ပွဲအတွက် လိုအပ်သည်များကို စီစဉ်ပြီးဖြစ်ရာ လူအများအပြားက ယန်ချူဘက်မှ လောင်းကြေး ထပ်ကြတော့သည်။ ယန်ချူကား ထိပ်သီးအဆင့် ပါရမီရှင်ဖြစ်ကာ ဓားကျေးရွာ၏ ဆက်ခံသူဖြစ်၏။ သူက ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သော်လည်း ရီဖူရှင်းက ဝင်ခွင့်ပထမ ရသွားသည့် နောက်တွင် ထိုအရှုံးက အံ့အားသင့်စရာ မဟုတ်တော့ပေ။ ယူချင်းက ထက်မြက်သော်လည်း သူက စုရွှဲကို ရှုံးနိမ့်ခဲ့၏။ ယခု ပေါက်ကြေးက ယန်ချူဘက်ကို အလွန် အလေးသာနေရာ အများစုက ယန်ချူဘက်ကို ပုံအော လောင်းကြတော့သည်။
မှန်သည်… အတော်များများကလည်း လောင်းကြေး ထည့်ရာတွင် ဂရုတစိုက် ရှိကြပေသည်။ လောင်းကစားရုံကား အလွန် လည်ဝယ်ပေသည်။ သူတို့က ယူချင်းကို ယုံကြည်ရခြင်း အကြောင်းအရင်း သေချာပေါက် ရှိရပေမည်။
အာခီမီ လောင်းကစားရုံတွင် အလောင်းအစား တိုက်ပွဲအတွက် အထူးတလည် ပြင်ဆင်ထားသော တိုက်ပွဲစင်မြင့်များ ရှိပေသည်။ ယူချင်းနှင့် ယန်ချူတို့ နှစ်ယောက်လုံးက စင်မြင့်ပေါ်ကို တက်သွားသည်တွင် စင်မြင့် ပတ်ပတ်လည်ကိုလည်း မရေမတွက်နိုင်သော လူများ ဝိုင်းရံလိုက်ကြသည်။ သည်လူများထဲတွင် တော်ဝင်ကျဲ နန်းတော်ဝင်ခွင့် တိုက်ပွဲများကို မကြည့်လိုက်ရသူ များစွာပါဝင်ကြရာ သူတို့က ယူချင်းနှင့် ယန်ချူတို့၏ တိုက်ပွဲကို လွန်စွာ စိတ်ဝင်စား နေကြပေသည်။
“ဒီအာခီမီ လောင်းကစားရုံက ခွေးတွေ…” ပေါက်ကြေးကို ကြားကာ ဓားကျေးရွာမှ လူများအားလုံး မျက်နှာများ ညိုမည်းသွားကြ၏။ သူတို့က ဓားကျေးရွာကို စော်ကား နေကြသည်လား…။ တစ်လေးနှစ်လေး ပေးခြင်းကား ယူချင်းကို လွန်မင်းစွာ အလေးပေး ထားသည်မှာ သိသာလွန်းသည်။ ယန်ချူကလည်း ပေါက်ကြေးကို ကြားသည်။ သူက စင်ထက်တွင် ပြင်းထန် သိပ်သည်းသော ဓားအရှိန်အဝါဖြင့် ရပ်နေသည်။
“စရအောင်…” ဒိုင်လုပ်သူက ပြောသည်။ ချက်ချင်းပင် စင်မြင့်တစ်ခုလုံး ဓားစွမ်းအင်များ ဖုံးလွှမ်းသွား၏။ အဆင့်မြင့် နိုဘယ်တစ်ယောက် ဖြစ်သည့်အလျောက် သူကား ယခင်ထက် များစွာ အားကောင်း လာခဲ့၏။ လေထဲတွင် လင်းလက်သော ဓားများ ဖြစ်ပေါ်လာကာ ဓားတစ်ချောင်းစီမှ ရွှေရောင်များ ဖြာထွက်နေသည်။ ဓားများ၏ ပေါင်းစပ် ဖိအားကလည်း တောင်၏ အလေးရှိန်ကဲ့သို့ ကြီးမားစွာဖြင့် ယူချင်း၏ ခေါင်းထက်ကို ကျဆင်းလာသည်။
“ဒီစွမ်းအား… ” ပရိသတ်များက လွန်စွာ စိတ်ဝင်စား သွားကြသည်။ လောင်းကစားရုံတွင် ရှီများကသာ တိုက်ခိုက်လေ့ ရှိသော်လည်း ထိပ်သီး ပါရမီရှင်များ၏ တိုက်ပွဲကလည်း ကြည့်ရခဲပေသည်။
ယန်ချူ၏မျက်လုံးများက အရောင်လက်သွားကာ သူက လက်ညှိုးကို ရှေ့သို့ ညွှန်လိုက်သည်။ ဓားကိုးလက်ကလည်း ယူချင်းထံသို့ တန်းတန်းမတ်မတ်ဖြင့် ဖြောင့်တန်းစွာ တိုးဝင်သွားသည်။
ယူချင်းက မော့ကြည့်သည်။ သူ၏ခန္ဓာကိုယ်မှ အလင်းအလွှာတစ်ခု ဖြာထွက်လာသည်။ သူက မြေပြင်ကို ဆောင့်နင်းသည်တွင် သူ၏ခန္ဓာကိုယ်ကလည်း သွေးများ ဆူပွက်သွားသည်။ အန်းနှင့်ဟွေ သွေးကြောမ နှစ်ခုကို ဖွင့်လှစ်သည်တွင် ကြောက်မက်ဖွက် ခွန်အားများ သူ၏ ခန္ဓာကိုယ်ထဲတွင် မွေးဖွား လာတော့သည်။
ဘုန်း… ဧရာမဓားကြီးက ယူချင်းထံ ရောက်လာသည်။ ယူချင်းကလည်း သူ၏ လက်နှစ်ဖက်မျှဖြင့် ဓားကို တားဆီးသည်။ ဓားက ဆက်လက် ကျဆင်း လာသော်လည်း ခဏအတွင်းမှာပင် ယူချင်း၏လက်များက ဓားကို ရပ်တန့်စေခဲ့သည်။ ကြီးမားသော ဓားအရှိန်အဝါ အောက်တွင် ယူချင်းကား မားမားရပ်နေဆဲ ဖြစ်သည်။ ထို့နောက်တွင် ယူချင်းက ထိုဓားကို သည်အတိုင်း ဆုပ်ကိုင်၍ ကျန်ရှိသော ဓားရှစ်လက်ရှိရာသို့ လွှင့်ပစ်လိုက်သည်ကို ထိတ်လန့်စွာ မြင်ကြရသည်။
“ဘာလဲဟ…” အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားကြသည်။ ယန်ချူဘက်မှ လောင်းကြေး ထည့်ထား သူများက မကောင်းသော ခံစားချက်များ ရလာကြတော့သည်။
တဝုန်းဝုန်း မြည်သံများနှင့်အတူ ယန်ချူ၏ဓားများ တစ်ချောင်းပြီး တစ်ချောင်း ပျက်စီး သွားကြတော့သည်။ ယန်ချူ၏ မျက်လုံးများမှ အရောင် တဖျတ်ဖျတ် လက်သွားကာ အလင်းနှင့် အမှောင်ဓားက လေကိုခွင်း၍ ယူချင်းထံကို တိုးဝင်သွားသည်။ သို့သော်လည်း ထိုအခိုက်တွင်ပင် ယူချင်း၏ ထွားကျိုင်း သန်မာသော ခန္ဓာကိုယ်အား နက်ရွှေရောင် ချပ်ဝတ်များ ဖုံးအုပ်သွားသည်။ ယူချင်းက ထိုဓားများကို ရှောင်တိမ်းခြင်း မရှိသလို အထူးတလည် ခုခံခြင်းလည်း မရှိပေ။
ယန်ချူ၏ အလင်းနှင့် အမှောင်ဓားက အလွန်အမင်း မြန်ဆန်သော်လည်း တခြားဓားများလို စွမ်းအားမကြီးပေ။ သို့တိုင်အောင် ထိုဓားများက အလွန်အမင်း ထက်ရှသည်မှာ သံသယ ရှိစရာမလို။ သို့သော်လည်း ထိုဓားများက ယူချင်း၏ ခန္ဓာကိုယ်တွင်းသို့ ထွင်းဖောက်နိုင်စွမ်း မရှိပေ။
ယန်ချူက ယူချင်းကို ဒေါသတကြီး ကြည့်သည်။ ယူချင်းက သည် ၃နှစ်အတွင်း ကြီးစွာ တိုးတက်လာမည်ဟု သူမထင်ထားပေ။
ယန်ချူ၏ အမူအရာက လေးနက်သွားကာ သူက ဓားစွမ်းအင်များကို ပိုမို မြန်ဆန်စွာ လှည့်ပတ်စေသည်။ အလင်းတစ်ချက် ဝင်းလက်သွားကာ သူ၏နောက်ကျော၌ ဓားသက်စောင့်ဝိညာဉ် ပေါ်လာကာ ယန်ချူကိုယ်တိုင်က ဓားတစ်လက်အလား ဖြစ်သွားသည်။ ပတ်ဝန်းကျင်မှ ဓားစွမ်းအင်များက နတ်ဓားကိုးလက် အဖြစ် ပြောင်းလဲသွားကာ ယန်ချူအား ဗဟိုထား၍ လှည့်ပတ်ကြသည်။
ဓားများ ရစ်ပတ်လျက်ပင် ယန်ချူက လေထဲကို ခုန်တက်ပြီး သူ၏လက်ညှိုးအား ရှေ့ကို ညွှန်လိုက်သည်။ ဓားအလင်းကိုးခုက ချက်ချင်းပင် လေကိုခွင်းလျက် ယူချင်းထံ ပြေးဝင်သွားကြသည်။ ဓားအရှိန်အဝါကလည်း သူတို့နှစ်ယောက်အကြား ပင်လယ် လှိုင်းလုံးများအလား ရိုက်ခတ်သွား၏။
ယူချင်းက မြေပြင်ကို ဆောင့်နင်း လိုက်သည်တွင် သူ၏ခန္ဓာကိုယ်က ပိုမို လင်းလက်လာသည်။ ထို့နောက် သူက ဓားတစ်လက်ထံသို့ လက်ဆန့်တန်း လိုက်သည်။ ဓားကလည်း ယူချင်းကို ထွင်းဖောက်ရန် ရည်ရွယ်ချက် အပြည့်ဖြင့် တိုးဝင်လာခြင်း ဖြစ်သော်လည်း ယူချင်း၏ လက်များ အကြားတွင် ရပ်တန့် သွားရသည်။ နောက်မှ လိုက်ပါလာသော ဓားအရှိန်အဝါကလည်း ယူချင်း၏လက်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ပိုင်းဖြတ်ရန် ကြိုးစားကြသည်။
ယူချင်း၏ လက်မှ နောက်ထပ် ကြီးမားသော လက်ဝါးအစုံတစ်ခု ဖြစ်ပေါ်လာသည်။ နက်ရွှေရောင် လက်အစုံက လေထဲတွင်ပင် နတ်ဓားအား မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်သည်။
“သူ့ခွန်အားက ကြောက်စရာ ကောင်းလှချည်လား…” လူအများအပြား၏ စိတ်နှလုံးများက တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ရသည်။
“အဲဒါ ရှီတန်ခိုးရှင် ထောင်ကျန်းရဲ့ ရုပ်ခန္ဓာပညာပဲ… ဒီပညာက သွေးကြောမ ခုနစ်ခုကို ဖွင့်ဖို့လိုတယ်… သွေးကြောမ တစ်ခုစီက ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုစီကို အဆုံးစွန်သော ခွန်အားကို ပေးတယ်… သွေးကြောမခုနစ်ခုကို ဖွင့်ပြီးတဲ့အခါ တစ်ကိုယ်လုံးက ပြိုင်ဘက်ကင်းတဲ့ ရုပ်ခန္ဓာကိုယ်ကို ဖြစ်ပေါ်စေတယ်…” ရှီတန်ခိုးရှင် တစ်ယောက်က ပြောသည်။
ယခုလည်း ယန်ချူ၏ ဓားများက ယူချင်း၏ ခန္ဓာကိုယ်အား ဖြတ်တောက်နိုင်စွမ်း မဲ့နေကြသည်။ ယန်ချူက စုချွဲလုပ်ခဲ့သည့်အတိုင်း အတုခိုးကာ တိုက်ခိုက်သော်လည်း ယူချင်း၏ လက်ရှိ ခန္ဓာကိုယ်က မမျှော်လင့်ဘဲ လွန်စွာ သန်မာလွန်းနေသည်။
ဘုန်း… ကြောက်မက်ဖွယ် အလင်းတစ်ခုကို မြင်တွေ့ကြရသည်။ ယူချင်းက သူ ဆုပ်ကိုင်ထားသော ယန်ချူ၏ ဓားဖြင့်ပြန်၍ ပစ်ပေါက်လိုက်သည်။ စင်မြင့်က တုန်ခါသွားကာ ယူချင်းက ဓားပေါ်ကို ခုန်တက်လျက် ယန်ချူထံ တိုးဝင်သွား၏။
ယန်ချူ၏အနီး၌ ဓားအလင်းများ ဖြစ်ပေါ်လာသည်။ သူနှင့် ယူချင်း အကြားတွင် ဧရာမဓားကြီး တစ်လက် ဖြစ်ပေါ်လာကာ သူ့ထံကို တိုးဝင်လာသော ဓားအား တတိတိ ဖြတ်တောက် သွားသည်။ ထိုအခိုက်တွင် ယန်ချူကိုယ်တိုင်က ထိုဓားနှင့် လုံးဝ ပေါင်းစပ်သွားဟန် ရသည်။ တစ်ဖက်တွင် ယူချင်း၏ ခန္ဓာကိုယ်အား လောက၏ သဘာဝ စွမ်းအင်များကို ဝါးမျိုသော နတ်ဆိုးပုံရိပ်တစ်ခု ဖုံးအုပ်သွားသည်။ ယူချင်းက ထပ်မံ၍ပင် သူ့ထံကို တိုးဝင်လာသော ဓားအား လက်ဆန့်တန်းကာ ဖမ်းယူပြန်သည်။ လူအများ၏ ထိတ်လန့်မှုကား ဆိုဖွယ်ရာ မရှိတော့…။ တောင်ကိုပင် ပိုင်းဖြတ်နိုင်စွမ်းသော ဧရာမ ဓားကြီးကား တစ်ဖန် ယူချင်း၏ လက်ထဲတွင် ရပ်တန့် သွားပြန်သည်။
“ဖြတ်တောက်စမ်း…” ယန်ချူက ဓားစွမ်းအင်များကို စုစည်းကာ သူ၏ဓားကိုပင် ယူချင်းထံသို့ ထပ်တွန်းသည်။ သို့သော် ဓားကား တုတ်တုတ်မျှ မလှုပ်…။ ထို့နောက်တွင် ယူချင်းက ဓားဖျားကို လက်ဖြင့် ဆုပ်ကိုင်၍ နောက်ကို အားယူ၍ ယန်ချူထံသို့ ခုန်လွှားလာသည်။
ယန်ချူ၏ မျက်နှာ အမူအရာက ရုတ်ခြည်း ပြောင်းလဲသွားသည်။ သူက ဓားကို လက်လွှတ်ကာ နောက်ကို မြန်ဆန်စွာ ဆုတ်သည်။ သို့သော်လည်း ယူချင်း၏ လှုပ်ရှားဟန်များကား ယခင်ထက် အဆမတန် မြန်ဆန်လွန်းကာ ယန်ချူ၏ရှေ့ကို ရိပ်ခနဲ ရောက်လာပြီး လက်ဆန့်တန်း လိုက်သည်။
ဘန်း… လက်ဝါးရိုက်ချက်က လေဟာနယ်ကို ဖြတ်သန်း၍ သူ၏ပစ်မှတ်ကို ကျဆင်းသည်တွင် ယန်ချူ နောက်ကို လွင့်စဉ်သွားသည်။ မြေပြင်ပေါ်ကို ကျသည်တွင် ယန်ချူကား ပါးစပ်မှ သွေးများ အန်ကျကာ မထနိုင်တော့…။
ယူချင်းက မြေပြင်သို့ ဒုန်းခနဲမြည်အောင် ဆင်းသက်လာသည် ထို့နောက် သူက အကြီးအကဲကို ကြည့်ကာ မေးသည်… “ဓား ဘယ်မှာလဲ…”
“လက်နက်ကို ယူပေးလိုက်…” အကြီးအကဲက ပြောသည်။ လူတစ်ယောက်က ရတနာဓားကို သယ်လာကာ ယူချင်းကို ပေးသည်။ ယူချင်းက ဓားကို ကိုင်ကာ စင်မြင့်ပေါ်မှ ဆင်းသက်လာပြီး ရီဝူချင်းကို ပေးသည်။ ရီဝူချင်းကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ ဓားကို လက်ခံယူသည်။
“မင်းက ဓားကို ဒီအတိုင်း ပေးပစ်တာလား…” ဘေးနားတွင် ရပ်နေသော ကျောင်းလီက ဆွံ့အသွားသည်။ ရီဖူရှင်းက အလွန် ယုံကြည်ချက် ရှိနေသည်မှာ မထူးဆန်းတော့ပေ။ ယန်ချူ လုပ်ခဲ့သည်ကား သူတို့ကို ရှီအဆင့် လက်နက်အား အလကား ပေးသည်နှင့်ပင် တူလှသည်။ ဓားကျေးရွာမှ လူများနှင့် ယန်ချူဘက်မှ လောင်းကြေးထပ်သူများ အားလုံးက ယူချင်းကို အေးစက်စွာ ကြည့်ကြသည်။ သည်ခွေးကောင်က မည်သို့ သည်မျှ အားကောင်း လာရသနည်း။
“သူက ပိုပြီး ကြောက်ဖို့ ကောင်းလာတယ်…” လူသားကမ္ဘာနှင့် နန်ထျန်းအိမ်တော်မှ လူများကလည်း ယူချင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ လွန်ခဲ့သော သုံးနှစ်ကတည်းက မိစ္ဆာပညာ လေ့ကျင့်သော လူငယ်ကား မထင်မှတ်သည်များ လုပ်ပြခဲ့ပြီး ဖြစ်သည်။ ယခု တော်ဝင်ကျဲ နန်းတော်တွင် သင်ယူပြီး နောက်ပိုင်း သူ့တွင် ပျော့ကွက် ဟာကွက် မရှိတော့ဟု ထင်မှတ်ရသည်။
“ဟဟဟ…” အာခီမီ လောင်းကစားရုံ အကြီးအကဲထံမှ ရယ်သံတစ်ချက် ထွက်လာသည်။ သူကား ထိုအခိုက်တွင် လွန်စွာ ကျေနပ်အားရသော အမူအရာ ဖြစ်ပေါ်နေသည်။ သည်အလောင်းအစားတွင် တကယ်တမ်း အကျိုးအမြတ် ရသူက အာခီမီ လောင်းကစားရုံ မဟုတ်ပါလား…။ သူတို့ပေးလိုက်ရသော ဓားက အရည်အသွေးမြင့် ရှီလက်နက် ဖြစ်သော်လည်း လောင်းကစားရုံက ဓားကျေးရွာထံမှ အရည်အသွေးတူ လက်နက်တစ်ခုကို ပြန်ရသလို လောင်းကြေးများ ထံမှလည်း အကျိုးအမြတ်များစွာ ရရှိခဲ့ပေသည်။
“တိုက်ပွဲက တကယ်ပဲ ကြည့်ကောင်းတယ်… ရှီတန်ခိုးရှင် ထောင်ကျန်းရဲ့ တပည့်နဲ့ ဝူကျိဓားဆက်ခံသူ ဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ အမှန်ပဲ လိုက်ဖက်ပါပေတယ်… သခင်လေးယန်က ရှုံးနိမ့်ခဲ့တယ် ဆိုပေမဲ့ ထူးခြား ထက်မြက်တဲ့ စွမ်းရည်တွေကို ကျုပ်တို့ မြင်ခဲ့ကြရတယ်…” အကြီးအကဲက ဓားကျေးရွာ၏အရှက်ကို ကူ၍ ဖြေပေးသည်။
“အာခီမီညီလာခံက သိပ်မကြာခင် ကျင်းပတော့မှာ ဆိုတော့ ဒေသစုံက လူတွေ လာကြတယ်… တော်ဝင်ကျဲ နန်းတော်ကလည်း ဒီတစ်ခေါက် ထူးထူးခြားခြား ရောက်လာတယ်… လောင်းကစားရုံက တစ်ခုခု ကောင်းတာလေး မပြပေးချင်ဘူးလား…” လူအုပ်ထဲမှ တစ်ယောက်က ပြောသည်။
အကြီးအကဲက ပြုံးလျက် ပြန်ပြောသည်…“ကောင်းပြီ… လောင်းကစားရုံမှာ အရည်အသွေးမြင့် ရတနာတွေ အများကြီး ရှိသေးတယ်… ခင်ဗျားတို့ စိတ်ဝင်စားကြလား…”
“ကောင်းပြီ… ကျုပ်တို့ကို ထုတ်ပြပါ…” လူအများအပြား၏ မျက်လုံးများ အရောင်လက် သွားကြသည်။
“ခဏစောင့်ပါ… ကျုပ်ကိုယ်တိုင် သွားယူပေးမယ်…” အကြီးအကဲက မြန်ဆန်စွာ ထွက်သွားပြီး မကြာခင် ပြန်ရောက်လာသည်။ တခြား တန်ခိုးရှင်များလည်း သူ့နောက်မှ လိုက်ပါလာခဲ့ကြပြီး အားလုံးက ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါများ ရှိကြသည်။ တစ်ယောက်က စင်ပေါ်ကို တက်သွားကာ လက်ဝှေ့ယမ်း လိုက်သည်တွင် သိဒ္ဓိဝင်ပစ္စည်းတစ်ခု လေထဲ ပေါ်လာသည်။
ပစ္စည်းကား ရေခဲနှင်တံတစ်ချောင်း ဖြစ်သည်။ နှင်တံပေါ်လာသည်နှင့် အအေးလှိုင်းတစ်ခု လေထဲ ပျံ့လွင့်သွားကာ အားလုံးကို ရိုက်ခတ်သွားသည်။ ရီဖူရှင်းက သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာသော အအေးဓာတ်များကို ခံစားရသည်။
“မိုးစက်နှင်တံ… ရန်သူရဲ့စိတ်ကို တိုက်ခိုက်နိုင်သလို မှော်စွမ်းအင် တည်ဆောက်ခြင်း ကိုလည်း တားဆီးနိုင်တယ်… ဒါက မှော်စွမ်းအင် ထိန်းချုပ်မှုကို အသားပေးတဲ့ အရည်အသွေးမြင့် လက်နက်ပဲ…” ထို့နောက် မိုးစက်နှင်တံအား ထိုလူက သိမ်းဆည်းလိုက်သည်။ နောက်တစ်ယောက်က စင်ထက်ကို တက်သွားကာ နောက်ထပ် ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
သည်တစ်ခေါက်ကား အလွန်ပါးလွှာသော ကိုယ်ကျပ်ဝတ်စုံတစ်ခု ဖြစ်သည်။ မိန်းကလေး တစ်ယောက်က စင်ပေါ်ကို တက်ကာ ဝတ်စုံအား ဝတ်ဆင်လိုက်သည်နှင့် ဝတ်စုံက သူမ၏ခန္ဓာကိုယ်ထဲ ပျော်ဝင် ပျောက်ကွယ် သွားသည်ကို မြင်ကြရသည်။ သူမ၏ ခန္ဓာကိုယ်မှလည်း အလင်းလှိုင်းတစ်ခု ဖြာထွက်လာသည်။ သူမ၏ဘေးမှ တန်ခိုးရှင်က သူမအား လက်ဝါးဖြင့် ရိုက်လိုက်သည်တွင် မိန်းကလေးက လွင့်စဉ်သွားသည်။ သို့သော်လည်း ရိုက်ချက်၏ စွမ်းအားအများစုမှာ ဝတ်စုံ၏ စုပ်ယူခြင်း ခံရသည်ကို အားလုံးက မြင်ကြသည်။
“ဒါက အရမ်းကို ခက်ခက်ခဲခဲ ပြုလုပ်ထားရတဲ့ အကာအကွယ် ဝတ်စုံပဲ… ဒီဝတ်စုံက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အားလုံးကို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ကာကွယ်ပေးတယ်…”
လူအများအပြားက ထိုဝတ်စုံကို လိုချင် မက်မောစွာ ကြည့်ကြသည်။ အရည်အသွေးမြင့် အကာအကွယ် ဝတ်စုံများကား အလွန် ရှားပါးပေသည်။
တတိယပစ္စည်းကား အစိမ်းရောင် ယှက်သန်းနေသော ပုလဲလုံးဖြစ်သည်။ ပုလဲလုံးက လေထဲ လှပစွာ တည်ရှိနေကာ လူတိုင်းက အလွန် အားကောင်းသော စိတ်စွမ်းအားကို ခံစားကြရသည်။
“လိပ်ပြာပုလဲ… စိတ်စွမ်းအား ပညာရှင်တွေအတွက် တန်ဖိုး မဖြတ်နိုင်ဘူး… ဒီပုလဲက ဝတ်ဆင်သူရဲ့ စိတ်စွမ်းအားကို မြင့်တက်စေတယ်… ” အကြီးအကဲက ပြောပြသည်။ ထို့နောက် ရတနာများကို ပြန်လည် သိမ်းဆည်း လိုက်ကြသည်။ လူအုပ်၏ စိတ်လှုပ်ရှားမှုကား ဆိုဖွယ်ရာ မရှိတော့…။ သည်ရတနာသုံးခုက အမှန်ပင် အရည်အသွေးမြင့် ရတနာများ ဖြစ်ကြသည်။
အကြီးအကဲက ရီဖူရှင်းကို တစ်ချက်ကြည့်ကာ ဟွာဂျီယူကို ကြည့်သည်။ လိပ်ပြာပုလဲက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်နှင့် အလွန် လိုက်ဖက်ပေသည်။ ရီဖူရှင်းကလည်း အကြီးအကဲ၏ သဘောကို ရိပ်မိသည်။ သည်မြေခွေးအိုက သူ့အား တိုက်ခိုက်ရန် မြှူဆွယ်နေခြင်းပင်။
လောင်းကစားရုံက နောက်ထပ် အလောင်းအစား တိုက်ပွဲတစ်ခု ဖန်တီးလိုနေသည်။ အကယ်၍ တော်ဝင်ကျဲနန်းတော်မှ နာမည်ကျော်ရီဖူရှင်းက အလောင်းအစား တိုက်ပွဲကို တိုက်ခိုက်မည် ဆိုပါက လောင်းကစားရုံကလည်း သူနှင့် လိုက်ဖက်မည့် ပြိုင်ဘက်အား ရှာဖွေပေးမည် ဖြစ်သည်။ ထိုသို့သော တိုက်ပွဲသာ ဖြစ်မြောက်ခဲ့ပါက မရေမတွက်နိုင်သော လူများက လောင်းကစား ကြမည်မှာ သေချာပေသည်။
“ဒီနေ့ မထုတ်ပြရသေးတဲ့ ရတနာတွေလည်း အများကြီး ရှိသေးတယ်… အခု ဒီသုံးခုက အကြိုသဘောမျိုး ပြတာပဲ… အခု အင်အားကြီး အဖွဲ့အစည်းတွေက အာခီမီမြို့ကို ရောက်လာနေကြတော့ ဒီရတနာတွေကို မနက်ဖြန်မှာ အလောင်းအစား တိုက်ပွဲလုပ်နိုင်ဖို့ ကျုပ် စီစဉ်ပေးပါ့မယ်…” အကြီးအကဲက ပြုံးလျက် ပြောသည်။
“ဒီ မြေခွေးအိုကြီး…” လူအများအပြားက တိတိတခိုး ဆဲရဲကြသည်။ သည်ရတနာများကို နောက်တစ်နေ့မှ အလောင်းအစား လုပ်ခွင့်ရမည်ဟု မည်သူကမှ မထင်ထား…။ ယနေ့ သူတို့ လုပ်ဆောင်နေသည်များ အားလုံးက ကြော်ငြာသဘောမျိုးသာ ဖြစ်ကြောင်း အခုမှ ရိပ်မိလိုက်ကြသည်။ နောက်တစ်နေ့တွင် လောင်းကစားရုံသို့ ရောက်လာမည့် လူအရေအတွက် မည်မျှများမည်ကို ခန့်မှန်း၍ ရပေသည်။
“အားလုံးပဲ… လောင်းကစားရုံမှာ တခြားရတနာတွေ အများကြီး ရှိသေးလို့ ဝင်ရောက် လေ့လာလို့ ရပါသေးတယ်…” အကြီးအကဲက ပြောသည်။ သို့သော် သူပြောသော တခြား ရတနာများက ယခုပြသော အဆင့်အတန်းတွင် ရှိမည် မဟုတ်သည်မှာ သေချာ၏။
“ဒါဆိုလည်း ကျုပ်တို့က မနက်ဖြန်မှ ထပ်လာတော့မယ်…” ရီဖူရှင်းက ပြုံးလျက် ပြောကာ ထွက်ခွာသည်။
လောင်းကစားရုံမှ အဖြစ်အပျက်က အာခီမီမြို့တွင် မြန်ဆန်စွာပင် ပျံ့နှံ့သွားခဲ့သည်။ တော်ဝင်ကျဲ နန်းတော်မှ တပည့်များကြောင့် လူအများအပြားက ထိုကိစ္စကို ပိုမို၍ စိတ်ဝင်စားကြသည်။
တော်ဝင်ကျဲ နန်းတော်၏ တပည့်ဖြစ်သွားသော ယူချင်းက ယန်ချူအား အနိုင်ရခဲ့သည်။ သည်သုံးနှစ်အတွင်း ယူချင်း၏ တိုးတက်မှုက အံ့မခန်းပင်။
ဤသို့ဆိုပါက ရီဖူရှင်းကရော မည်မျှ အားကောင်း လာသနည်း…။
ထို့အပြင် လောင်းကစားရုံက ထုတ်ပြခဲ့သော ရတနာများကြောင့်လည်း အင်အားကြီး အဖွဲ့အစည်းများက စိတ်လှုပ်ရှား ကြရသည်။ အာခီမီ လောင်းကစားရုံက ထိပ်သီး ပါရမီရှင်များကို ပစ်မှတ်ထား ဆွဲဆောင်ခဲ့သည်ကိုမူကား သံသယရှိစရာ မလိုပေ။ အကောင်းဆုံး အတော်ဆုံးသော လူများက ထိုရတနာများအတွက် လာရောက် တိုက်ခိုက်ကြမည်မှာ သေချာပေသည်။
ခန့်မှန်း ထားသလိုပင် နောက်တစ်နေ့၌ အင်အားကြီး အဖွဲ့အစည်း များစွာက လောင်းကစားရုံသို့ ဦးတည် သွားနေကြသည်။ ထိုအထဲတွင် ဟောင်မိသားစုမှ ဟောင်ကျူဂီလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ သူကား လောင်းကစားရုံထဲကို ဝင်လိုက်သည်နှင့်ပင် လူအများ၏ အာရုံစိုက်မှုကို ရရှိသည်။ သုံးနှစ်ကာလအတွင်း သူသည်လည်း မည်မျှ အားကောင်းလာမည်ကို အားလုံးက စိတ်ဝင်စား နေကြပေသည်။
***