Switch Mode

အပိုင်း (၆၂၀)

ဝေစုခွဲခြင်း

လီဖူတု၏ ခန္ဓာကိုယ်မှ​ မီးတောက်များ ပေါက်ကွဲ ထွက်သွားကာ အလွန် လင်းလက်သော မီးငှက်က နတ်ဘုရားမီးလျှံများ တောက်လောင်လျက် ကောင်းကင်ယံကို တက်သွားသည်။ သူ၏ အတောင်ပံများကို ဖြန့်လိုက်သည်တွင် နတ်ဘုရား မီးတောက်များက ကျန်းကျိရင်နှင့် တိုက်ခိုက်နေသော ယိရှောင်ရှီထံသို့ တိုးဝင်သွားကြသည်။ ထိုအဖြစ်က ယိရှောင်ရှီအား နောက်ဆုတ်စေခဲ့၏။ ထို့နောက်တွင် ဗာမီလီယန်ငှက်က ရီဖူရှင်းထံသို့ လှပစွာ ပျံဝဲလာသည်တွင် ကောင်းကင်မှ နတ်ဘုရားမီးငှက်က တစ်ကောင် ဆင်းသက် လာသည်ဟု ထင်မှတ်ရ၏။

နိုဘယ်အဆင့် တန်ခိုးရှင်များကား သူတို့၏ သက်စောင့်ဝိညာဉ်ကို အပြင်သို့ ထုတ်လွှတ်ကာ တစ်ဖက်သူကို တိုက်ခိုက်နိုင်သည်။ အဆင့်မြင့် နိုဘယ်တစ်ယောက် ဖြစ်သော လီဖူတုက ထိုသို့ လုပ်နိုင်သည်မှာ မဆန်းပေ။

ယွန်စွေ့ရှင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ သူမက နောက်ဆုတ်သည်။ သို့သော်လည်း သူမနောက်သို့ လီဖူတုက ထက်ကြပ်မကွာ လိုက်ပါလာကာ သူမက မည်သို့ ရှောင်ပြေး နိုင်မည်နည်း။

သူတို့နှစ်ယောက် အနီးပတ်ဝန်းကျင် တစ်ခုလုံးကို ရွှေရောင် မီးတောက်များ တောက်လောင် လာသည်။ ယွန်စွေ့ရှင်း၏ အနီး၌လည်း အေးခဲသီးသန့်နယ် တစ်ခုပေါ်လာကာ သူမအား မီးတောက်များထံမှ ကာကွယ်ပေးသည်။ တစ်ချိန်တည်းမှာပင် ဗာမီလီယန်ငှက်က ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။

ရီဖူရှင်းကား သည်တိုက်ပွဲတွင် တိုက်ရိုက်ပါဝင် တိုက်ခိုက်နေသည် မဟုတ်ပေ။ သူက ကု့ချင်းဖြင့် တိုက်ပွဲကို ညွှန်ကြား ကြီးကြပ်နေခြင်းသာ ဖြစ်၏။ သို့သော်လည်း သည်တိုက်ပွဲ၏ အခရာက လွန်ခဲ့သော သုံးနှစ် တော်ဝင်ကျဲ နန်းတော်ဝင်ခွင့် ပထမရသူသာ ဖြစ်သည်ကို အားလုံးက နားလည်ကြ၏။ သူ၏ကု့ချင်းသံစဉ်က သူတို့အဖွဲ့ တစ်ခုလုံးကို ကြီးစွာ အားကောင်းစေသည်။ အကယ်၍ ရီဖူရှင်းကိုသာ တိုက်ခိုက် အနိုင်ယူနိုင်ခဲ့ပါက အခြေအနေက တစ်ဖန် ပြောင်းလဲ သွားနိုင်သည်။ သို့သော်လည်း ရီဖူရှင်းက တခြားလူများအား သူ့ကို အာရုံမထားရန် ပြောကြားကာ သူက ကု့ချင်းကို ဆက်လက် တီးခတ်သည်။

ထိုစဉ်မှာပင် ကြောက်မက်ဖွယ် စိတ်စွမ်းအား တစ်ခုက ရီဖူရှင်းကို ရစ်ပတ်သွားကာ လေဟာနယ် တစ်ခုလုံးကို ရိုက်ခတ်သွား၏။ ကောင်းကင် တစ်ခုလုံးကလည်း ကြောက်မက်ဖွယ် သဘာဝ စွမ်းအင်များဖြင့် ဖုံးလွှမ်းသွား၏။ ဗာမီလီယန် မီးငှက်က ရီဖူရှင်းထံသို့ အရှိန်အဝါကြီးစွာဖြင့် ဆင်းသက် လာသည်တွင် ရီဖူရှင်းကလည်း ကု့ချင်းကို မြန်ဆန်စွာ တီးခတ် လိုက်သည်တွင် လေထဲမှ စိတ်စွမ်းအားများက အသက် ဝင်သွားကာ မှော်စွမ်းအင်များ ဖြစ်ပေါ်လာသည်။

ထိုအခိုက်တွင် သူ့အနီးမှ လေဟာနယ်က အေးခဲသွားပြီး ကောင်းကင်မှ ဆင်းသက် လာသော ဗာမီလီယန် ငှက်ကလည်း နှေးကွေးသွားကာ မမြင်ရသော စိတ်စွမ်းအားကြောင့် နောက်ကို ပျံ့လွင့်သွားသည်။ သူ၏မျက်လုံးများမှ ကြောက်မက်ဖွယ် ရွှေရောင် မီးတောက်များက ရီဖူရှင်းထံကို ပစ်လွင့် သွားသော်လည်း ပတ်ဝန်းကျင်မှ သူ ထိန်းချုပ်ထားသော စွမ်းအင်များကလည်း ပိုမို အားကောင်းလာ၏။

အားကောင်းသော သဘာဝစွမ်းအင်များ လေဟာနယ်ထဲစုစည်း လာနေသည်။ ခွန်အား ကြီးမားသော ဗာမီလီယန်ငှက်လည်း ပိုမို၍ နှေးကွေးလေးလံ လာနေသည်။ ထိုမှော်စွမ်းအင်ကို ရီဖူရှင်းက ဖန်တီးထားခြင်း ဖြစ်သည်။ ဓာတ်ပေါင်းစု မှော်စွမ်းအင်နှင့် သိုင်းပညာ အသိတို့ကို ပေါင်းစပ်ကာ သူက ကောင်းကင်အေးခဲ မှော်ပညာဟု ခေါ်သော ပညာရပ် အသစ်တစ်ခုကို တီထွင်ခဲ့သည်။

လျှပ်စီးများ အော်ဟစ်သံနှင့်အတူ ပန်းရောင်နှင့် ရွှေရောင်လျှပ်စီးများ လေဟာနယ်ထဲ ပေါ်လာသည်။ ခက်ထန်သော လျှပ်စီး စွမ်းအင်များက လျှပ်စီးနတ်ဘုရား မှော်ပညာအဖြစ် ပြောင်းလဲသွားပြီး ဗာမီလီယန်ငှက်ထံသို့ တိုးဝင်သွားသည်။ သည်ပညာကလည်း သူ ဖန်တီးထားခြင်း ဖြစ်သည်။

လျှပ်စီးနတ်ဘုရား ဆင်းသက် လာသည်တွင် မီးငှက်က ပြင်းစွာ တုန်ခါသွားပြီး အလွန်အမင်း နာကျင်သောကြောင့် နားကွဲမတတ် အော်မြည်သံ ပေး၏။ ထိုစဉ်မှာပင် ယွန်စွေ့ရှင်းနှင့် တိုက်ခိုက်နေသော လီဖူတု၏ပါးစပ်မှ သွေးအန်ကာ သူ၏အသက်ရှူသံက မြန်ဆန်သွားသည်။

သူ၏ သက်စောင့်ဝိညာဉ် တိုက်ခိုက်ခံရသည်တွင် လီဖူတုကလည်း ပြင်းထန်သော ဒဏ်ချက်ကို ခံစားရပေသည်။ မည်သို့ဆိုစေ သက်စောင့်ဝိညာဉ်ကား မှော်ထိန်းချုပ်သူများ၏ အသက်ဝိညာဉ် မဟုတ်ပါလား…။ အကယ်၍ သက်စောင့်ဝိညာဉ်က ပြင်းစွာ ထိခိုက်လျှင် မှော်ပညာရှင် တစ်ယောက်၏ စိတ်စွမ်းအားကလည်း ပြင်းထန်သော ဒဏ်ရာကို ရတတ်ပေသည်။

“တိုက်ပွဲက ပြီးတော့မယ်…” တစ်ယောက်က မှတ်ချက်ချသည်။ လီဖူတု၏ အခြေအနေက သိပ်မကောင်းသည်ကို မြင်ရာ သူ့ဘက်မှ လောင်းကြေး ထည့်ထားသူများ၏ မျက်နှာများ ပျက်ယွင်း သွားကြ၏။ လီဖူတုက သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်ဖော်ကာ အရှိန်အဝါကြီးစွာ တိုက်ခိုက်သောအခါ သူတို့က မျှော်လင့်ချက်များ ရှိလာခဲ့သော်လည်း ယခု ရီဖူရှင်းက တခြားလူများနှင့် ပေါင်းစပ်ထားသော စိတ်စွမ်းအားကို သုံးကာ လီဖူတု၏ သက်စောင့်ဝိညာဉ်ကိုပင် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့သည်ကို ထိတ်လန့်စွာ မြင်တွေ့ ကြရသည်။

လူအများအပြားက ဟောင်ကျူဂီနှင့် ယွီမိန်တို့ ရှိရာဘက်ကို ကြည့်ကြသည်။ လီဖူတုအပြင် ယွီမိန်ကလည်း ပထမတန်းစား နိုဘယ်ဖြစ်ကာ အလွန်အမင်း အားကောင်းသည်။ ယခု လီဖူတုက တိုက်ပွဲတွင် အရေးနိမ့်နေရာ ယွီမိန်က သည်တိုက်ပွဲကို ပြောင်းလဲနိုင်မည်လား မည်သူမှ မသေချာတော့…။

ထိုစဉ်မှာပင် ဟောင်ကျူဂီက ယွီမိန်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သူ၏ စိတ်စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းသော စိတ်ကူးယဉ် ကမ္ဘာတစ်ခု ဖြစ်သွားကာ မရေမတွက်နိုင်သော စစ်သည်များ၊​ စစ်ရထားများကို ဆင့်ခေါ် လာဟန်ရသည်။ သူ့ထက် တန်ခိုးအဆင့် ပိုမိုမြင့်မားသော ယွီမိန်နှင့် တိုက်ခိုက်ရသည့်တိုင် ဟောင်ကျူဂီက နောက်ဆုတ်လိုခြင်း မရှိဘဲ ပြင်းထန်စွာ တိုက်ခိုက်သည်။

ဟောင်ကျူဂီကလည်း ထိုမျှ အားကောင်းသည်လား…။ လူအများအပြားက အံ့အားသင့်ကြရသည်။ ဟောင်ကျူဂီထံမှ အရောင်အဝါများ ဖြာထွက်နေသည်။ ရန်ဟောင် ခန္ဓာကိုယ်ကို အသက်သွင်းကာ ဟောင်ကျူဂီ ကိုယ်တိုင်က ရန်ဟောင်တစ်ပါး ဖြစ်သွားပြီး ရန်ဟောင်ဓားကို ဝှေ့ယမ်းကာ စစ်မြေပြင်ကို အမိန့်ပေးသည်။ ထိုပတ်ဝန်းကျင်မှ သိုင်းပညာအသိ ပုံရိပ်ယောင်များက ပိုမိုကြောက်မက်ဖွယ် ကောင်းလာကြကာ အရာခပ်သိမ်းကို ချေမှုန်းမည့်ဟန် မြင်ရသည်။

ယွီမိန်၏ အမူအရာက တင်းမာနေသည်။ တော်ဝင်ကျဲ နန်းတော် ဝင်ခွင့်၌ လွန်ခဲ့သော သုံးနှစ်က ဒုတိယရခဲ့သော လူငယ်က သည်မျှ ကြောက်စရာ ကောင်းမည်ဟု သူ မထင်ထားပေ။

ပြင်းထန်သော တိုက်ခိုက်မှုက  ယွီမိန်၏ခံစစ်ကို ကျိုးပျက်စေကာ ယွီမိန်အား အဝေးကို လွင့်စဉ် သွားစေသည်။ သူ၏ဒဏ်ရာက ပြင်းထန်ကာ ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။ သူကား ရှုံးနိမ့်ခဲ့လေပြီ…။ ယွီမိန် ကျရှုံးသွားသည်ကို မြင်လျှင် တိုက်ပွဲက အဆုံးသတ်သွားပြီဟု အားလုံးက ကောက်ချက် ချကြသည်။

သူတို့​ ထင်ထားသလိုပင် ဒဏ်ရာပြင်းစွာ ရနေသော လီဖူတုအား ရင်ဆိုင်ရာတွင် ယွန်စွေ့ရှင်း အတွက် ပြဿနာ မရှိပေ။ ရီဖူရှင်း၏ ကု့ချင်းသံစဉ် ထောက်ပံ့မှုနှင့်အတူ သူမက လီဖူတုကို အဆက်မပြတ် တိုက်ခိုက်သည်။ လီဖူတုက ကျန်းကျိရင်နှင့် ဆက်လက် တိုက်ခိုက် လိုသော်လည်း ကျန်းကျိရင်က သူ့အား အရှုံးခံခိုင်းခဲ့သည်။ သူမ၏ယောက်ျားက ဒဏ်ရာရနေပြီဖြစ်ရာ သူမက ဆက်လက် မတိုက်ခိုက်ခိုင်း ရက်တော့ပေ။

တိုက်ပွဲ ပြီးဆုံးသွားသည်တွင် ဗာမီလီယန်မီးငှက်က လီဖူတု၏ ခန္ဓာကိုယ်ထဲကို ပြန်လည် ဝင်ရောက်သွားသည်။ ရီဖူရှင်းတို့အုပ်စုက အေးအေးသက်သာ ရပ်နေသော အချိန်တွင် တခြား ရှစ်ယောက်က ဒဏ်ရာများစွာ ရနေကြပြီဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်က သည်တိုက်ပွဲကို အပြတ်အသတ် အနိုင်ရခဲ့၏။

တော်ဝင်ကျဲ နန်းတော် အုပ်စုက တန်ခိုး အဆင့်အားဖြင့် နိမ့်ကျသည်ဟု ထင်မှတ်ရသော်လည်း သူတို့က အလွန် ကောင်းမွန်သော တိုက်ခိုက်ရေး စွမ်းရည်များကို ပြသခဲ့ကြသည်။ တော်ဝင်ကျဲနန်းတော်မှ တပည့် ၇ ယောက်အပြင် ဟောင်ကျူဂီလည်း သိသာ ထင်ရှားသော အရည်အချင်းများကို ထုတ်ပြခဲ့သည်။ မည်သို့ဆိုစေ သူကား ရီဖူရှင်း၏နောက်မှ ဒုတိယရသူ မဟုတ်ပါလား…။

“ခင်ဗျားတို့က ကျုပ်တို့ကို လျှော့ပေါ့ပေးခဲ့တာပဲ…” ရီဖူရှင်းက ပြုံးလျက် ယဉ်ကျေးစွာ ပြောသည်။ တစ်ဖက်မှ လူများအားလုံး၏ အမူအရာများက တင်းမာ သွားကြသည်။

မီးတောက်အင်ပါယာ နန်းတော်မှ လာသော လီဖူတုကား ယခု တော်ဝင်ကျဲ နန်းတော်မှ တပည့်များ၏ စွမ်းရည်ကို လက်တွေ့ ခံစားခဲ့ပြီးဖြစ်သည်။ သူ၏ဇနီး ကျန်းကျိရန်လည်း အနည်းငယ် ထိတ်လန့် သွားခဲ့သည်။ သူမ၏ညီမ ကျန်းကျိချင်က အမှန်ပင် သည်ကဲ့သို့ ထူးချွန်သော လူများနှင့်အတူ လေ့ကျင့်နေသည်။

ယန်ချူ၊ နန်ဟို၊ စီကျိနှင့် ပိုင်ရီတို့မူကား တိုက်ပွဲထဲတွင် မမြင် မတွေ့ခဲ့ရသည်နှင့်ပင် တူသည်။ ယခင်က သူတို့အားလုံး ရီဖူရှင်းတို့ အုပ်စုထံတွင် ရှုံးနိမ့်ခဲ့ကြသည်။ ယခု သူတို့က အာခီမီမြို့တွင် တစ်ဖန် ပြန်တွေ့ကြသော်လည်း ထပ်မံ၍ ရှုံးနိမ့်ခဲ့ကြသည်သာ…။

ယွီမိန်ကား စိတ်ပျက်ဟန် ပေါ်နေသည်။ သူက စင်မြင့်ပေါ်မှ ဆင်းလာရင်းက စုဟောင်ချူထံကို လျှောက်လာကာ ပြောသည်… “ဟောင်ချူ… ဒီတစ်ခါ ငါ ရှုံးနိမ့်ခဲ့တယ်…”

“ရှင်က အကောင်းဆုံး ကြိုးစားခဲ့တာပဲ… ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး…” သူမ၏အပြုံးကား နူးညံ့ ညင်သာလွန်းရကား ကြည့်မိသူတိုင်း၏ နှလုံးကို အရည်ပျော်သွား စေနိုင်လောက်သည်။

လီဖူတုနှင့် တခြားလူများကလည်း စင်ပေါ်မှ ဆင်းသက်ကြသည်။ သို့သော် ထိကျိုးက စင်ပေါ်တွင် ကျန်နေခဲ့၏။ သူက ရီဖူရှင်းတို့အဖွဲ့ကို ကြည့်ကာ ရယ်မောသည်… “စိတ်ဝင်စားစရာပဲ…. ဒါပေမဲ့ မင်းတို့အားလုံးရဲ့ စွမ်းရည်က ကု့ချင်းကြောင့် ပိုမို မြင့်တက်ခဲ့လို့သာ ဒီတိုက်ပွဲက အနိုင်ရခဲ့တာပဲ… တကယ်လို့ မင်းတို့သာ အင်ပါယာ မိသားစု အိမ်တော်ကို လာခဲ့ရင် ငါက မင်းတို့ကို ငါ့အစ်ကိုနဲ့ သေချာပေါက် ပေးတွေ့မယ်…” ထို့နောက် သူက နောက်လှည့်ကာ စင်မြင့်ပေါ်မှ ဆင်းပြီး ထွက်ခွာ သွားသည်။ သူ၏စကားကို ကြားသည်တွင် အားလုံး၏ မျက်လုံများက အရောင်များ လင်းလက် သွားကြသည်။ မှန်သည်… ထိကန်းတစ်ယောက်သာ တော်ဝင်ကျဲ နန်းတော်မှ တပည့်များကို ဖိနှိပ် နိုင်လောက်သည်။

စင်မြင့်ပေါ်မှ ဆင်းလာသည်တွင် ကျန်းကျိရန်က သူမ၏ညီမအနီးသို့ ရောက်လာသည်။ ကျန်းကျိချင်က ပြုံးလျက် ခေါင်းယမ်းသည်… “မမ… ဒါက မမနဲ့ ခဲအိုတို့ရဲ့ စွမ်းရည်ညံ့လို့ မဟုတ်ဘူး…”

“ကြည့်ရတာ ငါတို့က မင်းကို ရတနာ လက်ဆောင် မပေးနိုင်တော့ဘူး…” လီဖူတုက ပြောသည်။

“ဒါက အဆင်ပြေပါတယ်… ခဲအိုတို့က ရှုံးနိမ့်ခဲ့လို့ လောင်းကြေးကို ပေးရမှာပဲ စိတ်မကောင်း ဖြစ်နေတာ…” ကျန်းကျိရင်က ပြောသည်။

“မင်းက လောင်းကစားလုပ်ရင် အရှုံးကိုလည်း ပြင်ဆင် ထားသင့်တယ်…” လီဖူတုက တည်ငြိမ်စွာ ပြောသည်။ တခြား တစ်ဖက်တွင် ကျန်းကျိရန်က မေးသည်… “ကျိချင်… ရီဖူရှင်းနှင့် ကျန်တဲ့လူတွေက တော်ဝင်ကျဲ နန်းတော်မှာ ထူးချွန်ကြလား…”

ကျန်းကျိချင်က တိုက်ပွဲစင်မြင့်ထက်ကို ကြည့်ကာ လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးသည်။ ရီဖူရှင်း နန်းတော်ကို စတင် ဝင်ရောက်စဉ်က အပြုအမူ အပြောအဆိုများ အထိန်းအကွပ် မဲ့သောကြောင့် သူမက သဘောမကျခဲ့ပေ။ သို့သော် ယခု သုံးနှစ် ကြာပြီးနောက် ရီဖူရှင်းက သူမထက် များစွာ သာလွန်ခဲ့ပြီး ဖြစ်ကြောင်း သိလိုက်ရသည်။

“ဟုတ်တယ်… သူတို့က အရမ်း တော်ကြတယ်…” ကျန်းကျိချင်က ခေါင်းညိတ်သည်။ သူမကလည်း ထိုအချက်ကို လက်ခံသည်။

ထိုစဉ်မှာပင် ရီဖူရှင်းက စင်ပေါ်သို့ တက်လာသော အကြီးအကဲအား ပြုံးလျက် ပြောသည်… “အကြီးအကဲ… ရတနာတွေ…”

“ယူလိုက်…” အကြီးအကဲက ရတနာများပါသော လက်စွပ်ကို ကမ်းပေးသည်။ သည်တစ်ခေါက် သူတို့ လောင်းကစားရုံက အခြေအနေကို လွဲမှားစွာ သုံးသပ်ခဲ့မိ၏။ ရီဖူရှင်းတို့အဖွဲ့က အမှန်ပင် လီဖူတုတို့အား အနိုင်ယူခဲ့ကြသည်။

အကြီးအကဲက သည်နေ့ လောင်းကစားကို သေးသေချာချာ စီမံခဲ့ကြသော်လည်း သူတို့ ခန့်မှန်းထားသလို ဖြစ်မလာခဲ့ဘဲ သည်တစ်ခေါက် သူတို့က ကြီးစွာ ဆုံးရှုံးခဲ့ကြရသည်။ ရီဖူရှင်းတို့ အုပ်စုမူကား ပျားပေါ် သကာလောင်းသလိုပင် ပျောက်မဆုံး တပြုံးပြုံး ဖြစ်ကြရလေ၏။ သူတို့က သည့်ထက် မလောင်းမိသည်ကိုပင် နောင်တရကြသည်။

“ဒီလောက်က မလုံလောက်သေးဘူး ထင်ပါတယ်… စီနီယာ… ကျုပ်တို့က တခြား ရတနာတွေလည်း လောင်းထား ပါသေးတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ငါက သူတို့ဆီက ရတနာတွေကို ယူပြီးတော့မှ မင်းတို့ ရသင့်တာတွေကို ထုတ်ပေးမယ်…” အကြီးအကဲက လီဖူတုတို့ကို အေးစက်စွာ တစ်ချက်ကြည့်ကာ သူတို့၏ လောင်းကြေးများကို သွားကောက်သည်။

ရီဖူရှင်းက ရတနာများကို ထုတ်ယူကာ ပြုံးလျက်ပင် သူ့ဘေးမှ လူများကို ကမ်းပေးသည်… “ယန်ကျန်း… မင်းရဲ့ ဝံပုလွေလက်သည်း… ကျောင်းလီ… မင်းရဲ့ ထောက်တိုင်… ဒီတစ္ဆေအရိပ်ဓားက ကျွေ့ချိန်ချူပိုင်တာ… ဖီးနစ်… ဒါက မင်းရဲ့ နေမင်းသရဖူ…”

“မိုးစက်နှင်တံကတော့ ခင်ဗျားယူလိုက်…” ရီဖူရှင်းက ယွန်စွေ့ရှင်းကို ပေးသည်။ သူမက ရီဖူရှင်းအား အနည်းငယ် တွန့်ဆုတ်စွာ ကြည့်ပြီးမှ လှမ်းယူသည်။

“ဒီဝတ်စုံနဲ့ လိပ်ပြာပုလဲက ဂျီယူနဲ့ သင့်တော်တယ်… ဒါကြောင့် ငါယူမယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်တွင် အားလုံးက ရီဖူရှင်းကို အောင့်သက်သက် ကြည့်ကြသည်။ သို့သော်လည်း မည်သူကမှ မငြင်းကြပေ။

“မင်းရဲ့စီနီယာကို ဒီလိုပဲ ဆက်ဆံတော့မှာလား…” ယိရှောင်ရှီက မျက်လုံးပြူး သွားသည်။

“တစ်မျိုး မတွေးပါနဲ့ စီနီယာအစ်ကို၇… ကျွန်တော်က အစ်ကို၇ကို မလောင်းခိုင်းဘူးလား…” ရီဖူရှင်းက ယိရှောင်ရှီကို ကြည့်ကာ ပြောသည်။

“သွားစမ်းပါ…” ယိရှောင်ရှီက ဒေါသတကြီး ပြောသည်။ ရီဖူရှင်းကား သူ့အပေါ် အသားယူနေသည်။

“ငါတို့က သေချာပေါက် ဝေစု ယူရမယ်လေ…” ရီဖူရှင်းက လုံးဝ လက်မလွှတ်ပေ။ သူက ဆက်ပြောသည်… “ယူချင်း… ချိန်ချန်ကို ငါတို့ လောင်းလို့ ရတာတွေထဲက ကောင်းတာလေးတွေ ပေးလိုက်… မင်းတို့ ရွေးဖို့ လောင်းကစားရုံက ငါတို့ကို ထပ်ပေးလိမ့်မယ်.. ဝူချင်းကလည်း ချန်းယွီအတွက် ကောင်းတာလေးတွေ ရွေးယူ… ဖီးနစ်လည်း ရတနာတစ်ခု ထပ်ယူ…” ရီဖူရှင်းက ထိုသို့ ပြောသည်တွင် အားလုံးက ရီဖူရှင်းကို ဆွံ့အစွာ ကြည့်ကြသည်။

လီဖူတုဘက်မှ လောင်းထားသူများကား ရီဖူရှင်းကို မျက်ထောင့်နီများဖြင့် ကြည့်နေကြသည်။ သူတို့က အကျိုးအမြတ်များကို မည်သို့ လူပုံအလယ်တွင် ခွဲဝေနိုင်ရသနည်း။ တခြားလူများ မည်သို့ ခံစားရမည်ကို ဤခွေးကောင်က မသိသလော…။ ရီဖူရှင်းကလည်း အမှန် ဂရုမစိုက်ပေ။ ယခု သူသိသည်ကား လောင်းကစားရုံက အမှန်ပင် နေရာကောင်း ဖြစ်သည်ဟူ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset