တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် ရီဖူရှင်းနှင့် ယူချင်းတို့က ခန်းမထဲကို ရောက်လာကြသည်။
“ဆရာ…” သူတို့နှစ်ယောက်က ရှီတန်ခိုးရှင် ထောင်ကျန်းကို မြင်သည်တွင် နှုတ်ဆက်ကြသည်။
“သုံးနှစ်… မဆိုးပါဘူး…” ရှီတန်ခိုးရှင် ထောင်ကျန်းက သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးသည်… “ယူချင်းက အခု ၁၈လွှာကို တက်နိုင်ပြီ… ဖူရှင်း… မင်းကရော ဘယ်နှလွှာအထိ တက်နိုင်လဲ…”
“၁၇ လွှာ…” ရီဖူရှင်းက ပြန်ဖြေသည်။
“မင်းတို့ မပြည့်စုံတဲ့ ကောင်းကင်ဘုံကျမ်းက သွေးကြောမ ဘယ်နှခု ဖွင့်နိုင်ပြီလဲ…” ရှီတန်ခိုးရှင် ထောင်ကျန်းက မေးသည်။
“ယူချင်းနဲ့အတူတူ… လေးခု…” ရီဖူရှင်းက ဖြေသည်။
“ဒါက ငါ့ထက် များတယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက သူ၏တပည့် နှစ်ယောက်ကို ပြုံးလျက် ကြည့်သည်… “တပည့်တွေကို သင်ပေးတာက ငါ့ရဲ့ အားသာတဲ့ အချက်တော့ မဟုတ်ဘူး… မင်းတို့နှစ်ယောက်ကို တပည့်အဖြစ် လက်ခံခဲ့တယ် ဆိုပေမဲ့ အမှန်တရားက မင်းတို့ကိုယ်တိုင် ကြိုးစား အားထုတ်ပြီး လေ့ကျင့်ခဲ့ရတာပဲ… အခု ငါမင်းတို့ကို ခန္ဓာကိုယ် လေ့ကျင့်တဲ့လူတွေ အတွက် တိုက်ခိုက်ရေး ပညာတစ်ခု သင်ပေးမယ်… ဒါက အရမ်း အားကောင်းတယ်… မင်းတို့က သေသေချာချာ လေ့ကျင့်ရမယ်… ရီဖူရှင်းက ဓာတ်စွမ်းအင် မျိုးစုံကို လေ့ကျင့်တယ်… ဒါပေမဲ့ ယူချင်း… မင်းက ခန္ဓာကိုယ် လေ့ကျင့်ပြီးတော့ ရှန့်ထိုအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိတယ်… မင်းရဲ့ ပါရမီကို အလဟဿ မဖြစ်စေနဲ့…”
ယူချင်းက ခေါင်းညိတ်သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာက တခြားလူများထက် အားကောင်းသည်ကို သူလည်း သိသည်။ ခန္ဓာကိုယ် လေ့ကျင့်ခြင်းက သူ့အတွက် အမှန်ပင် သင့်တော်ပေသည်။
“ပြင်ဆင်ကြ…” ရှီတန်ခိုးရှင် ထောင်ကျန်း၏ တတိယမျက်လုံး တစ်ဖန် ပွင့်လာပြန်သည်။ အလင်းတန်းများက မျက်လုံးမှ ထွက်လာကာ ရီဖူရှင်းတို့၏ စိတ်ထဲကို ဖျန်းပက်သည်။ ထို့နောက်တွင် သူတို့၏စိတ်ထဲကို ပုံရိပ်များ တစ်ခုပြီးတစ်ခု ဝင်လာသည်။ သူတို့က ထိုပုံရိပ်များထဲတွင် ရှီတန်ခိုးရှင် ထောင်ကျန်းကို နတ်ဘုရား တစ်ပါးအလား မြင်ကြရသည်။ ရှီတန်ခိုးရှင် ထောင်ကျန်းက အလင်းတန်းများ ဖြာထွက်လျက် ရပ်နေသည့်ပုံစံက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏နောက်တွင် ပြိုင်ဘက်ကင်းသော ပုံရိပ်တစ်ခု ပေါ်လာပြီး ထိုအရာက ရှေးဟောင်း နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။
“ထောင်ကျန်း ခန္ဓာကိုယ်က သိုင်းပညာ ခန္ဓာကိုယ်တစ်ခုကို ဖန်တီးနိုင်ပြီးတော့ အရမ်း အားကောင်းတဲ့ ခွန်အားကို ပေးတယ်… ဒါက ရပ်တန့်မရတဲ့ စွမ်းရည်ပဲ…” သူတို့၏ခေါင်းထံတွင် အသံတစ်သံကို ကြားကြရသည်။ ထို့နောက်တွင် သူတို့အား သည်ပညာရပ်နှင့် ပတ်သက်၍ မှတ်သားဖွယ်ရာများကို ရှီတန်ခိုးရှင် ထောင်ကျန်းက ပို့ချသည်။
“မပြည့်စုံတဲ့ ကောင်းကင်ဘုံကျမ်းနဲ့ ထောင်ကျန်းခန္ဓာ ပေါင်းရင် မင်းတို့ရဲ့ စွမ်းရည်က အရမ်း အားကောင်း သွားလိမ့်မယ်… ငါက ကောင်းကင်မြေရိုင်း အဆင့်၇ ဆိုပေမဲ့ မင်းတို့ရဲ့ ပါရမီက ငါ့ထက် မြင့်တယ်… နောက်ပိုင်း မင်းတို့က ဒီထက် မြင့်တဲ့အဆင့်ကို ရောက်မှာ သေချာတယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက သူတို့နှစ်ယောက်ကို ကြည့်ကာ တီးတိုးပြောသည်။ သူက နှစ်ယောက်လုံးကို မျှော်လင့်ချက် ကြီးမားစွာ ထားရှိသည်။
တော်ဝင်ကျဲ နန်းတော်အား လူသစ်များ ရောက်လာကြပြီ ဖြစ်သည်။ နောက်ထပ် သတင်းများကား သည်နှစ်ဝင်ခွင့် ပထမအား ရီဖူရှင်းနှင့် ယူချင်းက ပြင်းထန်စွာ ရိုက်နှက်ခဲ့ခြင်းပင်။ ဝင်ခွင့်ပထမ၏ ဂုဏ်ရှိန်ကြီးမားခြင်းကား ပြောနေစရာပင် မလိုပေ။ တန်ခိုးအဆင့် နိမ့်သည့်တိုင် ဝင်ခွင့်ပထမများကား ပုံမှန်အားဖြင့် အနိုင်ကျင့် ခံရလေ့သိပ်မရှိပေ။ သို့သော်လည်း စီမင်ကုကား နန်းတော်သို့ ရောက်သည်မှာ ၂နာရီပင် မကြာသေးဘဲ အရိုက်ခံရသည်။
လူအများအပြားက ထိုအဖြစ်အပျက်ကို ကြားကာ စိတ်လှုပ်ရှား ကြရသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်လုံး လှုပ်ရှားသည်ကို ၂နှစ်ကျော် ကာလအတွင်း ဦးဆုံး မြင်တွေ့ရခြင်း ဖြစ်သည်။ အကယ်၍ စီမင်ဟန်ကျင့်ကသာ စီမင်ကုအတွက် လက်စားချေရန် ကြိုးစားပါက အလွန် စိတ်ဝင်စားဖွယ် ကောင်းပေရော့မည်။
ရီဖူရှင်းနှင့် ယူချင်းတို့က စီမင်ဟန်ကျင့်ကို ရန်စရန် ကြိုးစား နေကြသည်များလား…။ စီမင်ကုအား ရိုက်နှက်ခဲ့ခြင်းက စီမင်ဟန်ကျင့်အား သူတို့ အလေးမထားဟု ဖော်ပြနေသည်။ ယခုကား စီမင်ဟန်ကျင့်နှင့် တော်ဝင်ရှီ နန်းဆောင် တပည့်များက ဒဏ်ရာများဖြင့် လဲလျောင်းနေသော လူငယ် တစ်ယောက်ကို ဝိုင်းကြည့်နေကြသည်။
“သူပဲလား…” ပိုင်စီ၏ မျက်လုံးများက လူသတ်လိုသော အငွေ့အသက်များ ယှက်သန်းနေသည်။ ရီဖူရှင်းအား အမုန်းတီးဆုံးလူကို ပြပါဆိုလျှင် ပိုင်စီအပြင် တခြားရှိအံ့မထင်။
“ငါတို့က စီမင်ကုကို ကြိုဆိုဖို့ ပြင်ဆင် နေခဲ့ကြတယ်… မထင်မိတာက…” ကျူးကော့ရှင်းက သွေးအလိမ်းလိမ်းဖြင့် လဲလျောင်းနေသော စီမင်ကုကို ကြည့်သည်… “သူက လုံးဝ မညှာတာခဲ့ဘူး… အရင်လိုပဲ မောက်မာပြီးတော့ လုပ်ချင်ရာ လုပ်တာပဲ…”
“အစ်ကို… သူ့ကို ရိုက်ပစ်…” စီမင်ကုက သူ၏အစ်ကိုအား ကြည့်ကာ အော်သည်။
“မင်း… ပါးစပ်ပိတ်ထား…” စီမင်ဟန်ကျင့်က ကြိမ်းမောင်းသည်… “မင်းက နန်းတော်ကို ဝင်လာတာနဲ့ စီနီယာတွေနဲ့ တိုက်ခိုက်ရဲတယ်… မင်းက ဝင်ခွင့်ပထမ ရတယ်ဆိုတိုင်း ပြိုင်ဘက်ကင်းပြီထင်လား… ”
ရီဖူရှင်းက ဘယ်လောက် ကြောက်မက်ဖွယ် ကောင်းသည်ကို သူသိသည်။ ရီဖူရှင်းက အဋ္ဌမအတန်းအစား နိုဘယ်ဖြစ်ခဲ့စဉ်က သူ၏မြင့်မားသော ပါရမီများကို လျန်ယွီချန်းအား ဂီတပညာဖြင့် အနိုင်ယူ ပြသခဲ့ပြီး ဖြစ်သည်။ ထိုစဉ်ကတည်းက တခြားလူများနှင့် ထပ်မံ မတိုက်ခိုက်တော့သော်လည်း သိုင်းပညာ၊ မှော်ပညာနှင့် ဂီတပညာတွင် သူ၏မှန်းဆမရသော ပါရမီအား မည်သူမှ သံသယဝင်စရာ မလိုပေ။ ယခု သူက စတုတ္ထတန်းစား နိုဘယ်ဖြစ်လာရာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလာမည်ကို သူတို့အားလုံး ခန့်မှန်း၍ ရသည်။
စီမင်ကုက နန်းတော်သို့ ရောက်သည်နှင့် ရီဖူရှင်းကို ရန်စရန် ကြိုးစားခြင်းက မိမိသေတွင်းကို ကိုယ်တိုင် တူးခြင်းဖြင့် သိပ်ထူးမခြားနားပေ။
“ကျွန်တော်က နှစ်ခွန်းတည်းပဲ ပြောခဲ့တာ… သူတို့နှစ်ယောက်က ဒီလောက် ရမ်းကားမယ် မထင်လို့ပေါ့…” စီမင်ကုမျက်လုံးများက မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
“မင်း ပြောတာ နှစ်ခွန်းတည်း ဟုတ်လား…” စီမင်ဟန်ကျင့်က ဒေါသတကြီး ပြောသည်… “မင်းက မိန်းကလေး တစ်ယောက်ကို တမင် စော်ကား ပြောဆိုတယ်… ဒါက သူ့ကို ရန်စတာ မဟုတ်ရင် ဘာလဲ… မင်းက အရင်တစ်ခေါက် ဝင်ခွင့်ပထမရဲ့ စွမ်းရည်ကို သိချင်တယ် မဟုတ်လား… အခု ဘယ်လိုနေလဲ…”
စီမင်ကုက ဆွံ့အသွားရသည်။ သူက မည်သို့ဆိုစေ ရီဖူရှင်းအား ရန်စခဲ့ခြင်း ဖြစ်သည်။
“ဒီတစ်ခေါက် ကြုံခဲ့ရတာကို သင်ခန်းစာယူ… မင်းရဲ့မာနကို ဘေးချပြီးတော့ ကြိုးစား လေ့ကျင့်တော့…” စီမင်ဟန်ကျင့်က အေးစက်စွာ ပြောသည်။
“သူ့ကို အနားယူဖို့ ခေါ်သွားလိုက်…” စီမင်ဟန်ကျင့်က သူ့ဘေးမှ တစ်ယောက်ကို ပြောသည်။ စီမင်ကုအား တစ်ယောက်က သယ်ဆောင် ထွက်ခွာသွားသည်။
စီမင်ဟန်ကျင့်က တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ကြည့်သည်။ စီမင်ကုကား အမှန်ပင် ရန်စခဲ့သူ ဖြစ်သော်လည်း တစ်ဖက်တွင် ရီဖူရှင်း၏ ပြုမူပုံကလည်း လွန်ကဲပေသည်။
“အစ်ကိုစီမင်… ကျုပ်တို့က ဒီအတိုင်း ထားလိုက် ရတော့မှာလား…” ပိုင်စီက ပြောသည်။
“သူက ဒီအဆင့်ကို ရောက်လာမှတော့ ငါတို့ချင်း တွေ့ဖို့ သိပ်မကြာတော့ပါဘူး… သူက ဒီနှစ် လက်ရည်စမ်းပွဲကို မလာဘဲ နေမှာ မဟုတ်ဘူး…” စီမင်ဟန်ကျင့်က အေးစက်စွာ ပြောသည်။ ယခု သူ၏ လက်ရှိပန်းတိုင်က ရှီအဆင့်ကို တက်လှမ်းရန် ဖြစ်သည်။
စီမင်ဟန်ကျင့်အား ရှီနန်းဆောင်သို့ ဝင်ခွင့်မပေးသေးခြင်းက ပါရမီရှင်အဆင့်တစ် ဖြစ်သည့်တိုင် သူက ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြရန် လိုသေးသည်ဟု ဆိုလိုရာ ရောက်ပေသည်။ သူက ရှီနန်းဆောင်သို့ ဝင်ခွင့်နှင့် ထိုက်တန်မှု ရှိကြောင်း သက်သေပြရန် လိုသေးသည်။
ဘယ်သူမှ ဘာမှ ထပ်မပြောကြတော့ပေ။ သို့သော် ကျူးကော့ရှင်းက ပြောသည်… “အာခီမီမြို့က မြေရိုင်းဒေသက အင်အားစုတွေ အားလုံးကို သူတို့ရဲ့ အာခီမီ ညီလာခံအတွက် ဖိတ်ခေါ်နေတယ်… စီနီယာတွေကရော သွားကြမှာလား…”
“ငါက တံခါးပိတ် လေ့ကျင့်တော့မယ်… ဒါကြောင့် ငါက မင်းတို့နဲ့ မလိုက်တော့ဘူး… ဒါပေမဲ့ မင်းတို့ အတွက်တော့ ပြင်ပဗဟုသုတ အတွေ့အကြုံရမယ့် အခွင့်အလမ်း တစ်ခုပဲ… မြေရိုင်းဒေသက ပညာရှင်တွေ အဲဒီမှာ စုစည်းကြလိမ့်မယ်…” စီမင်ဟန်ကျင့်က ပြောသည်။
အာခီမီမြို့ကား မြေရိုင်းဒေသတွင် အဆင့်အတန်း မြင့်သော နေရာတွင် ရှိသည်။ သူတို့က တော်ဝင်ကျဲ နန်းတော် ဝင်ခွင့်အား တစ်ခါမှ ဝင်မပြိုင်ခဲ့ကြပေ။ သူတို့၏ အဆင့်အတန်းနှင့် မာနကို မြင်တွေ့နိုင်သည်။
တော်ဝင်ကျဲ နန်းတော်မှ လူများက အနည်းငယ် စိတ်ပျက်ကြရသည်။ သူတို့က စီမင်ဟန်ကျင့်နှင့် ရီဖူရှင်းတို့ ရင်ဆိုင် တွေ့တော့မည်ဟု စိတ်လှုပ်ရှား နေကြသော်လည်း ယခု ထိုသို့ ဖြစ်လာမည့်ပုံ မရှိပေ။ သို့သော်လည်း အာခီမီမြို့မှ ညီလာခံပွဲ အကြောင်းကား တော်ဝင်ကျဲ နန်းတော်တစ်ခုလုံး ပျံ့နှံ့နေသည်။
ရီဖူရှင်းကလည်း ထိုသတင်းအား ရှီတန်ခိုးရှင် ထောင်ကျန်းထံမှ ရသည်။
“အာခီမီ ညီလာခံ…” ရီဖူရှင်းက မေးသည်။
“မှန်တယ်… အာခီမီညီလာခံက အာခီမီမြို့က ဦးစီးကျင်းပတဲ့ မြေရိုင်းပြည်နယ်က အကြီးဆုံး ချပ်ဝတ်လက်နက် ပြုလုပ်သူတို့ ပြိုင်ပွဲပဲ… ရှီတန်ခိုး အဆင့်ထက်နိမ့်တဲ့ ဘယ်သူမဆို ဝင်ပြိုင်လို့ရတယ်… ဒါက ဆယ်နှစ်မှ တစ်ခါ ကျင်းပတာပဲ… မြေရိုင်းပြည်နယ်က အင်အားစုတွေ အကုန်လုံး သွားကြလိမ့်မယ်… ဒါပေမဲ့ အာခီမီမြို့က တော်ဝင်ကျဲ နန်းတော်ဝင်ခွင့်ကို တစ်ခါမှ ဝင်ပါခဲ့တာ မဟုတ်ဘူး… ဒါကြောင့် တော်ဝင်ကျဲ နန်းတော်က အကြီးအကဲတွေကလည်း သူတို့ကို မျက်နှာသာ ပေးမှာ မဟုတ်ဘူး.. မင်းတို့ လူငယ်တွေကတော့ သွားချင်ရင် သွားလို့ရတယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။
“ကျွန်တော်က ချပ်ဝတ် လက်နက်ပညာရှင်လည်း မဟုတ်ဘူး… ဒီညီလာခံကို တက်လို့ ဘာထူးခြားမှာလဲ…” ရီဖူရှင်းက သိပ်စိတ်မဝင်စားပေ။
“ချပ်ဝတ်လက်နက် ပြိုင်ပွဲက မြေရိုင်းဒေသက ပုဂ္ဂိုလ်ကြီးတွေ လာရောက် စုစည်းတဲ့ အချိန်အခါပဲ… မင်းက တော်ဝင်ကျဲ နန်းတော်မှာပဲ လေ့ကျင့်နေတာ မပျင်းဘူးလား… အပြင်ဘက်ကို တစ်ခါတလေ သွားသင့်တယ်…” ရှီတန်ခိုးရှင်ထောင်ကျန်းက ပြောသည်။
“ဆရာက ကျွန်တော့်ကို သွားစေချင်လား…” ရီဖူရှင်းက မေးသည်။
“ဟုတ်တယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ခေါင်းညိတ်သည်။
“ဒါဆိုလည်း ကျွန်တော်က သွားပါ့မယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ကောင်းတယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြုံးလျက် ပြောသည်… “ခန္ဓာကိုယ် လေ့ကျင့်တဲ့ဖြစ်စဉ်က ပျင်းရိငြီးငွေ့ဖို့ ကောင်းတဲ့ ကိစ္စပဲ… ရှီအဆင့်ကို တက်လှမ်းတဲ့အခါ ခန္ဓာကိုယ် လေ့ကျင့်တာက သိပ်မတိုးတော့ဘူး ဆိုတာက အမှန်တကယ်တော့ လုံလောက်တဲ့ အထောက်အပံ့တွေက ရှားပါးသွားလို့ပဲ… တော်ဝင်ကျဲ နန်းတော်မှာတောင်မှ ရှီအဆင့် ခန္ဓာကိုယ် လေ့ကျင့်သူတွေ အတွက် အထောက်အပံ့တွေက သိပ်မရှိဘူး… ဒါကြောင့် မင်းတို့က လိုအပ်ချက်တွေ အတွက် ပြင်ပက ပညာရှင်တွေနဲ့ သိကျွမ်းဖို့လိုတယ်… အဆက်အသွယ် ရှိဖို့လိုတယ်… အာခီမီမြို့က မြေရိုင်းပြည်နယ်မှာ အကောင်းဆုံး ချပ်ဝတ်လက်နက် ပညာကို ပိုင်ဆိုင်ထားတယ်… မင်းတို့က သူတို့နဲ့ အဆက်အသွယ် ရှိတာက ကောင်းတဲ့အချက်ပဲ…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။
“ဆရာ… အာခီမီမြို့စားက ကောင်းကင်မြေရိုင်း အဆင့်ရှစ်လို့ ပြောသံကြားတယ်… အာခီမီမြို့က မြေရိုင်းပြည်နယ်မှာ အတော် အဆင့်မြင့်တဲ့နေရာမှာ ရှိတယ်…” ရီဖူရှင်းက ပြောသည်။
“သူတို့ အဓိက လေ့လာတာက ချပ်ဝတ်လက်နက် ပြုလုပ်တာပဲ… အင်အားစုတွေရဲ့ လက်နက် လိုအပ်ချက်တွေကို အာခီမီမြို့ကပဲ ဖြည့်ဆည်း ပေးနိုင်တယ်… ဒုတိယ… အာခီမီမြို့ ကိုယ်တိုင်က အရမ်း အဆင့်မြင့်တဲ့ လက်နက်တွေကို ပိုင်ဆိုင်ထားတယ်… အာခီမီမြို့စား ကိုယ်တိုင်က ကောင်းကင်မြေရိုင်း အဆင့်ရှစ်မှာ ရှိတယ်… သူ့ရဲ့ အဆင့်မြင့် ချပ်ဝတ် လက်နက်တွေနဲ့ဆိုရင် သူ့ကို ထိရဲသူ မရှိသလောက်ပဲ… ဘယ်လိုပြောပြော အာခီမီမြို့ကို ဘယ်သူမှ ရန်မစရဲဘူး…” ရှီတန်ခိုးရှင် ထောင်ကျန်းက ရှင်းပြသည်။
“ဒါဆို တော်ဝင်လက်နက် (ရှန့်ထိုလက်နက်) တွေကို အဲဒီမှာ တွေ့နိုင်တာပေါ့…” ရီဖူရှင်း၏မျက်လုံးက အရောင်လက် သွားသည်။ မြေရိုင်း ပြည်နယ်တွင် ရှန့်ထိုများ ရှိခဲ့ဖူးသည်။ ထိပ်သီးကျောင်း သုံးကျောင်းပင် ရှန့်ထို၏ မျိုးရိုးအမွေများ ရှိနေခဲ့ရာ တော်ဝင်ကျဲ နန်းတော် ဆိုပါက ပြောနေစရာပင် မလိုတော့ပေ။
“တွေ့နိုင်တာပေါ့…” ရှီတန်ခိုးရှင် ထောင်ကျန်းက ခေါင်းညိတ်သည်။
အာခီမီမြို့က အဘယ်ကြောင့် ထိုမျှ အဆင့်အတန်း မြင့်မားသည်ကို ရီဖူရှင်းက ရိပ်မိလိုက်သည်။
“ပြီးတော့ အာခီမီမြို့က တော်ဝင်ကျဲ နန်းတော်ကိုလည်း ဖိတ်ခေါ်ထားတယ်… နန်းဆောင် ခြောက်ခုလုံးက သူတို့ရဲ့တပည့်တွေကို ပြေပြထားပြီးပြီ… တခြား တော်ဝင်ကျဲ နန်းတော် တပည့်တွေလည်း အဲဒီကို သွားကြလိမ့်မယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ထပ်ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျွန်တော်က ဘယ်သူတွေ ကျွန်တော်နဲ့အတူ သွားမလဲ မေးကြည့်ဦးမယ်…”
”အင်း… မင်း မေးသင့်တယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။
***