“သူတို့က ယွီမိန်ကို အရင် အဆုံးသတ်ချင် ကြတယ်…” လူအုပ်က ရီဖူရှင်းတို့ အုပ်စု ရည်ရွယ်ချက်ကို ချက်ချင်း နားလည် လိုက်ကြသည်။ ယွီမိန်၏ စွမ်းရည်များက သူတို့ အသင်းဟန်ချက် ဖြစ်ကာ အကယ်၍ သူတို့ကသာ ယွီမိန်ကို အဆုံးသတ်နိုင်ပါက လီဖူတုတို့ အုပ်စုက တကွဲတပြား ဖြစ်သွားကြပေမည်။
ယွီမိန်က လေထဲကို အေးစက်စွာ ကြည့်သည်။ တောက်ပ လင်းလက်သော စစ်တုရင် ဝိညာဉ်က လေထဲကို ထောင်တက်သွားကာ အရံအတား ပုံစံဖြင့် သူ့ရှေ့မှ ကာရံသည်။
လေထဲတွင် ရီဖူရှင်းက သူ၏ကု့ချင်းအား ဆက်လက် တီးခတ်သည်။ သူ၏သံစဉ်က ပိုမိုမြင့်တက် လာသည်တွင် သူ့အနီးမှ လူခုနစ်ယောက်၏ ကိုယ်ရောင် ကိုယ်ဝါက ပိုမိုအားကောင်း လာကြသည်။
ဟောင်ကျူဂီက ရန်ဟောင်ခန္ဓာ ဝိညာဉ်အား အသက်သွင်းကာ ရန်ဟောင်ဓားဖြင့် အပေါ်မှ ဆင်းသက် လာသည်။ ဓားအလင်းက ကောင်းကင်နှင့် မြေပြင်ကိုပင် ထက်ခြင်းကွဲ သွားစေနိုင်ပုံရသည်။ စစ်တုရင်ဝင်္ကပါ၌ အက်ကွဲကြောင်းက တစ်စတစ်စ ပေါ်လာသည်။ ထိုအခိုက်တွင် စုချွဲကလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။ လှပသော အလင်းကွေး တစ်ချက်ကို မြင်ရကာ ဓားက စစ်တုရင်ဝင်္ကပါအား လုံးဝ ပျောက်ကွယ် သွားစေ၏။
ယွန်စွေ့ရှင်းက အောက်ကို ငုံ့ကြည့်သည်။ ပတ်ဝန်းကျင်လေထု တစ်ခုလုံးက မြူများ ရစ်သိုင်းလာသည်တွင် လီဖူတုတို့ အုပ်စုတစ်ခုလုံးက အလွန်အမင်း နှေးကွေး သွားသည်ဟု ခံစားကြရသည်။ သူတို့အားလုံးက လေးလံထိုင်းမှိုင်း သွားရသည်။ လီဖူတု တစ်ယောက်သာ အအေးဓာတ် သက်ရောက်ခြင်းမရှိဘဲ လေထဲကို ခုန်တက်လာကာ မီးတောက်များဖြင့် အရာအားလုံးကို လောင်ကျွမ်းရန် ကြိုးစားသည်။
ယိရှောင်ရှီ၏ နွယ်ပင်များက မြေပြင်မှ လူများထံသို့ တရှဲရှဲ အသံများပေးကာ တိုးဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဟောင်ကျူဂီနှင့် စုချွဲတို့ကလည်း ယွီမိန်ထံသို့ ပြေးဝင် သွားကြသည်။ ယွီမိန်က မဲ့ပြုံး ပြုံးလိုက်သည်။ သူ၏နောက်မှ စစ်တုရင်ဝိညာဉ်က တစ်ဖန် ရွှေဝါရောင်များ လင်းလက်လာကာ ဟောင်ကျူဂီနှင့် စုချွဲထံသို့ ကျဆင်းလာပြီး သူတို့ နှစ်ယောက်အား နှေးကွေးစေသည်။
“သေစမ်း…” ဟောင်ကျူဂီက မြားများဖြင့် ပစ်သည်တွင် ယွီမိန်ကလည်း သူ၏ လက်ဆန့်တန်းသည်။ စစ်တုရင်ဝိညာဉ်က ရွေ့လျားသည်တွင် ဟောင်ကျူဂီ၏ မြားများက အမှန်ပင် ဘေးကို ရွေ့လျား သွားကြသည်။
စုချွဲ၏ဓားကလည်း နောက်ကျခြင်း မရှိပေ။ သို့သော် ထိုအချိန်တွင် ယွီမိန်၏ ခန္ဓာကိုယ်က အရိပ်သဏ္ဌာန်အဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်။ သူကား စစ်တုရင် ဝင်္ကပါထဲမှ နယ်ရုပ်ကဲ့သို့ပင် ဟိုနေရာမှ သည်နေရာသို့ ပြောင်းလဲနေသည်။ သူက စုချွဲ၏လှုပ်ရှားမှုများ အားလုံးကိုလည်း ကြိုတင် ခံစား သိမြင်နေဟန် ရသည်။
ဝင်္ကပါက ပိုမိုလင်းလက် လာသည်တွင် ကောင်းကင်အား နယ်ရုပ်အဖြစ် အသုံးပြုရင်းက ရန်သူအဖွဲ့အလယ်မှ ရီဖူရှင်းကို ယွီမိန်ကြည့်သည်။ ထို့နောက် သူက မဲ့ပြုံးပြုံးကာ ရေရွတ်လိုက်သည်… “မြေပြင် ချုပ်နှောင်ခြင်း…” သူ၏အသံနှင့်အတူ ရီဖူရှင်းတို့ အုပ်စုကို ဝင်္ကပါက အုပ်မိုးသွားကာ အချုပ်ထောင်ထဲ ကျဆင်းသွားသလို အုပ်မိုးသွားသည်။
“လီဖူတု… အခု မင်းအလှည့် ရောက်ပြီ…” ယွီမိန်က ပြောသည်။ သူက ဝင်္ကပါကို သုံး၍ရီဖူရှင်းတို့အား ချုပ်နှောင် လိုက်သည်။
လီဖူတုက လေထဲကို ပျံတက်သွားသည်။ သူက လက်ကို ဆန့်တန်း လိုက်သည်တွင် မီးတောက် လက်ဝါးက လေထုကို ခွင်းလျက် ရှေ့ကို တိုးဝင်သွားသည်။ လက်ဝါး၏ အောက်တွင် ရီဖူရှင်တို့ တစ်အုပ်စုလုံးက လောင်ကျွမ်း ပျက်စီးတော့မည့် အလား ထင်မှတ်ရ၏။
ရီဖူရှင်းတို့ အုပ်စုက ဝင်္ကပါထဲ ပိတ်မိနေစဉ်မှာပင် ယန်ချူ၏ဓား၊ နန်ဟို၏လှံ၊တခြားလူများ၏ တိုက်ခိုက်မှုများက တစ်ပြိုင်နက်တည်း ရီဖူရှင်းတို့ အုပ်စုထံကို တိုးဝင် လာကြသည်။
ရီဖူရှင်းတို့အုပ်စု အဆုံးသတ်ပြီဟု လူအများအပြားက သုံးသပ်ကြသည်။ သူတို့က ယွီမိန်ကို ဦးစွာ တိုက်ခိုက် လိုကြသော်လည်း တစ်ဖက်တွင် ယွီမိန်၏ ထောင်ချောက်ထဲကိုသာ ကျဆင်းခဲ့ကြသည်။
ထိုအခိုက်တွင် ဟောင်ကျူဂီ၊ ယွန်စွေ့ရှင်းနှင့် ကျန်လူများ အားလုံးက ပြန်လည် ခုခံခြင်းမရှိဘဲ ဝင်္ကပါထဲတွင် အပိတ် ခံလိုက်ကြသည်။ သူတို့အားလုံးက ကု့ချင်းသံစဉ် အောက်တွင်ပင် သူတို့၏ စိတ်စွမ်းအားများကို ထုတ်ဖော် လိုက်ကြသည်။ ထိုအခိုက်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအား နယ်ပယ်တစ်ခု သူတို့အားလုံးကို ရစ်ပတ်သွား၏။ ကု့ချင်းကို တီးခတ်ရင်း ရီဖူရှင်းက သူတို့ထံ ကျဆင်းလာသော တိုက်ခိုက်မှုများကို အလေးထားပုံပင် မရပေ။ သို့သော်လည်း ဝင်္ကပါက သူတို့ကို ရစ်ပတ်ထားကာ တိုက်ခိုက်မှုများ ကလည်း သူတို့ထံ ကျဆင်း လာတော့မည် ဖြစ်သည်။
မီးတောက် လက်ဝါးနှင့် တခြား တိုက်ကွက်များ အာလုံး တစ်ပြိုင်နက်တည်း ကျဆင်းလာသည်။ ထိုအခိုက်တွင်ပင် ရီဖူရှင်းတို့ကို ရစ်ပတ်ထားသော စိတ်စွမ်းအားများက ရီဖူရှင်း၏ ကြယ်တာရာ သီးသန့်နယ်နှင့် ပေါင်းစပ်သွားကာ လင်းလက်သော အရံအတားတစ်ခု ဖြစ်လာသည်။ မည်သည့် တိုက်ခိုက်မှုမှ ထိုအရံအတားကို ထွင်ဖောက်နိုင်စွမ်း မရှိပေ။ တိုက်ခိုက်မှုများ အားလုံး အရံအတား အောက်တွင် ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားကြ၏။
“ဘယ်လောက်တောင် သိပ်သည်းလိုက်တဲ့ အားနယ်ပယ်လဲ…” ရှီတန်ခိုးရှင် အချို့က ကျိတ်၍ ချီးကျူး ကြရသည်။ ထိုအခိုက်တွင် လူရှစ်ယောက်၏ စုပေါင်း စိတ်စွမ်းအားကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည်။
“ပြိုကွဲစမ်း…” ရီဖူရှင်းက ပြောသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်မှ လျှပ်စီး အလင်းတန်းများ ပေါ်လာကာ အရာအားလုံးကို ဖျတ်တောက် သွားသည်။ ရောင်စုံ လျှပ်စီးများက မြွေနဂါးများ အသွင်ဖြင့် ပတ်ပတ်လည်မှ အရာခပ်သိမ်းကို ဖျက်ဆီးကြသည်။ တိုက်ခိုက်မှုများ အားလုံးက ထိုခဏတွင်ပင် ပျက်ပြယ် ကြရသည်။
“စိတ်ဝိညာဉ်အား ပေါင်းစပ်ခြင်း… ကု့ချင်းသံစဉ်ကို သုံးပြီး မှော်ပညာ ထုတ်ဖော်တာ…”
“ဒါက လျူခွန်ရှမ်းရဲ့ သီးသန့် ပညာတွေပဲ…” ရှေးမီနောက်မီ ရှီတန်ခိုးရှင် အချို့က မှတ်ချက် ချကြသည်။ ထိုအခိုက်တွင် စိတ်ဝိညာဉ် ပေါင်းစပ်ခြင်းကား အသက်ဝင်နေဆဲ ဖြစ်ကာ ယွန်စွေ့ရှင်းက လက်ဝှေ့ယမ်း လိုက်သည်။ အေးစိမ့်သော အငွေ့အသက်များ ထိုနေရာကို တစ်ခဏချင်း ရစ်ပတ်လာကာ တစ်ဖက်ရန်သူများထံကို ဖုံးလွှမ်း သွားစေသည်။ အရာအားလုံးက ထိုအခိုက်တွင် နှေးကွေးသွား၏။
“သွား…” ရီဖူရှင်းက ပြေသည်။ ထို့နောက်တွင် သူ့အနီးမှ လူများအားလုံးက ရန်သူများထံသို့ ပျံသန်း သွားကြသည်။ ဟောင်ကျူဂီက ယွီမိန်ထံသို့ တိုက်ရိုက် ပျံသန်း သွားသည်။
ယူချင်းက ယန်ချူထံသို့ ဆင်းသက် လာသည်။ ရေခဲအသိထဲတွင်ပင် ရောက်ရှိနေသော ယန်ချူက အသည်းအသန် ဖောက်ထွက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ သူက ဓားကို ဝှေ့ယမ်းကာ လေထုကို ဖြိုခွဲနေ၏။
ဘန်း… ခြေကန်ချက်က ဓားချက်နှင့်လူကို တစ်ခါတည်း ရိုက်သိမ်းသွားကာ ယန်ချူအဝေးကို လွင့်စဉ်သွားသည်။ သည်တစ်ခေါက်ကား သူ၏အရိုးများစွာ ကျိုးအက်သွားကာ မြေပြင်မှ မထနိုင်တော့ပေ။
နောက်တစ်နေရာတွင် စုချွဲက နန်ဟိုထံကို အရိပ်အသွင်ဖြင့် မြန်ဆန်စွာ ရောက်လာသည်။ နှေးကွေး လေးလံနေသော နန်ဟိုကား မည်သို့ စုချွဲကို တားမည်နည်း။ ထိုအခိုက်တွင်ပင် သူ၏လက်နှင့် လည်ပင်းက အေးခနဲ ခံစားလိုက်ရကာ လက်မှ လှံလွတ်ကျသည်။ လည်ပင်းတွင် သွေးစို့ရာတစ်ခုကို မြင်တွေ့ရကာ သူ၏မျက်နှာက သွေးဆုတ်သွား၏။ မှန်သည်… စုချွဲက ပမာဏ သဘောသာ ပြသခဲ့ခြင်းဖြစ်ကာ သူ၏လည်ပင်းအား အမှန် ဖြတ်တောက်ခဲ့ခြင်း မရှိပေ။
ဖီးနစ်က စီကျိထံ ပျံသန်း သွားသည်။ နတ်ဖီးနစ်ငှက်က ကောင်းကင်ကို တွင်ပေါ်လာကာ တစ်ဖက်လူ၏ မီးကြာပန်းများကို ဝါးမျို၍ စီကျိကို အဝေးသို့ လွင့်စဉ်စေသည်။ ယန်ကျန်းက ထိကျိုးအား တိုက်ခိုက်သည်တွင် နှစ်ယောက်သား ပြင်းထန်စွာ ရင်ဆိုင် တိုက်ခိုက်ကြသည်။ သို့သော်လည်း ကု့ချင်းသံစဉ် အောက်တွင် အလွန်အမင်း အားတက်နေသော ယန်ကျန်း၏ တိုက်ခိုက်ချက်များ အောက်တွင် ထိကျိုးလည်း ပြားပြားဝပ် ရတော့သည်။ ယိရှောင်ရှီက ကျန်းကျိရန်ထံသို့ ပျံသန်းသွားကာ နွယ်ပင်များနှင့် ချုပ်နှောင်ရန် ကြိုးစားသည်။
ရုတ်တရက် တိုက်ပွဲ အပြောင်းအလဲက လူအများအပြားအား အံ့အားသင့် စေသည်။ အထူးသဖြင့် လီဖူတုတို့ဘက်မှ လောင်းထားကြသော လူများအားလုံး မျက်နှာများ ပြာနှမ်း သွားကြသည်။ သူတို့ ရှုံးနိမ့်တော့မည်ကို မြင်နေကြရာ လွန်စွာ စိတ်ပျက် နေကြသည်။ သို့သော်လည်း ရီဖူရှင်းဘက်မှ လောင်းကြေး ထပ်သူများ၏ မျက်လုံးများက အရောင် တဝင်းဝင်း တောက်လာကြသည်။ တစ်ချိုး လေးချိုးဖြစ်ရာ အကယ်၍ ရီဖူရှင်းတို့သာ အနိုင်ရပါက သူတို့၏ အကျိုးအမြတ်က ဆိုဖွယ်ရာ မရှိတော့။
ပိုင်ရီက တိုက်ပွဲကို ကြည့်သည်တွင် သူမ၏အဖွဲ့က အခြေအနေ မကောင်းသည်ကို မြင်ရသည်။ သူမက မှော်စွမ်းအင်ကို ထုတ်၍ နောက်ဆုတ်သော်လည်း ယန်ချူအား ခုနကမှ ရိုက်နှက်ပြီးသော ယူချင်းက သူမထံကို နတ်ဆိုးတစ်ပါး အလား ပြေးဝင် လာနေသည်။
လီဖူတုကလည်း ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာက သုန်မှုန်နေသည်။ သူ၏သက်စောင့် ဝိညာဉ်ကို ထုတ်လိုက်လျှင် ဗာမီလီယန်ငှက်က မီးလျှံများ အလျှံညီးညီး တောက်လောင်လျက် ထွက်ပေါ်လာသည်။ ထို့နောက်တွင် ရွှေရောင် မီးတောက် ချပ်ဝတ်တစ်ခု သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး သူ့အား နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရစေသည်။
ဟူး… သူက သူ၏ဇနီးရှိရာသို့ ပျံသန်းသွားသည်။ ယိရှောင်ရှီ၏ သစ်မင်းနွယ်ပင်များက သူမကို ရစ်ပတ်ရန် ဟန်ပြင်စဉ်မှာပင် ရွှေရောင် မီးတောက်များက နွယ်ပင်များကို ပြာမှုန့်များ ဖြစ်စေသည်။
လီဖူတု၏ မျက်လုံးများက ရွှေရောင်သို့ ပြောင်းလဲသွားကာ သူ့နောက်မှ မီးငှက်ကလည်း အလွန်အမင်း တောက်လောင် လာနေသည်။ နွယ်ပင်များအားလုံး လောင်ကျွမ်း ခံရသလို လီဖူတုကလည်း ယိရှောင်ရှီထံသို့ အလင်တန်း အသွင်ဖြင့် ပျံသန်းလာသည်။
“နောက်ဆုတ်…” ယိရှောင်ရှီ၏ ခေါင်းထံကို အသံတစ်သံ ဝင်လာသည်တွင် သူက မြန်ဆန်စွာပင် နောက်ဆုတ်သည်။ လီဖူတုက ရှေ့ကို ဆက်လက် တိုးဝင်လာသည်တွင် စုချွဲက ဓားဖြင့် လျှပ်တစ်ပြက် ဝင်ပိုင်းသည်။ သို့သော်လည်း လီဖူတုက သူ၏လက်ချည်း သက်သက်ဖြင့် ဓားကို ဖမ်းဆုပ်သည်တွင် ဓားက အမှန်တကယ် လောင်ကျွမ်း ပြာကျသွားသည်။ ထို့နောက် သူက စုချွဲထံသို့ ဝှေ့ယမ်း တိုက်ခိုက်သည်တွင် စုချွဲက လျှပ်စီးတန်းအလား နောက်ဆုတ် သွားသည်။
မရေမတွက်နိုင်သော မျက်လုံးများက လီဖူတုကို ကြည့်ကြသည်။ မီးတောက်အင်ပါယာ နန်းတော်၏လီဖုတုက သည်တိုက်ပွဲကို သူ၏ တစ်ယောက်တည်း စွမ်းအားဖြင့် အဆုံးသတ် နိုင်မည်လော…။
ထိုစဉ်မှာပင် ထိုပတ်ဝန်းကျင်သို့ အအေးဓာတ်များ ရိုက်ခတ်လာကာ လီဖူတုအား ရှေ့တိုးခြင်းကို တားဆီးသည်။ ယွန်စွေ့ရှင်းက သူ့ရှေ့ကို ကျဆင်းလာကာ ရေခဲတံတိုင်းဖြင့် တားဆီးသည်။ သေးသွယ်သော လက်က ဆန့်တန်းလျင် လီဖူတု၏ မီးတောက် လက်ဝါးဖြင့် ရင်ဆိုင်တိုးသည်။ လက်ဝါးနှစ်ခု ရင်ဆိုင်တွေ့သည်တွင် လူအများ ထင်ထားသလို မြင်ကွင်း ဖြစ်မလာခဲ့…။ သူမ၏ခန္ဓာကိုယ်က အားနည်းသော်လည်း သူမက တစ်လက်မမျှ မရွေ့ဘဲ ထိုနေရာတွင် ရပ်နေသည်။
သူတို့နှစ်ယောက် အနီးတွင် ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်လာသည်။ မုန်တိုင်းထဲတွင် ရေခဲစွမ်းအင်နှင့် မီးစွမ်းအင်တို့က အချင်းချင်း ဝါးမျိုကြသည်။ လေထုက လောင်ကျွမ်းသော်လည်း အအေးဓာတ်များက အဆုံးမဲ့သည်။
ယွန်စွေ့ရှင်းအား မီးတောက်များ မကပ်ငြိနိုင်သည်ကို လူအများက သတိထားမိ ကြသည်။ ရွှေရောင် မီးတောက်များက အလွန်အမင်း ပြင်းထန်သော်လည်း သူမ၏ခန္ဓာကိုယ်မှ ရေခဲအရံအတားကို မကျော်လွှားနိုင်။
လီဖူတုက သူ့ရှေ့မှ မိန်းကလေးကို ကြည့်သည်။ သူ၏ မီးတောက်ကား မီးတောက်တောင်မှ မီးများဖြင့် အကြိမ်ထောင်ပေါင်း များစွာ လေ့ကျင့်ထားခြင်း ဖြစ်သော်လည်း ယခု သည်မိန်းကလေးအား အနည်းငယ်မျှပင် မလောင်ကျွမ်းနိုင်သည်။
တော်ဝင်ကျဲ နန်းတော်က ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော နေရာလား…။
***