရောက်ရှိနေကြပြီ ဖြစ်ရာ မြို့တော်ဝန်က သင့်တော်သော အချိန်တွင် ထွက်လာသည်ဟု ပြော၍ ရသည်။

“အားလုံး မင်္ဂလာ နံနက်ခင်းပါ…” ယူစီက ရောက်လာသော ဧည့်သည်များကို နှုတ်ဆက်ကာ ပင်မထိုင်ခုံနေရာသို့ လျှောက်သွားသည်။ လူတိုင်းကလည်း ထရပ်ကာ နှုတ်ဆက် ဂါရဝပြု ကြရသည်။

ယူစီက လက်ဝှေ့ယမ်းကာ စကားပြောသည်… “ဒီနေ့က အာခီမီညီလာခံနေ့ပဲ… ဒါကြောင့် ဒီပွဲမှာ ကျုပ်က သေချာပေါက် အဓိကလူ မဟုတ်ဘူး… ညီလာခံမှာ ဝင်ပြိုင်မယ့်လူတွေက အခု ဝင်ရောက်နိုင်ပြီ…” သူ၏စကားကို ကြားသည်တွင် လူအများအပြားက ပြိုင်ပွဲနေရာသို့ ဝင်ရောက် လာကြသည်။

“မြို့စားယူ… ခင်ဗျား နေကောင်းတယ် မလား…” အသံတစ်သံကို ကြားကြရသည်။ ထို့နောက်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော မီးတောက် သတ္တဝါဆန်းကြီး တစ်ကောင် လေထဲတွင် ပေါ်လာပြီး ရှေ့ဆုံးမှ လူကား အလွန် ဂုဏ်ရှိန် ကြီးမားသော လူကြီးတစ်ယောက် ရပ်နေသည်။ သူ၏ မျက်လုံးများက အလွန်အမင်း နီရဲနေကာ သူက လက်ကို နောက်တွင် ချိတ်ထားသည်။

“အဲဒါ ယန်ကျွမ်းပဲ…” တစ်ယောက်က ပြောသည်။ အားလုံးက ယခုမှ ရောက်လာသူများကို ကြည့်ကြသည်။ ယန်ကျွမ်းကား မီးတောက်အင်ပါယာ နန်းတော်၏ သခင်ဖြစ်ကာ ကောင်းကင်မြေရိုင်း အဆင့်တွင် မြင့်မားသော နေရာ၌ ရှိသူဖြစ်သည်။ သူ၏ဘေးနားတွင် ရပ်နေသော လီဖူတုကား အင်ပါယာ မိသားစုမှ ထိကန်းကဲ့သို့ နာမည်ကျော်ကြားသော လူငယ်ပါရမီရှင် ဖြစ်သည်။ ယမန်နေ့တိုက်ပွဲ၌ လီဖူတုက ရှုံးနိမ့်ခဲ့သော်လည်း အမှန်အားဖြင့် အုပ်စုဖွဲ့ တိုက်ပွဲဖြစ်ရာ သူ့အမှားဟုလည်း ပြောမရပေ။

လီဖူတုအပြင် သူတို့ဘေး၌ သူ့ဇနီး ကျန်းကျိရန်နှင့် တော်ဝင်ကျဲ နန်းတော်မှ ကျန်းကျိချင်တို့ကလည်း မီးတောက် နန်းတော်သခင်နှင့်အတူ ရောက်လာကြသည်။

“ယန်ကျွမ်း… ခင်ဗျားရော နေကောင်းလား…” ယူစီကလည်း အသစ်ရောက်လာသူကို နှုတ်ဆက်သည်။

“ဒီမီးတောက်တွေကြားမှာ ငါက ဘယ်လိုလုပ် နေကောင်းပါ့မလဲ… ငါက ဒီမှာ ပျော်စရာ လာရှာတာ…” ယန်ကျွမ်းက အသာ ရယ်မော၍​ ပြောသည်။

“ခင်ဗျား ရောက်လာတာ ကောင်းတယ်… မိတ်ဟောင်း ဆွေဟောင်းတွေလည်း မကြာခင် ရောက်လာ ကြလိမ့်မယ်… ထိုင်ပါ…” ယူစီက ပြောကာ လီဖူတုဘက်ကို လှည့်သည်… “ယန်ကျွမ်းရဲ့သားက ပါရမီ အရမ်း ကောင်းတယ်လို့ ကြားတယ်… အခု ကြည့်ရတာလည်း တကယ်ပဲ မင်းအဖေလိုပဲ… မင်းက စင်ဘေးကို သွားစရာ မလိုဘူး… ဒီကပဲ ညီလာခံကို ကြည့်ပါ…”

“ကျေးဇူးတင်ပါတယ်…စီနီယာ…” လီဖူတုက အရိုအသေပေးကာ ပြောသည်။

“ဒါက ထည့်မပြောစမ်းပါနဲ့… အသုံးမကျတဲ့အကောင်က အာခီမီမြို့ကို ရောက်တာနဲ့ ရှုံးတော့တာပဲ…” ယန်ကျွမ်းက မှတ်ချက်ချသည်။ လီဖူတုနှင့် ကျန်းကျိရန်တို့က သူ့နောက်တွင် ရပ်နေသော အချိန်တွင် ကျန်လူများ အားလုံးက စင်ဘေးတွင် သွားရောက် နေရာယူကြသည်။ အထူးဧည့်သည်များ အတွက် နေရာထိုင်ခုံများက အကန့်အသတ်ရှိရာ လူတိုင်းက ပင်မထိုင်ခုံများတွင် မထိုင်နိုင်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset