တိုက်ခိုက်ရေး ကွင်းထဲတွင် လူဆယ့်ခြောက်ယောက်က နေရာ ယူထားကြပြီး ဖြစ်သည်။ အာခီမီ လောင်းကစားရုံမှ ရှီတန်ခိုးရှင်များက တိုက်ခိုက်ရေးကွင်း ပတ်ပတ်လည်အား အရံအတားများ ပြုလုပ်ကြ၏။ တိုက်ခိုက်ရေးကွင်းက ကြီးမားသော်လည်း အဆင့်မြင့် နိုဘယ်များ၏ တိုက်ပွဲက ရိုက်ခတ်မှု ကြီးမားရာ သူတို့က ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရန် ပြင်ဆင်ထား ရပေမည်။
တော်ဝင်ကျဲ နန်းတော်မှ ပါရမီရှင်များနှင့် မြေရိုင်းပြည်နယ်မှ ပါရမီရှင်များ တိုက်ပွဲတွင် မည်သည့်ဘက်က အနိုင်ရမည်နည်း။
မရေမတွက်နိုင်သော လူများက အသက်ပင် ဝဝမရှူရဲဘဲ ကြည့်နေကြသည်။ သည်တိုက်ပွဲက အာခီမီမြို့ကို လှုပ်ရှားစေမည်မှာ သေချာပေသည်။ ဤသို့သော တိုက်ပွဲက အာခီမီမြို့တွင် အလွန် ရှားပါးပေသည်။
လီဖူတု၏ နာမည်ကား သည်ဒေသ တစ်ခုလုံးတွင် အလွန်အမင်း ကျော်ကြားကာ ထိကျိုးကလည်း ထိကန်း၏ညီ ဖြစ်သည်။ ယွီမိန်ကား အာခီမီညီလာခံကို လာတက်သော အတော်ဆုံး သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ တခြား တစ်ဖက်တွင် လွန်ခဲ့သော သုံးနှစ် တော်ဝင်ကျဲနန်းတော် ဝင်ခွင့်ပထမ၊ ဒုတိယရသူ နှစ်ယောက်ပါဝင်ကာ ယူချင်း၏ ခွန်အားကလည်း နာမည် ကျော်ကြား ပေသည်။ ထို့အတူ ထင်းဆွေဓားစုချွဲကိုလည်း လျှော့တွက်၍ မရပေ။
အားလုံးက သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများကို ထုတ်လွှတ် လိုက်ကြသည်။ အမျိုးမျိုး အစားစားသော သက်စောင့်ဝိညာဉ်များ ပေါ်လာကြ၏။ သည်ထိပ်သီး ပါရမီရှင်များကား တစ်ယောက်ချင်း တိုက်ပွဲများတွင် အလွန်အမင်း အားကောင်း ကြသော်လည်း ယခု သူတို့က မိမိတို့ နေရာတွင်ပင် နေရာ အရမ်းကာရော မလှုပ်ရှားရဲကြပေ။ သိသာစွာပင် သူတို့အားလုံးက တစ်ဖက်လူကို အထင်မသေးရဲကြပေ။
“မင်းတို့က စစ်တုရင်ကွက် အတိုင်း လှုပ်ရှားရမယ်…” ယွီမင်က ပြောသည်။ သူ၏ သက်စောင့် ဝိညာဉ်ကား ဧရာမစစ်တုရင် ဝင်္ကပါတစ်ခု ဖြစ်သည်။ တိုက်ပွဲ ကွင်းမြေပြင်ကို စစ်တုရင်ဝိညာဉ်က ဖြန့်ကြက် သွားသည်တွင် လူရှစ်ယောက်က စစ်တုရင်ကွက်တွင် အသီးသီး နေရာယူလိုက် ကြသည်။ စုတုရင်ဝင်္ကပါက မြန်ဆန်စွာပင် ဆင့်ကဲ ပြောင်းလဲကာ အင်းကွက်များစွာ ဖြစ်ပေါ်လာသည်။ သူတို့က မလှုပ်ရှားသော်လည်း သူတို့၏ ခန္ဓာကိုယ်ထဲကို စီးဝင်လာသော ခွန်အားများကို ခံစား သိမြင်ကြသည်။
ရီဖူရှင်းတို့ အုပ်စုမူကား ကွဲပြား ခြားနားသည်။ သူတို့၏ နေရာများက အဆက်မပြတ် ပြောင်းလဲခြင်း ခံရသည်ဟု ခံစားကြရကာ သူတို့က တစ်ဦး တစ်ယောက်ချင်း မဟုတ်ဘဲ ဝင်္ကပါတစ်ခုနှင့် ရင်ဆိုင် နေရသလို ခံစားကြရသည်။
ဘယ်လို ထူးခြားတဲ့ သက်စောင့် ဝိညာဉ်မျိုးလဲ…။ ရီဖူရှင်းက တွေးတော့ကာ ထိုင်လိုက်သည်တွင် သူ၏ကု့ချင်းဝိညာဉ် ပေါ်လာသည်။ ကု့ချင်းသံစဉ် ထွက်လာသည်တွင် စိတ်ကို ချုပ်ကိုင်သော ခံစားချက်ကို ရကြသည်။ သံစဉ်က ကျယ်လောင်ကာ ထူးခြားသော စွမ်းရည်တစ်ခုက သူတို့အား သံစဉ်ထဲကို နစ်မျောစေပြီး သူတို့၏ စိတ်ဝိညာဉ်ကလည်း သံစဉ်နှင့်အတူ ပေါင်းစပ် လာနေသည်ကို ခံစားကြရသည်။
“ဒီဝင်္ကပါက ဦးတည်ရာ အရပ်ကို ဝေဝါး ပြောင်းလဲစေတယ်… ကျုပ်တို့ရဲ့ သိမြင်ခံစားမှုကို အားနည်းစေတယ်… ကျုပ်က ဒီတိုက်ပွဲကို ထိန်းချုပ်မယ်…” ရီဖူရှင်းက ပြောကာ သံစဉ်ကို ဆက်လက် တီးခတ်သည်။ သူ၏အဖွဲ့က သူတို့ တစ်ယောက်ချင်းစီ၏ စိတ်အသိများ အားလုံး ကု့ချင်းသံစဉ်တွင် ပေါင်းစပ်ကာ ရီဖူရှင်းကို ဗဟိုထား၍ တစ်ခုတည်း ဖြစ်လာနေသည်ဟု ခံစားကြရသည်။ သူတို့အားလုံးက ကု့ချင်းမှ ဖန်တီးသော မြင်ကွင်းထဲကို ဝင်ရောက် သွားကြသည်။ သည်ခံစားချက်က ပြောပြနိုင်စွမ်း မရှိသော်လည်း တစ်ဖက်ကလည်း သူတို့က တစ်ယောက်တည်း မဟုတ်တော့ဘဲ အားလုံး တစ်ပေါင်း တစ်စည်းတည်း တစ်သားတည်းဟု ခံစား လာကြရသည်။
သူ့မှာ ဤသို့သော စွမ်းရည်တစ်ခု အမှန် ရှိသေးသည်။ ဟောင်ကျူဂီကား အံ့အားသင့်ရသည်။ ထိုသို့တွေးကာ သူက ရီဖူရှင်း၏သံစဉ်ကို ခုခံတားဆီးခြင်း မရှိဘဲ အမှန်ပင် သံစဉ်နှင့် ပေါင်းစပ်လိုက်သည်။ သူက သူ့အား အနိုင်ယူခဲ့သော သူ၏စွမ်းရည်ကို ယုံကြည်ပေသည်။ ရီဖူရှင်းကို သံသယဝင်ခြင်းက မိမိကိုယ်ကို သံသယဝင်ခြင်းနှင့် မခြားပေ။
ကျန်လူများကလည်း ထိုနည်းတူပင်။ သံစဉ်က သူတို့၏ စိတ်များကို ပေါင်းစပ်စေကာ လောက တစ်ခုလုံးကို ရင်ဆိုင်နိုင်သော စွမ်းရည်နှင့် စိတ်အားသတ္တိကို ပေးသည်။ သူတို့ တစ်ယောက်ချင်းစီ၏ စိတ်စွမ်းအားများက မြင့်တက်သွားသည်ဟု ဟောင်ကျူဂီတို့ အားလုံး ခံစားကြရသည်။ သူတို့၏သွေးများ ဆူပွက်နေကြကာ သိမြင်ခံစား နိုင်စွမ်းက ပိုမိုအားကောင်း လာကြသည်။
“ဘယ်လောက် ထူးခြားလိုက်လဲ… ဒါက ဘာသံစဉ်လဲ…” ရှီတန်ခိုးရှင် တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။
“လက်ကိုးချောင်း ကု့ချင်းနတ်ဆိုး လျူခွန်ရှမ်းရဲ့ ကု့ချင်းသံစဉ် ကော့ဖုံးကယ် သံစဉ်ပဲ…” နောက်တစ်ယောက်က ရှင်းပြသည်။
“ကော့ဖုံးကယ်သံစဉ်က အားလုံးရဲ့ စိတ်ဝိညာဉ်ကို သံစဉ်ထဲ ပျော်ဝင် ပေါင်းစပ်စေပြီး အချင်းချင်း အားဖြည့်ပေးတဲ့ ပညာရပ်ပဲ… သူတို့ တစ်ယောက်ချင်းစီရဲ့ စွမ်းရည်တွေကလည်း အထူးတလည် မြင့်တက်သွားတယ်…” သူက ဆက်လက် ရှင်းပြသည်။
“ဒါမှန်တယ်… ဒီသံစဉ်အောက်မှာ သူတို့ စွမ်းရည်တွေကပဲ တိုးတက်သွားတာ မဟုတ်ဘူး… သူတို့စိတ်ကလည်း တစ်သားတည်း ဖြစ်သွားတယ်… အထူးသဖြင့် တီးခတ်သူရဲ့ စိတ်ဆန္ဒကို အားလုံးက တိုက်ရိုက် နားလည်နိုင်တယ်…” နောက်တစ်ယောက်က ရှင်းပြသည်တွင် အားလုံးက အံ့အားသင့် ကြရသည်။ ရီဖူရှင်းက သူ၏ ကု့ချင်းသံစဉ်ဖြင့် ယွီမိန်၏ ဝင်္ကပါကို တုံ့ပြန်လိုသည်လား…။
စွမ်းအင် တိုးပွားခြင်း အဆင့်က ပြုံးဆုံးသွားပြီဟု လီတူဖုတို့ အုပ်စု ခံစားလိုက် ကြရသည်။ ထို့ကြောင့် သူတို့က စတင်၍ တိုက်ခိုက်ကြသည်။ ပိုင်ရီ၏ ရေခဲအသိက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ရေခဲသီးသန့်နယ် ဖြစ်သွားစေပြီး အရိုးကွဲမတတ် အေးစိမ့်လှိုင်းများ လေထုထဲ ဖြစ်ပေါ်လာသည်။ ထို့နောက် တစ်ဖက် ရန်သူအဖွဲ့အား ရေခဲကမ္ဘာ ပုံရိပ်ယောင်ထဲကို ကျဆင်းစေ၏။
ကု့ချင်းသံစဉ်ထဲတွင်ပင် ဖီးနစ်က ရီဖူရှင်း၏ သဘောကို သိနားလည်ရသည်။ သူမက လှုပ်ရှားလိုက်သည်နှင့် နေမင်းကိုပင် ကွယ်သွားနိုင်စွမ်းသော လင်းလက် တောက်ပသော ဖီးနစ်နတ်ငှက် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုအရိပ်က သူတို့ လူရှစ်ယောက်လုံးကို ကွန်ချာအလား အုပ်မိုးသွားကာ အေးစိမ့်လှိုင်းများကို ကာကွယ်သည်။ ထိုစဉ်မှာပင် စီကျိ၏ မီးကြာပန်းများက ကျန်းကျိရန်၏ လျှပ်စီးများနှင့်အတူ ပေါင်းစပ် ရောက်လာသည်။ သူတို့နှစ်ယောက် ပေါင်းစပ်ထားသော တိုက်ကွက်က အမှန်ပင် ဖီးနစ်ကွန်ရက်ကို ထွင်းဖောက်ကာ ဆက်လက် တိုးဝင်လာသည်။ ထိုအခိုက်တွင် ယွန်စွေ့ရှင်းက သူမ၏မျက်လုံးကို မှိတ်လိုက်သည်တွင် အေးစိမ့်သော အငွေ့အသက်များက ပတ်ဝန်းကျင်ကို လှိုင်းလုံးသဖွယ် ရိုက်ခတ်သွားကာ မီးကြာပန်းများ အားလုံးကို ရေခဲကြာပန်းများ ဖြစ်စေသည်။ လျှပ်စီးများကလည်း ကြီးစွာ အားနည်း သွား၏။
“အဆုံးမဲ့ မဟာနတ်ဓား…” ယန်ချူက ဓားကိုးလက်ကို ဖန်တီးကား သူတို့ထံကို တိုက်ခိုက်သည်။ တစ်ချိန်တည်းမှာပင် နန်ဟိုထံမှ များစွာသော လှံရှည်များ ဖြစ်ပေါ်လာသည်။ ထိကျိုးကလည်း အားကျမခံ ရွှေထောက်တိုင် များစွာဖြင့် ရီဖူရှင်းတို့ထံသို့ ပစ်လွှတ် တိုက်ခိုက်သည်။
လီဖူတုက လက်ဆန့်တန်း လိုက်သည်တွင် ဧရာမ မီးလက်ဝါး ပုံရိပ်ကြီး တစ်ခုက လေဟာနယ်ကို ခွင်း၍ ရီဖူရှင်းတို့ထံကို ကျဆင်းလာသည်။
ရီဖူရှင်းက သူ၏ကု့ချင်းကို ဆက်လက် တီးခတ်သည်။ သူ၏ အတွေးများကိုလည်း သူ့လူများ အားလုံးက သံစဉ်များဖြင့် နားလည်စေသည်။ ယိရှောင်ရှီက လေထဲကို ပျံတက်ကာ နွယ်ပင်များကို ထုတ်ဖော်သည်။ ယန်ချူက သူ၏ဓားဖြင့် ရှေ့ကို တိုးဝင်ကာ ခုတ်သည်။ ယူချင်းက မာန်သွင်းကာ သဘာဝ စွမ်းအင်များကို ကြမ်းတမ်းစွာ စုပ်ယူလျက် နက်ရွှေရောင် ပုဆိန်ရှည်များကို ဖန်တီးကာ ရှေ့ကို ထိုးသွားလိုက်သည်။ ယန်ကျန်းကလည်း နှင်တံပညာဖြင့် ရိုက်နှက်ကာ ဟောင်ကျူဂီက လက်ဝါးရိုက်ချက် ထုတ်၏။ ထိုအခိုက်တွင်ပင် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင် ဖြစ်ပွားသည်။
အင်အားစု နှစ်ခုက ရင်ဆိုင် တိုက်ခိုက်သည်တွင် လေထုက မြေပြင်က လှုပ်ယမ်းကာ လေထုက တဝုန်းဝုန်း ပေါက်ကွဲကြသည်။ မြေပြင်မှ စစ်တုရင် ဝင်္ကပါကလည်း ပိုမိုလင်းလက် လာသည်။ မြေပြင်နေရာ အနေအထားက ပြောင်းလဲလာကာ သူတို့၏ ခန္ဓာကိုယ်ကလည်း နေရာပြောင်း နေသည်ဟု ဟောင်ကျူဂီက ခံစားရသည်။ ထို့အပြင် သူတို့အား ထူးဆန်းသော ဖိအားတစ်ခုက လှုပ်ရှားမှုများကို လာရောက် ကန့်သတ်သည်ဟု ခံစားကြရသည်။
“တိုက်…” ယွီမိန်က အမိန့်ပေးသည်။ ဝင်္ကပါက သူ၏ အရှိန်အဝါကို ထုတ်ဖော်သည်။ သူ၏စကားအဆုံးတွင် လီဖူတုတို့အုပ်စုက တိုက်ခိုက် ကြပြန်သည်။ ရီဖူရှင်း၏ ကု့ချင်းက လူရှစ်ယောက်အကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ကာ အားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေသည်။ ကျန်သော လူ၇ယောက်က တိုက်ခိုက်ခြင်း မရှိဘဲ ရီဖူရှင်းကို ဗဟိုထား၍ ခံစစ်အနေအထားဖြင့် ခုခံကြသည်။
“လမ်းကြောင်း ဖွင့်မယ်…” ကု့ချင်း တီးရင်းဖြင့် ရီဖူရှင်းက ပြောသည်။ သူ၏အသံနှင့်အတူ ဟောင်ကျူဂီ၏ ရန်ဟောင်လေး ဝိညာဉ်ပေါ်လာကာ မြားကိုးချောင်းက အလင်းတန်း ကိုးခုအသွင်ဖြင့် ရှေ့ကို တိုးဝင်သွားသည်။ မြားကိုးစင်းက လေထုကို ခွင်းလျက် လျှပ်စီးတန်းများအလား ရန်သူများထံကို ပစ်လွင့် သွားကြသ်ည။
လီဖူတုက လက်မြှောက်ကာ မြားနှစ်ချောင်းကို ဖမ်းကိုင်သည်။ ယန်ချူက မြားတစ်ချောင်းကို ခုတ်ချနိုင်ခဲ့သည်။ နန်ဟိုက သူ၏လှံဖြင့် မြားများကို စကြာဝိုင်းသဖွယ် လှည့်ပြီး ကာကွယ်သည်။ သို့သော်လည်း ထိုအခိုက်တွင် ယန်ချူက မူလနေရာမှ ပျောက်ကွယ် သွား၏။ ယူချင်းနှင့် ယန်ကျန်းတို့ကလည်း ရှေ့ကို ပြေးဝင် လာကြသည်။
သူတို့က အမှန်ပင် ထိုးစစ် ဆင်ကြသည်။ လူအုပ်ကြီးကလည်း အံ့အားသင့် မှင်တက်ရ၏။ မူလက ရီဖူရှင်းတို့ကသာ ခုခံရမည်ဟု ထင်မှတ် ထားကြသော်လည်း ယခု ရီဖူရှင်းတို့က ဦးစွာ တိုက်ခိုက်နေကြသည်။
“ဝင်္ကပါပုံပြောင်း…” ယွီမိန်က ပြောသည်။ ချက်ချင်းပင် သူ၏အဖွဲ့အား ရွှေရောင်ကွန်ချာ တစ်ခု ဖုံးလွှမ်းသွားသည်။
“တက်…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက လေထဲကို ပျံတက် သွားသည်။ သူ့ရှေ့တွင်ကား စုချွဲ၊ ယန်ကျန်းနှင့် ယူချင်းတို့က တစ်ဖက်လူများ၏ အပေါ်လေထဲကို ခုန်တက် သွားကြသည်။ ဟောင်ကျူဂီ၊ ဖီးနစ်နှင့် ကျန်လူများကလည်း တစ်ဖက်အဖွဲ့၏ ဝင်္ကပါနေရာသို့ ရောက်သွား ကြသည်။
လီဖူတုက ခေါင်းမော့ကာ အပေါ်မှ ရီဖူရှင်းကို ကြည့်သည်။ သူက လက်နှစ်ဖက်လုံးကို ဆန့်တန်း လိုက်သည်တွင် တစ်ဖက်တွင် ရွှေရောင် မီးတောက်များ ဖြစ်ပေါ်လာပြီး တစ်ဖက်တွင် အနက်ရောင် မီးတောက်များ ဖြစ်ပေါ်လာသည်။ သူ၏ နောက်ကျောတွင် ဗာမီလီယန်မီးငှက်၏ အတောင်ပံများ ဖြစ်ပေါ်လာပြီး သူ့မျက်လုံးများက အနီစွေးစွေးပုံစံ ပြောင်းသွားသည်။ ဆံပင်နီများ လေထဲ တလွင့်လွင့်ဖြင့် သူက အပေါ်ကို ပျံတက်လာကာ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါက အရာအားလုံးကို ဖျက်ဆီးမည့်နှယ် ထင်မှတ်ရသည်။
တခြား လူများကလည်း အသီးသီး ပြင်ဆင်ကြသည်။ ခံစစ်ပြိုလဲသည်နှင့် သူတို့က ပြင်းထန်စွာ တိုက်ခိုက် ကြတော့မည် ဖြစ်သည်။
လေထဲတွင် ဟောင်ကျူဂီက ရန်ဟောင်ဓားကို ကိုင်ကာ အပေါ်မှ မိုး၍ ခုတ်ချသည်။ စုချွဲ၏ဓားကလည်း မြန်ဆန်သော အရှိန်ဖြင့် ဆင်းသက်လာ၏။ ထိုအခိုက်တွင် ကွန်ချာ၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ စတင်၍ ပွင့်ထွက်တော့သည်။
ဝှီး…
ထိုအခိုက်တွင် လူတစ်ယောက်က ရီဖူရှင်းထံသို့ လျှပ်စီးအလား တိုးဝင်သွားသည်။ သူကား တစ်ယောက်တည်းဖြင့်ပင် မကြောက်မရွံ့ ရန်သူများ အကြားသို့ တိုးဝင်လာသည်။ သူကား လီဖူတုဖြစ်၏။
ရီဖူရှင်း၏နောက်မှ လူတစ်ယောက် ရှေ့ကို တက်လာသည်တွင် ထိုနေရာ တစ်ခုလုံးက မြူများ ရစ်သိုင်းသွားသည်။ အချိန်များပင် ရပ်တန့်သွားသည်ဟု ပတ်ဝန်းကျင်မှ လူများက ခံစားကြရသည်။ လေထုလှုပ်ရှားမှု၊ သွေးများနှင့် တောက်လောင်နေသော မီးလျှံများ အားလုံးက ထိုခဏတွင် နှေးကွေး သွားကြသည်။ ရီဖူရှင်းကလည်း ထိတ်လန့် သွားသည်။ ရီဖူရှင်းက သူမအား မည်သည့် ညွှန်ကြားချက်မှ မပေးရသေးပေ။ သူမက သူမသဘောဖြင့် ရှေ့ကို တက်ရောက် ကာကွယ်ခြင်းလည်း ဖြစ်သည်။ ရီဖူရှင်းကလည်း ရွေးချယ်နိုင်ခြင်း မရှိတော့ဘဲ သူမအား ကု့ချင်းသံစဉ်ဖြင့် ကူညီရတော့သည်။ စိတ်ဝိညာဉ်အားက ယွန်စွေ့ရှင်းထံကို သွားရောက်ကာ သူမ၏ပတ်ပတ်လည်၌ ကြောက်မက်ဖွယ် ရေခဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်စေသည်။ သူမ၏လက်ဝါးက လီဖူတု၏ မီးလက်ဝါးထံသို့ တိုက်ရိုက် တိုးဝင် တိုက်ခိုက်သည်။
သေချင်နေတာပဲ… လီဖူတုက တွေးသည်။ ထိုအခိုက်တွင်ပင် လက်ဝါးနှစ်ခုက ရင်ဆိုင်မိကြသည်။ သူတို့ နှစ်ယောက်လုံးက နောက်ကို လွင့်စဉ်သွားကြကာ လီဖူတုက သူ၏လက်ကို ကြည့်သည်။ မီးတောက်များက အမှန်ပင် သေဆုံးသွားကြကာ ယွန်စွေ့ရှင်းမူကား ကြောက်မက်ဖွယ် မီးတောက် လက်ဝါး၏အောက်တွင် ဘာမှ ဖြစ်ပုံမရပေ။
“ဆင်းမယ်… ” ရီဖူရှင်းက ပြောသည်။ သူတို့က ရန်သူများ၏ အတင်း တိုက်ခိုက်မှုများ ကြားမှပင် အောက်ကို ဆင်းသက်ကြသည်။ သူတို့ ဆင်းသက်သော နေရာကား ယွီမင်ရှိသောနေရာ ဖြစ်၏။
***