အပိုင်း (၆၁၀)

သမိုင်းတစ်လျှောက် ကံအဆိုးဆုံး နန်းတော်ဝင်ခွင့်ပထမ

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်လှေကားထစ် ခြေရင်းသို့ ပြန်လာခဲ့သည်။ တော်ဝင် ကိုးလမ်းမှ စွမ်းအားမြင့် တန်ခိုးရှင်များ တဖြည်းဖြည်း ရောက်ရှိ လာသည်တွင် ရီဖူရှင်းကလည်း ကျူးကော့မင်းယွီ၏ ဘေးနားကို ရောက်လာသည်။

“ဖူရှင်း… ဂျီယူ… မင်းတို့က ဒီနေ့ ငါနဲ့အတူ ဝင်ခွင့်စစ်ဆေးပွဲကို ကြည့်ရမယ်…” ကျူးကော့မင်းယွီက တီးတိုးပြောသည်။ သူမက ရှေ့ကို ကြည့်နေသည်။ စစ်ဆေးပွဲက ရက်အနည်းငယ် ကြာမြင့်မည် ဖြစ်သည်။ ယနေ့ကား အဖွင့်နေ့မျှသာ ရှိသေးသည်။

ရီဖူရှင်း၏ မျက်မှောင်များ ကြုတ်သွားသည်။ သူ၏အစ်မနှစ်က သူ၏နာမည်ကို ခေါ်ခဲသည်။ ယနေ့ သူမ တစ်ခုခု ဖြစ်နေဟန်ရသည်။

“အစ်မနှစ်… အဆင်မပြေတာ တစ်ခုခု ရှိနေလား…” ရီဖူရှင်းက မေးသည်။

ကျူးကော့မင်းယွီက သူ့ကို ကြည့်သည်… “မင်းက ဘာကို စဉ်းစားနေတာလဲ… ဘယ်လိုလုပ် အဆင်မပြေတာ ရှိနေရမှာလဲ… ”

“တကယ်လား…” ရီဖူရှင်းက သူမကို မယုံပေ။

ကျူးကော့မင်းယွီက သူ့ကို ဒေါသတကြီး ကြည့်သည်။ ရီဖူရှင်း၏ မျက်လုံးများက အဝေးကို ရောက်သွားကာ သူက ပြောသည်… “အစ်မနှစ်… တကယ်လို့ မကောင်းတာ တစ်ခုခု ဖြစ်နေတယ်ဆိုရင် ဒါကို ကျွန်တော်နဲ့ ဂျီယူကလည်း မျှဝေခံစား ပေးပါ့မယ်…”

ကျူးကော့မင်းယွီက လက်ဆန့်တန်းကာ ရီဖူရှင်း၏ခေါင်းကို အသာပုတ်သည်။ အသာပြုံးလျက်ပင် သူမက ပြောသည်… “ကောင်လေး… တန်ခိုးကျင့်ရာမှာ ကြိုးစား… မကြာခင် ရှီအဆင့်ကို ရောက်အောင် လုပ်…”

“ဟုတ်ကဲ့… ကျွန်တော် ကြိုးစားမှာပါ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ဒီသုံးနှစ်ထဲမှာ ကျွန်တော်က နန်းတော်က ဘယ်မှ မသွားခဲ့ဘူး… ကျွန်တော်က စက္ကန့်တိုင်းမှာ လေ့ကျင့်နေခဲ့တယ်… လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်လည်း ဟိုအောက်နားမှာပဲ ရှိခဲ့တယ်… အခု ကျွန်တော်က ဝင်ခွင့်စစ်ဆေးပွဲကို အစ်မနှစ်နဲ့အတူ ကြည့်နေနိုင်ပြီ… နောက်နှစ် နည်းနည်းကြာရင် ကောင်းကင်မြေရိုင်း အဆင့်မှာ ကျွန်တော့်နာမည် ပေါ်လာရမယ်လို့ ပြောရဲတယ်… ဒါက နာမည် ကျော်ကြားမှုအတွက် မဟုတ်ဘူး… တချို့သော အကြောင်းအရာတွေကို သက်သေပြမလို့ပဲ…”

ကျူးကော့မင်းယွီက ရီဖူရှင်းကို ပြုံးလျက်ကြည့်သည်။ သူက ဘာကို ပြောနေသည်ကို သူမသိသည်။ ပိုင်လွေလီက ရှီအဆင့် တက်လှမ်းပြီး မကြာခင် ကောင်းကင်မြေရိုင်း အဆင့်၁၀ နေရာကို ရယူခဲ့သည်။ ဂူတုံးလျိုက သူ့အား စိန်ခေါ်ကာ ရှုံးနိမ့်ခဲ့၏။ ပိုင်လွေလီကလည်း ကျူးကော့မင်းယွီနှင့် ရှုပ်ထွေးသော ပတ်သက်မှုအချို့ ရှိသည်။

ရီဖူရှင်းက လောကကြီးအား တချို့သော အကြောင်းအရာများကို သက်သေပြလိုသည်။

“ငါမင်းကို ယုံတယ်…” ကျူးကော့မင်းယွီက နွေးထွေးစွာ ပြုံးသည်… “မင်းက အခု ၂၅နှစ်ပြည့်ပြီ… ဟုတ်တယ်မလား… မင်း အသက် ၁၈နှစ်တုန်းက ကော့တေးကို ရောက်လာတဲ့အချိန်ကို ငါမှတ်မိသေးတယ်… မင်းက အရမ်းချစ်စရာ ကောင်းတာပဲ…”

ရီဖူရှင်းက ဆွံ့အသွားသည်။ ချစ်စရာ ကောင်းသည်တဲ့လား…။ ကျူးကော့မင်းယွီက သူ့အား ပထမဆုံး တွေ့စဉ်က ထိုသို့ တွေးခဲ့သည်လား…။

“အစ်မနှစ်…  ကျွန်တော် အသက် ၂၅ နှစ်ရှိပြီ… ကျွန်တော်က သက်စောင့်ဝိညာဉ်ကို မနိုးထစေနိုင်ခဲ့လို့ အသက် ဆယ့်ငါးနှစ်ကမှ စပြီးတော့ တန်ခိုးကျင့်ခဲ့ရတယ်…” ရီဖူရှင်းက အဝေးကို ကြည့်သည်… “အခု ဆယ်နှစ်ကြာခဲ့ပြီ… ဒီဆယ်နှစ်ကာလမှ ကျွန်တော့်ရဲ့ လက်ရှိအဆင့် စတုတ္ထတန်းစား နိုဘယ် ဖြစ်လာခဲ့တယ်… ဒါပေမဲ့ တကယ်တမ်း ကျွန်တော် လိုချင်ရင် တော်ဝင်ကျဲ နန်းတော် ပါရမီရှင်အဆင့် နံပါတ်တစ်နေရာကို အခုပဲ ယူနိုင်စွမ်း ရှိတယ်… ကျွန်တော်က အဆင့်မြင့် နိုဘယ် အတန်းအစား ဖြစ်သွားတဲ့အခါ ဘယ်နိုဘယ်ကမှ ကျွန်တော့်ကို အနိုင်မယူနိုင်ဘူးလို့ ပြောရဲတယ်…” သူ၏အသံကား အလွန်အမင်း ယုံကြည်မှုများဖြင့် ပြည့်နေသည်။

ကျူးကော့မင်းယွီက သူမ၏ဘေးမှ ကောင်လေးကို ကြည့်ကာ မျက်လုံးများ ကြည်လင် လင်းလက်နေသည်။ ရီဖူရှင်းက ကြွားဝါနေခြင်း မဟုတ်ကြောင်း သူမသိသည်။ ရီဖူရှင်းက သူမအား ပြောပြလိုရင်းသာ ဖြစ်၏။

“ကြည့်ရတာ ဂျူနီယာလေးက အရွယ် ရောက်လာပြီပဲ…” ကျူးကော့မင်းယွီက ရေရွတ်သည်။ သုံးနှစ်တာ ကာလက မျက်လုံး တစ်မှိတ်အတွင်း ကုန်ဆုံးသွားကာ ရီဖူရှင်းက အရွယ် ရောက်လာပြီဟု သူမခံစားရ၏။ တချိန်က အသက် ၁၈ နှစ်ကောင်လေးကား ယခု အရွယ် ရောက်လာလေပြီ။

“ကဗျာတစ်ပုဒ်က ပြောတယ်… ငါတို့ ဘဝတွေကသာ ပထမဆုံး တွေ့ဆုံခြင်း အတိုင်းပဲ ရှိနေခဲ့ရင်… သို့ပေမဲ့လည်း မင်းက တဖြည်းဖြည်းချင်း ကြီးပြင်းလာတာကို ကြည့်ရတာလည်း အရမ်း ကောင်းမွန်တယ်တဲ့…”

ကျူးကော့မင်းယွီက ရီဖူရှင်း၏ခေါင်းကို အသာပုတ်သည်။ ကျူးကော့မင်းယွီ၏ ညင်သာသော လက်ကလေးနှင့် ချစ်ခင် နှစ်လိုဖွယ် ကြည့်သော မျက်လုံးများကို မြင်သည်တွင် ရီဖူရှင်းက ဆွံ့အရသည်။ သူက အရွယ်ရောက်လာပြီဟု သူမက ပြောသော်လည်း သူ၏အစ်မနှစ်က သူ့အား ကလေး တစ်ယောက်လို သဘောထားနေဆဲ…။

“အစ်မနှစ်… ဒီနှစ်မှာ ဘယ်သူတွေက လူသိများတာလဲ…” ရီဖူရှင်း၏ အကြည့်က အကဲဖြတ် ကွင်းပြင်ထဲကို ရောက်သွားသည်။ ထိုနေရာတွင်ကား မရေမတွက်နိုင်သော လူများကို မြင်ရသည်။ အများစုမှာ စတင်၍ ဖယ်ထုတ်ခံရတော့မည် ဖြစ်သည်။

“မြေရိုင်းဒေသမှာ မျိုးဆက်တိုင်း အတွက် မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကတော့ ရှိနေတာပဲ… ဒါပေမဲ့ စီမင်ကလန်နဲ့ လျှပ်စီးကလန်တို့က ဒီတစ်ခေါက် ထူးချွန်တဲ့ လူငယ်တွေကို စေလွှတ်ခဲ့ကြတယ်… ပြီးတော့ မင်း အနိုင်ယူခဲ့တဲ့ ယန်ချူရဲ့ ညီမလည်း ဒီတစ်ခေါက် ပါလာတယ်… ကျူးကော့မိသားစုနဲ့ တိမ်ဖြူမြို့ကလည်း ပါရမီမြင့်တဲ့ လူငယ်တွေ လာကြတယ်…”

ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်… “သူတို့က ဘယ်လောက် ပါရမီမြင့်ပါစေ… ပြီးခဲ့တဲ့တစ်ခေါက်က လူတွေကို မယှဉ်နိုင်လောက်ဘူး…”

“သေချာတာပေါ့…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “နောက်ဆုံး တစ်ခေါက်က ဘယ်သူပါလဲ ကြည့်ပါလား…”

ကျူးကော့မင်းယွီက ရီဖူရှင်း၏ ဂုဏ်ဖော်စကားကို ပြုံးသည်။ ပထမနေ့ အပြီးတွင်ပင် သူမ ထွက်ခွာ သွားသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က တစ်ချိန်လုံး သူမ၏ ဘေးနားတွင် အဖော်ပြု ပေးခဲ့ကြသည်။ တစ်စုံတစ်ခု မူမမှန်သည်ကိုလည်း ရီဖူရှင်း ခံစားမိ၏။ သူက အစ်မနှစ်အား အကြောင်းအရာ များစွာကို ပြောဖြစ်ခဲ့သည်။ အချို့သော စကားများက မောက်မာသော်လည်း ကျူးကော့မင်းယွီက သူ၏သဘောကို နားလည်သည်။

ရီဖူရှင်းက အကဲဖြတ် စစ်ဆေးပွဲကို ဆက်လက်၍ ကြည့်ရှုသည်။ လောင်လင်းအာ၊ လောင်မူနှင့် ကုယွန်ချီတို့က အကဲဖြတ်ပွဲကို ဝင်ပြိုင်သည် မဟုတ်ပါလား…။

သည်သုံးနှစ်အတွင်း လောင်မူကား အမှန်ပင် ကြီးစွာ တိုးတက်ခဲ့သည်။ ရီဖူရှင်းကြောင့် သူ၏စိတ်က တွန်းအားများစွာ ဖြစ်ခဲ့ပုံရသည်။ လောင်လင်းအာကား အသက် ဆယ့်ရှစ်နှစ်မျှသာ ရှိသေးသော်လည်း သူမ၏ နဂါးဂီတပါရမီကလည်း အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းသည်။ သူမကား လောင်မူထက်ပင် ပါရမီမြင့်၏။ သည်တစ်ခေါက်တွင် ရီဖူရှင်းနှင့် ယူချင်းတို့ကဲ့သို့ မထင်ပေါ်ဘဲ နောက်ဆုံးအထိ ရောက်လာသူများ မပါပေ။ သို့သော်လည်း လူငယ်များ၏ ပါရမီများက အမှန်ပင် ကောင်းမွန် လှပေသည်။

စီမင်ကလန်မှ စီမင်ကုက ပထမရကာ ဓားကျေးရွာမှ ယန်ချန့်ဝူက ဒုတိယရသည်။ သူမကား ယန်ချူ၏ ညီလည်းဖြစ်၏။ သူမ၏ဓားပညာက တိကျကာ လှပသည်။ သူမ၏ကိုယ်ပိုင် ထိုးထွင်း နားလည်မှုများဖြင့် အသုံးပြုသော နတ်ဓားကိုးလက်က အလွန် အားကောင်းပေသည်။ တတိယကား လျှပ်စီးကလန်မှ လူငယ်တစ်ယောက် ဖြစ်သည်။ နောက်ဆုံး တစ်ခေါက်က စီမင်ကလန်နှင့် လျှပ်စီးကလန်တို့က ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲသို့ပင် မဝင်ခဲ့ပေ။ သည်တစ်ခေါက် သူတို့၏ ဂုဏ်သိက္ခာကို ကြီးစွာ မြင့်တက်ခဲ့သည်။

စီမင်ကုက တော်ဝင် ရှီနန်းဆောင်ကို ဝင်သွားသော အချိန်တွင် ယန်ချန့်ဝူက ဓားနန်းဆောင်ကို ဝင်ရောက်ခဲ့၏။ လွန်ခဲ့သော သုံးနှစ်က  ယန်ချူအား ဓားမိစ္ဆာက မခေါ်ယူခဲ့သော်လည်း ယခုတစ်ခေါက် သူက ယန်ချန့်ဝူကို သဘောကျခဲ့ပုံရသည်။

အကဲဖြတ် စစ်ဆေးခြင်းက ပြီးဆုံးခြင်းကို ရောက်သွားသောအခါ လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်ကြရသည်။ အချို့က ပျော်ရွှင်နေသော အချိန်တွင် အချို့က စိတ်ပျက် ဝမ်းနည်း ကြရသည်။

ရီဖူရှင်းက ကျောင်းအုပ်ချန်းတို့ အုပ်စုထံသို့ လှမ်းသွားလိုက်သည်။ လောင်လင်းအာက အပြုံးဖြင့် ဆီးကြိုသည်… “အစ်ကိုဖူရှင်း… လင်းအာ ဘယ်လိုနေလဲ…”

“အင်း… ထို့ကျန်းနန်းဆောင်က မင်းအတွက် ခြွင်းချက်အနေနဲ့ လက်ခံပေးတယ် ဆိုတော့ လင်းအာလေးက တော်တာပေါ့…” ရီဖူရှင်းက လင်းအာ၏ခေါင်းကို အသာပုတ်ကာ ပြောသည်။ အသက် ဆယ့်ရှစ်နှစ်မျှသော ရှိသေးသော သူမကား အဆင့်မြင့် အကာနာမျှသာ ဖြစ်သည်။ သို့သော်လည်း ရှီတန်ခိုးရှင် ထို့ကျန်းက လောင်လင်းအာကို လက်ခံပေးခဲ့သည်။

ရှီတန်ခိုးရှင် ထို့ကျန်းလည်း လောင်ရီထျန်းကို သိပေသည်။ မိုးမြေ ကောင်းကင်မြို့မှ လာသော လောင်ရီထျန်းကား ကောင်းကင်မြေရိုင်း အဆင့်တွင် တစ်ဟုန်ထိုး တက်လာခဲ့သည်။ သူကား အလွန် မြင့်မားသော ပါရမီနှင့် ထူးခြားသော စွမ်းရည်ကို ပိုင်ဆိုင်သူ ဖြစ်သော်လည်း နောက်ပိုင်း ရုတ်တရက် ပျောက်ကွယ် သွားခဲ့၏။ ယခု လောင်လင်းအာထံတွင် လောင်ရီထျန်း ကဲ့သို့သော အရည်အချင်းမျိုးကို သူ မြင်နေရသည်။

“သေချာတာပေါ့…” လောင်လင်းအာက အနည်းငယ် ဂုဏ်ယူစွာ ပြောသည်။ ချန်းယွန်နှင့် သခင်မလောင်တို့ကလည်း ပျော်ရွှင်ရသည်။ လောင်လင်းအာက ဘာမှ စွမ်းဆောင်နိုင်မည် မဟုတ်ဟု သူတို့ တွေးခဲ့ကြသော်လည်း ထို့ကျန်းနန်းဆောင်က သူမအား လက်ခံပေးခဲ့သည်။

“လောင်မူ … မင်းလည်း ကောင်းကောင်း လုပ်ခဲ့တယ်…” ရီဖူရှင်းက လောင်မူကို ပြောသည်။ သူကလည်း ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ဝင်ရောက်နိုင်ခဲ့၏။

“ငါမင်းကို အမီလိုက်မယ်…” လောင်မူက ရီဖူရှင်းကို ပြောသည်။ သူ၏ပစ်မှတ်က ရီဖူရှင်း ဖြစ်သည်။

“ဒါဆိုလည်း မင်းက ကြိုးစားဖို့လိုတယ်…” ရီဖူရှင်းက ရယ်မော၍ ပြောသည်။

သခင်မလောင်က လူငယ်များကို ကြည့်ကာ ပြုံးသည်။ လောင်မူကား နောက်ဆုံးတွင် အနည်းငယ် ရင့်ကျက်လာပြီဟု ပြော၍ ရသည်။ နောင်တွင် သူကလည်း သူမ၏အစ်ကို လောင်ရီထျန်းကဲ့သို့ အားကိုးရသူ ဖြစ်လာရန် သူမမျှော်လင့်သည်။

“လင်းအာ… အမေနဲ့ ပြန်လိုက်မလား… ဒါမှမဟုတ် နန်းတော်ကို တစ်ခါတည်း သွားတော့မလား…” သခင်မလောင်က​ မေးသည်။

“ဟင့်အင်း… သမီး ပြန်မလိုက်တော့ဘူး… အဖေ့ကို သမီးက စိတ်မပျက်စေခဲ့ဘူးလို့ ပြောပေး…” လောင်လင်းအာက ပြောသည်။

“ကောင်းပြီ…” သခင်မလောင်က ခေါင်းညိတ်ကာ ဖူရှင်းကို ပြောသည်… “ဖူရှင်း… မင်းရဲ့ ညီမကို ဂရုစိုက်ပေး…” သခင်မလောင်က ပြောသည်။

“သခင်မ… စိတ်မပူပါနဲ့… လင်းအာ ဘာမှ မဖြစ်စေရပါဘူး…” ရီဖူရှင်းက ပြောသည်။

“မင်းရှိမှတော့ ငါက ဘယ်စိတ်ပူပါ့မလဲ… ကောင်းပြီ… သွားကြတော့…” သခင်မလောင်က ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ ကုယွန်ချီကို ကြည့်သည်… “ယွန်ချီ… စိတ်မပျက်ပါနဲ့… ကြယ်မင်းကျောင်းမှာ လေ့ကျင့်တာလည်း ကောင်းတာပါပဲ…”

“အင်း…” ကုယွန်ချီက ခေါင်းညိတ်သည်။ သို့သော်လည်း သူမက မည်သို့ စိတ်မပျက်ဘဲ နေမည်နည်း။ သူမက ကြိုးစားခဲ့သော်လည်း လုံလောက်ခဲ့ခြင်း မရှိပေ။

“ကျောင်းအုပ်… သခင်မ… ကျွန်တော်တို့ သွားပြီ…” ရီဖူရှင်းက အားလုံးကို နှုတ်ခွန်းဆက်သကာ လောင်လင်းအာကို နန်းတော်သို့ ခေါ်လာခဲ့သည်။

သူတို့သာ မဟုတ်ပေ တခြားလူ အတော်များများကလည်း အိမ်မပြန်တော့ဘဲ နန်းတော်သို့ တစ်ခါတည်း ဝင်ကြသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ရှိရာ သူတို့အား တခြားလူများက လမ်းညွှန်ပြသစရာ မလိုတော့ပေ။ သူတို့အုပ်စုက ကောင်းကင်ထက်ကို ပျံသန်း သွားကြသည်။

“လင်းအာ… ငါမင်းကို နန်းတော်ထဲ လိုက်ပြပေးမယ်…” ရီဖူရှင်းက ပြောသည်။

“အင်း…” လင်းအာ၏ မျက်လုံးများက စိတ်ဝင်စားမှုများကြောင့် ရွှန်းလဲ့တောက်ပ နေသည်။

ရီဖူရှင်းက နန်းတော်၏ နေရာ အတော်များများကို လိုက်ပါ ပို့ဆောင်သည်။ လေ့ကျင့်ရေးကွင်းထဲရှိ သတ်မှတ်ထားသော ဇုန်များနှင့် ထူးခြားသော နေရာများကို သူတို့ သွားရောက်ကြသည်။ တစ်နေရာသို့ ရောက်လျှင် လောင်လင်းအာက လက်ညှိုးထိုးကာ မေးသည်… “အဲဒါ ဘာလဲ… တန်ခိုးကျင့်တဲ့ နေရာနဲ့လည်း မတူဘူး… လူတွေ အများကြီးလည်း အဲဒီနေရာမှာ ရှိတယ်…”

“အဲဒါ ပါရမီရှင်စင်မြင့်ပဲ… နန်းတော် တပည့်တွေက အဲဒီမှာ စိန်ခေါ် တိုက်ခိုက်ကြတယ်… အဲဒီစင်ထက်မှာ တိုက်ခိုက်ပြီးတော့ လူတွေ အတော်များများက ပါရမီရှင်အဆင့် ဇယားထဲကို ဝင်ရောက်ကြတယ်… မင်းတို့ လူသစ်တွေက အဲဒါတွေကို ပိုစိတ်ဝင်စားကြတယ်…” ရီဖူရှင်းက ရယ်မော၍​ ပြောသည်။

“ပါရမီရှင်အဆင့် ဇယား…” လောင်လင်းအာက စိတ်ဝင်စား သွားသည်… “အစ်ကို… လင်းအာ သွားကြည့်ချင်တယ်…”

“ကောင်းပြီ…” ရီဖူရှင်းက ပြုံးသည်။ သူတို့အုပ်စုက ပါရမီရှင်အဆင့် ဇယား ကျောက်တိုင်အရှေ့၌ ဆင်းသက်ကြသည်။ လင်းအာက ရှေ့ကို ပြေးသွား၏။

“ဝါး… အစ်ကိုဖူရှင်းက အဆင့်တစ်ဆယ်…” သူမက ကျယ်လောင်စွာ အော်ဟစ်သည်။ လူအများအပြားက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ သူက ထိုအဆင့်အား လွန်ခဲ့သော ၂နှစ်ကတည်းက ဝင်ခဲ့ခြင်း ဖြစ်သည်။ ယခု သူက ထပ်မံ တိုက်ခိုက်လျှင် ထို့ထက်မြင့်သော အဆင့်တစ်ခုသို့ ရောက်မည်မှာ သေချာပေသည်။ လူသစ်များကလည်း သူ့ကို လှမ်းကြည့်ကြသည်။ သူက ယခင်တစ်ခေါက် ဝင်ခွင့် ပထမလား…။

“ရှင်က ရီဖူရှင်းလား…” ထက်ရှသော အကြည့်တစ်ခု ရီဖူရှင်းထံကို ရောက်လာသည်။

ရီဖူရှင်းက လှမ်းကြည့်သည်တွင် လှပသော မိန်းကလေး တစ်ယောက်ကို မြင်ရသည်။ သူမ၏ခန္ဓာကိုယ်မှ ထက်ရှသော အငွေ့အသက်များ ဖြာထွက်နေသည်။ သူမကား ယန်ချူ၏ညီမ ယန်ချန့်ဝူဖြစ်သည်။

“ဟုတ်တယ်…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။

“ရှင့်ကြောင့်ပဲ မနှစ်က အစ်ကို စိတ်ဓာတ်ကျပြီး အိမ်ပြန်လာတယ်… တစ်နေ့ ရှင့်ကို ကျွန်မ စိန်ခေါ်မယ်…” ယန်ချန့်ဝူက ပြောသည်။

“ငါစောင့်နေမယ်…” ရီဖူရှင်းက ပြုံးသည်။ သူစိတ်မဆိုးပေ။ သူ၏စိတ်နေ သဘောထားက ယခင် ၃နှစ်နှင့် များစွာ ကွာခြားသွားပြီး ဖြစ်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က နံပါတ်တစ်တဲ့လား…” တစ်ယောက်က ပါရမီရှင်အဆင့် ဇယားရှေ့တွင် ရီဖူရှင်းကို ကျောပေးရပ်လျက် ရေရွတ်သည်… “ငါနဲ့ တစ်နှစ်တည်း မဟုတ်တာ စိတ်မကောင်းစရာပဲ…”

လူအများအပြားက စကားပြောသူကို ကြည့်လိုက်ကြသည်။ သူကား စီမင်ကု ဖြစ်သည်။ သူက သည်နှစ် ဝင်ခွင့်ပထမလည်း ဖြစ်၏။ သူက သူ၏စီနီယာကို စိန်ခေါ်နေသည်လား…။

ရီဖူရှင်းက သူ့ကို ကြည့်သည်။ သူကား အမှန်ပင် မောက်မာသည်။ သို့သော် ရီဖူရှင်း စိတ်ထဲ မထားပေ။ ဝင်ခွင့်ပထမက သေချာပေါက် မောက်မာပေမည်။

“ရှင်က သူနဲ့ တစ်နှစ်တည်းဆိုရင် နံပါတ်တစ် သေချာပေါက် မရဘူး…” လောင်လင်းအာက ပြောသည်။

စီမင်ကုက နောက်လှည့် ကြည့်သည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်ပြီးမှ လောင်လင်းအာကို ရယ်မော၍ ပြောသည်… “မင်းက လောင်လင်းအာ… ဟုတ်တယ်မလား…”

“ဟုတ်တယ်…” လောင်လင်းအာက စီမင်ကုကို ကြည့်သည်။

“ပါရမီရှင်အဆင့် ဇယားမှာ နံပါတ်တစ်က ဘယ်သူလဲ ကြည့်…” စီမင်ကုက ပြောသည်။ လောင်လင်းအာက လှမ်းကြည့်သည်တွင် စီမင်ဟန်ကျင့်၏ နာမည်ကို မြင်သည်။

စီမင်ကုက ပြောသည်… “ငါ့အစ်ကိုက လွန်ခဲ့တဲ့ ခြောက်နှစ်က ဝင်ခွင့် ပထမရတယ်… အခု ငါက ဝင်ခွင့် ပထမရတယ်…” ထို့နောက် သူက ရယ်မောကာ တစ်ဖက်ကို လှည့်ထွက် သွားသည်… “မင်းတို့ မိန်းမလှလေးတွေက နမ်းချင်ဖက်ချင်တဲ့သူ တစ်ယောက်ယောက်ကို ရှာနေတယ်ဆိုရင် ငါ့ဆီကို လာခဲ့လို့ရတယ်…”

“ရှင်…” လောင်လင်းအာက သူ၏နောက်ကျောကို ဒေါသတကြီး ကြည့်သည်။

ရီဖူရှင်းက ပါရမီရှင်အဆင့် ဇယားကို ကြည့်သည်။ စီမင်ဟန်ကျင့်ကား ပြိုင်ဘက်ကောင်း တစ်ယောက်ဖြစ်သည်။ သူက ပါရမီရှင်အဆင့် ဇယားနံပါတ်တစ် နေရာတွင် ရပ်နိုင်ခြင်းက သူ၏ အရည်အချင်းကို ထုတ်ပြနေသည်။ စီမင်ကလန်က ဝင်ခွင့်ပထမရှင် နှစ်ယောက်ကို မွေးထုတ် ပေးနိုင်ခဲ့သည်။ သည်ကောင်လေးက မောက်မာသည်မှာ မထူးဆန်းတော့ပေ။

“နေဦး…” ရီဖူရှင်းက ပြောသည်။

စီမင်ကုက ရပ်လိုက်ကာ ရီဖူရှင်းကို ကြည့်သည်… “ဘာလဲ…”

“တောင်းပန်…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။

စီမင်ကုက ရီဖူရှင်းကို ကြည့်သည်။

ဝင်ခွင့်စာမေးပွဲ ပထမရှင် နှစ်ယောက်က အမှန်ပင် ကတောက်ကဆ ဖြစ်နေကြသည်။ အကြောင်းအရင်းကား ဂျူနီယာက စီနီယာကို ရန်စခြင်းကြောင့် ဖြစ်သည်။ လူအုပ်က စိတ်ဝင်စားစွာ ကြည့်နေကြသည်။ တော်ဝင်ကျဲ နန်းတော်တွင် စီနီယာက ဂျူနီယာများကိုသာ အနိုင်ကျင့်လေ့ ရှိကြသည်။ သို့သော်လည်း ဂျူနီယာက စီနီယာကို တမင် ရန်စခြင်းမျိုး ရှားပါးပေသည်။ သို့သော်လည်း စီမင်ကုကား ဝင်ခွင့် ပထမရှင်ဖြစ်ကာ သူ၏အစ်ကို စီမင်ဟန်ကျင့်ကလည်း ပါရမီရှင်အဆင့် ဇယားတွင် နံပါတ်တစ် ဖြစ်သည်။ သူ့အတွက် ဘာကိုမှ စိတ်ပူစရာ မရှိပေ။ ထို့ကြောင့်ပင် သူက ယခင် ဝင်ခွင့်ပထမ ရီဖူရှင်းကို မောက်မာစွာ ရန်စခဲ့သည်။

မှန်သည်… စီမင်ဟန်ကျင့်က ရီဖူရှင်းကို နားလည်မည် မဟုတ်သော်လည်း တော်ဝင်ကျဲ နန်းတော်မှ လူများက ကောင်းကောင်း နားလည်ကြသည်။ ရီဖူရှင်းကား နန်းတော်သို့ ရောက်သည်နှင့်ပင် လက်ရည်စမ်းပွဲ၌ သူ၏စီနီယာများ အားလုံးကို တစ်ယောက်တည်း စိန်ခေါ်ရဲသူ ဖြစ်သည်။ ထို့အပြင် သူက အဋ္ဌမအတန်းအစား နိုဘယ်ဖြင့်ပင် ပါရမီရှင်အဆင့် ဇယားမှ နံပါတ်ငါးကို အနိုင်ယူပြီး ပါရမီရှင်အဆင့် တစ်ဆယ်သို့ တက်လှမ်းခဲ့သူ ဖြစ်သည်။ ထိုစဉ်မှစ၍ ရီဖူရှင်းက ဘယ်သူနှင့်မှ တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ရာ သူ၏အဆင့်က တစ်ဆယ်တွင်သာ ရှိနေခဲ့သည်။

ယခု တစ်စုံတစ်ယောက်က သူ့အား ရန်စနေသည်။ ထို့အပြင် ရန်စသူကား စီမင်ဟန်ကျင့်၏ ညီငယ်ဖြစ်သည်။ ထိုအဖြစ်က လူအများအား အလွန် စိတ်ဝင်စားစေသည်။ ကြည့်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ရာများ သူတို့ မြင်ကြရတော့မည်။ သည်ဂုဏ်ဝင့်ထည်သော လူငယ်ကား မတိုက်ခိုက်သည်မှာ ၂နှစ် ကြာပြီဖြစ်သည်။

“ကျုပ်က မတောင်းပန်ဘူး ဆိုရင်ရော…” စီမင်ကုက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူကား စိတ်ပူခြင်း မရှိသည့်အပြင် ပိုမို၍ပင် စိတ်အား ထက်သန်နေဟန်ရ၏။ ရီဖူရှင်း၏ တန်ခိုးအဆင့်က သူ့ထက်မြင့်သည့်တိုင် ယခင်တစ်ခေါက် ဝင်ခွင့်ပထမ၏ စွမ်းရည်ကို စမ်းသပ်ခြင်းက ကောင်းသော အကြံတစ်ခုဟု သူတွေးထင်သည်။ တခြား နောက်ဆက်တွဲ အကျိုးအပြစ်ကိုမူကား သူက လုံးဝ မစဉ်းစားပေ။ သူ၏အစ်ကိုက ပါရမီရှင်အဆင့် ဇယားတွင် နံပါတ်တစ် ဖြစ်၏။

ရီဖူရှင်းက စီမင်ကုကို ပြုံးလျက် ကြည့်ကာပြောသည်… “မင်းက မလိုလားဘူး ဆိုမှတော့ တစ်ဖက်သားကို လေးစားမှု ဆိုတာ ဘယ်လိုလဲ သင်ပေးရမှာပေါ့…”

စီမင်ကုက ရီဖူရှင်းဘေးမှ လောင်လင်းအာကို ကြည့်ကာ ပြုံးလျက် ပြန်ပြောသည်… “ကျုပ်ပြောတဲ့အထဲ မှားတာ ဘာမှ မရှိဘူး…” သူက ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ အကြည့်များစွာက ရီဖူရှင်းထံကို ရောက်လာသည်။ သူကား ထိုမျှ စိတ်ရှည်သူ မဟုတ်ပေ။

“ပြဿနာ မရှိဘူး…” ရီဖူရှင်းက ပြုံးသည်။ ထို့နောက် လက်ဆန့်တန်း လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော လေဖိအားတစ်ခု စီမင်ကုထံကို ဆင်းသက် လာသည်။ စီမင်ကုကလည်း သူ၏ စိတ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သို့သော် ထိုအခိုက်တွင်ပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှား၍ မရတော့…။

စီမင်ကု၏အမူအရာက ပျက်ယွင်းသွားကာ အပြင်းအထန် ရုန်းကန်ရန် ကြိုးစားသော်လည်း မည်သို့မှ အရာမဝင်။ သူ၏ပတ်ဝန်းကျင် တစ်ခုလုံးက လုံးဝအေးခဲ ရပ်တန့်သွားပြီး ဖြစ်သည်။

ရီဖူရှင်းက စီမင်ကုထံသို့ တစ်လှမ်းချင်း လှမ်းသွားသည်။ လူအုပ်ကြီးက ထိတ်လန့် သွားကြသည်။ ၂နှစ်ကျော်ခန့် ကာလနောက်ပိုင်း ရီဖူရှင်းကား နောက်ဆုံးတွင် တိုက်ခိုက်ခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအားက မည်သို့ ဖြစ်ပေါ်လာသနည်း…။ ထိုအရာက စိတ်အင်အားများ ပေါင်းစပ်ခြင်းလား…။ စီမင်ကုကား ပြဿနာ တက်နေလေပြီ။

“တော်ဝင်ကျဲ နန်းတော်က တင်းကျပ်တဲ့ စည်းကမ်းမရှိဘူး… ဒါကြောင့် စီနီယာတွေက ဂျူနီယာတွေကို အနိုင်ကျင့်လေ့ ရှိကြတယ်… ငါက နန်းတော်ကို ဝင်တုန်းကလည်း စီနီယာတွေကို အနိုင်မယူနိုင်တော့ နှိမ့်ချပြီး နေခဲ့ရတယ်… ဒါကြောင့် စီနီယာတွေက ဂျူနီယာတွေကို အနိုင်ကျင့်တာကို ငါသဘောမကျဘူး… ဒါပေမဲ့ ငါမကြိုက်တဲ့အလုပ်ကို ငါအခု လုပ်ရတော့မယ်…” ရီဖူရှင်းက စီမင်ကုကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်… “တချို့လူတွေက ဒါနဲ့ ထိုက်တန်လို့ပဲ…” သူက ထိုသို့ပြောကာ စီမင်ကုနှင့် မျက်နှာချင်းဆိုင် ရပ်သည်။ ထို့နောက် လက်ဆန့်တန်းကာ စီမင်ကု၏ ပါးပြင်ကို ရိုက်ချလိုက်သည်။ သာမန်ရိုက်ချက်ဟု ထင်ရသောလည်း ကြီးမားသော ခွန်အားအောက်တွင် စီမင်ကုကား အဝေးကို လွင့်စဉ်သွားပြီး သူ၏ပါးပြင်၌ လက်ငါးချောင်းရာ ထင်သွားသည်။

အရာအားလုံးက တိတ်ဆိတ် သွားသည်။ ဝင်ခွင့် ပထမရသော စီမင်ကုကား နန်းတော်ကိုဝင်ပြီး နာရီပိုင်း အတွင်း၌ ရီဖူရှင်း၏ ပါးရိုက်မှုကို ခံရသည်။ ဤသို့သော အောင်မြင်မှုကား တခြား ဘယ်သူမှ စွမ်းဆောင်နိုင်မည် မဟုတ်သည်မှာ သေချာ၏။

စီမင်ကုက ထရပ်ကာ ရီဖူရှင်းကို မီးဝင်းဝင်း တောက်သော မျက်လုံးများဖြင့် ကြည့်သည်… “ခင်ဗျားက ကျုပ်ကို တမင် အရှက်ခွဲတာလား…”

“မင်းက အရှက်ဆိုတာကို သိသားပဲ…” ရီဖူရှင်းက သူ့အား မသနားပေ။ သူ လွန်သည်ဟုလည်း မခံစားရပေ။ ဝင်ခွင့်ပထမရပြီး မောက်မာခြင်းက ပြဿနာ မဟုတ်ပေ။ သူကလည်း ထိုသို့ မောက်မာဖူးပေသည်။ သို့သော် လောင်လင်းအာကို ထိုသို့ ယုတ်ညံ့စွာ ပြောဆိုခြင်းမျိုးအား ရီဖူရှင်းက သည်းခံမည် မဟုတ်ပေ။

စီမင်ကုက ငေါ့တော့တော့ ရယ်သည်… “ခင်ဗျားက စီနီယာပဲ.. တော်ဝင်ကျဲ နန်းတော်က တင်းကျပ်တဲ့ စည်းကမ်းမရှိတော့ ခင်ဗျားက ကျုပ်ကို အရှက်ခွဲတယ်… ဒါပေမဲ့ ဒီအတွက် ခင်ဗျားက အကျိုးဆက်ကို တွေးပြီးပြီလား…” သူက ထိုသို့ ပြောရင်းကလည်း လောင်လင်းအာကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်သည်။

“မင်းက သင်ခန်းစာ မရဘူးပဲ…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက လက်ဆန့်တန်းသည်တွင် ဧရာမ လက်ဝါးကြီးတစ်ခု လေထဲတွင် ပေါ်လာကာ စီမင်ကုအား ဖမ်းဆုပ်လိုက်သည်။ စီမင်ကုက ရှောင်တိမ်း လိုသော်လည်း သူဘာမှ မတတ်နိုင်။ ဧရာမ လက်ဝါးကြီးက သူ့အား ဖမ်းဆုပ်ကာ မြေပြင်နှင့် ကိုင်ရိုက်လိုက်သည်တွင် ဝုန်းခနဲ မြည်သံနှင့်အတူ စီမင်ကု၏ ခန္ဓာကိုယ်က မြေပြင်တွင် တွန့်လိမ်သွားသည်။

“ရီဖူရှင်း… မင်းက ငါ့ကို ဒီလို အနိုင်ကျင့်ရဲတယ်… ငါ့အစ်ကိုက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး…” စီမင်ကုက အော်ဟစ်သည်။ သို့သော် ထိုအခိုက်တွင်ပင် အဝေးမှ တဒုန်းဒုန်း မြည်သံနှင့်အတူ မြေပြင်က တုန်ခါလာသည်။ လူအများအပြားက လှမ်းကြည့်သည်တွင် သန်မာ ထွားကျိုင်းသော လူငယ်တစ်ယောက် ပြေးလာကာ စီမင်ကု၏ ဘေးနားကို ရောက်လာသည်။ စီမင်ကု၏ လက်မောင်းကို ဆုပ်ကိုင်ကာ ထိုလူငယ်က သူ့အား ကြည့်သည်။ စီမင်ကုကလည်း ထိတ်လန့်စွာ ပြန်ကြည့်သည်။

စီမင်ကုက သူ၏တစ်ကိုယ်လုံး အေးစက် တောင့်တင်း သွားသလို ခံစားလိုက်ရသည်။ ဒါက မည်သို့သော မျက်လုံးမျိုးနည်း…။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော်တွင် သူ့အား ဘယ်သူက ဤသို့ ဆက်ဆံရဲသနည်း။

ထိုလူငယ် ရောက်လာသည်ကို မြင်သည်တွင် အားလုံးက စီမင်ကုကို သနား ကရုဏာသက်စွာ ကြည့်ကြသည်။ သူကား နန်းတော်ကို ဝင်ကာစ၌ပင် ရီဖူရှင်းကို ရန်စသည်။ ယခု သူ၏ကံဆိုးမိုးမှောင် ကျမှုက သာမန် မဟုတ်တော့ပေ။

ထိုအခိုက်တွင်ပင် စီမင်ကုက သူ၏ခန္ဓာကိုယ် လေထဲကို မြောက်တက် သွားသည်ကို ခံစားလိုက်ရသည်။ နောက်ပိုင်း ခံစားချက်များကို သူ သိပ်မမှတ်မိတော့။ တဘုန်းဘုန်း မြည်သံနှင့်အတူ မြေပြင်နှင့် အဆက်မပြတ် ကိုင်ရိုက်ခံရခြင်း၏ နောက်တွင် သူ၏ စိတ်အာရုံများက သတိလစ်လုမတတ် ဖြစ်နေလေပြီ။ သို့သော်လည်း တစ်ဖက်လူက ရပ်တန့်ခြင်း မရှိသေးပေ။ မကြာမီ သူ၏ ကလီစာများနှင့် အရိုးများ တစ်စစီ ကြေပျက် လာတော့မည့်အလား ခံစားလာရတော့သည်။ ပါးစပ်မှလည်း သွေးများ အဆက်မပြတ် စီးကျလာနေသည်။

လူအများအပြားက ထိုမြင်ကွင်းကို ဆက်၍ပင် မကြည့်ရဲ ကြတော့ပေ။ စီမင်ကုကား ဝင်ခွင့်ပထမရသူ ဖြစ်သည်။ သို့သော် နန်းတော်ကို ရောက်ပြီး နာရီပိုင်း၌ပင် သူကား ဆိုးဝါးစွာ ရိုက်နှက်ခံရ၏။ သူကား သူ၏အဖြစ်ကိုသူ မယုံကြည်နိုင်။ သူ၏အစ်ကိုကား ပါရမီရှင်အဆင့် ဇယားမှ နံပါတ်တစ် ဖြစ်သည်။ တစ်ဖက်လူက သူ့အား လုံးဝ ညှာတာခြင်း မရှိခဲ့…။ သူ နားမလည်ပေ။

“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။ ယူချင်းက မရပ်လျှင် စီမင်ကုကား အကြောအရိုးများ လုံးဝ ပျက်စီး သွားနိုင်သည်။

ယူချင်းက ရပ်တန့်လိုက်ကာ စီမင်ကုကို လွှင့်ပစ်လိုက်သည်။ သူက စီမင်ကုကို ဂရုပင် မစိုက်တော့ဘဲ ရီဖူရှင်းကို ပြောသည်… “ဆရာက ငါတို့ကို ခေါ်နေတယ်…”

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ဟွာဂျီယူကို ပြောသည်… “ဂျီယူ… လင်းအာကို ထို့ကျန်း နန်းဆောင်ကို ခေါ်သွားပေးပါလား… ငါ လိုက်မပို့တော့ဘူး…”

“ကောင်းပြီ…” ဟွာဂျီယူက ပြုံးလျက် ခေါင်းညိတ်သည်။ ရီဖူရှင်းက စီမင်ကုထံသို့ လျှောက်သွားကာ သူ့အား ပြောသည်… “မင်းက မင်းအစ်ကိုဆီကို သွားပြီး ဒီနေ့ ဖြစ်ခဲ့တာတွေကို သွားပြောလို့ရတယ်… တကယ်လို့ သူက ငါ့ကို လာရှာချင်တယ် ဆိုရင်လည်း ရတယ်… ကိစ္စမရှိဘူး… ဒါပေမဲ့ မင်းကို တစ်ခုတော့ သတိပေးမယ်… နောင်ပိုင်း လင်းအာကို အခုလိုမျိုး စော်ကားရဲရင် မင်းက နန်းတော်မှာ ဆက်နေလို့ မရအောင် ငါလုပ်လို့ ရတယ်ဆိုတာ ခေါင်းထဲ မြဲနေအောင် မှတ်ထား…” ထို့နောက် သူက လောင်လင်းအာကို ကြည့်ကာ ပြောသည်… “လင်းအာ… မင်းရဲ့ တန်ခိုးအဆင့်က ဒီမှာ အနိမ့်ဆုံးပဲ… တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရဲရင် ငါ့ကိုသာ လာရှာ…”

“အင်း…” လင်းအာက ခေါင်းညိတ်သည်။ သူမ၏ အစ်ကိုဖူရှင်းကား ယခင်ထက်ပင် ချောမော လာသည်ဟု သူမက တွေးလိုက်သည်။ ထို့အတူ အစ်ကိုယူချင်းကလည်း အလွန် ချောမော ခန့်ညားသည်ကို ယခုမှ သတိပြုမိ၏။

ရီဖူရှင်းက ယူချင်းနှင့် ထွက်သွားသည်။ ဟွာဂျီယူက လောင်လင်းအာကို ခေါ်ယူသွား၏။ ပတ်ဝန်းကျင်မှ လူများက မြေပြင်တွင် သနားစဖွယ် လဲလျောင်းနေသော လူငယ်အား ကြည့်ကြသည်။ ၂နှစ်တာကာလ နောက်ပိုင်းတွင် သူတို့က ရီဖူရှင်းနှင့် ယူချင်းတို့၏ လှုပ်ရှားမှုကို ပထမဆုံး မြင်တွေ့ခဲ့ရသည်။

ထိုလေသံက ဘယ်လောက် အထက်စီး ဆန်လိုက်သနည်း။ ရီဖူရှင်း၏ စကားအရ သူက စီမင်ဟန်ကျင့်ကို မကြောက်သည်မှာ သေချာသည်။ ယခု စီမင်ကုကား သူ့ဘဝ တစ်လျှောက်လုံး သံသယ ဝင်နေလောက်ပြီ။ သူကား ရီဖူရှင်းကို ရန်စမိသည့်အတွက် နောင်တ ရနေလောက်ပေပြီ။

လူအုပ်ထဲတွင် ယန်ချန့်ဝူက ထိုအဖြစ်အပျက်ကို ကြည့်ကာ ငေးမော မှင်တက်နေသည်။ နန်းတော်တွင်း ဖြစ်ရပ်များက ဤသို့သော ပုံစံလား…။ သူမ၏အစ်ကိုအား အနိုင်ယူခဲ့သော ရီဖူရှင်းက သူလား…။ ဘယ်လောက် အရှိန်အဝါ ကြီးလိုက်သလဲ…။

***


Comment

Leave a Reply

Options

not work with dark mode
Reset