ရီဖူရှင်းက အလောင်းအစား တိုက်ပွဲစင်မြင့်ကို ကြည့်ကာ မေးသည်… “ကျုပ်က သူတို့တွေရဲ့ တန်ခိုးအဆင့်တွေကို သိဖို့လိုတယ်…”
“ကောင်းပြီ…” အကြီးအကဲက သူတို့ကို ပြောသည်… “မင်းတို့ရဲ့ တန်ခိုးအဆင့်ကို ပြောပါ…”
ချက်ချင်းပင် အလောင်းအစား တိုက်ပွဲစင်မြင့်ထက်မှ လူရှစ်ယောက်က သူတို့၏ တန်ခိုးအဆင့်ကို ပြောကြသည်။ လီဖူတုတို့ မောင်နှံတွင် တစ်ယောက်က ပထမတန်းစား နိုဘယ်ဖြစ်ကာ နောက်တစ်ယောက်က ဒုတိယတန်းစား နိုဘယ်ဖြစ်သည်။
ယွီမိန်ကား ပထမတန်းစား နိုဘယ်ဖြစ်သည်။
ထိကျိုးက တတိယတန်းစား…။
စီကျိ၊ ယန်ချူ၊ နန်ဟိုနှင့် ပိုင်ရီတို့မူကား လွန်ခဲ့သော သုံးနှစ်ခန့်က တော်ဝင်ကျဲ နန်းတော် ဝင်ခွင့်၌ သူတို့နှင့်ဆုံခဲ့ရာ သူတို့အကြောင်းကို အနည်းငယ် သိပေသည်။
“လီဖူတုက မီးတောက်အင်ပါယာ နန်းတော်က ဖြစ်ပြီးတော့ အရမ်း အားကောင်းတယ်… အာခီမီမြို့က ထိကန်းရဲ့ နာမည်ကျော်ကြားမှုကိုပဲ သူလိုက်မမီတာ… ယွီမိန်က ထိပ်တန်း ချပ်ဝတ်လက်နက် ပညာရှင် ဖြစ်ပြီးတော့ ဝင်္ကပါပညာမှာ ထူးချွန်တယ်… လီဖူတုရဲ့ ဇနီး ကျန်းကျိရန်က ကျန်းကျိချင်ရဲ့ အစ်မဖြစ်ပြီးတော့ ထိကျိုးက ထိကန်းရဲ့ညီပဲ… သူက တတိယတန်းစား နိုဘယ်ပဲ ဖြစ်ပေမဲ့ သူကလည်း ထက်မြက်တဲ့လူပဲ…” ကျောင်းလီက ရီဖူရှင်းကို ပြောသည်။
“သူတို့ဘက်က ပထမတန်းစား နိုဘယ်နှစ်ယောက် ရှိနေတယ်… ကျုပ်တို့မှာ ပထမတန်းစား နိုဘယ်တစ်ယောက်ပဲ ရှိပြီးတော့ စုချွဲကလည်း ဒုတိယတန်းစား နိုဘယ်ပဲ ရှိတယ်… ကျန်လူတွေ အကုန်လုံးက တတိယတန်းစား နိုဘယ်နဲ့ စတုတ္ထတန်းစား နိုဘယ်တွေပဲ.. တန်ခိုးအဆင့် အပိုင်းမှာ ကျုပ်တို့က အောက်စည်းမှာ ရှိတယ်… ကျုပ်က တော်ဝင်ကျဲ နန်းတော်က မဟုတ်တဲ့ နောက်တစ်ယောက်ကို ခေါ်ချင်တယ်… ဒါ အဆင်ပြေလား…” ရီဖူရှင်းက အကြီးအကဲကို ကြည့်ကာ မေးသည်။
“ဘယ်သူလဲ…”အကြီးအကဲက မေးသည်။
“ဟောင်ကျူဂီ…” ရီဖူရှင်းက ပြန်ပြောကာ ဟောင်ကျူဂီကို ကြည့်သည်… “ငါတို့က လောင်းကစားရုံကို ရောက်နေပြီးပြီ… မင်း စိတ်မဝင်စားဘူးလား…”
ဟောင်ကျူဂီက အလွန်အမင်း အံ့အားသင့် သွားသည်။ ရီဖူရှင်းက သူ့အား ဖိတ်ခေါ်မည်ဟု လုံးဝ မထင်ထားပေ။ သူက တိုက်ပွဲစင်မြင့်ပေါ်မှ လူများကို ကြည့်ကာ အတန်ကြာ စဉ်းစားပြီးမှ ခေါင်းညိတ်သည်… “ကောင်းပြီ.. ငါက ဝင်တိုက်မယ်… ဒါပေမဲ့ လောင်းကြေးကို မင်းဘာသာ ကျခံရမယ်…”
“သေချာတာပေါ့… မင်းက အနိုင်ရလို့ အခကြေးငွေ တောင်းမယ် ဆိုရင်လည်း မင်းကို ငါခေါ်မှာ မဟုတ်ဘူး…” ရီဖူရှင်းက ပြုံးရယ်ကာ ပြောသည်။ ဟောင်ကျူဂီ ဆွံ့အသွားသည်။ သည်ကောင်က ဘယ်လောက် တွက်ချက် လိုက်သနည်း။
“တခြား ဝင်ပြိုင်မယ့် လူတွေကော…” အကြီးအကဲက မေးသည်။
“ကျွန်တော်၊ ယူချင်း၊ စုချွဲ၊ ဟောင်ကျူဂီ၊ ယွန်စွေ့ရှင်း၊ ယန်ကျန်း၊ ယိရှောင်ရှီ၊ ဖီးနစ်…” ရီဖူရှင်းက ပြောသည်… “ပထမတန်းစား နိုဘယ်တစ်ယောက်၊ ဒုတိယတန်းစား နိုဘယ်နှစ်ယောက်၊ တတိယတန်းစား နိုဘယ်သုံးယောက်နဲ့ စတုတ္ထတန်းစား နိုဘယ်နှစ်ယောက်…”
“မင်းတို့ဘက်က ငြင်းပယ်စရာ ရှိလား…” အကြီးအကဲက စင်မြင့်ဘက်မှ အုပ်စုကို မေးသည်။
“မရှိဘူး…” လီဖူတုက ထူးမခြားနားစွာ ပြောသည်။
“လက်ခံတယ်…” ယွီမိန်က ခေါင်းညိတ်သည်။ သူတို့ဘက်တွင် ပထမတန်းစား နိုဘယ် နှစ်ယောက် ဖြစ်သော လီဖူတုနှင့်ယွီမိန်တို့ ပါရှိရာ သူတို့ဘက်ကို ကြီးမားသော အလေးသာမှု ရှိနေပြီး ဖြစ်သည်။ လီတူဖု၏ တိုက်ခိုက်ရေး စွမ်းရည်ကလည်း အကောင်းဆုံးထဲတွင် ပါကာ ယွီမိန်ကား ဝင်္ကပါပညာရှင် ဖြစ်သည်။ ကျန်းကျိရန်လည်း အလွန် အားကောင်းသည်။ တခြားလူ ငါးယောက်နှင့် ပေါင်းပါက သူတို့၏အင်အားက အလွန် တောင့်တင်းသည်ဟု ခံစားကြရသည်။
“ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်မယ်… မင်းတို့ရဲ့ နည်းဗျူဟာတွေကို ချမှတ်ဖို့ အချိန် နှစ်နာရီပေးမယ်… တိုက်ပွဲက နောက်၂နာရီမှာ စမယ်… အနိုင်ရတဲ့လူက ရတနာခုနစ်မျိုးကို ရယူနိုင်တယ်…” အကြီးအကဲက ပြုံးလျက် ပြောသည်။ လူအများအပြားက သူ၏စကားကို နှာခေါင်း ရှုံ့ကြသည်။ အချိန်၂နာရီပေးခြင်းကား သူတို့၏နည်းဗျူဟာ ခင်းကျင်းခြင်းနှင့် လားလားမျှ မသက်ဆိုင်။ တိုက်ပွဲအတွက် ကြေးဖွင့်ကာ လောင်းကြေးများ လက်ခံမည့် အချိန်သာ ဖြစ်သည်။
အကြီးအကဲက ဘေးဘက်ကို လျှောက်သွားကာ သူ၏လူများနှင့် တိတ်ဆိတ်စွာ ဆွေးနွေးနေသည်။ သည်တိုက်ပွဲကား အုပ်စုဖွဲ့ တိုက်ပွဲဖြစ်ကာ အလွန် ရှုပ်ထွေးသည်။ သူတို့က ပေါက်ကြေးအား သေသေချာချာ ဂရုစိုက်ရန် လိုသည်။
အပေါ်ယံတွင် လီဖူတုတို့၏ အုပ်စုက ပိုမိုမြင့်မားသော တန်ခိုး အဆင့်များကြောင့် ပိုမို အားကောင်းသည် ထင်ရသည်။ သို့သော် တော်ဝင်ကျဲ နန်းတော်မှ ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက်တို့ကား စတုတ္ထတန်းစား နိုဘယ်မျှသာ ဖြစ်သော်လည်း သူတို့၏ စွမ်းရည်က သည့်ထက် ပိုပေသည်။
ဟောင်ကျူဂီ၊ စုချွဲ၊ ယန်ကျန်း၊ ယိရှောင်ရှီနှင့် ဖီးနစ်တို့၏ စွမ်းရည်များကလည်း ထိကျိုး၊ ယန်ချူ၊ စီကျိ၊ နန်ဟိုနှင့် ပိုင်ရီတို့ကို အနည်းငယ် အသာစီး ရနိုင်ပေသည်။ သို့သော် ကွာဟချက်ကား သိပ်မရှိနိုင်။
အရေးကြီးသည်ကား လီဖူတု၊ ယွီမိန်၊ ရီဖူရှင်း၊ ယူချင်းနှင့် ယွန်စွေ့ရှင်းတို့ ဖြစ်ကြသည်။ လီဖူတု၏ တိုက်ခိုက်ရေး စွမ်းရည်က ယွန်စွေ့ရှင်းထက် သာသည်မှာ သေချာသည်။ ယွန်စွေ့ရှင်းက တော်ဝင်ကျဲ နန်းတော်တွင် ထိုမျှ ကြော်ကြားသည် မဟုတ်ပေ။ ယွီမိန်ကား ဝင်္ကပါပညာရှင် ဖြစ်သည်။ သူ၏တိုက်ခိုက်ရေး စွမ်းရည်အပြင် သူက ဝင်္ကပါ တည်ဆောက်ကာ သူ့အဖော်များ၏ စွမ်းရည်များအား တိုးမြှင့်နိုင်သည်။ သူတို့ တစ်သင်းလုံး စွမ်းရည်က မြင့်တက်သွားလျှင် သေချာပေါက် သူတို့အုပ်စုက အသာစီးရမည်မှာ သေချာပေသည်။ ထို့ကြောင့် လီဖူတုတို့၏ အုပ်စုက ရီဖူရှင်းတို့ အုပ်စုထက် ပိုမို အားကောင်းသည်ဟု တွေးတောကြသည်။ ထို့နောက်တွင် လောင်းကစားရုံက ပေါက်ကြေးကို ထုတ်ပြန်သည်။ လောင်းကစားရုံက နှစ်ဖက်လုံးအတွက် တစ်လေး တစ်လေး ပေးသည်။
လောင်းကစားရုံ တစ်ခုလုံး အုတ်အောင်သောင်းနင်း ဖြစ်သွားကြကာ မရေမတွက်နိုင်သော လူများက လောင်းကြေးထည့်ရန် ပြေးလွှားကြသည်။ လောင်းကြေးကို စီမံခန့်ခွဲသော အကြီးအကဲက ဤနေရာတွင် ရှိနေရာ သူ၏လူများက ထိုအကြီးအကဲထံသို့ အခြေအနေများကို ဆက်တိုက် သတင်းပို့ နေကြသည်။ ယနေ့ စိန်ခေါ်ပွဲက မရေမတွက်နိုင်သော လူများ၏ စိတ်ဝင်စားမှုကို ရထားရာ လောင်းကြေးများ ကလည်း ထိတ်လန့်ဖွယ် ပမာဏသို့ ရောက်လာသည်။ ထို့ကြောင့်လည်း သူတို့က လောင်းကြေး ထပ်ရန် နှစ်နာရီတိတိ အချိန်ပေးထားခြင်း ဖြစ်သည်။
လောင်းကြေး လာထပ်သော လူရှစ်ဆယ်ရာနှုန်းက လီဖူတုတို့ဘက်တွင် ထည့်ကြသည်။ အကယ်၍ လီဖူတုတို့နိုင်ပါက လောင်းကစားရုံက ကြီးစွာ ဆုံးရှုံး နစ်နာတော့မည် ဖြစ်သည်။ ဦးဆုံးဖွင့်သော ပေါက်ကြေးက အခြေအနေကို အကဲခတ်ရန်သာ ဖြစ်သည်။ ထင်မှတ်ထားသည့် အတိုင်းပင် တော်ဝင် ကျဲနန်းတော်မှ စွမ်းအားအမြင့်ဆုံး နှစ်ယောက်က စတုတ္ထတန်းစား နိုဘယ်မျှသာဖြစ်ရာ အများစုက နာမည်ကျော် လီဖူတုနှင့် ယွီမိန်တို့ အုပ်စုကိုသာ ထည့်ကြသည်။
ဤသို့သော အခြေအနေတွင် လောင်းကစားရုံက ပေါက်ကြေးကို ချိန်ညှိရန် လိုပေသည်။ အကယ်၍ ရီဖူရှင်းတို့အုပ်စုက အနိုင်ရနိုင်ခြေ ရှိပါက သူတို့က စွန့်စားရဲသော်လည်း သူတို့ကိုယ်တိုင်က ရီဖူရှင်းတို့ နိုင်မည်ဟု မထင်ပေ။ သည်တစ်ခေါက်က ယူချင်းနှင့် ယန်ချူတို့ တိုက်ပွဲထက် ရှုပ်ထွေးပေသည်။
“ပေါက်ကြေးကို ပြင်ဆင်လိုက်…” အကြီးအကဲက ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောသည်။ မကြာမီ ပေါက်ကြေးက ပြင်ဆင်လိုက်ကာ လီဖူတုတို့ဘက်က နှစ်အချိုးတစ် ဖြစ်သွားကာ ရီဖူရှင်းတို့ဘက်က တစ်အချိုးနှစ် ဖြစ်သွားသည်။ သိသာစွာပင် လီဖူတုတို့ဘက်ကို ကြီးစွာ အလေးပေး ထားသည်။
“ဒီခွေးကောင်တွေ…” မူလလောင်းကြေးကို မမီလိုက်သူများက ဆဲရေးကြသည်။ သူတို့က လောင်းကြေး ထပ်သောအခါကား လီဖူတုတို့ဘက်မှ လောင်းပါက တစ်ခုရရန် နှစ်ခုလောင်းကြေး ထပ်ရတော့မည် ဖြစ်သည်။
ကြည့်ရသည်မှာ အာခီမီ လောင်းကစားရုံကလည်း အနိုင်ရမည့်သူကို ခန့်မှန်းမိဟန် ရသည်။ အများစုကလည်း နှစ်အချိုးတစ် ဖြစ်သည့်တိုင် ဆက်လက်၍ လောင်းကြသည်။
လီဖူတုတို့အုပ်စုက ပေါက်ကြေးကို ကြားသောအခါ သိပ်ထူးခြားသော အမူအရာများ မပြကြပေ။ သူတို့ကလည်း သူတို့အုပ်စုသာ အနိုင်ရမည်ဟု တွေးထင် ထားကြသည်။ သို့သော်လည်း ရီဖူရှင်းတို့အုပ်စုမူကား အံ့အားသင့် ကြရသည်။ အများစုက သူတို့ကို ရှုံးမည်ဟု ထင်မှတ် ထားကြ၏။
အချိန် ကြာလာသည်နှင့်အမျှ သတင်း အချက်အလက်များ အကြီးအကဲထံသို့ အဆက်မပြတ် ရောက်လာသည်။ မကြာမီ ပေါက်ကြေးက ပြောင်းလဲ သွားပြန်သည်။ လီဖူတုတို့ဘက်မှ လောင်းပါက လေးအချိုးတစ် ဖြစ်ကာ တစ်ခုနိုင်ရန် လေးခုလောင်းကြေး ထပ်ရမည် ဖြစ်သည်။ ရီဖူရှင်းတို့ဘက်မှ တစ်ခုလောင်းလျှင် လေးခု ရမည် ဖြစ်သည်။
“ခွေးကောင်… ငါ ထပ်မလောင်းတော့ဘူး…” တစ်ယောက်က ဒေါသတကြီး အော်သည်။ လေးဆ တစ်ဆနှုန်းကို မည်သူက လောင်းမည်နည်း။ သူတို့ အနိုင်ရလျှင်ပင် အရင်းအနှီးက များကာ အကျိုးအမြတ်က နည်းပေသည်။
“ဘာလို့ မလောင်းရတာလဲ…” တစ်ယောက်က ပြောသည်။ အော်ဟစ်လိုက်သူက လှမ်းကြည့်သည်တွင် ချောမော ခန့်ညားသော လူငယ်တစ်ယောက် သူ့အား ပြုံးလျက် ကြည့်နေသည်ကို မြင်သည်။ သူကား ရီဖူရှင်းဖြစ်သည်။
“တစ်ခုလောင်းရင် လေးခုရမယ်… ကျုပ်တို့ဘက်က လောင်းလေ…” ရီဖူရှင်းက ပြုံးလျက ်ပြောသည်။ ထို့နောက် သူက အကြီးအကဲဘက်ကို ကြည့်ကာ မေးသည်… “စီနီယာ… ကျုပ်တို့လည်း လောင်းကြေး ထည့်လို့ရလား…”
“မင်းတို့က မင်းတို့ အနိုင်ဘက်ကပဲ လောင်းလို့ရမယ်…” အကြီးအကဲက ပြောသည်။ ထိုသို့ ကန့်သတ်ထားခြင်းက တမင် အရှုံးခံမည်ကို တားဆီးထားခြင်း ဖြစ်သည်။
“အားလုံး … မင်းတို့မှာ တန်ဖိုး ကြီးတာတွေ ရှိတယ်မလား… အခွင့်အရေး ရောက်လာပြီ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ တစ်ခုလောင်းလျှင် လေးခုရမည်။ ကြည့်ရသည်မှာ သည်တစ်ခေါက် သူတို့က ကြီးစွာသော အကျိုးအမြတ်များ ရပေတော့မည်။
အာခီမီမြို့ကား အလွန် ကောင်းမွန်သော နေရာဖြစ်သည်ဟု ရီဖူရှင်းက တွေးလိုက်သည်။
“ဒီလိုဆိုရင် ကျုပ်လည်း ထည့်ရတာပေါ့…” ဟောင်ကျူဂီက ပြုံးလျက် ပြောသည်။
“မင်းက သိဒ္ဓိဝင်လက်နက်တွေ ထည့်တဲ့အခါ ငါ့အတွက်ရော မထည့်ပေးဘူးလား…” စုချွဲက ပြုံးလျက် မေးသည်။
“မင်းက ထင်းဆွေ အိမ်တော်ကပဲ… ဘယ်လိုလုပ် သိဒ္ဓိဝင် လက်နက်တွေ လိုမှာလဲ…” ရီဖူရှင်းက မဲ့ပြုံးပြုံးကာ ပြောသည်။
“ဒါဆိုလည်း မင်းက ငါ့ကို တိုက်ခိုက်ဖို့ ဘာလို့ ပြောတာလဲ…” စုချွဲက မတရား ခံလိုက်ရသည်ဟု ခံစားရသည်။
“အခုလို တိုက်ခိုက်ခွင့်ရဖို့ ဘယ်လောက် ရှားပါးလဲ မင်းသိလား… ငါက မင်းအတွက် တွေးပေးတာ… ပြီးတော့ မင်းက အခု လောင်းကြေး ထည့်လို့ရပြီ…” ရီဖူရှင်းက ဖြောင့်မတ် မှန်ကန်သည့်ပုံစံဖြင့် ပြောသည်။
“…” စုချွဲ ဆွံ့အသွားရသည်။ ထင်ထားသည့် အတိုင်းပင် သည်အရှက်မရှိသော လူနှင့် ပြိုင်ငြင်းပါက လေကုန်သည်သာ အဖတ်တင်မည်။ သူက ကိုယ်ပိုင် ရတနာများကိုသာ သုံး၌ လောင်းရပေတော့မည်။
“ကျုပ်က လောင်းကြေးထည့်ဖို့ တန်ဖိုးရှိတာ တစ်ခုခု ချေးငှားကြပါလား…” ရီဖူရှင်းက အနီးမှ လူများကို မေးသည်။
“…” ယွန်စွေ့ရှင်းက ရီဖူရှင်းကို မျက်နှာ မည်းမှောင်လျက် ကြည့်သည်။ ရီဖူရှင်းအပေါ်သူမ၏အမြင်က ယခင်ထက် ပိုမိုကောင်းမွန် လာခဲ့သော်လည်း ယခု သူက အမှန်ပင် အရှက်မရှိဟု တွေးတော နေမိသည်။
“ငါနင့်ကို ဒါငှားမယ်…” ညင်သာသော အသံကို ကြားကြရသည်။ အလွန်အမင်း တောက်ပ လင်းလက်သော ရောင်စဉ်များ ဖြာထွက်နေသော ငှက်မွေးဝတ်စုံ တစ်ထည်ကို မြင်ကြရ၏။ ဝတ်စုံကား ဇာမဏီငှက်မွေးဖြင့် လုပ်ထားကာ အသွေးအရောင် စုံလင်စွာဖြင့် လှပလွန်းပြီး ထိပ်သီး အရည်အသွေး ရှိသော ရှီအဆင့်ဝတ်စုံ ဖြစ်သည်မှာ သေချာပေသည်။ ထိုဝတ်စုံက ရီဖူရှင်းထံသို့ ပျံသန်းသွားသည်တွင် ရီဖူရှင်းက လက်ခံယူသည်။
“ညီမလေး…” ယွန်စွေ့ရှင်းက အော်သည်… “သူက နင့်ရတနာကို ရှုံးသွာမှာ မကြောက်ဘူးလား…”
“ဒါက တစ်ခုလောင်းရင် လေးခုရမှာပဲလေ… တကယ်လို့ အနိုင်ရခဲ့ရင် ငါ့ကိုလည်း ခွဲပေးရမယ်…” ဖီးနစ်က ပြုံးလျက် ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ အကြီးအကဲကို မေးသည်… “ဒီရတနာက ဘယ်လောက်တန်လဲ…”
“လောင်းကစားရုံက ဘယ်ရတနာကိုမဆို လေးခု ယူနိုင်တယ်…” အကြီးအကဲက ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ အာခီမီ လောင်းကစားရုံက အလွန် ကြွယ်ဝ ချမ်းသာသည်မှာ သေချာသည်။ ထို့နောက်တွင် ရီဖူရှင်းက သူ၏ ရှိရှိသမျှသော ရတနာများ အားလုံးကို ယုံကြည်ချက်ရှိစွာ လောင်းသည်ကို မြင်ကြရသည်။ ဤသည်ကို မြင်သည်တွင် တခြားလူများကလည်း စိတ်ဓာတ် တက်ကြွလာကာ တစ်ခါမျှ စွန့်စား ကြည့်လိုကြသည်။ ထို့နောက်တွင် လူအများအပြားကလည်း ရီဖူရှင်းတို့ဘက်မှ စတင်၍ လောင်းကြေး ထည့်ကြတော့၏။
နှစ်နာရီခန့် ကြာသွားပြီးနောက် လောင်းကြေးများ စာရင်းကို ကြည့်ကာ အကြီးအကဲက ကျေနပ်စွာ ခေါင်းညိတ်သည်။ လက်ရှိ အခြေအနေအရ ရီဖူရှင်းတို့ နိုင်လျှင် လောင်းကစားရုံက သေချာပေါက် ကြီးစွာ ဆုံးရှုံးမှုများမည်ဖြစ်ပြီး လီဖူတုတို့နိုင်လျှင် လောင်းကစားရုံက ကြီးစွာသော အကျိုးအမြတ်များကို ရပေမည်။
အာခီမီ လောင်းကစားရုံကလည်း လီဖူတုတို့ နိုင်မည်ဟု ခန့်မှန်းထားသည်။
“မင်းတို့ နေရာယူကြတော့…” အကြီးအကဲက နှစ်ဖက်လုံးကို ကြည့်ကာ ပြောသည်။ ချက်ချင်းပင် လီဖူတုတို့ အုပ်စုက နေရာ ယူလိုက်ကြသည်။
ရီဖူရှင်းတို့ အုပ်စုကလည်း စင်ပေါ်သို့ ပျံဝဲတက်သွားကြကာ လီဖူတုတို့နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ လူကား ဆယ့်ခြောက်ယောက် ဖြစ်၏။ တော်ဝင်ကျဲနန်းတော်မှ ပါရမီရှင်များနှင့် မြေရိုင်းပြည်နယ်မှ ထိပ်သီးအင်အားစု မျိုးဆက်များ၏ တိုက်ပွဲဖြစ်သည်။
အားလုံးက နေရာယူ ထားကြသည်။ လီဖူတု၊ ယန်ချူ၊ နန်ဟိုနှင့် ထိကျိုးတို့က ရှေ့တွင် ရပ်ကာ တိုက်ခိုက်ရန် တာဝန် ရထားသည်။ ပိုင်ရီ၊ စီကျိ၊ ကျန်းကျိရန်တို့က အလယ်တွင် ရပ်နေကြကာ သူတို့၏ မှော်စွမ်းရည်များဖြင့် အထောက်အပံ့ ပြုကြမည် ဖြစ်သည်။ ယွီမိန်က နောက်ဆုံးတွင် နေရာ ဝင်္ကပါ ခင်းကျင်းပေမည်။
ရီဖူရှင်းတို့ အုပ်စုကလည်း နေရာယူလိုက် ကြသည်။ ယူချင်းနှင့် ယန်ကျန်းတို့က ရှေ့ဆုံးတွင် နေရာယူထား ကြသည်။ စုချွဲနှင့် ဟောင်ကျူဂီတို့က ဘယ်နှင့်ညာတွင် နေရာယူထား ကြကာ ယိရှောင်ရှီ၊ ဖီးနစ်နှင့် ယွန်စွေ့ရှင်းတို့က နောက်ဆုံးတွင် ဖြစ်သည်။ ရီဖူရှင်းကား အလယ်တွင် ဖြစ်၏။
***