အာခီမီ လောင်းကစားရုံကား အာခီမီမြို့လယ်တွင် ရှိသည်။ ထိုနေရာကား မြို့တော်ဝန်ရုံး၏ နောက်ခံရှိရာ မြို့၌ အလွန်ကျော်ကြားသော နေရာဟု ပြောရမည် ဖြစ်သည်။ မြို့တော်ဝန်ရုံးသာ မဟုတ် အင်ပါယာ မိသားစုနှင့် တခြား အားကောင်းသော ကလန်များနှင့် အင်အားစုများက ထိုနေရာကို ထောက်ပံ့ကူညီ ထားသည်ဟု ကောလာဟလများက ဆိုသည်။ ထို့ကြောင့် ထိုလောင်းကစားရုံ၌ မည်သူမှ ပြဿနာ မရှာရဲကြပေ။
အာခီမီ လောင်းကစားရုံကား တောက်ပြောင်သည်၊ ခမ်းနားသည်၊ ထည်ဝါ ခန့်ညားသည်။ ထိုနေရာထဲကို တစ်လှမ်းမျှ ခြေချလိုက်သည်နှင့် ထိုနေရာ၏ နန်းတော်တမျှ ကြီးကျယ် ခမ်းနားသော အငွေ့အသက်များက သူတို့၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာစေသည်။
အထဲတွင်ကား လူများ မရေမတွက်နိုင်အောင် ရှိပြီး သူတို့က ထိုလူများကို ဖြတ်ကျော်ကာ ရှေ့ဆက် သွားကြသည်။ တစ်နေရာတွင်ကား ကျောက်စိမ်း သက်သက်ဖြင့် ပြုလုပ်ထားသော သိဒ္ဓိဝင် ပစ္စည်းသုံးခုကို တွေ့ရသည်။ ထိုအရာများမှာ ကျောက်စိမ်းဓား၊ ချပ်ဝတ်နှင့် ကျာပွတ်ရှည်တို့ ဖြစ်ကြသည်။ ထိုပစ္စည်းသုံးခုလုံးမှ ရှီအငွေ့အသက်များ ယှက်သန်း နေသည်။
“အာခီမီ လောင်းကစားရုံထဲက ပစ္စည်းတွေ အကုန်လုံးက ရှီအဆင့်တွေလား…” ရီဖူရှင်းက ထိတ်လန့်သော အမူအရာဖြင့် မေးသည်။
“မှန်တယ်…” ကျောင်းလီက ခေါင်းညိတ်သည်… “နိုဘယ်ပစ္စည်းတွေက ဒီနေရာမှာ သိပ်တန်ဖိုး မရှိတော့ ဘယ်သူမှ စိတ်မဝင်စားကြဘူး… ဒီမှာရှိတဲ့ အရာအားလုံးက ရှီအဆင့် ပစ္စည်းတွေပဲ…”
ရီဖူရှင်း စိတ်ဝင်စား သွားသည်။ ရှီအဆင့် လက်နက်များအား အခိုးခံရမည်ကို စိုးရိမ်ခြင်း မရှိဘဲ လူမြင်ကွင်းတွင် ပြသထားခြင်းက လောင်းကစားရုံ၏ ယုံကြည်မှုကို မြင်တွေ့နိုင်သည်။ လောင်းကစားရုံ၏ နောက်ခံက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းရပေမည်။ သူတို့ လမ်းတစ်လျှောက်တွင် တွေ့ရသော လက်နက်တိုင်းက အလွန်အမင်း တန်ဖိုးကြီးမားပုံ ရသည်။ သို့သော်လည်း ထိုပစ္စည်းများ၏ နီးကပ်သော နေရာသို့အထိ သွားရောက်ခွင့် မရှိဘဲ အစီအရင်များဖြင့် ကာကွယ်ထားသည်။
ရီဖူရှင်းက ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင်လှံရှည် တစ်လက်ကို မြင်သည်။ လှံသွားက အလွန်အမင်း အားကောင်းသော ဖျက်ဆီးအားကို ခံစားရသည်။ မည်သူကမှ လှံအနီးသို့ မကပ်ရဲကြပေ။
လူအများအပြားက လှံ၏အနီးတွင် ဝိုင်း၍ ကြည့်နေကြသည်။ သူတို့အားလုံးက လှံကို လိုချင်တပ်မက်သော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း သူတို့တွင် ထိုမျှ တန်ဖိုးကြီးမားသော သိဒ္ဓိဝင်လက်နက် မရှိသည်ကို သိကြသည်။
“ဒါက မှော်ခေါင်းလောင်းပဲ…” ထောင့်တစ်နေရာတွင် ဧရာမ ခေါင်းလောင်းကြီး တစ်လုံးက လေထဲတွင် တွဲလောင်း ချထားသည်။ ထိုခေါင်းလောင်းမှ ရွှေရောင်များ ဖြာထွက်နေကာ အလွန် အားကောင်းသော အရှိန်အဝါကြောင့် ခေါင်းလောင်းကလည်း အလွန်အမင်း တန်ဖိုးကြီးမား ရမည်ဟု ခန့်မှန်းရသည်။
ရီဖူရှင်းက သည်နေရာမှ တန်ဖိုးကြီးမားသော ပစ္စည်းများကို လိုက်လံကြည့်ရှုကာ အလွန် သဘောကျနေသည်။
“ဂျီယူ… မင်း သဘောကျတဲ့ဟာတွေ့ရင် လက်ညှိုးသာထိုးပြ… ဝူချင်းလည်း ဓားတစ်လက် လိုတယ်…” ရီဖူရှင်း၏ မျက်လုံးက ဝင်းလက်နေသည်။
“…” အားလုံး၏ မျက်လုံးများက အေးခဲသွားကာ သူ့အား ဆွံ့အစွာ ကြည့်ကြသည်။ သည်အကောင်ကား သည်နေရာကို သူ၏ကိုယ်ပိုင်နေရာဟု မှတ်ထင်နေသလော…။
“ရီဖူရှင်း… မင်းလည်း အာခီမီမြို့ကို လာတာပဲလား…” လူတစ်စုက လေထဲတွင် ပေါ်လာကာ ရီဖူရှင်တို့ အုပ်စုအား ကြည့်ကြသည်။ သူတို့ကား နန်ဟို၊ နန်ဖန်း၊ နန်ယွီနှင့် နန်ထျန်း မိသားစုဝင်များ ဖြစ်ကြသည်။
“သွားကြမယ်…” ရီဖူရှင်းက သူတို့အား လျစ်လျူရှုကာ ရှေ့ကို ဆက်သွား လိုက်သည်။
“မင်းက ငါပြောတာကို မကြားဘူးလား…” ရီဖူရှင်း၏ လျစ်လျူရှုမှုကို မြင်သည်တွင် နန်ယွီ၏အမူအရာက အနည်းငယ် သုန်မှုန်သွားသည်။
ရီဖူရှင်းက နန်ယွီကို တစ်ချက်ကြည့်ကာ ပြောသည်… “ငါ့ကို ဒီလို ပြောရအောင် မင်းက ဘယ်သူလဲ…”
“မင်း…” နန်ယွီက ရီဖူရှင်းကို လက်ညှိုးထိုးကာ ပြောစရာ စကားရှာမရပေ။ ရီဖူရှင်းက လူပုံအလယ်တွင် သူ့အား မည်သို့ စော်ကားရသနည်း။ မည်သို့ဆိုစေ သူကား နန်ထျန်းအိမ်တော် မိသားစုဝင် တစ်ယောက် ဖြစ်သည်။ ရီဖူရှင်းကား ယခင်ထက်ပင် ပိုမိုမောက်မာ လာသည်။
နန်ဟိုနှင့် နန်ဖန်းတို့က ရီဖူရှင်းကို အေးစက်စွာ ကြည့်နေကြသည်။ ဝင်ခွင့် ပထမရှင်ကား ယခင်ကထက်ပင် ပိုမိုမောက်မာ လာသည်။ တော်ဝင်လမ်း၌ ရီဖူရှင်းအပေါ် နန်ဖန်း အိမ်တော်က ပြဿနာမရှာခဲ့ဘဲ ရီဖူရှင်းက မည်သည့် အဆင့်အထိ ရောက်မည်လဲဟု သိလိုခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက ကျူးကော့ရှင်းနှင့် ပိုင်စီကို အနိုင်ယူကာ ပထမနေရာကို ယူသွားသည်။ ထို့နောက်တွင် ရီဖူရှင်းက တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ဝင်ရောက်ပြီး ရှီတန်ခိုးရှင် ထောင်ကျန်း၏တပည့် ဖြစ်လာသည်။ ယခုကား သူ့ကို အနိုင်ယူခဲ့သော စုချွဲပင်လျင် ရီဖူရှင်း၏ဘေးတွင် မြင်ရသည်။
ရီဖူရှင်းက နန်ယွီကို တစ်ချက်ကြည့်ကာ နန်ထျန်း အိမ်တော်မှ အကြီးအကဲများလည်း ပါလာသည်ကို မြင်သည်။ သို့သော် သူက ထိုလူများကို ဂရုမစိုက်ဘဲ နန်ယွီကိုသာ ငေါ့တော့တော့ ကြည့်သည်။ နန်ယွီကား ယခင်က ရီဖူရှင်း၏ရှေ့တွင် အထက်စီးပုံစံဖြင့် များစွာ ပြုမူခဲ့ရာ ယခု သူက နန်ယွီကား ထိုအရသာကို ကိုယ်တိုင် ခံစားစေလိုသည်။
“ရီဖူရှင်း… လွန်ခဲ့တဲ့သုံးနှစ်က တော်ဝင်ကျဲ နန်းတော်ဝင်ခွင့်ပထမ…” လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ သည်အလွန် ချောမောသော ကောင်လေးက အမှန်တကယ် ရီဖူရှင်း ဟုတ်လား မဟုတ်လား တွေးတော နေကြသည်။ သူကား ပိုင်စီနှင့် ဟောင်ကျူဂီတို့ကို အနိုင်ယူနိုင်ခဲ့သည်။ ယခု သုံးနှစ်ကြာမြင့်ခဲ့ပြီး ဖြစ်ကာ သူက ယခင်ထက် ပိုမိုအားကောင်း လာရပေမည်။
ထိုအခိုက်တွင် အင်အားကြီး အဖွဲ့အစည်းများကလည်း သူတို့အနီး ပတ်ဝန်းကျင်တွင် ပစ္စည်းများကို မွှေနှောက်ကြည့်ရှု နေကြသည်။ ရီဖူရှင်းက ရင်းနှီးသော မျက်နှာများကိုလည်း မြင်ရသည်။ သူတို့မှာ လူသားကမ္ဘာမှ ပိုင်ရီနှင့်ချူရှမ်း၊ ဓားကျေးရွာမှ ယန်ချူတို့အဖွဲ့၊ တော်ဝင်မီးတောက် ဂိုဏ်းမှ စီကျိတို့အဖွဲ့များ ဖြစ်ကြသည်။ သူတို့အားလုံးက တော်ဝင်ကျဲ နန်းတော်ဝင်ခွင့် ဝင်ဖြေသူများ ဖြစ်ကြပြီး ယခု အာခီမီ လောင်းကစားရုံသို့ ရောက်လာကြသည်။
ရီဖူရှင်းတို့ ရောက်လာခြင်းက ထိုအနီးတစ်ဝိုက်အား လှုပ်ရှားသက်ဝင် သွားစေသည်။ မည်သို့ဆိုစေ ပိုင်ရီ၊ စီကျိနှင့် ယန်ချူတို့ အားလုံးက ရီဖူရှင်းထံတွင် ရှုံးနိမ့်ဖူး ကြပေသည်။
“တော်ဝင်ကျဲ နန်းတော်က တပည့်တွေ ရောက်လာကြတယ်…” လူအများအပြားက ရီဖူရှင်းတို့အုပ်စုကို ကြည့်ကြသည်။ လူအများ၏ မျက်လုံးများက အရောင်များ လင်းလက် လာကြသည်။
တော်ဝင်ကျဲ နန်းတော်ကား မြေရိုင်းပြည်နယ်၏ တန်ခိုးကျင့်ခြင်း ကောင်းကင်ဘုံ ဖြစ်သည်။ နန်းတော်ဝင်ခွင့် စစ်ဆေးခြင်းကို ထိပ်သီး အင်အားစုတိုင်းက ဝင်မပြိုင်ကြသော်လည်း တော်ဝင်ကျဲ နန်းတော်၏တပည့်များကား မည်သည့်နေရာတွင်မဆို လူအများ၏ အာရုံစိုက်မှုကို ရကြပေသည်။
ရီဖူရှင်းက ပတ်ဝန်းကျင်မှ လူများကို တစ်ချက်ကြည့်ကာ ရှေ့ကို ဆက်သွားသည်။ သူ့ဘေးမှ လူများကလည်း ရီဖူရှင်းနှင့် မလှမ်းမကမ်းမှ လိုက်ကြသည်။ တော်ဝင်ကျဲနန်းတော်မှ တပည့်များ ရောက်လာခြင်းက အာခီမီ လောင်းကစားရုံမှ ရတနာပစ္စည်းများကို ရယူရန် သေချာပေသည်။ သူတို့က တော်ဝင်ကျဲ နန်းတော်မှ တပည့်များ တိုက်ခိုက်သည်ကို မကြာမီ မြင်တွေ့ရမည်ဟု လူအများအပြားက ခန့်မှန်းကြသည်။
ရီဖူရှင်းက လျှောက်နေရင်းက တစ်နေရာတွင် ရပ်လိုက်သည်။ ရီဝူချင်းက လေထဲတွင် ပေါလောမျောနေသော ဓားတိုတစ်လက်ကို ကြည့်နေသည်။ ဓားက အရိပ်သဏ္ဌာန် တစ်ခုအလား ထင်မှတ်ရကာ မှိန်လိုက်ပျောက်လိုက် ဖြစ်နေသည်။ သည်ဓားတိုကား သက်စောင့်ဝိညာဉ်နှင့် ပေါင်းစပ်နိုင်သော ပစ္စည်းအမျိုးအစား ဖြစ်သည်။ ရီဝူချင်း၏ သက်စောင့် ဝိညာဉ်ကလည်း ငွေဓားတိုဖြစ်ကာ သူက ဤဓားကို သဘောကျသည်မှာ မထူးဆန်းပေ။
“ကျုပ်က အဲဒီဓားကို လိုချင်တယ်… ကျုပ်က အလောင်းအစား တိုက်ပွဲကို ဘယ်လိုလုပ်ရမလဲ…” ရီဖူရှင်းက ဓားတိုကို လက်ညှိုးထိုးပြကာ ပြောသည်။ ထိုစဉ်မှာပင် လူတစ်စု ရောက်လာသည်။ သူတို့အားလုံးက ရွှေရောင်ဝတ်စုံများ ဝတ်ထားကြကာ ခေါင်းဆောင်ဖြစ်ဟန် တူသူကား အလွန် စွမ်းအားမြင့်ဟန် ရသည်။ သူက နောက်တစ်နေရာကို ကြည့်သည်တွင် ဓားကျေးရွာမှ ဓားသမားတစ်ယောက် ရပ်နေသည်ကို မြင်ရသည်။
“ဓားကျေးရွာကလည်း ဒီဓားကို လိုချင်တယ်… တကယ်လို့ မင်းတို့က အလောင်းအစား တိုက်ပွဲကို သွားချင်ရင် မင်းတို့က ဓားကျေးရွာက တစ်ယောက်နဲ့ တိုက်ခိုက်ရမယ်… ဒါကြောင့် မင်းတို့ထဲက ဘယ်သူ တိုက်ခိုက်မလဲ…” အကြီးအကဲက ပြုံးလျက် မေးသည်။ တော်ဝင်ကျဲ နန်းတော်နှင့် ဓားကျေးရွာတို့အကြား အလောင်းအစား တိုက်ပွဲက စိတ်ဝင်စားဖွယ် ကောင်းပေမည်။
ရီဖူရှင်းက တစ်ဖက်လူကို ကြည့်ကာ ကျောင်းလီ ပြောသည်ကို သဘောပေါက် လာသည်။ အလောင်းအစား တိုက်ပွဲအား လောင်းကစားရုံက သတ်မှတ်ရာ လောင်းကစားရုံက အရှုံးရှိမည် မဟုတ်ပေ။ ယခု ဓားကျေးရွာနှင့် သူတို့အုပ်စုတွင် နှစ်ဘက်လုံးက ထိုရတနာ ဓားငယ်ထက် တန်ဖိုးကြီးမားသော လက်နက် ပစ္စည်းတစ်ခုခုအား သူတို့က အလောင်းအစား လုပ်ရမည်ဖြစ်ကာ မည်သည့်ဘက်က အနိုင်ရသည်ဖြစ်စေ လောင်းကစားရုံက အကျိုးအမြတ် ရမည်ဖြစ်သည်။ ထို့အပြင် တော်ဝင်ကျဲနန်းတော်မှ တပည့်များနှင့် ဓားကျေးရွာမှ တပည့်များ၏ တိုက်ပွဲက လူအများကို စိတ်ဝင်စားစေမည် ဖြစ်ကာ လူများစွာက ထိုအတွက် လောင်းကြေးများ ထပ်ကြဦးမည် ဖြစ်သည်။
ရီဖူရှင်းက ယန်ချူကို ပြုံးလျက် ကြည့်သည်… “မင်းက နောက်တစ်ခါ ကြိုးစား ကြည့်ချင်လို့လား…”
ယန်ချူက ရီဖူရှင်းကို ထက်ရှသော မျက်လုံးများဖြင့် ကြည့်သည်။ သည်သုံးနှစ်အတွင်း သူသည်လည်း အလွန် တိုးတက် လာသည်ဟု မိမိကိုယ်ကို ယုံကြည်သော်လည်း ရီဖူရှင်းကလည်း သည်အတိုင်း ထိုင်နေမည်တော့ မဟုတ်ပေ။ ယန်ချူက သူ၏အနိုင်အတွက် မသေချာပေ။
“အရင်တုန်းက ထင်းဆွေဓားနဲ့ ဝူကျိဓားတို့ရဲ့ တပည့်တွေ အချင်းချင်း မတိုက်ခိုက်ခဲ့ရဘူး… အခုငါတို့က… ” အကြီးအကဲက စုချွဲနှင့် ယန်ချူကို ကြည့်ကာ ပြောသည်။ ရီဖူရှင်းက ထိုလူကြီးကို ကြည့်ကာ အမှန်ပင် ဉာဏ်များသော မြေခွေးအိုကြီးဟု တွေးလိုက်သည်။ အကယ်၍မဟာဓားသမား နှစ်ယောက်၏ မျိုးဆက်များက အချင်းချင်း တိုက်ခိုက်ပါက လူအများက သေချာပေါက် စိတ်ဝင်စား ကြပေမည်။
“ကျုပ်က ဘာဖြစ်ဖြစ် အဆင်ပြေတယ်…” စုချွဲက ပခုံးတွန့်သည်။
ယန်ချူက စုချွဲကို ကြည့်သည်။ သူကား သေချာပေါက် အနိုင်ကိုသာ တိုက်ခိုက်လိုသည်။ အကယ်၍ သူက စုချွဲနှင့် တိုက်ခိုက်ပါက အနိုင်ရမည် မသေချာပေ။
“မင်းက ငါ၊ စုချွဲနဲ့ ယူချင်းတို့အထဲက တစ်ယောက်ယောက် ရွေးလို့ရတယ်…” ရီဖူရှင်းက ပြောသည်။ သူက ယန်ချူ၏အဆင့်ကို မမေးတော့ပေ။
“ငါက ယူချင်းနဲ့ တိုက်မယ်…” ယန်ချူက ယူချင်းကို လက်ညှိုးထိုးကာ ပြောသည်။ သူက ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့ပြီးသား ဖြစ်ကာ ယူချင်းက စုချွဲထံတွင် ရှုံးနိမ့်ဖူးသည်။ ယူချင်း၏ တိုက်ခိုက်ရေးအားက အလွန် ကောင်းမွန်သည့်တိုင် စုချွဲက ယူချင်းကို အမြန်နှုန်းဖြင့် အနိုင်ယူဖူးသည်။ သူကလည်း စုချွဲကဲ့သို့ စွမ်းဆောင်နိုင်သည်ဟု ယုံကြည်ထားသည်။
“ကောင်းပြီ…” ရီဖူရှင်းက ပြုံးသည်။ ယူချင်းက ယန်ချူကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။
“ဒီဓားက ရှီတန်ခိုးရှင် တစ်ယောက် ပြုလုပ်ထားတာပဲ… အဆင့်မြင့် ရှီလက်နက်တစ်ခုပဲ… မင်းက တန်ဖိုးတူတာ တစ်ခုခု ထည့်ရမယ်…” အကြီးအကဲက ရီဖူရှင်းကို ပြောသည်။
“လျူခွန်ရှမ်းရဲ့ ကု့ချင်းသံစဉ် တစ်ခုဖြစ်တဲ့ ညှို့ယူဖမ်းစားခြင်း…” ရီဖူရှင်းက ပြောသည်။
“ဒါ အဆင်ပြေတယ်…” အကြီးအကဲက ပြုံးလျက် ခေါင်းညိတ်သည်။ လက်ကိုးချောင်း ကု့ချင်းနတ်ဆိုးကား ယခင်မျိုးဆက်၏ စီနီယာဖြစ်သည်။ သူ၏သံစဉ် ညှို့ယူဖမ်းစားခြင်းကား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် နာမည်ကျော်ကြားကာ ကု့ချင်းပညာ၏ အထွတ်အထိပ် သံစဉ်တစ်ခုဟု ပြော၍ ရသည်။
“ကောင်းပြီ… ဒီဘက်ကို ကြွကြပါ…” အကြီးအကဲက ဦးဆောင်ကာ ခေါ်သွားသည်။ ရီဖူရှင်းတို့ အားလုံးက တစ်နေရာတည်းကို ဦးတည်၍ သွားနေကြသည်။
အကြီးအကဲဘေးမှ တစ်ယောက်က ပြောသည်… “ကျုပ်တို့က ဒီစိန်ခေါ်ပွဲကို လောင်းကြေး ထည့်မလား…”
“သေချာတာပေါ့…” အကြီးအကဲက ပြောသည်… “ဒီလိုပွဲမျိုးကို လောင်းကြေး မထည့်လို့ ရမလား…”
“ပေါက်ကြေး…”
“ယူချင်းနိုင်ရင် တစ်ခုကို နှစ်ခုရမယ်… ယန်ချူနိုင်ရင် နှစ်ခုထည့်မှ တစ်ခုရမယ်…” အကြီးအကဲက ပြုံးလျက် ပြောသည်။
“ဘာ….” လူအများအပြား၏ မျက်လုံးများက ဝိုင်းစက် သွားကြသည်။ သူက ယူချင်းအပေါ် အဘယ်ကြောင့် ထိုမျှ ယုံကြည်ရသနည်း။
ယန်ချူကား ကျော်ကြားသည်။ ယူချင်းက ထက်မြက်သည် ဆိုသော်လည်း သူက စုချွဲထံတွင် ရှုံးနိမ့်ခဲ့သည်။ ဤပေါက်ကြေးအရဆို အများစုက ယန်ချူဘက်မှ ထည့်ကြမည် ဖြစ်သည်။
“အေးဆေးပေါ့…” ထို့နောက် အကြီးအကဲက ပြုံးလျက် ထွက်သွားသည်။ ယူချင်းက သေချာပေါက် မရှုံးနိုင်ဟု သူယုံသည်။ သူ တည်လိုက်သော ပေါက်ကြေးက ယန်ချူဘက်မှ လူအများက လောင်းကြေး ထည့်စေလို သောကြောင့်လည်း ဖြစ်သည်။
***