အာခီမီမြို့မှ ချပ်ဝတ်လက်နက် ပညာရှင်များ၏ ပြိုင်ပွဲက တော်ဝင်ကျဲနန်းတော် တစ်ခုလုံးကို ပျံ့နှံ့နေပြီး ဖြစ်သည်။ လူအများအပြားက ရီဖူရှင်းနှင့် ပတ်သက်၍ အာရုံစိုက်နေကြရာ ရီဖူရှင်းက အာခီမီမြို့ကို သွားမည့် သတင်းကလည်း မြန်ဆန်စွာပင် ပျံ့နှံ့သွား၏။
ယနေ့တွင် တိုက်ခိုက်ရေး ရှီနန်းဆောင်၌ လူအများအပြား လာရောက် စုစည်းကြသည်။ ရီဖူရှင်း၊ ယူချင်း၊ ယိရှောင်ရှီ၊ ယန်ကျန်း၊ စုချွဲနှင့် ကျွေ့ချိန်ချူတို့အားလုံး ရောက်နေကြပြီ ဖြစ်သည်။ လေထဲမှ လှပသော မိန်းကလေး သုံးယောက်ကို ကြည့်ကာ အားလုံး၏ မျက်လုံးများက ဝင်းလက် နေကြသည်။ မိန်းမလှ သုံးယောက်ကား ဟွာဂျီယူ၊ ယွန်စွေ့ရှင်းနှင့် ဖီးနစ်တို့ ဖြစ်ကြသည်။
“ကြည့်ရတာ အစ်မယွန်နဲ့ ဖီးနစ်တို့ကလည်း အာခီမီမြို့ကို သွားကြမယ် ထင်တယ်…” ဟွာဂျီယူက ရီဖူရှင်းကို ပြုံးလျက်ပြောသည်။ ထို့ကျန်းနန်းဆောင်၏ ပညာသင်ဖော် တပည့်များ ဖြစ်သည့်အလျောက် သည်သုံးနှစ်အတွင်းမှာ သူမတို့ သုံးယောက်က အချင်းချင်း ရင်းနှီးကျွမ်းဝင် လာခဲ့ကြ၏။
“ကြိုဆိုပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူနှင့် ယွန်စွေ့ရှင်းတို့၏ မကျေမလည်မှုများက ပျောက်ပျက် သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယွန်စွေ့ရှင်းကား ၂နှစ်ခန့်ကြာပြီ ဖြစ်သော်လည်း ရှီအဆင့်ကို တက်လှမ်းနိုင်စွမ်း မရှိသေးရာ ပြင်ပလောကသို့ စိတ်လိုလက်ရ သွားလိုသည်မှာ သိပ်မထူးဆန်းပေ။
“စောင့်ပါဦး.. အစ်ကိုရီ…” နောက်ထပ် လူအနည်းငယ် ရောက်လာကြသည်။ သူတို့ကား တော်ဝင်ကျဲ နန်းတော်သို့ ရီဖူရှင်းနှင့်အတူ တစ်နှစ်တည်း ဝင်လာကြသော ကျောင်းလီတို့ ဖြစ်ကြသည်။ သူတို့အားလုံးက ရီဖူရှင်းနှင့် ရင်းနှီးကြရာ အာခီမီမြို့ကို ခရီးထွက်ရန် တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် လာရောက် ပူးပေါင်းကြခြင်း ဖြစ်သည်။
“မင်းလည်း သွားမှာလား… ကျောင်းလီ…” ရီဖူရှင်းက မေးသည်။
“အမှန်ပဲ… ငါ့အိမ်က အာခီမီမြို့ အနားမှာပဲ… ငါက အဲဒီနေရာနဲ့ တော်တော် ရင်းနှီးတယ်…” ကျောင်းလီက ပြုံးလျက် ပြောသည်။ ကျောင်းလီ၏ ကျောင်းကလန်ကား အာခီမီမြို့နှင့် သိပ်မဝေးပေ။
“ဒါဆိုလည်း အတူ သွားကြတာပေါ့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ လက်ရှိ သူတို့အုပ်စုထဲတွင် ရီဖူရှင်း၏ တန်ခိုးအဆင့်က အနိမ့်ဆုံးထဲတွင် ပါသည်။ သူတို့အားလုံးက နန်းတော်ကို ဝင်ခဲ့ကြသည်မှာ သုံးနှစ်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ရီဖူရှင်းက တိုးတက်လာခဲ့သလို တခြားလူများကလည်း သည်အတိုင်း ထိုင်နေကြသူများ မဟုတ်ပေ။ သူတို့အထဲတွင် တတိယတန်းစား နိုဘယ်အများစု ပါဝင်ကာ ဒုတိယတန်းစား နိုဘယ်အနည်းငယ် ပါရှိသည်။ ယွန်စွေ့ရှင်းမူကား နိုဘယ်အဆင့် အမြင့်ဆုံးတွင်ရှိ၏။ သူတို့အုပ်စုက လေထဲကို ပျံတက် သွားသည်တွင် မကြာမီ တိမ်များအကြား ဝင်ရောက် ပျောက်ကွယ် သွားကြသည်။
ရှီတန်ခိုးရှင် ထောင်ကျန်းနှင့် ရှီတန်ခိုးရှင် ကျင့်ခွန်(ခွန်ဘုရင်) တို့က သူတို့ ထွက်သွားသည်ကို တိုက်ခိုက်ရေး ရှီနန်းဆောင်ပေးမှ ကြည့်နေကြသည်။ ရှီတန်ခိုးရှင် ကျန့်ခွန်က ပြုံးလျက်ပြောသည်… “လွန်ခဲ့တဲ့သုံးနှစ်က နန်းတော်ကို ဝင်လာတဲ့ လူငယ်တွေက တကယ်ပဲ ထက်မြက်ကြတယ်… အခုဆိုရင် အရင်ကလို တော်ဝင်ရှီ နန်းဆောင်ကပဲ ဗဟိုပြုထားတာ မဟုတ်တော့ဘူး… ရီဖူရှင်းက တကယ်ပဲ ထူးခြားတဲ့ ကောင်လေးပဲ…”
ရီဖူရှင်းကား သူ၏အုပ်စုထဲတွင် တန်ခိုးအဆင့် အနိမ့်ဆုံးဖြစ်၏။ သို့သော် သူ၏ပါရမီ သူ၏စိတ်နေ သဘောထားများကြောင့် သူ၏အပေါင်းအသင်းများ အကြားတွင် ပင်မလူ ဖြစ်လာခဲ့၏။
“စီမင်ဟန်ကျင့်က ဒီလိုတတ်နိုင်ဖို့ အများကြီး လိုသေးတယ်… သူက သူ့အပေါင်းအသင်း အကြားမှာ ဦးစီးဦးဆောင်ဖြစ်လို့ လုံလောက်တဲ့ ဆုံးဖြတ်နိုင်စွမ်းတွေ လိုသေးတယ်… ဒါပေမဲ့ ဟွာဖန်းကတော့ ဒီစွမ်းရည် ရှိခဲ့တယ်… ရီဖူရှင်းက ဟွာဖန်းထက် အောင်မြင်လိမ့်မယ်… တစ်နေ့ သူက ပိုင်လွေလီလိုတောင်မှ ဖြစ်လာနိုင်တယ်… မျိုးဆက် တစ်ခုလုံးက လေးစားရတဲ့သူပေါ့…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြုံးလျက် ပြောသည်။
မြေရိုင်းပြည်နယ်၏ အနောက်ဘက်နယ်ကား အဆုံးအစမဲ့ကာ ကျယ်ပြောလွန်း၏။ ထိုနေရာတွင် များစွာသော ရှေးဟောင်းမြို့များ ရှိကာ အာခီမီမြို့နှင့် တိမ်ဖြူမြို့များကတော့ နာမည်အကျော်ဆုံး ဖြစ်သည်။ တခြားမြို့များကလည်း ထင်ရှား ကျော်ကြားကာ အင်အားကြီး အဖွဲ့အစည်းများစွာ တည်ရှိကြသည်။
သေသေချာချာ ပိုင်းခြားရလျှင် တိမ်ဖြူမြို့က အနောက် မြောက်ဘက်ခြမ်းကို လွှမ်းမိုးချုပ်ကိုင်ပြီး အာခီမီမြို့က အနောက် တောင်ဘက်ခြမ်းကို အပိုင်စိုးရပေသည်။ အာခီမီမြို့က ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသည်ဟု ဆိုနိုင်သည်။ ထိုနေရာမှ အင်အားကြီး အဖွဲ့အစည်းများ အားလုံးက အာခီမီမြို့နှင့် နီးကပ်သော ဆက်ဆံရေး ရှိကြရသည်။ အာခီမီမြို့ ကိုယ်တိုင်ကလည်း ကြီးကျယ် ခမ်းနားလှပေသည်။ တစ်မြို့လုံးကို သိဒ္ဓိဝင် ပစ္စည်းများဖြင့် တည်ဆောက် ထားသလား ထင်မှတ်ရအောင် နေရာတိုင်းက ဝင်းဝင်းပြောင်ပြောင်၊ လှလှပပ ပြင်ဆင် တည်ဆောက်ထားကာ အဆောက်အဦများ အားလုံးက ထည်ဝါသော အရောင်အဝါများဖြင့် လှပ ခန့်ညားနေသည်။ မြို့တွင်းမှ လေထုတွင် သိပ်သည်းသော သဘာဝ စွမ်းအင်များကို တွေ့နိုင်သည်။ အထူးသဖြင့် သတ္တုဓာတ် စွမ်းအင်နှင့် မီးဓာတ် စွမ်းအင်တို့က အလွန်အမင်း အားကောင်း၏။
စွမ်းအားမြင့် တန်ခိုးရှင်များစွာက ဤရှေးဟောင်းမြို့သို့ ရောက်လာ နေကြသည်။ ဆယ်နှစ်မှ တစ်ကြိမ် ပြုလုပ်သော ချပ်ဝတ်လက်နက် ပညာရှင်ပြိုင်ပွဲ ဖြစ်ရကား တော်ဝင်ကျဲ နန်းတော်၏ ဝင်ခွင့်စာမေးပွဲ ကဲ့သို့ပင် ကြီးကျယ် ခမ်းနားပေသည်။ မြေရိုင်းပြည်နယ် တစ်ခုလုံးမှ ထိပ်တန်း ပညာရှင်များ အားလုံးက သည်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လွန်စွာ စိတ်အားထက်သန် နေကြသည်။
ချပ်ဝတ်လက်နက် ပညာရှင်များပြိုင်ပွဲ၏ ဆုလာဘ်များမှာလည်း အလွန်မက်မောဖွယ် ကောင်းလှသည်ဟု နာမည်ကြီးသည်။ ဆုလာဘ်များထဲတွင် အာခီမီမြို့စား၏ တိုက်ရိုက်တပည့် ဖြစ်ပိုင်ခွင့်၊ မြို့စား၏သမီးကို လက်ထပ်ခွင့် စသည်များပင် ပါဝင်တတ်သည်။ ထို့ကြောင့် ပြိုင်ပွဲဝင် များစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော်လည်း များသောအားဖြင့် ပြိုင်ပွဲကို အနိုင်ရသူ အများစုကား အာခီမီမြို့မှ ပါရမီရှင်များသာ ဖြစ်သည်။ မြေရိုင်းပြည်နယ်တွင် ချပ်ဝတ်လက်နက် ပညာရှင်များက နေရာတိုင်းတွင် ရှိသော်လည်း တကယ်တမ်းအားဖြင့် အဆင့်မြင့် ချပ်ဝတ်လက်နက် ပညာရပ်များကား အာခီမီမြို့တွင်သာ ရှိသည် မဟုတ်ပါလား…။
အာခီမီမြို့၏ ကောင်းကင်ထက်တွင် လူတစ်စု ပေါ်လာသည်။ သူတို့ကား နန်ထျန်းအိမ်တော်မှ အုပ်စုဖြစ်ကြ၏။ နန်ထျန်း အိမ်တော်ကား အာခီမီမြို့နှင့် အလွန်ဝေးသော နေရာတွင် တည်ရှိသော်လည်း သည်ခရီးက လာရမည့်အထဲတွင် ပါဝင်ပေသည်။ နန်ထျန်းအိမ်တော်၏ နတ်ဘုရားလှံရှည် ပညာကား မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် ကျော်ကြားပေသည်။ ထို့အတူ နန်ထျန်းအိမ်တော် ခေါင်းဆောင်၏ နတ်ဘုရားလှံရှည်အား အာခီမီမြို့မှ ပညာရှင်များ သွန်းလုပ် ပေးထားခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နန်ထျန်းအိမ်တော်မှ သည်ပွဲအား လာရောက်ခြင်းမှာ သဘာဝကျပေသည်။
ထို့အတူ မြေရိုင်းပြည်နယ်၏ အင်အားကြီး အဖွဲ့အစည်းများတွင် ရှိသော အဆင့်မြင့် လက်နက်များကို အာခီမီမြို့က သွန်းလုပ်သည်များရာ အဖွဲ့အစည်းတိုင်းက အာခီမီမြို့ကို လေးစား အားထား ကြရပေသည်။
လူသားကမ္ဘာမှ သင်္ဘောပျံကြီးက မြို့ထဲကို ရောက်လာသော အချိန်တွင် ကျုံးကျိုးမြို့မှ ဟောင်မိသားစုလည်း အာခီမီညီလာခံကို တက်ရောက်ရန် လာကြသည်။ ထို့အပြင် တော်ဝင် မီးတောက်ဂိုဏ်း၊ ကျောင်းကလန်နှင့် တခြား အနောက်တောင်ဘက် နယ်တွင် အခြေစိုက်သော အဖွဲ့စည်းများလည်း အာခီမီမြို့ကို အချိန်စောစီးစွာ ရောက်ရှိလာကြ၏။
တခြား စွမ်းအားမြင့် တန်ခိုးရှင်များကလည်း အကြောင်းပြချက် အမျိုးမျိုးဖြင့် လာကြသည်။ သူတို့က အာခီမီမြို့တွင် အဆင့်မြင့် လက်နက်များကို ရောင်းဝယ် ဖောက်ကားနိုင်သည်။ အာခီမီမြို့မှ လက်နက်များက မြေရိုင်းပြည်နယ်တွင် အကောင်းဆုံး ဖြစ်သည်မှာ သံသယရှိစရာမလို။
လူနှစ်ယောက်က မြို့အပေါ် လေထဲတွင် ပျံသန်းနေကြသည်။ သူတို့နှစ်ယောက်လုံးက ပထမတန်းစား နိုဘယ်များ ဖြစ်ကြ၏။ တစ်ယောက်က ချောမောကာ တစ်ယောက်က ထီမထင်သော မျက်နှာပေး ရှိသည်။
“အစ်ကို၄… ခင်ဗျားက တကယ်ပဲ ဝင်ပြိုင်မှာလား…” တစ်ယောက်က မေးသည်။
“ငါမဟုတ်ဘူး… ငါတို့…” နောက်တစ်ယောက်က ပြန်ဖြေသည်။
“ဒါပေမဲ့ ကျုပ်တို့က ပစ္စည်းတွေ မလုပ်တတ်ဘူး…” ပထမမေးသူက ငြင်းဆန်သည်။
“ဒါပေမဲ့ မင်းက မီးပညာမှာ နားလည်တယ်… ဟုတ်တယ်မလား… ပစ္စည်းလုပ်တာနဲ့ ချက်ပြုတ်တာက သိပ်မကွာဘူး… ငါက စာအုပ်တွေ အများကြီး ဖတ်ပြီးပြီ… ငါဘာလုပ်ရမယ် ဆိုတာကို သိတယ်…” အစ်ကို၄ ဆိုသူက ပြန်ဖြေသည်။
“အစ်ကို၄က ကျွန်တော့်ကို ဒုက္ခရောက်အောင် လုပ်နေတာပဲ… ဒါက ဘယ်လို အလုပ်ဖြစ်ပါ့မလဲ…”
“ငါတို့က ဒီအထိ ရောက်လာကြပြီ… ဒီထက် ငါဘာမှ မတတ်နိုင်တော့ဘူး.. ငါတို့ သဘောကျကျ မကျကျ ဝင်ပြိုင်ရတော့မှာပဲ…”
“ဒါပေမဲ့ အစ်ကို၄ကပဲ ဒီအထဲ ဝင်ပါနေတာလေ… ကျွန်တော့်ကို ဘာလို့ အတင်း ဆွဲခေါ်နေတာလဲ…”
“လျိုဖန်း… မင်းက ငါ့ကို မမြှောက်ပင့်ခဲ့ရင် ငါက ဒီလို အမှားကြီး ကျူးလွန်မိမှာ မဟုတ်ဘူး… မင်းက ဒီလိုပဲ ဘာမှ မလုပ်ဘဲ ထိုင်နေတော့မှာလား…” သူတို့နှစ်ယောက်ကား ကော့တေးမှ လျိုဖန်းနှင့် ရွှီယီတို့ ဖြစ်ကြသည်။
“အစ်ကို၄… ခင်ဗျားက ဘယ်လိုလုပ် ဒီလို ပြောရတာလဲ…” လျိုဖန်းက ရွှီယီကို ဒေါသတကြီး ကြည့်သည်… “ကောင်းပြီ… ဒါဆိုလည်း အစ်မ၂ဆီကို သွားတောင်းပန်ရအောင်…”
“သွားသေလိုက်လေ…” ရွှီယီက လျိုဖန်းကို ကြိမ်းမောင်းသည်… “ငါက ဘယ်လိုလုပ် သွားရဲမလဲ… ပြီးတော့ အစ်မ၂ဆီ သွားတော့ရော… ဘာထူးမှာလဲ… မင်းက ဝင်မပြိုင်ရင် ဒီမှာပဲ မင်းကိုငါရိုက်မယ်… ”
“အစ်ကို၄… ခင်ဗျားက အရမ်းလွန်တာပဲ…” လျိုဖန်းက သနားစဖွယ် ပြောသည်။ သူက ရွှီယီကို မည်သို့ နိုင်မည်နည်း။
“ငါတို့က ညီအစ်ကိုတွေလေ… မဟုတ်ဘူးလား… ငါတို့က အကောင်း အဆိုးတွေကို အတူတူ မျှဝေကြမယ်…” ရွှီယီက လျိုဖန်း၏ပခုံးကိုဖက်ကာ ပြောသည်။
လျိုဖန်းက ရွှီယီကို စိတ်ပျက်စွာ ကြည့်သည်… “ဒါပေမဲ့ ကောင်းတာတွေကျတော့ ကျွန်တော်က ဘယ်တုန်းက ရခဲ့လို့လဲ…”
“ကောင်းတာလား… သေလိုက်လေ…” ရွှီယီက ကြိမ်းမောင်းသည်တွင် လျိုဖန်းက မသက်မသာ ခေါင်းယမ်းသည်။ သူ၏ဆိုးဝါးသော ကံကြမ္မာကိုသာ သက်ပြင်းချ နိုင်တော့၏။
***
ရီဖူရှင်းတို့အုပ်စုက အာခီမီမြို့ကို ပျံသန်းလျက် ရောက်ရှိ လာကြသည်။
“ကျောင်းလီ… အာခီမီမြို့ကို မြို့တော်ဝန်က အလုံးစုံ ထိန်းချုပ်တာလား…” သူက အာခီမီမြို့နှင့် ပတ်သက်၍ သိပ်မသိပေ။ မည်သို့ဆိုစေ အာခီမီမြို့ကား သူ့ဘဝတစ်ခုလုံးတွင် မြင်ဖူးသော နေရာများထဲ၌ အခမ်းနားဆုံး မြို့တစ်မြို့ဖြစ်သည်။
“မဟုတ်ဘူး… မြို့တော်ဝန်ရုံးအပြင် နောက်ထပ် အင်အားစု တစ်ခုလည်း ရှိသေးတယ်… သူတို့ကလည်း အနောက်တောင် နယ်မြေမှာ နာမည်ကြီးပဲ… အင်ပါယာ မိသားစုလို့ခေါ်တယ်…” ကျောင်းလီက ရှင်းပြသည်။
“သူတို့က ကိုယ့်ကိုယ်ကိုယ် အဲဒီလိုခေါ်တာလား…” ရီဖူရှင်းက ရယ်ရွှင်ဖွယ် အမူအရာဖြင့် မေးသည်။
“အာခီမီမြို့ရဲ့ အင်ပါယာ မိသားစုက ကျုံးကျိုးမြို့က ဟောင်မိသားစုလိုပဲ အင်အားကြီး ကလန်ပဲ…” ကျောင်းလီက ပြောသည်… “ပြောကြတာက… ဟိုးရှေးခေတ်က ယိုမိသားစုရဲ့ ဘိုးဘေးနဲ့ အင်ပါယာ မိသားစုရဲ့ ဘိုးဘေးတွေက မိတ်ဆွေရင်းတွေဆိုပဲ… သူတို့ နှစ်ယောက်လုံးက ရှန့်ထိုတွေဖြစ်ပြီး ချပ်ဝတ်လက်နက် ပညာရှင်တွေပဲ… နောက်ပိုင်း ယိုမိသားစုက ချပ်ဝတ်လက်နက် ပညာကို ဆက်လက် ထိန်းသိမ်းထား နိုင်ခဲ့ပေမဲ့ အင်ပါယာ မိသားစုကတော့ တန်ခိုးကျင့်ရာမှာပိုပြီး အလေးထားခဲ့လို့ သူတို့ရဲ့ ပညာအမွေတွေက ယိုမိသားစုနောက်ကို ရောက်လာခဲ့တယ်… ဒါပေမဲ့လည်း အင်အားစုနှစ်ခုက ဆက်ဆံရေး အရမ်း ကောင်းမွန်ပြီးတော့ အာခီမီမြို့မှာ သင့်သင့်မြတ်မြတ်နဲ့ နေလာခဲ့ကြတာ အခုထိပဲ…”
“သူတို့ရဲ့ ပတ်သက်မှုက လေးစားစရာပဲ… အခုထိ သူတို့မိသားစုရဲ့ လူငယ်မျိုးဆက်တွေက အချင်းချင်း လက်ထပ် နေကြတုန်းပဲ… အာခီမီမြို့တော်ဝန်ရဲ့ ကောင်းကင်မြေရိုင်း အဆင့်က နံပတ်၈မှာဖြစ်ပြီး အင်ပါယာမိသားစု ခေါင်းဆောင်က အဆင့် ၁၂မှာရှိတယ်… သူတို့အင်အားစု နှစ်ခုလုံးက တော်ဝင်ကျဲ နန်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲကို ဘယ်တုန်းကမှ ဝင်မပြိုင်ခဲ့ကြဘူး… သူတို့က ကိုယ်တိုင်ပဲ ရပ်တည်ကြတယ်…” ကျောင်းလီက ဆက်ပြောသည်… “ပြီးတော့ သူတို့ အင်အားစုနှစ်ခုစီကလည်း အရမ်းကို ထူးခြား ထက်မြက်တဲ့ ပါရမီရှင်တွေ မကြာခဏ ထွက်လာတတ်တယ်… အခုမျိုးဆက်မှာတင် အင်ပါယာ မိသားစုက ပိုင်လွေလီလို မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ ပါရမီရှင်တစ်ယောက် မွေးထုတ်နိုင်ခဲ့တယ်လို့ နာမည်ကြီးနေတယ်… သူတို့ကလည်း ရှန့်ထိုတန်ခိုးရှင် တစ်ယောက် မွေးထုတ်ဖို့ စိတ်အားထက်သန် နေကြတယ်…”
ရီဖူရှင်းက ခေါင်းညိတ်သည်။ မြေရိုင်းပြည်နယ်ကား အလွန်ကျယ်ပြောကာ တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်၏ တန်ခိုးကျင့်ခြင်း ကောင်းကင်ဘုံ ဖြစ်သည့်တိုင် တခြား အင်အားကြီး နေရာများလည်း ရှိမည်မှာ သဘာဝပင်။ ဟောင်ကျူဂီတို့ ဟောင်မိသားစုတို့ ကလည်း သူတို့၏မျိုးရိုးဂုဏ်ကို လွန်စွာ ဂုဏ်ယူ ဝင့်ကြွားကြကာ သူတို့၏ပညာက တော်ဝင်ကျဲ နန်းတော်ထက် မနိမ့်ကျဟု ယူဆပြီး တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်ရန် ငြင်းပယ်ကြသည်။ ထို့အတူ အာခီမီမြို့နှင့် ရေခဲနန်းတော်တို့ ကလည်း ထိပ်သီးပုဂ္ဂိုလ်များ မကြာမကြာ မွေးထုတ် ပေးနိုင်ကြကာ သူတို့ကိုယ်တိုင်က မြေရိုင်းပြည်နယ်၏ အလွန်မြင့်မားသော အဆင့်အတန်း တစ်ခုတွင် ရှိကြပေသည်။
“မြေရိုင်းပြည်နယ်က အင်အားစုတွေ အများကြီး လာကြမှာပဲမလား…” ရီဖူရှင်းက မေးသည်။
“သေချာတာပေါ့…” ကျောင်းလီက ခေါင်းညိတ်သည်… “ချပ်ဝတ်လက်နက် ပညာရှင်ပြိုင်ပွဲက ချပ်ဝတ်လက်နက် ပညာရှင်တွေ အတွက် အရေးအကြီးဆုံး ပြိုင်ပွဲပဲ… တချို့ တခြားနယ်မြေက လာတဲ့ ထူးခြားထက်မြက်တဲ့ လက်နက် ပညာရှင်တွေက သူတို့ရဲ့ အရည်အချင်း ပြည့်မီရင် အာခီမီမြို့မှာ အခြေချဖို့ အခွင့်အရေးတောင် ရနိုင်တယ်လေ… ပြီးတော့ ဒီကာလမှာ အံ့ဖွယ်လက်နက်တွေ ကိုလည်း အာခီမီမြို့မှာ တွေ့ရတတ်တော့ လူတိုင်းက စိတ်ဝင်စားကြတာပေါ့… တချို့ အင်အားစုတွေဆို ချပ်ဝတ်လက်နက် ပညာရှင်တွေကို သူတို့ အင်အားစုတွေထဲကို ဝင်ဖို့ ဖိတ်ခေါ်ကြတယ်လေ…”
“နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ မိမိတို့ အင်အားစုအတွက် လိုအပ်သော လက်နက် ပညာရှင်များကို ဖိတ်ခေါ်ခြင်းကလည်း အရေးပါသော ကိစ္စတစ်ရပ် ဖြစ်ပေသည်။
“ဒီပွဲကျင်းပဖို့ ရက်တွေ အများကြီး ကျန်သေးတယ်… ငါတို့ ဘယ်ကို သွားကြမလဲ…” ရီဖူရှင်းက သူ၏အဖွဲ့မှ လူများကို မေးသည်။
“ငါတို့က အာခီမီမြို့ကို ရောက်လာမှတော့ ဒီမှာ လက်နက် ကောင်းကောင်းတွေ ရောင်းမလား သွားကြည့်ရအောင်လေ…” စုချွဲက ပြုံးလျက် ပြောသည်။ မည်သို့ဆိုစေ အာခီမီမြို့ကား ချပ်ဝတ်လက်နက်များနှင့် ပတ်သက်၍ နာမည်ကျော်ကြားသည် မဟုတ်ပါလား…။
“မင်း ပြောတာ ဟုတ်တယ်…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ သူက ဘေးမှ ဟွာဂျီယူကို ကြည့်ကာ သူမအား လက်ဆောင် တစ်ခုခုပေးရလျှင် ကောင်းမည်ဟု တွေးသည်။ သို့သော် သူ၏လက်ရှိ ကြွယ်ဝချမ်းသာမှုက ရှီအဆင့်လက်နက် တစ်ခုကိုပင် တတ်နိုင်မည် မဟုတ်ပေ။
သို့သော် သူ၏ဘေးမှ လူများကား မိသားစုကြီးများ၏ မျိုးဆက်များ ဖြစ်ကြသည်။ သူတို့ထံမှ ချေးငှားလျှင်ကော…။
“အာခီမီမြို့မှာ နာမည်ကျော် နေရာတွေ ရှိတယ်… နာမည်အကျော်ဆုံး နေရာတွေက မြို့တော်ဝန်ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ အာခီမီ လောင်းကစားရုံပဲ… အာခီမီလောင်းကစားရုံက တန်ဖိုးကြီး ပစ္စည်းတွေကို ရောင်းဝယ် ဖောက်ကားတယ်… ဒါပေမဲ့ အဓိကအားဖြင့်တော့ အလောင်းအစားပဲ… အဲဒီနေရာက တန်ဖိုးကြီးပစ္စည်းတွေကို အလောင်းအစားလုပ်ပြီး ရယူနိုင်တယ်… မင်းတို့က ထူးခြားထက်မြက်တဲ့ ပညာရပ်တွေ၊ တန်ဖိုးကြီး လက်နက်တွေ၊ ရှားပါး ဆေးဝါးတွေနဲ့ အလောင်းအစား လုပ်နိုင်တယ်… ဒါတွေကို အလောင်းအစား တိုက်ပွဲတွေနဲ့ အနိုင်အရှုံး ဆုံးဖြတ်တယ်…” ကျောင်းလီက ဆက်ပြောသည်… “ချပ်ဝတ်လက်နက် ပညာရှင်ပြိုင်ပွဲ ကျင်းပတဲ့အခါတိုင်း အာခီမီ လောင်းကစားရုံက လူတွေ လည်ပတ်မှု အများဆုံး နေရာတစ်ခုပဲ…”
“ငါတို့ သွားလောင်းကစားရင် အဲဒီနေရာက ပြောင်သလင်းခါ သွားမှာပေါ့…” ရီဖူရှင်းက ပြောသည်။
“…” ကျောင်းလီက ဆွံ့အသွားသည်။ သည်အကောင်၏ ခေါင်းထဲတွင် ဘာတွေ ရှိသနည်း။
“မင်းပြောတာက လွယ်တယ်… လောင်းကစားရုံရဲ့ အလောင်းအစား တိုက်ပွဲ စည်းကမ်းကို လောင်းကစားရုံ ကိုယ်တိုင်ကပဲ ချမှတ်တာလေ… ဒီတော့ သူတို့ပဲ အနိုင်ရတာ များတာပေါ့… ဒါပေမဲ့ အဲဒီမှာသွားပြီး လောင်းကစားတဲ့ လူတွေကလည်း ကိုယ့်ကိုယ်ကိုယ် မာနရှိပြီး ယုံကြည်ချက် မြင့်တဲ့လူတွေပဲ…” ကျောင်းလီက ပြုံးလျက် ပြောသည်။ ရီဖူရှင်းကလည်း ခေါင်းညိတ်သည်။
“ကြည့်ရတာ စိတ်ဝင်စားစရာပဲ…” ရီဖူရှင်းက အားလုံးကို ကြည့်သည်တွင် အချို့က စိတ်ဝင်စားစွာ ပြောကြသည်… “ဒါဆိုလည်း လောင်းကစားရုံကို သွားကြမယ်…”
“ကောင်းပြီ…” ကျောင်းလီက ပြုံးလျက် ခေါင်းညိတ်သည်။ ထို့နောက် သူတို့အုပ်စုက လောင်းကစားရုံဘက်ကို ခြေဦး လှည့်လိုက်ကြ၏။
***