မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်သည် ချီအားဖြည့်ပညာရပ်နှင့် ဆင်တူမှုများ ရှိပါသော်လည်း ၎င်း၏ အခြေခံသဘောတရားများမှာ အလွန်တရာ ကွဲပြားခြားနား၏။
ချီအားဖြည့်ပညာရပ်သည် ကမ္ဘာကြီး၏ ဝိညာဉ်ချီများကို ခန္ဓာကိုယ်ထဲသို့ လမ်းညွှန်ပေးခြင်း ဖြစ်သော်လည်း ခန္ဓာကိုယ်ထဲရှိ မမြင်ရသော အပေါက်များကြောင့် ထိုဝိညာဉ်ချီကို ထိန်းသိမ်းထားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ထိုပညာရပ်ကို ခန္ဓာကိုယ်အား ကြားခံပစ္စည်းတစ်ခုအဖြစ် အသုံးပြုကာ ဝိညာဉ်ချီများကို လက်ထဲရှိ ကျောက်တုံးအလွတ်များထဲသို့ လမ်းညွှန်ပေး၍ ဝိညာဉ်ကျောက်တုံးများကို ဖန်တီးနိုင်ပေသည်။ ထိုနည်းလမ်းကို အသုံးပြုပါက မိမိ၏ ခန္ဓာကိုယ်မှာ မသိမသာ ပို၍သန်မာလာမည် ဖြစ်သည်။
မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် အာကာသတွင်းနက်ကြီးတစ်ခု ဖန်ဆင်းလိုက်ခြင်းနှင့် ဆင်တူ၏။ ထိုပညာရပ်ကြောင့် မိမိ၏ ခန္ဓာကိုယ်က အရာရာတိုင်းကို ဝါးမျိုပစ်နိုင်စွမ်း ရှိသည့်ပုံပေါ်သည့် အလွန် အစွမ်းထက်သော စုပ်ယူအားတစ်မျိုးကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။ ထိုအခါ ၎င်းမှာ ကမ္ဘာပေါ်ရှိ ဝိညာဉ်ချီများကို အရူးအမူး စုပ်ယူလိုက်မည် ဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ဝိညာဉ်ချီများကို ထိန်းသိမ်းမထားနိုင်လောက်အောင် များပြားသည့် အပေါက်များရှိနေလျှင်တောင် ထိုစုပ်ယူအားမှာ ဝိညာဉ်ချီများ ပြန်လည်ပျံ့လွင့်သွားမည့် နှုန်းထက် များစွာပို၍ သာလွန်နေမည် ဖြစ်သည်။
သို့ဖြစ်၍ နောက်ဆုံးတွင် ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်ချီများကို အဆက်မပြတ် စုဆောင်းမိနေမည်သာ ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုကဲ့သို့ပြင်းထန်လှသည့် သိပ်သည်းကျစ်လစ်မှုကြောင့် ဝိညာဉ်ကျောက်တုံးများကို ဖန်တီးရန်အတွက် လက်ထဲတွင် ကျောက်တုံးအလွတ်များကို ကိုင်ထားနေစရာ မလိုပေ။
ထို့ကြောင့် ထိုကျောက်တုံးများ၏ သန့်စင်မှုမှာ အခြားနည်းလမ်းများက ဖန်တီးနိုင်သော ကျောက်တုံးများထက် များစွာပို၍ သာလွန်နေမည် ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးတစ်တုံးကို သန့်စင်ရာတွင် ဓမ္မလက်နက်ဆရာတစ်ယောက် ကြုံတွေ့ရသည့် အကြီးမားဆုံး အခက်အခဲမှာ ကျောက်တုံးအလွတ်များထဲတွင် ပါဝင်နေသည့် မသန့်စင်မှုများကို ဖယ်ရှားရသည့် အချက်ပင် ဖြစ်သည်။
ထိုကဲ့သို့ ကျင့်ကြံခြင်းပညာရပ်မျိုးနှင့် ဆင်တူသော အယူအဆများကို ပြည်ထောင်စုထဲတွင် အကြံပေးကြသည့် လူများရှိပါသော်လည်း မည်သူကမှ အောင်မြင်စွာ မကျင့်ကြံနိုင်ခဲ့ပေ။ စိတ်ကူးထဲတွင်သာ ရှိနေခဲ့သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်မှာ ထိုပြဿနာအားလုံးကို အဆုံးထိ ဖြေရှင်းပြီးနိုင်မည် ဖြစ်သည်။
” ကြည့်ရတာ ဒီ မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်ကို ကျင့်ကြံလေလေ စုပ်ယူအားက ပို၍ အားကောင်းလာလေလေ၊ ပို၍ အစွမ်းထက်လာလေလေ ဖြစ်သွားမဲ့ပုံပဲ ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားဖြင့် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာသွားတော့သည်။ သူသည် သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အရောင်များဖြင့် ဝင်းလက်တောက်ပနေတော့သည်။ ကျောင်းသားခေါင်းဆောင်ဆိုသောရာထူးသည် သူ့အား လက်ပြ၍ နှုတ်ဆက်နေသည့်အလား သူက ခံစားနေရတော့သည်။ သူသည် မျက်လုံးများကိုမှိတ်ကာ အရာအားလုံးကို မေ့ပျောက်လိုက်ပြီး မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်ကို ကျင့်ကြံရာတွင် စိတ်ကိုနှစ်ထားလိုက်တော့သည်။
သူသည် လွန်ခဲ့သော နှစ်များအတွင်း ချီအားဖြည့်ပညာရပ် အခြေခံတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်ဖြစ်ရာ ဝိညာဉ်ချီများကို လမ်းညွှန်ခြင်းအပိုင်းတွင် အစိမ်းသက်သက် ဖြစ်မနေပေ။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်သောအခါ ချက်ချင်းဆိုသလိုပင် သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးနှင့် ၎င်း၏ အတိုင်းအဆမရှိလောက်အောင် များပြားနေသော ဝိညာဉ်ချီများကို အာရုံခံမိလိုက်တော့သည်။
မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်မှာ လွယ်ကူသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့ကျင့်ကြံရာတွင်မူ အတော်အသင့် ခက်ခဲ၏။ ဝမ်ပေါင်လဲ့မှာ အစပိုင်းတွင် အလွဲလွဲအချော်ချော် ဖြစ်နေတော့သည်။ သူသည် ကြိမ်ဖန်များစွာတိုင်အောင် ဝိညာဉ်ချီများကို စုပ်ယူလိုက်ပါသော်လည်း ပြန်လည်ပျံ့လွင့်သွားသည့် ပမာဏထက် ပို၍များအောင် မစုပ်ယူနိုင်ပဲ ဖြစ်နေရသည်။ သို့သော် သူ၏ အကောင်းမွန်ဆုံး အရည်အချင်းများထဲမှ တစ်ခုမှာ သူ့တွင် ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိနေပါက ၎င်းအား မရရအောင် စွဲစွဲမြဲမြဲ ကြိုးစားခြင်းပင်ဖြစ်သည်။ ပုံရိပ်ယောင်နယ်မြေစစ်ဆေးပွဲထဲတွင် ရှိနေခဲ့စဉ်က အမှတ်များကို ပို၍ရရှိရန်အတွက် မချိမဆန့်သော ဝေဒနာများကို လျစ်လျူရှုခဲ့သည် မဟုတ်ပါလား။
” မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်ရဲ့ ရှင်းလင်းချက်အရဆိုရင် ခန္ဓာကိုယ်ထဲမှာ စုပ်ယူခြင်းသစ်စေ့တစ်စေ့ကို အရင်ဆုံးဖန်တီးပြီးမှ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်သွားအောင် ပေါင်းစည်းရမှာ။ အဲဒါမှ စုပ်ယူအားက ပြန်လည်ပျံ့လွင့်သွားတဲ့ နှုန်းထက် ပိုပြီးတော့သာလွန်သွားမှာ ”
ထိုအခိုက်အတန့်တွင် သူ၏ အစွဲအလမ်းကြီးသော အကျင့်စရိုက်မှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် နောက်ထပ် လဝက်တိတိ အတန်းများကို သွားမတက်ခဲ့ပေ။ သူသည် စားစရာရှိလျှင်တောင် အလျင်စလိုသာ စားပြီး ချက်ချင်းပြန်၍ ကျင့်ကြံခြင်းထဲတွင် စိတ်ကို နှစ်လိုက်သည်သာ ဖြစ်သည်။
တချိန်တည်းမှာပင် အဆင့်နိမ့်ကျွန်း၏ အမျိုးမျိုးသော ဌာနတောင်ထိပ်များ၏ အလယ်တွင် ရှိနေသည့် ပါမောက္ခတောင်ထိပ်ပေါ်ရှိ ရေကန်တစ်ကန်၏ ဘေးတွင် သက်ငယ်အမိုးမိုးထားသည့် တစ်ထပ်စံအိမ်ကလေးတစ်လုံး ရှိနေပြီး သမားတော်အိုကြီးမှာ ထိုရေကန်ထဲတွင် ငါးမျှားနေ၏။
ထိုအချိန်တွင် လေပြည်လေညင်းတစ်ချက် တိုက်ခတ်သွားသဖြင့် ငိုက်စိုက်ကျနေသည့် မိုးမခပင်ကြီးမှာ ယမ်းခါသွားတော့သည်။ ရေကန်ပေါ်တွင် ထင်ဟပ်နေသည့် ပုံရိပ်မှာ တမူထူးခြားနေ၏။
ထိုသမားတော်အိုကြီး၏ ဘေးတွင် ဒုပါမောက္ခ ရပ်နေ၏။ ထို အနက်ရောင်ဝတ်ရုံ ဆင်မြန်းထားသည့် သက်လတ်ပိုင်းလူကြီး၏ နဖူးတွင် ချွေးများရွှဲနေပြီး သူ၏အမူအရာမှာလည်း အလွန် မသက်မသာဖြစ်နေသည့်ပုံ ပေါက်နေ၏။ အချိန်အတော်အတန်ကြာပြီးမှ သူသည် အသက်ပြင်းပြင်းရှူကာ ပါမောက္ခကြီးအား ရို့ကျိုးစွာ ဦးညွှတ်လိုက်တော့သည်။
” ပါမောက္ခကြီး။ ကျနော်မှားသွားပါတယ် ”
သမားတော်အိုကြီးကမူ သူ၏စကားကို မကြားသည့်ပုံဖြင့် ဆက်၍သာ ငါးမျှားနေ၏။ အချိန်အနည်းငယ်ခန့် ကြာပြီးမှသာ ဒုပါမောက္ခက သူ၏နဖူးပေါ်မှ ချွေးများကို သုတ်လိုက်တော့သည်။
ယင်းနောက် သူသည် စောစောကထက် ပို၍ပင် ရိုသေလေးစားမှုရှိသော လေသံဖြင့် တိုးတိုးလေး ဆိုလိုက်သည်။
” ဝမ်ပေါင်လဲ့ရဲ့ ကိစ္စကို အပေါင်းသဘောဆောင်တဲ့ ဥပမာတစ်ခုအဖြစ် အသုံးချပြီး ကျောင်းသားတွေကို တာအိုကျောင်းနဲ့ ပိုပြီးတော့ လိုက်လျောညီထွေဖြစ်အောင် လုပ်လို့ရတယ်ဆိုတဲ့အချက်ကို ကျနော် လျစ်လျူရှုခဲ့မိတဲ့အတွက် မှားခဲ့ပါတယ်။ ကျနော်က အဲဒီလို အသုံးမချမိခဲ့တဲ့အပြင် မှော်ဆေးရည်ဌာနက ဆရာတစ်ယောက်ကိုပါ အဲဒီ ကလိမ်ကကျစ်ကျခဲ့တဲ့ ကိစ္စကြီးကို ဖော်ထုတ်ခိုင်းခဲ့မိတာပါ ”
ဒုပါမောက္ခသည် ထိုသို့ဆိုလိုက်ပါသော်လည်း သမားတော်အိုကြီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိကြောင်း သိလိုက်ရသဖြင့် ပို၍ ချွေးပြန်သွားရပြီး နောက်ထပ်တစ်ကြိမ် တိုးတိုးလေး ပြောလိုက်ပြန်သည်။
” ဓမ္မလက်နက်ဌာနရဲ့ အထူးဝင်ခွင့်ရကျောင်းသားနေရာကို လောဘတက်မိခဲ့တဲ့အတွက် ပိုပြီး မှားခဲ့ပါသေးတယ်။ ကိုယ်ကျိုးကိုပဲ ကြည့်ပြီးတော့ ဝမ်ပေါင်လဲ့ကို တာအိုကျောင်းကနေ ထုတ်ပယ်ဖို့ ကြိုးစားမိခဲ့တာပါ။ ပြီးတော့ တခြားဆရာတွေကိုပါ သိမ်းသွင်းမိခဲ့ပါသေးတယ် ”
ဒုပါမောက္ခမှာ ရှုံ့မဲ့မဲ့နှင့် ချွေးများကို ထပ်၍ သုတ်လိုက်ပြန်သည်။ သူသည် ဆုံးဖြတ်ချက် မှားယွင်းခဲ့ခြင်း ဖြစ်သည်။ အစက သူသည် ပါမောက္ခကြီးမှာ ဝမ်ပေါင်လဲ့အား သဘောမကျဖြစ်နေခဲ့သည်ဟု ယူဆမိခဲ့သောကြောင့် ထိုအခွင့်အရေးကိုအသုံးချကာ ဝမ်ပေါင်လဲ့အား အပြစ်ပေးနိုင်ရုံသာမက သူ့အတွက်ပါ အကျိုးအမြတ် ထွက်လာအောင် လုပ်နိုင်လိမ့်မည် ဖြစ်ကြောင်း တွေးတောခဲ့ခြင်းဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့က ကိစ္စအားလုံးကို ပြောင်းပြန်လှန်လိုက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ထိုကဲ့သို့ ဖြစ်သွားရသည့် အဓိက အကြောင်းရင်းများထဲမှ တစ်ချက်မှာ သူ၏ မိန့်ခွန်းကြောင့်ဖြစ်ပါသော်လည်း ပို၍အရေးကြီးသောအချက်မှာ ပါမောက္ခကြီး၏ ထိုကိစ္စအပေါ် ထားရှိသော ထင်မြင်ယူဆချက်ကြောင့် ဖြစ်သည်။
ထိုအခါမှသာ သမားတော်အိုကြီးက ခေါင်းမော့လာပြီး ဒုပါမောက္ခအား အမှုမထားသောအကြည့်ဖြင့် ကြည့်ကာ ဆိုလိုက်၏။
” မင်းက မင်းရဲ့အပြစ်တွေကို သိသွားပြီဆိုမှတော့ သွားလို့ရပြီ ”
ထိုအခါ ဒုပါမောက္ခမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။ သူသည် ပါမောက္ခကြီး၏ လက်အောက်ငယ်သားအဖြစ် ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ပါမောက္ခကြီးက ထိုသို့ဆိုလိုက်သောကြောင့် ထိုပြဿနာမှာ လုံးဝနီးပါး ပြေလည်သွားပြီဖြစ်ကြောင်း သိလိုက်တော့သည်။ ထို့ကြောင့် သူသည် ရို့ကျိုးစွာ ဦးညွှတ်လိုက်ပြီး ထွက်ခွာသွားတော့သည်။ သူနှင့် ဝေးကွာသောနေရာသို့ ရောက်သွားသည့်အခါမှသာ ဝမ်ပေါင်လဲ့အား ပြန်ရွေးအမှတ်ရသွားတော့သည်။ ထိုအခါ သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ သို့သော် သူသည် လက်တလောတွင်မူ လှုပ်ရှား၍ ရဦးမည် မဟုတ်ကြောင်း သိထားသည်။ ထို့အပြင် ထိုကဲ့သို့ သေးဖွဲ့သိမ်နုတ်သည့် လူတစ်ယောက်က ဝှက်ဖဲအချို့ကို ပိုင်ဆိုင်ထားလျှင်တောင် သူ့အတွက် မှုစရာ မဟုတ်ပေ။
သို့သော် သူ မသိလိုက်သည့်အချက်မှာ သူ ထွက်ခွာသွားပြီးနောက် ထိုသမားတော်အိုကြီး၏ ဘေးတွင် အကြီးအကဲတစ်ယောက် တိတ်တဆိတ် ပေါ်လာခြင်းပင်ဖြစ်သည်။ သူသည် အစေခံတစ်ယောက်နှင့်တူပြီး ခါးကိုင်းကိုင်းနှင့် သမားတော်အိုကြီး၏ နောက်တွင် ရပ်နေ၏။
” ပါမောက္ခကြီး … သိပ်ကိုတော်တယ်ဗျာ။ ပါမောက္ခကြီးက ဒီကိစ္စကို အသုံးချပြီးတော့ ရုတ်ရုတ်သဲသဲ လုပ်မနေဘဲ ဒုပါမောက္ခ ကောင်းချွမ်ကို ကိုယ်နေရာကိုယ်သိသွားအောင် လုပ်နိုင်ခဲ့တာပဲ။ အခုကိစ္စပြီးတဲ့နောက် သူ တော်တော်လေး ခြေငြိမ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ သူက သူ့အမှား အများစုကို ဝန်ခံခဲ့ပေမဲ့ အကြီးမားဆုံး အမှားကိုတော့ ဝန်မခံခဲ့ဘူးနော်။ သူ့ရဲ့ ဩဇာအာဏာက တော်တော်လေးကို ကျယ်ပြန့်ပြီးတော့ ကြီးမားနေပြီ ”
” ပြီးတော့ ကျနော် ဒီကိစ္စကို စုံစမ်းပြီးသွားပြီ။ ဓမ္မလက်နက်ဌာနက ဝိညာဉ်နတ္ထိခန်းမရဲ့ ကျောင်းသားခေါင်းဆောင်က နောက်ကွယ်ကနေ ကြိုးကိုင်နေခဲ့တာ။ တိုက်ဆိုင်ချင်တော့ ဒုပါမောက္ခနဲ့ အဲဒီကလေးက တော်တော်ကို ရင်းနှီးတယ်။ ဓမ္မလက်နက်ဌာနရဲ့ အထူးဝင်ခွင့်ရ ကျောင်းသားနေရာကို ဝိညာဉ်နတ္ထိခန်းမရဲ့ ကျောင်းသားခေါင်းဆောင်ကလည်း လိုချင်တပ်မက်နေခဲ့တာ။ ကြည့်ရတာ သူ့အဖေက အဲဒီလိုဖြစ်လာအောင် လှုံ့ဆော်ပေးခဲ့တဲ့ပုံပဲ ”
ထိုအကြီးအကဲကြီးက လေသံတိုးတိုးဖြင့် ရယ်မောကာ ဆိုလိုက်သည်။
” ဝိညာဉ်နတ္ထိခန်းမ ကျောင်းသားခေါင်းဆောင်ရဲ့ အဖေက ပြည်ထောင်စုရဲ့ လွှတ်တော်အမတ် ဆယ့်ခုနစ်ယောက်ထဲက တစ်ယောက်ပဲ။ သူ့လို ဩဇာအာဏာကြီးမားတဲ့ လူတစ်ယောက်က ဒီလိုမျိုး အပေါစားလှည့်ကွက်တွေနဲ့ ပတ်သတ်နေမှာ မဟုတ်ဘူး။ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တော့ ”
သမားတော်အိုကြီးကမူ ပြုံးသာပြုံးလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ပြက်ရယ်ပြုနေသည့် အရိပ်အရောင်တစ်ခု ပေါ်လာတော့သည်။
” သူက လွှတ်တော်အမတ်တစ်ယောက်နဲ့ ပတ်သက်နေတယ်ဆိုရင်တောင် ငါက သူ့ကို အထင်ကြီးဦးမယ်။ ဒါပေမဲ့ အဲဒီကလေးနဲ့ သွားပြီးပတ်သက်နေတယ်ဆိုတော့ ဒီ ကောင်းချွမ်ဆိုတဲ့ကောင်က တကယ့်ကို ဦးနှောက်မရှိတဲ့လူပဲ ”
” ခေါင်းဆောင်ကြီး ဒီလိုမျိုး အတွေးနှစ်ခွနဲ့ လူယုတ်မာမျိုးကို ကျနော်တို့တွေ…. ” အကြီးအကဲကြီးသည် ထိုသို့ပြောရင်း တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွား၏။
” အချိန်မကျသေးဘူး ”
သမားတော်အိုကြီး၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော အဓိပ္ပါယ်များ ကိန်းအောင်းနေ၏။ လူအများ၏ မုန်းတီးမှုများကို ခံရအောင် သူ ခက်ခက်ခဲခဲ ဖန်တီးခဲ့ရသည့် လူတစ်ယောက်က အလွန် အဖိုးတန်သည်။ အခြားသူများမှာ သူ၏ဆုံးဖြတ်ချက်များကို နားလည်နိုင်မည် မဟုတ်ပေ။
” ကောင်းချွမ်နဲ့ ပတ်သတ်ချင်တဲ့လူက တစ်ယောက်မဟုတ် တစ်ယောက်တော့ အမြဲတမ်းရှိနေမှာပဲ။ သူ့ကို ဘယ်သူကပဲ ပတ်သက်ချင် ပတ်သက်ချင် ငါနဲ့အရင်ဆုံး ကြုံရမှာပဲလေ ”
သမားတော်အိုကြီးက ထိုသို့တွေးတောရင်း ရယ်မောနေလိုက်တော့သည်။
အချိန်များကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့ ကျင့်ကြံနေခဲ့သည်မှာ သုံးလအထိ ရှိနေပြီဖြစ်သည်။
ထိုသုံးလအတောအတွင်း ဝမ်ပေါင်လဲ့သည် လူရှေ့သူရှေ့ သိပ်မထွက်ခဲ့သောကြောင့် ဓမ္မလက်နက်ဌာနထဲရှိ သူ့အကြောင်းနှင့် ပတ်သက်သည့် အတင်းအဖျင်းစကားများ တဖြည်းဖြည်း လျော့နည်းသွားတော့သည်။ ယင်းအပြင် များပြားသော သင်ရိုးညွှန်းတမ်းများကြောင့် သူ့အပေါ် အာရုံစိုက်နေကြသူများ မရှိသလောက်နည်းပါးလာတော့သည်။
ဝမ်ပေါင်လဲ့သည် အစက သူလိုချင်ခဲ့သည့် ပန်းတိုင်ဖြစ်သော သိုသိုသိပ်သိပ် နေထိုင်လိုသည့်ဘဝကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။
စိတ်ရှည်သည်းခံလမ်းကြောင်းမှန် ဟူသော ဆိုရိုးစကားအတိုင်းပင်။
နောက်ထပ်သုံးလကြာပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် အာကာသတွင်းနက် ဝါးမျိုခြင်းသစ်စေ့တစ်စေ့ ခပ်ရေးရေးခန့် ပေါ်လာတော့သည်။
ဝမ်ပေါင်လဲ့သည် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် စုပ်ယူခြင်းစွမ်းအားများကို အာရုံခံမိလိုက်သောအခါ စိတ်လှုပ်တရှားဖြင့် ချွေးများကို သုတ်လိုက်သည်။ သူသည် သူ၏ ရည်မှန်းချက်ပန်းတိုင်နှင့် ခြေတစ်လှမ်းပို၍ နီးကပ်သွားပြီဖြစ်ကြောင်း ထပ်၍ ခံစားလိုက်ရတော့သည်။ ထို့နောက် သူသည် နောက်ထပ်တစ်ကြိမ် အလျင်စလို ကျင့်ကြံလိုက်ပြန်သည်။
သူသည် ဝါးမျိုခြင်းသစ်စေ့ကို ပိုင်ဆိုင်သွားပြီးနောက် နတ်ဝိဇ္ဇာဂူထဲရှိ ဝိညာဉ်ချီများမှာ ချက်ချင်းပင် စီးဆင်းနေသည့် ရေများကဲ့သို့ ဖြစ်သွား၏။ ဝိညာဉ်ချီများ၏ လမ်းကြောင်းက တဖြည်းဖြည်း ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ထံ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။ ထို နတ်ဝိဇ္ဇာဂူထဲရှိ ဝိညာဉ်ချီများသာ ထိုကဲ့သို့ ဖြစ်သွားကြသည် မဟုတ်ပေ။ အပြင်ဘက်မှ ဝိညာဉ်ချီများပင် ထိုနည်းတူပင် ဖြစ်သွားကြတော့သည်။
နောက်ဆုံးတွင် သူရှိနေသည့် နေရာတစ်ဝိုက်ရှိ ဝိညာဉ်ချီအားလုံးနီးပါး မွှေနှောက်ခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။ ပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် မျက်လုံးဖြင့် မမြင်နိုင်သော ဝဲကြီးတစ်ခုပေါ်ပေါက်လာပြီး ထိုဝဲကြီး၏ အလယ်ဗဟိုတွင် အာကာသတွင်းနက် ဝါးမျိုခြင်းသစ်စေ့ ရှိနေ၏။
ဝိညာဉ်ချီပမာဏမြောက်များစွာ စုပ်ယူခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်ထဲမှ သဘာဝအတိုင်း ပြန်၍ပျံ့လွင့်နေသည့် ပမာဏထက် ပို၍ သာလွန်သွား၏။ ထို့ကြောင့် သူ၏ ဝိညာဉ်ချီများမှာ စတင်စုစည်းလာပြီး သိပ်သည်းကျစ်လစ်လာတော့သည်။ ၎င်းမှာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ သူသည် မရေမတွက်နိုင်လောက်အောင် များပြားသော သေးငယ်သည့် လက်ကလေးများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်နယ်ပေးနေသကဲ့သို့ ခံစားလိုက်ရသဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် သက်တောင့်သက်သာ ဖြစ်သွားတော့သည်။ ကံကောင်းသည်မှာ ဝမ်ပေါင်လဲ့သည် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ဖြစ်နေပါသော်လည်း သူ လုပ်ရမည့်အရာကို သတိရနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ ညာလက်အား ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်ကို အသုံးပြုကာ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဖန်တီးလိုက်တော့သည်။
ထိုအချိန်တွင် မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်၏ နောက်ထပ် အခက်အခဲတစ်ခု အလိုလို ပေါ်လာ၏။ ထိုထူထဲပျစ်ခဲနေသော ဝိညာဉ်ချီများသည် အစိုင်အခဲပုံစံ ပြောင်းလဲသွားနိုင်ပါသော်လည်း သတိမထားလျှင်မူ ပျက်ပြားသွားနိုင်၏။
ထိုကဲ့သို့ ကျရှုံးသွားသည်နှင့် တစ်ပြိုင်နက် စုဝေးနေခဲ့သည့် များပြားလှသော ဝိညာဉ်ချီများက ပျံ့လွင့်သွားကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုပ်ယူခံလိုက်ရမည်ဖြစ်ပြီး နောက်ထပ်တစ်ကြိမ်ပြန်၍ စုစည်းသွားကြမည် ဖြစ်သည်။
” ငါ မယုံဘူးကွာ ”
ဝမ်ပေါင်လဲ့သည် အသိစိတ်ပျောက်လုမတတ် ဖြစ်နေတော့သည်။ အောင်မြင်မှုက လက်တစ်ကမ်းအလိုတွင် ရှိနေသောကြောင့် သူသည် ပို၍ပင် အလျှော့မပေးလိုတော့ပေ။ ထို့ကြောင့် သူသည် မုန့်အများစုပါသော အစားအသောက်များစွာကို တစ်ခါတည်း ဝယ်လိုက်ပြီး တံခါးပိတ်ကျင့်ကြံနေသည့်အလား သူ၏ နတ်ဝိဇ္ဇာဂူထဲမှ အပြင်သို့ လုံးဝ မထွက်တော့ပေ။ သူသည် ကျင့်ကြံခြင်းထဲတွင် စိတ်ရောကိုယ်ပါနှစ်၍ သူ၏အိမ်တွင်သာ အလုပ်အားလုံးကို လုပ်နေတော့သည်။
သူ ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ သူ၏ လုံးဝိုင်းနေသောခန္ဓာကိုယ်က တဖြည်းဖြည်း ပို၍ပင် လုံးဝိုင်းလာ၏။ သူ၏ အဆီများသည်လည်း ပို၍ထူလာပြီး အရောင်လက်လာကြတော့သည်။ ထိုအဆီများမှာ သလင်းကျောက်ကဲ့သို့ အလင်းဖောက်မနေပါသော်လည်း အလွန် ကြည်လင်ကာ တောက်ပြောင်ချောမွတ်နေတော့သည်။
သူ၏ ခန္ဓာကိုယ်သည် သာမန်နှင့် လုံးဝမတူတော့ပေ။ ၎င်းမှာ ဝိညာဉ်ချီစုစည်းရာမှ ပေါ်ထွက်လာသည် ဝိညာဉ်အဆီများ ဖြစ်ကြသည်။ အဆီဆိုသည်မှာ ခန္ဓာကိုယ်ထဲတွင် ပိုလျှံနေသည့် စွမ်းအင်များမှ ပြောင်းလဲလာသောအရာ မဟုတ်ပါလော။ ယခုတွင်မူ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီများမှာ သာမန်လူတစ်ယောက်ထက် အများကြီး ပိုများနေပြီ ဖြစ်သည်။ သူသည် ဝိညာဉ်ချီများကို အဆက်မပြတ်ဝါးမျိုကာ ဝိညာဉ်ကျောက်တုံးများ ဖန်တီးရာ၌ ဆက်တိုက်ကျရှုံးနေသောကြောင့် သူ၏အဆီမှာ များသည်ထက် များလာနေရတော့သည်။
ကံကောင်းသည်မှာ သူ ဝတ်ဆင်ထားသည့် အထူးဝင်ခွင့်ရကျောင်းသား ဝတ်ရုံများကို အလွန် ကျုံ့နိုင်ဆန့်နိုင်သော အထူးပစ္စည်းတစ်မျိုးဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်ထိ သူ၏ အဝတ်အစားများမှာ ကွဲထွက်မသွားသေးပေ။ ဝမ်ပေါင်လဲ့၏ မျက်နှာပုံစံမှာမူ ပြောင်းလဲသွားပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှာ ဆီဝေ့နေသည့်ပမာ ဝင်းလက်တောင်ပြောင်နေကာ သူ၏မျက်လုံးများမှာလည်း သေးသည်ထက် သေးလာနေပြီ ဖြစ်သည်။
သူသည် အမှုမဲ့ အမှတ်မဲ့နှင့်သာ နေလိုက်ပြီး ထိုကဲ့သို့ နောက်ထပ်တစ်လတိတိ ဆက်၍ ဖြစ်နေတော့သည်။ သူက ကြားထဲတွင် ဝိတ်တက်လာကြောင်း ရိပ်မိလိုက်ပါသော်လည်း ဝိညာဉ်ကျောက်တုံးများ သန့်စင်ရာတွင် အာရုံအပြည့် စိုက်ထားသောကြောင့် ထိုအချက်ကို လျစ်လျူရှုထားလိုက်တော့သည်။
ထိုနေ့မှာပင် ဝမ်ပေါင်လဲ့သည် နောက်ဆုံးတွင် သူ၏လက်ထဲရှိ သစ်အယ်သီး ပုံစံရှိသော ဝိညာဉ်ကျောက်တုံးအား စိတ်လှုပ်တရှားဖြင့် ကြည့်လိုက်၏။ ၎င်း၏ သန့်စင်မှုကို စစ်ဆေးပြီးနောက် ကျယ်လောင်စွာ အော်ရယ်လိုက်တော့သည်။
” ငါ အောင်မြင်သွားပြီကွ။ ဟားဟား … ငါ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ ”
” သန့်စင်မှုက ငါးဆယ်ရာခိုင်နှုန်း မဟုတ်တော့ဘဲ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း ဖြစ်သွားပြီကွ ”
ဝမ်ပေါင်လဲ့သည် အလွန် စိတ်လှုပ်ရှားနေ၏။ ဇာမဏီမြို့ထဲတွင် သူရှိနေခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူသည် သန့်စင်မှု ငါးဆယ်ရာခိုင်နှုန်းထက် အနည်းငယ်သာ ပိုကောင်းသည့် ဝိညာဉ်ကျောက်တုံးများကို သန့်စင်နိုင်ခဲ့သည်။ သို့သော် ယခုတွင်မူ သူသည် ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းအထိ သန့်စင်သော ဝိညာဥ်ကျောက်တုံးများကို သန့်စင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ပြည်ထောင်စုထဲရှိ အကောင်းမွန်ဆုံး တာအိုကျောင်းဖြစ်သော သမင်ဖြူတာအိုကျောင်းထဲရှိ နောက်ဆုံး အမှတ်မှာ ခုနစ်ဆယ် ရာခိုင်နှုန်းနှင့်အထက် ဖြစ်သည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့သည် ကျေနပ်အားရသွားပြီး လက်ရှိတွင် သူသည် လူအများ ရှိန်လောက်မည့် လူတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။ သူသည် စိတ်လှုပ်ရှားမှုများကို ဖြေဖျောက်ရန်အတွက် လမ်းလျှောက်ရန် မတ်တတ်ထလိုက်ချိန်တွင် မထနိုင်တော့ကြောင်း သိလိုက်ရ၏။ ထို့နောက် သူသည် မူးဝေဝေနှင့် သူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သောအခါ လွန်ခဲ့သော နှစ်ဝက်ခန့်က အရွယ်အစားနှင့် ယှဉ်လိုက်ပါက နှစ်ဆနီးပါးခန့် ပို၍ကြီးမားလာသည်ကို မြင်လိုက်ရတော့သည်။ သူ၏ အထူးဝင်ခွင့်ရကျောင်းသားများအတွက်ဖြစ်သော အနီရောင် တာအိုဝတ်ရုံများမှာ သူ၏ ဝိတ်တက်လာမှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေပြီဖြစ်ပြီး ဝိညာဉ်အဆီများဖြင့် ရွှဲနေသည့် ခန္ဓာကိုယ်ကြီးတစ်ခုသာ ပေါ်နေ၏။
သို့ဖြစ်၍ သူသည် အသက်ပင်မရှူနိုင်တော့ပဲ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
” ဒါ… ဒါ …. ”
ဝမ်ပေါင်လဲ့ အော်ဟစ်လိုက်၏။ သူသည် ဝိညာဉ်ကျောက်တုံး သန့်စင်ခြင်းထဲတွင် အလွန်အကျွံ အာရုံစိုက်ထားတော့သောကြောင့် သူ၏ လက်ရှိအခြေအနေကို ချက်ချင်းပင် နားလည်သဘောပေါက် သွားတော့သည်။ သူ ဒုက္ခအကြီးအကျယ် ရောက်နေပြီဖြစ်၏။
” သောက်ကျိုးနည်း … ခဏလောက်လေး သတိလွတ်သွားတာကို ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ ”
ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားပြီး သူ့မိသားစု၏ အိမ်ထောင်စုဇယားအား ချက်ချင်းပင် သူ၏အတွေးထဲ၌ ပေါ်လာတော့သည်။ သူသည် ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်သွားရပြီး စိုးရိမ်လွန်းသဖြင့် မျက်ရည်များပင် မကျနိုင်တော့ဘဲ လက်ချောင်းတုတ်ကြီးများဖြင့် အလျင်စလို ရေတွက်နေမိတော့သည်။
သို့သော် တစ်နေကုန် ရေတွက်ပြီးသည့်တိုင်အောင် သူ မည်မျှပင် ရေတွက်စေကာမူ ဖတ်တီးဘိုးဘေးများ၏ သေဆုံးချိန်တွင် ရှိနေသော အသက်များအရဆိုလျှင် သူသည်လည်း သိပ်၍ကြာကြာ နေရတော့မည် မဟုတ်ပေ။ ထိုအတွေးကြောင့် သူသည် ငိုမဲ့မဲ့ ဖြစ်သွားရတော့သည်။
” ငါက ကျောင်းသားခေါင်းဆောင် ဖြစ်မလာသေးသလို ပြည်ထောင်စုဥက္ကဌလည်း ဖြစ်မလာသေးဘူးလေ။ ငါ ဖက်တီးဘိုးဘေးကြီးတွေနဲ့ သွားပြီးတော့ မဆုံစည်းချင်သေးဘူး ”
ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်လန့်လန့် ဖြစ်သွားပြီး သူ၏အသိစိတ်ထဲတွင် ဝိတ်ကျအောင် လုပ်ရမည့် အတွေးများဖြင့်သာ ပြည့်နှက်သွား၏။ သို့သော် သူသည် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည်ဖြစ်ပြီး ထိုကြိုးစားမှု အားလုံး လုံးဝနီးပါး အလုပ်မဖြစ်ခဲ့သောကြောင့် ရူးသွပ်နေရတော့သည်။
” လေ့ကျင့်ခန်း လုပ်ရမယ်။ ငါ လေ့ကျင့်ခန်းလုပ်ရမယ်။ ငါ ပြေးချင်တယ်။ ဒီ အဆီတွေက အခုမှ ပေါ်လာတာဆိုတော့ မျှော်လင့်ချက်တချို့ ရှိနိုင်ပါသေးတယ် ”
ဝမ်ပေါင်လဲ့က အံကြိတ်ကာ တွေးတောလိုက်၏။ သူ ပထမဦးဆုံး စဉ်းစားမိသည့်အရာမှာ ပြေးရန်ဖြစ်သောကြောင့် သူသည် နတ်ဝိဇ္ဇာဂူအပြင်ဘက်သို့ ပြေးထွက်သွားလိုက်တော့သည်။
သူသည် ဝိတ်တက်လာပါသော်လည်း အဖတ်ဆယ်၍မရလောက်အောင် ဝနေခြင်းတော့ မဟုတ်ပေ။ ထို့ကြောင့် သူသည် တံခါးပေါက်အပြင်ဘက်သို့ ထွက်နိုင်နေဆဲပင်။ သူ အပြင်သို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် နေရောင်ခြည်များက သူ၏ အရွယ်အစားကြီးမားနေသော အနီရောင် တာအိုဝတ်ရုံပေါ်သို့ ဖြာကျလာတော့သည်။ ဝမ်ပေါင်လဲ့သည် သူ၏ဧရာမအရိပ်ကြီးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဝေဒနာပြင်းထန်စွာ ခံစားလိုက်ရတော့သည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားကုန်ထုတ်၍ ဓမ္မလက်နက်တောင်ထိပ်ပေါ်တွင် သွေးရူးသွေးတန်း ပြေးလွှားနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့သည် ထိုကဲ့သို့ စိတ်ပျက်လက်ပျက်နှင့် ပြေးလွှားနေရင်း ယခင်ကနှင့် မတူတော့ဘဲ ပြောင်းလဲသွားကြောင်း ခံစားလိုက်ရ၏။ သူသည် မောပန်းနွမ်းနွမ်းသွားခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်ထဲရှိ ကြွယ်ဝနေသော ဝိညာဉ်ချီများက သူ၏ကုန်ခန်းသွားသော အင်အားများနေရာတွင် အစားထိုး ဝင်ရောက်လာတော့သည်။ ထို့ကြောင့် သူသည် အလွန် မြန်ဆန်စွာ ပြေးလွှားနိုင်စွမ်း ရှိသွားသောကြောင့် ဓမ္မလက်နက်တောင်ထိပ်မှာ သူ့အတွက် အလွန်သေးငယ်သွားသလို ခံစားလိုက်ရ၏။ ထိုနေရာတွင်လည်း သူနှင့် သိကျွမ်းသည့် လူများစွာရှိနေသောကြောင့် သူသည် တောင်ထိပ်အောက်သို့ ပြေးဆင်းသွားပြီး အဆင့်နိမ့်ကျွန်းကိုပတ်၍ ပြေးလွှားနေလိုက်တော့သည်။
ယနေ့တွင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများစွာက အနီရောင်ဘောလုံးကြီးတစ်လုံး သူတို့၏ဘေးမှ ဖြတ်သွားသည်ကို မြင်လိုက်ကြရသည်။ သူတို့အားလုံး ဆွံ့အသွားကြပြီး တချို့က ထိုအနီရောင်ဘောလုံးကြီးမှာ ဩချရလောက်အောင် မြန်ဆန်နေသောကြောင့် အထိတ်တလန့် အော်ဟစ်မိလိုက်ကြ၏။ ယင်းအပြင် ၎င်း၏ မျက်နှာက ဖုံးကွယ်နေသည်ဖြစ်ရာ ထိုလူ မည်သူမည်ဝါဖြစ်ကြောင်း သူတို့ မဖော်ထုတ်နိုင်ကြပေ။ ထို့ကြောင့် ဝိညာဉ်ကွန်ရက်ပေါ်တွင် ထိုကိစ္စနှင့်ပတ်သတ်သည့် ကောလာဟလများနှင့် ဆွေးနွေးငြင်းခုန်မှုများစွာ ပေါ်လာကြတော့သည်။
” ငါ ဒီနေ့ ဘောလုံးကြီးတစ်လုံးကို မြင်လိုက်တယ် ”
” ငါလည်း မြင်လိုက်တယ်ကွ ”
” အဲဒီဘောလုံးကို မြင်ဘူးနေသလားလို့။ အဲဒါက အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်ရဲ့ တာအိုဝတ်ရုံတွေနဲ့ ဆင်တူနေတာမလား ”
ဓမ္မလက်နက်ဌာနမှာ ထိုကဲ့သို့ ဆွေးနွေးငြင်းခုန်နေကြစဉ် သိုင်းပညာဌာနမှ ကျောင်းသားအဖွဲ့တစ်ဖွဲ့က အဆင့်နိမ့်ကျွန်းထဲရှိ ရေကန်၏ဘေးတွင် ပြေးလွှားနေကြသည်။ သူတို့ထဲတွင် အထူးဝင်ခွင့်ရ ကျောင်းသားဖြစ်သော ကျိုးရိဖန်အပြင် ချန်းကျစ်ဟန်ကဲ့သို့ လူများလည်း ပါဝင်နေ၏။ သိုင်းပညာဌာန၏ ဆရာတစ်ယောက်ဖြစ်သော သက်လတ်ပိုင်းလူကြီးတစ်ယောက် သူတို့၏နောက်မှ လိုက်လာ၏။ သူသည် တည်ကြည်သော အမူအရာတစ်ခုဖြင့် ထိုကျောင်းသားများကို ခေါင်းဆောင်၍ ပြေးလွှားနေခြင်းဖြစ်သည်။
အခြားဌာနမှ ကျောင်းသားများနှင့် ယှဉ်လိုက်လျှင် သိုင်းပညာဌာနမှ ကျောင်းသားများမှာ တပ်သားများနှင့် ပို၍ဆင်တူ၏။ အဘယ့်ကြောင့်ဆိုသော် သိုင်းပညာဌာနမှာ ရှေးဟောင်းသိုင်းပညာနှင့် ဆက်စပ်နေသော အရာအားလုံးအပေါ်တွင် အာရုံစိုက်ထားသောကြောင့် ဖြစ်သည်။ သူတို့သည် လက်တွေ့တိုက်ခိုက်ရာတွင် အခြားဌာနအားလုံးထက် ပို၍ကျွမ်းကျင်ကြသည်။ ထိုဌာနမှ ကျောင်းသားတိုင်း သန်မာသော အပြင်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ထို့ကြောင့် အခြေခံအကျဆုံး သင်ခန်းစာများထဲမှ တစ်ခုမှာ ကျွန်းကိုပတ်၍ပြေးရသည့် လေ့ကျင့်ခန်း ဖြစ်နေခြင်းဖြစ်သည်။
၎င်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားသစ်များ၏ ကိုယ်ကာယကြံ့ခိုင်မှုကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ကာ သူတို့အား သွေးချီအဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိနိုင်အောင် ကူညီပေးရန်ဖြစ်သည်။ ကျောင်းဖွင့်သည်မှာ နှစ်ဝက်သာ ရှိသေးပါသော်လည်း သိုင်းပညာဌာနမှာ ထို ကျွန်းကိုပတ်ရသည့်လေ့ကျင့်ခန်းကို ဆက်၍ ကျင့်သုံးနေဆဲပင်။
” မြင့်မြန်ပြေးစမ်းပါ။ မင်းတို့တွေ ထမင်းတောင် စားခဲ့ရဲ့လား ”
သိုင်းပညာဌာနမှဆရာမှာ သူ၏ဘေးမှကျောင်းသားများကို စိုက်ကြည့်ကာ အော်ဟစ်ကြိမ်းမောင်းနေ၏။
သူသည် ပါးစပ်ကသာ သူတို့အား ကြိမ်းမောင်းနေပါသော်လည်း သူတို့၏ အားမာန်များဖြင့် ပြည့်နှက်နေသည့် အမူအရာများကို မြင်နေရသောကြောင့် လွန်စွာ သဘောကျကျေနပ်နေတော့သည်။ အထူးသဖြင့် ကျိုးရိဖန်နှင့် ချန်းကျစ်ဟန်တို့ပင် ဖြစ်သည်။ သူတို့က ကျွန်းတစ်ကျွန်းလုံးကို ပတ်နိုင်နေပြီဖြစ်သော်လည်း ဤ အပြေးလေ့ကျင့်ချန်းထဲတွင် ကျိုးကျိုးနွံနွံနှင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ထူးချွန်သော ကျောင်းသားများကို ပိုင်ဆိုင်ထားရသောကြောင့် သူ အလွန်ကျေနပ်နေ၏။
” မင်းတို့တွေ မြဲမြဲမှတ်ထား။ ငါ့ သိုင်းပညာဌာနက ဌာနတွေနဲ့ ဆေးလုံးတွေကို သန့်စင်ရတာကို အရမ်းမုန်းတာ။ ငါတို့လိုချင်တာက ငါတို့ရဲ့ ခန္ဓာကိုယ်တွေပဲ။ ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို အဆုံးစွန်အထိရောက်အောင် တွန်းအားပေးရမယ်။ ဓမ္မရတနာတစ်ခုခု ဖြစ်ဖြစ်၊ အဆိပ်ဆေးလုံးတစ်လုံး ဖြစ်ဖြစ် အဲဒါတွေအကုန်လုံးက အမှိုက်တွေပဲ။ သိုင်းပညာဌာနဖြစ်တဲ့ ငါတို့က သူတို့ကို လက်သီးတစ်ချက်တည်းနဲ့ ချေမှုန်းပစ်နိုင်တယ် ”
ထိုသက်လတ်ပိုင်း ဆရာမှာ ထိုကဲ့သို့ ကြိမ်းဝါးလိုက်သောအခါ ကျောင်းသားများကလည်း စိတ်ဓာတ်များ တက်ကြွလာကြပြီး ဆက်တိုက် အော်ဟစ်လိုက်ကြတော့သည်။
” ငါတို့ရဲ့ လက်သီးတွေနဲ့ ကန်ချက်တွေက အစွမ်းထက်ဆုံးပဲ ”
” ငါတို့ရဲ့ အပြေးနှုန်းက အမြန်ဆုံးပဲ ”
” ငါတို့ရဲ့ကြံ့ခိုင်မှုက ပြိုင်ဘက်ကင်းပဲ ”
ထိုစိတ်အားထက်သန်မှုများကြောင့် သူတို့သည် မှော်ဆေးရည်ပညာရပ်များနှင့် အဆောင်သန့်စင်ခြင်း ပညာရပ်များကိုသာ တတ်မြောက်ထားကြသည် အားအင်ချိနဲ့သော လူများအားလုံးကို ဖိနှိပ်ချုပ်ချယ်ပစ်နိုင်သည့်ပုံ ပေါက်နေတော့သည်။
ထိုသက်လတ်ပိုင်းလူကြီးမှာ လူငယ်များ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို မြင်လိုက်ရသဖြင့် သဘောကျသွားသည်။ သူက ဆက်ပြောရန် ပြင်လိုက်စဥ်မှာပင် အနီရောင်အသားလုံးကြီးတစ်လုံးက သူ့ကို ရိပ်ခနဲ ဖြတ်ကျော်သွားလေသည်။