ရီဖူရှင်းက ပတ်ဝန်းကျင်ကို ကြည့်သည်။ သူသိသော ထိပ်သီး အင်အားစုများလည်း ရှိသလို သူမသိသော အင်အားစု များစွာလည်း ရှိသည်။ အများစုက အနောက်ဘက်နယ်မှ ဖြစ်ရပေမည်။
အနောက် တောင်ဘက်ခြမ်းတွင် အာခီမီမြို့ကား အထင်ပေါ်ဆုံး၊ အင်အား အကြီးဆုံးနှင့် အကြွယ်ဝဆုံး ဖြစ်သည်။ သို့သော် အာခီမီမြို့သာ မဟုတ် မီးတောက်မြို့ကလည်း အလွန် နာမည် ကျော်ပေ၏။ မီးတောက်တောင်က အနောက်ဘက်နယ်တွင် တည်ရှိကာ သူတို့၏ လွှမ်းမိုးမှုက ထိုဒေသတွင် ကြီးမားပေသည်။
အာခီမီမြို့မှ ချပ်ဝတ်လက်နက် ပညာရှင်များ၊ တော်ဝင် မီးတောက်ဂိုဏ်းနှင့် မီးတောက် အင်ပါယာ နန်းတော်တို့ အားလုံးက မီးဓာတ်ပညာကို အဓိကထား ကျင့်ကြသည်။ တခြား တစ်ဖက်တွင် တောင်ဘက်နယ် ရေခဲနန်းတော်ကလည်း အအေးဓာတ်တွင် ကျွမ်းကျင်ကြ၏။
သည်ရတနာများအား ရယူရန် အလွန်အမင်း ခက်ခဲပေမည်။
“ဟဟ…” ရယ်သံတစ်သံ ထပ်မံ၍ ကြားကြရ၏။ ယမန်နေ့က လောင်းကစားရုံ အကြီးအကဲက သူ၏လူများကို ခေါ်ကာ ရောက်လာသည်။ အင်အားကြီး အဖွဲ့အစည်းများစွာ ရောက်နေသည်ကို မြင်သည်တွင် သူ၏မျက်လုံးများက ဝင်းလက် တောက်ပနေသည်။ သူခန့်မှန်းထား သလိုပင် ယနေ့ လောင်းကစားရုံသို့ လာရောက်သော လူများကား ယမန်နေ့ထက် သုံးဆခန့် ရှိနေသည်။
ထိပ်သီး အင်အားစုများ အားလုံးက အလွန် ယုံကြည်ချက် ရှိကြပေသည်။ သူတို့က အချင်းချင်း ရင်ဆိုင် တိုက်ခိုက်ခြင်းလည်း သိပ်မရှိကြပေ။ ထို့ကြောင့် သူတို့က အာခီမီညီလာခံ ကျင်းပသောအခါ အခွင့်အရေးကို လက်လွှတ်မခံဘဲ အပြေးလာခဲ့ကြသည်။ သူတို့က ထိပ်သီး အင်အားစုများနှင့် ရတနာပစ္စည်းများ အရည်အသွေးမြင့် လက်နက်များ ရောင်းဝယ် ဖောက်ကား လိုကြသည်။ ထို့အပြင် သူတို့က ပြိုင်ဘက်များ၏ အားသာချက် အားနည်းချက်များ ကိုလည်း ကြိုတင် လေ့လာထားကြပြီး ဖြစ်သည်။ ထို့ကြောင့် လောင်းကြေး ဖွင့်သည်နှင့် သူတို့က အကျိုးအမြတ် များစွာရမည်ဟု ယုံကြည်ချက် ရှိကြပေသည်။
“မင်းတို့ အားလုံးက ထိပ်သီး ပါရမီရှင်တွေပဲ… ကျုပ်ရဲ့ လောင်းကစားရုံကို လာကြတော့ တကယ်ပဲ ဝမ်းမြောက် ဂုဏ်ယူရပါတယ်…” အကြီးအကဲက ပြုံးလျက် ပြောသည်… “မနေ့ကတည်းက ရတနာသုံးခုကို ကျုပ်တို့ ထုတ်ပြပြီးပြီ… ဒီနေ့ နောက်ထပ် ရတနာ လေးခုရှိသေးတယ်… ဒါက တစ္ဆေအရိပ်ဓားပဲ… ဒီဓားက ဆရာကြီး ဓားတစ္ဆေသုံးခဲ့တဲ့ ဓားရတနာပဲ… ဓားက ပုစဉ်းတောင်ပံလို ပါးလွှာပြီးတော့ ပေါ့ပါးတယ်… ဓားမှာလည်း ကြောက်စရာကောင်းတဲ့ ဓားအသိရှိတယ်…” ထို့နောက် သူက ရီဖူရှင်းတို့ အုပ်စုကို ကြည့်သည်။ တစ္ဆေဓား၏ တပည့်က တော်ဝင်ကျဲ နန်းတော်ကို ဝင်ရောက်ခဲ့ကာ ယခု ဤနေရာကို ရောက်နေသည်။ ရီဖူရှင်းတို့က ဤဓားကို လိုချင်မည်မှာ သေချာသည်။
ဟွာဂျီယူက လိပ်ပြာပုလဲကို ရယူလိုပေမည်။ သည်နည်းဖြင့် တော်ဝင်ကျဲ နန်းတော်မှ တပည့်များက အလောင်းအစား တိုက်ပွဲကို ကြိုးစား ကြမည်မှာ သေချာ၏။
အကြီးအကဲက နောက်ထပ် ရတနာတစ်ခုကို လက်ညှိုးထိုးပြသည်… “ဒါက နေမင်းသရဖူပဲ… ဒီအထဲမှာ ခြေသုံးချောင်း နတ်မီးငှက်ရဲ့ မီးဓာတ် အဆီအနှစ်တွေ ပါတယ်… မင်းတို့က ဒီစွမ်းအင်ကို ခံစားကြည့်လို့ ရတယ်…” နေမင်းသရဖူက လေထဲတွင်ပင် ဝဲပျံလျက် ကြောက်မက်ဖွယ် ကောင်းသော နေရောင်ခြည်များအား ထုတ်လွှတ်သည်။ မီးဓာတ်ပညာရှင် များစွာက သည်ရတနာအား ရယူရန် ကြိုးစားကြပေမည်။
“ဒီဝံပုလွေ လက်သည်းက ပေါင်ထောင်ပေါင်းများစွာ လေးလံပြီးတော့ သိုင်းပညာ လက်နက်တစ်ခုပဲ… သူ့ရဲ့ လက်သည်းတွေက အရမ်းမာပြီးတော့ ဖျက်ဆီးမရနိုင်ဘူး… ဒါက မှော်စွမ်းအင်တွေနဲ့ သိုင်းပညာ အတားအဆီးတွေကို ဖောက်ထွင်း နိုင်တယ်…”
“ဒါက ရွှေထောက်တိုင်ပဲ… ဒါက မရေမတွက်နိုင်တဲ့ ရွှေထောက်တိုင်တွေ အဖြစ် ပြောင်းလဲနိုင်တယ်… ဒါက ပြိုက်ဘက်ရဲ့ စိတ်စွမ်းအားကို ချေဖျက်နိုင်တဲ့အပြင် ဆင့်ကဲ တိုက်ခိုက်နိုင်စွမ်း ရှိတယ်…” အကြီးအကဲက ကြီးမားသော ထောက်တိုင်ကြီး တစ်ခုအား လက်ညှိုး ထိုးပြသည်။ ရတနာ ၇မျိုးလုံးက အလွန် အရည်အသွေး မြင့်ပေသည်။
“အခု ကျုပ်က ဒီရတနာခုနစ်ခုကို တိုက်ခိုက်ရေး စင်ပေါ်သို့ ယူသွားတော့မယ်… လိုချင်တဲ့လူတွေက လာတိုက်ခိုက်နိုင်တယ်…” အကြီးအကဲက ပြုံးလျက် ပြောသည်… “ကြိုဆိုပါတယ်…”
အားလုံး၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ယနေ့တွင် ရတနာ ခုနစ်မျိုးလုံးအား လောင်းကစားရုံက တစ်ပြိုင်နက်တည်း ထုတ်လာသည်။ လူအုပ်ကြီးက တိုက်ခိုက်ရေးစင် ရှိရာသို့ လျှောက်သွား လိုက်ကြသည်။
“တစ္ဆေအရိပ်ဓားက မင်းဆရာရဲ့ ဓားလား…” ရီဖူရှင်းက ကျွေ့ချိန်ချူကို မေးသည်။
“ဆရာကို ငါတွေ့တဲ့အချိန် သူက မသန်စွမ်းဒုက္ခိတ ဖြစ်နေပြီ… သူ့ကိုယ်ပိုင်ဓားလည်း မရှိတော့ဘူး… ဒါပေမဲ့ အာခီမီ လောင်းကစားရုံက ဒီလိုပြောမှတော့ အမှန် ဖြစ်လိမ့်မယ်…” ကျွေ့ချိန်ချူ၏ မျက်လုံးများက ဆွေးရိပ်သန်း နေသည်။ သူ၏ဆရာဓားကို သူပြန်ရမှ ဖြစ်မည်။
“အာခီမီ လောင်းကစားရုံက လောင်းကစားရုံ ဆိုပေမဲ့ ဂုဏ်သိက္ခာရှိတဲ့နေရာ တစ်ခုပဲ…” ကျောင်းလီက ရှင်းပြသည်…“သူတို့က သေချာပေါက် မလိမ်သလို ကတိလည်း တည်တယ်…”
ရီဖူရှင်းက ခေါင်းညိတ်သည်… “ဒါဆိုလည်း ငါတို့က တစ္ဆေအရိပ်ဓားကို ရအောင် ယူကြမယ် … ရွှေထောက်တိုင်က ကျောင်းလီနဲ့ လိုက်တယ်… ဝံပုလွေ လက်သည်းကတော့ ယန်ကျန်းသုံးလို့ ရတယ်…”
အားလုံးက ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်ကြသည်။ သည်ရတနာများက အရည်အသွေးမြင့် ရှီလက်နက်များ ဖြစ်ကာ သူတို့အုပ်စုကလည်း လူများပေသည်။ ရတနာ တစ်ခုစီတိုင်း အတွက် လိုက်ဖက်သူက သေချာပေါက် ရှိပေမည်။
“မင်းက တကယ်ပဲ အားလုံးကို လိုချင်တာလား…” စုချွဲက ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်သည်။
“ငါတို့ မယူရင် တခြားလူတွေ ယူသွားလိမ့်မယ်…” ရီဖူရှင်းက စုချွဲကို ပြောသည်။
“ဒါလည်း ဟုတ်တာပဲ…” စုချွဲက ခေါင်းညိတ်သည်။
“ဒါပေမဲ့ မနေ့က ယန်ချူကို ယူချင်းက အနိုင်ယူခဲ့တယ်…” ကျောင်းလီက ပြောသည်… “အာခီမီ လောင်းကစားရုံက ဒီနေ့ ငါတို့ရဲ့ အရည်အချင်းကို အထင်သေးတော့မှာ မဟုတ်ဘူး… ငါတို့ပြိုင်ဘက်က အားနည်းမှာ မဟုတ်ဘူး…”
“သူတို့က ငါတို့ကို မြှူဆွယ် ခေါ်လာမှတော့ ငါတို့က လောင်းကြေး ထည့်ပြီး တိုက်ခိုက်တာကို လိုချင်တာ သေချာတယ်…” ရီဖူရှင်းက ပြောသည်…“သူတို့က ငါတို့ကို အရမ်းကြီး ခက်ခဲအောင် လုက်မှာ မဟုတ်လောက်ဘူး… မနေ့ကလိုပဲ… လောင်းကစားရုံက ငါတို့နဲ့ အရည်အချင်းတူတဲ့ လူနဲ့ တွဲပေးလိမ့်မယ်… သူတို့က ဘယ်ဘက်က အနိုင်ရပါတယ် ပြဿနာ မရှိဘူး… အဓိက သူတို့ အကျိုးအမြတ်ကို ဆုံးဖြတ်ပေးမှာက သူတို့ သတ်မှတ်တဲ့ ပေါက်ကြေးပဲ…”
ကျောင်းလီနှင့် တခြားလူများက ခေါင်းညိတ်ကြသည်။ ရီဖူရှင်း ပြောသည်မှာ မှန်ပေသည်။ ရတနာ ၇ခုက စင်မြင့်ထက်တွင် လူအများကို ဆွဲဆောင်နေသည်။
အကြီးအကဲက လူအုပ်ကြီးကို ကြည့်ကာ ပြောသည်… “အာခီမီညီလာခံက စတော့မယ်… မြေရိုင်းပြည်နယ်က ပါရမီရှင်တွေ ဒီလိုဆုံဖို့ဆိုတာ ရှားပါးတယ်… ဒီနေ့ အာခီမီ လောင်းကစားရုံက ရတနာတွေကို ထုတ်ပြီးတော့ အလောင်းအစား တိုက်ပွဲကို စီစဉ်ပေးတယ်… မင်းတို့က ရတနာတွေကို သဘောကျရင် တန်ဖိုးညီတဲ့ ရတနာတစ်ခုခု ဒါမှ ပညာရပ်၊ ဆေးဝါးတွေနဲ့ အလောင်းအစား တိုက်ပွဲလုပ်လို့ ရတယ်…ငါတို့က တိုက်ပွဲကို စီစဉ်ပေးမယ်…”
“ထင်တဲ့ အတိုင်းပဲ…” လူအများအပြား၏ မျက်လုံးများ အရောင် လက်သွားကြသည်။ သည်တိုက်ပွဲကား ထိပ်သီး အင်အားစုများ အတွက် သတ်သတ်သာ ဖြစ်သည်။ ကျန်လူများက လောင်းကစား ကြမည့်လူများ ဖြစ်ကြ၏။
လူအများအပြားက စင်ပေါ်ကို တက်သွားကြသည်။ ပိုင်ရီက မိုးစက်နှင်တံထံသို့ လျှောက်သွားသည်။ သူမက မည်သူနှင့် တိုက်ခိုက်ရမည်ကို မသိသော်လည်း ကြိုးစား ကြည့်လို၏။
“ပိုင်ရီ… လူသားကမ္ဘာရဲ့ သမီးတော်…” ပိုင်ရီက ပြောသည်။
“ဓားကျေးရွာက ယန်ချူပဲ… မနေ့က သူရုံးသွားပေမဲ့ မကျေနပ်သေးဘူး ထင်တယ်…” တစ်ယောက်က စင်ပေါ်ကို တက်သွားသော လူငယ်ကို ကြည့်ကာ ပြောသည်။ ယန်ချူက တစ္ဆေအရိပ်ဓား ရှိရာသို့ လှမ်းသွားသည်။
“တော်ဝင် မီးတောက်ဂိုဏ်းက စီကျိ… ” နောက်တစ်ယောက်က လျှောက်စင်ပေါ်ကို တက်လာသည်။ စီကျိက နေမင်းသရဖူ ရှိရာသို့ လှမ်းသွားသည်။
မီးတောက် အင်ပါယာ နန်းတော်မှ လီဖူတုနှင့် သူ၏ဇနီးတို့က အတူတူ ထွက်လာကြသည်။ တစ်ယောက်က နေမင်းသရဖူထံသို့ လျှောက်သွားသော အချိန်တွင် နောက်တစ်ယောက်က လှပသော ချပ်ဝတ်စုံတစ်ခုထံသို့ လျှောက်သွားသည်။ သူတို့ လင်မယားက ရတနာနှစ်ခု ရယူလိုကြသည်။
နတ်သမီး နန်းတော်မှ စုဟောင်ချူက လိပ်ပြာပုလဲထံသို့ လှမ်းသွားသည်တွင် ယွီမိန်ကလည်း ထိုနေရာသို့ လျှောက်သွားလျက် ပြောသည်… “ဟောင်ချူ… ဒါကို ငါရအောင် ယူပေးမယ်…”
“ကျေးဇူးတင်ပါတယ်.. သခင်လေးယွီ…” စုဟောင်ချူ၏ အသံကား အလွန် ညင်သာ နူးညံ့သည်။ သူမ၏အသံနှင့်ပင် ပုရိသတို့၏ အသည်းနှလုံးများက ပျော်ဆင်း သွားနိုင်၏။
“တော်ဝင်ကျဲ နန်းတော်ကရော…” အကြီးအကဲက ရီဖူရှင်းတို့အုပ်စုကို ကြည့်ကာ မေးသည်။
ယနေ့ အပြင်အဆင်များ အားလုံးက တော်ဝင်ကျဲ နန်းတော်မှ တပည့်များ ပါဝင် တိုက်ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ လီဖူတုပင်လျှင် ထွက်လာပြီးဖြစ်ရာ သူတို့ကလည်း မတိုက်ခိုက်ဘဲ နေမည်မဟုတ်ပေ။
“ကျုပ်တို့က ဒီရတနာ ၇ခုလုံးကို လိုချင်တယ်…” ရီဖူရှင်းက ပြောသည်။
အကြီးအကဲက အေးခဲသွားပြီးမှ ပြုံးသည်။ ဒါက အကောင်းဆုံး ဖြစ်၏။
“လေကြီးလိုက်တာ…” ထိကျိုးက ရီဖူရှင်းကို ကြည့်သည်။ အင်ပါယာ မိသားစုက အာခီမီ လောင်းကစားရုံတွင် အစုရှယ်ယာ ပါဝင်ပေသည်။ သို့သော်လည်း ရီဖူရှင်းက ရတနာ၇ခုလုံးကို လိုချင်နေသည်။ သူက အမှန်တကယ် ထိုသို့ အရည်အချင်း ရှိပါသလော…။
“ဒါဆိုလည်း ကျုပ်တို့က သေချာ စိစစ်ရွေးချယ် ပြီးတော့မှ တိုက်ပွဲကို စီစဉ်ပေးတာပေါ့…” အကြီးအကဲက ပြုံးလျက် ပြောသည်။
“ဒီလောက် အလုပ်ရှုပ် ခံနေစရာ မလိုပါဘူး… ကျုပ်တို့က ဒီရတနာတွေ အားလုံးကို လိုချင်မှတော့ ဒါတွေနဲ့ တန်ဖိုးတူ ရတနာတွေကို သေချာပေါက် ထုတ်ပေးမှာပဲ… ခင်ဗျားက ဒီရတနာ၇ခုနဲ့ တန်ဖိုးညီမျှတဲ့ ရတနာတွေကို ထုတ်ပေးနိုင်မည့်လူ ခုနစ်ယောက်ကိုပဲ ရှာဖို့လိုတယ်… ကျုပ်တို့ဘက်က လူခုနစ်ယောက် တိုက်ပွဲမှာ ပါဝင်နိုင်တယ်…”
အားလုံး၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ရီဖူရှင်းကား အမှန်ပင် ရတနာများ အားလုံးကို ရယူလိုနေသည်။
“မင်းဆိုလိုတာက အုပ်စုဖွဲ့ တိုက်ပွဲလား…” အကြီးအကဲက မေးသည်။
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျုပ်တို့ဘက်က လူခုနစ်ယောက် စေလွှတ်မယ်…”
“စိတ်ဝင်စားစရာပဲ…” ထိကျိုးက ရယ်သည်… “ဒါဆိုလည်း ကျုပ်ကိုလည်း ထည့်တွက်ပါ… ကျုပ်ကလည်း တော်ဝင်ကျဲ နန်းတော်က တပည့်တွေရဲ့ အရည်အချင်းတွေကို ကြည့်ချင်တယ်…” ထို့နောက် သူက စင်ထက်ကို တက်လာသည်။ သူကလည်း ဝင်ပြိုင်ပေမည်။
“ကျုပ်လည်း ပါမယ်…” ရီဖူရှင်း၏ စကားကို ကြားသည်တွင် နန်ထျန်း အိမ်တော်မှ နန်ဟိုက ထွက်လာသည်။ ရီဖူရှင်းက အုပ်စုဖွဲ့ တိုက်ပွဲကို တိုက်ခိုက်လိုသည်။ သူကလည်း ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
အားလုံး၏ မျက်လုံးများက စင်မြင့်ထက်ကို ရောက်လာကြသည်။ အခြေအနေက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာသည်။
လီဖူတုတို့မောင်နှံ၊ ယွီမိန်၊ စီကျိ၊ ယန်ချူ၊ နန်ဟို၊ ထိကျိုး၊ စုဟောင်ချူနှင့် ပိုင်ရီတို့က စွမ်းအားမြင့် တန်ခိုးရှင် ကိုးယောက် ဖြစ်သည်။
အကြီးအကဲက သူတို့အား ကြည့်ကာ ပြောသည်… “ရတနာက ၇ခုပဲရှိတယ်… မင်းတို့က လိုချင်တဲ့ ရတနာတွေကို ရွေးဖို့လိုတယ်…”
“ဟောင်ချူ… ငါ့တာဝန် ထားလိုက်…” ယွီမိန်က ပြောသည်။
စုဟောင်ချူက ခေါင်းညိတ်သည်… “ဒါဆိုလည်း သခင်လေးယွီကို ဒုက္ခပေးရဦးမယ်…” ထို့နောက် သူမက အောက်ကို ဆင်းသွားသည်။ ထို့နောက် နန်ဟိုက ထောက်တိုင်ရှိရာသို့ သွားသည်။ ထိကျိုးက မည်သူမှ မရွေးသော ဝံပုလွေ လက်သည်းထံသို့ သွားသည်။ နောက်တစ်ယောက် ပိုနေသေးသည်။ လီဖူတုနှင့် စီကျိတို့ နှစ်ယောက်လုံးက နေမင်းသရဖူကို လိုချင်နေကြသည်။
“စီကျိ… မင်းငါနဲ့ မယှဉ်နဲ့… မင်းမနိုင်ဘူး…” လီဖူတုက ခံစားချက် ကင်းမဲ့စွာ ပြောသည်။
စီကျိ၏ မျက်လုံးများက တင်းမာသွားသည်။ သူကား အမှန်ပင် လီဖူတု၏ ပြိုင်ဘက် မဟုတ်ပေ… “ကောင်းပြီ… ငါက ဒီရတနာအတွက် မပြိုင်တော့ဘူး… ဒါပေမဲ့ တိုက်ပွဲမှာ ဝင်ပါချင်တယ်… ငါက တခြားရတနာ တစ်ခုအတွက် တိုက်ခိုက်ချင်တယ်… တခြား ရှိသေးလား…” စီကျိက အကြီးအကဲကို မေးသည်။
“သေချာတာပေါ့… ဒါဆို မင်းက တခြား အရည်အသွေးမြင့် ရတနာတစ်ခုနဲ့ အလောင်းအစား လုပ်ရမယ်… မင်းနိုင်ရင် မင်း သဘောကျတာ တစ်ခုကို ရွေးနိုင်တယ်… ရှုံးရင် မင်းရဲ့ အရည်အသွေးမြင့် ရှီလက်နက် တစ်ခုကို ထုတ်ပေးရမယ်…” အကြီးအကဲက ပြောသည်…“ဒီနှုတ်သဘောတူညီချက်က ဘယ်လိုလဲ…”
“ကောင်းပြီ…” စီကျိက ခေါင်းညိတ်သည်။
“သဘောတူညီချက်တွေက အားလုံးအတွက် အတူတူပဲ… ဘယ်လိုလဲ…” အကြီးအကဲက ရီဖူရှင်းကို ကြည့်သည်။
“လက်ခံတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဒီလိုဆိုရင်လည်း မင်းက ဒီတိုက်ပွဲအတွက် ဘာတွေ လောင်းကြေးထည့်မှာလဲ…” အကြီးအကဲက မေးသည်။
“ဝိညာဉ်ကု့ချင်း၊ ညှို့ယူဖမ်းစားခြင်း သံစဉ်၊ ကျုပ်ရဲ့ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ၊ နေမင်းပုရပိုက်နဲ့ ရေခဲပုရပိုက်…” ရီဖူရှင်းက ပြောသည်။
“နောက်ရှိသေးလား…” အကြီးအကဲက ပြုံးလျက် ပြောသည်။
“တစ္ဆေဓားပညာ…” ကျွေ့ချိန်ချူက ပြောသည်။ သူက တစ္ဆေအရိပ်ဓားကို လိုချင်မှတော့ လောင်းကြေး တစ်ခုခု ထပ်ရမည်။
“ဆရာဖော်စပ်ထားတဲ့ ဇာမဏီဆေးလုံး…” ဖီးနစ်က ပြောသည်။ အကြီးအကဲ၏ မျက်လုံးက အရောင်လက် သွားသည်။ ထာဝရအဘိုးအို၏ ဇာမဏီဆေးလုံးကား အလွန်အမင်း တန်ဖိုးရှိသည်။
“ဒီလောက်ဆို ရလား…” ရီဖူရှင်းက မေးသည်။
“လုံလောက်တယ်…” အကြီးအကဲက ပြုံးသည်။ သူကား လောင်းကြေးများနှင့် ပတ်သက်၍အလွန် သဘောကျနေသည်။ ထို့နောက် သူက တိုက်ပွဲစင်မြင့်ထက်မှ လူများကို ကြည့်သည်။ သူတို့ကလည်း သူတို့၏ လောင်းကြေးများကို ပြောကြသည်။ အကြီးအကဲ၏ မျက်နှာက ပိုမို၍ ပြုံးရွှင်လာ၏။
ပတ်ဝန်းကျင်မှ လူများအားလုံး ထိတ်လန့် သွားကြသည်။ လောင်းကြေးများကား ကြောက်မက်ဖွယ် ကောင်းလှသည်။
“ကဲအခု… နောက်ဆုံးအဆင့် အားလုံးက သဘောတူဖို့ လိုတယ်…” အကြီးအကဲက ရီဖူရှင်းတို့ အုပ်စုကို ကြည့်သည်။
***