“ဖူရှင်း…” ခေါ်သံ ကြားသည်တွင် ရီဖူရှင်းက လှမ်းကြည့်သည်။ ကျောင်းအုပ်ချန်းတို့ အုပ်စု လှမ်းလာကြ၏။
“အစ်မနှစ် … ကျွန်တော်က ကျောင်းအုပ်ချန်းကို သွားကြည့်လိုက်ဦးမယ်… ဂျီယူက ကျန်ခဲ့လို့ ရတယ်…” ရီဖူရှင်းက ပြောသည်။ ကျူးကော့မင်းယွီက ခေါင်းညိတ်သည်တွင် ရီဖူရှင်းက ထွက်သွားသည်။ လို့လန်ရွီကနောက်မှ လိုက်ပါလာသည်။ သူမက ကျောင်းအုပ်ချန်း၏ နောက်မှ ရင်းနှီးသော လူတစ်ယောက်ကို မြင်နေရသည်။
“ကျောင်းအုပ်ချန်း… သခင်မ…” ရီဖူရှင်းက လျှောက်လာကာ ခေါ်သည်… “ယွန်ချီ… မင်းကလည်း ဝင်ခွင့် လာဖြေတာလား…”
“အင်း…” ကုယွန်ချီက ပြုံးလျက် ပြောသည်… “မတွေ့ရတာ ကြာပြီ…”
“မတွေ့တာ ကြာပြီ…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက ဘေးမှ လှပသော မိန်းကလေးကို ကြည့်သည်။ သူက တစ်ချက် အကဲခတ်သလို ကြည့်ပြီးမှ မေးသည်… “ဒါက ဘယ်သူများလဲ…”
“ဟင်…” လောင်လင်းအာက အနည်းငယ် စိုးရိမ်စွာဖြင့် ကြည့်သည်။
ရီဖူရှင်းက ပြုံးကာ လောင်လင်းအာ၏နဖူးကို လက်ညှိုးဖြင့် ထောက်ကာ ပြောသည်… “မိန်းကလေး… မင်းက အရွယ်ရောက်လာတော့ ပိုပြီးတောင်မှ လှလာတယ်…”
“အာ… အစ်ကိုဖူရှင်းက လင်းအာကို လိမ်တယ်…” လောင်လင်းအာက ရီဖူရှင်း၏ လက်များ အကြားသို့ ပြေးဝင်လာကာ ပြောသည်… “အစ်ကိုဖူရှင်း… လင်းအာကို သတိမရဘူးလား…”
“ဟမ်… မင်းက အခု အရွယ်ရောက်နေပြီ… မရှက်ဘူးလား…” ရီဖူရှင်းက လောင်လင်းအာကို ဆွံ့အစွာ ပြောသည်။ သည်မိန်းကလေးကား အသက် ၁၈နှစ်ကို ရောက်နေပြီ ဖြစ်သည်။
“လင်းအာ… မင်းက အရွယ်ရောက်လာပြီး တာတောင်မှ ပြဿနာ ရှာနေတုန်းလား…” သခင်မလောင်က လောင်လင်းအာကို ဒေါသတကြီး ပြောသည်။
“ဒါက သမီးရဲ့ အစ်ကို…” လောင်လင်းအာက ပြောသည်… “ဟုတ်တယ်မလား… အစ်ကိုဖူရှင်း…”
“မှန်တာပေါ့…” ရီဖူရှင်းက ခြောက်ကပ်စွာ ပြုံးသည်။ သည်မိန်းကလေးကား ငယ်စဉ်က ဆိုးသွမ်းသလို ကြီးလာသော အခါတွင်လည်း ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။
“ဖူရှင်း… မင်းနဲ့တွေ့ချင်လို့ ကြယ်မင်းကျောင်းကို လူတစ်ယောက် ရောက်လာတယ်… ငါသူမကို မင်းဆီ ခေါ်လာပေးတယ်…” ကျောင်းအုပ်ချန်းက သူ၏နောက်မှ မိန်းမကို ကြည့်ကာ ပြောသည်။ သူမကား နောက်ထပ် လှပသော မိန်းမကြီး တစ်ယောက် ဖြစ်သည်။ လို့လန်ရွှီက သူမ၏ရှေ့ကို လျှောက်သွားပြီး ဖြစ်သည်။
ထိုမိန်းမကား လို့လန်ဘုရင်မ ဖြစ်သည်။
“ဘုရင်မ…” ရီဖူရှင်းက လျှောက်သွားရင်းက ခေါ်သည်။
“ရီဖူရှင်း… ငါနဲ့လိုက်ခဲ့… ငါ့မှာ ပြောစရာတွေ ရှိတယ်…” ဘုရင်မက ထိုသို့ပြောကာ နောက်ကို လှည့်သွားသည်။ ရီဖူရှင်းက လို့လန်ရွှီနှင့်အတူ သူမ၏နောက်ကို လိုက်ပါသွားသည်။
ဘုရင်မက လူအုပ်နှင့်ဝေးရာ တစ်နေရာသို့ သူတို့အား ခေါ်သွားသည်။ ထို့နောက် သူမက ရပ်လိုက်ကာ ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။
“ဘုရင်မ… ကျွန်တော့်ကို ဘာလို့ ဒီလို ကြည့်နေရတာလဲ…” ရီဖူရှင်းက မေးသည်။
“ငါ့သမီးက မင်းနဲ့ မသင့်တော်ဘူးလား…”
“ဘုရင်မ… ဘာကို ဆိုလိုတာလဲ…” ရီဖူရှင်း မေးသည်။
“မင်းမှာ ချစ်သူရှိတယ်… ဒါပေမဲ့ လို့လန်ကို စာအုပ်တောင်သို့ စေလွှတ်တုန်းက မင်းအနေနဲ့ သူမကို ကိုယ်လုပ်တော် အနေနဲ့ လက်ခံလို့ ရတယ်လို့တောင် ငါပြောခဲ့တယ်… အခု သူမက မင်းဘေးမှာ နေတာ နှစ်တွေ ကြာလာပြီ… မင်းက သူမကို အမြဲတမ်း အစေခံလိုပဲ သဘောထား နေမှာလား… မင်းက သူမကို ဘာလို့ဒီလို အရှက်ခွဲနေရတာလဲ…” ဘုရင်မက အေးစက်စွာ ပြောသည်။
သူမကား လို့လန်ဘုရင်မ ဖြစ်ကာ လို့လန်ရွှီကလည်း ဘုရင့်သမီးတော် ဖြစ်သည်။
ရီဖူရှင်းက ဘုရင်မကို ကြည့်ကာ နားမလည်ခြင်း စိတ်ရှုပ်ထွေးခြင်းများကို ခံစားနေရသည်။
ရီဖူရှင်းက စိတ်ပျက်စွာဖြင့် ပြောသည်… “ဘုရင်မက လို့လန်ကို စာအုပ်တောင်သို့ အတင်း လာခိုင်းတယ်… အခု ကျွန်တော်ကပဲ သူမကို ကောင်းကောင်း မထားဘူး ဖြစ်နေပြန်တယ်…”
သူ၏စကားကို ကြားသည်တွင် ဘုရင်မက ပိုမို၍ပင် ဒေါသကြီး လာသည်။ အေးစက်သော အငွေ့အသက်များ ရီဖူရှင်းထံကို ရစ်သိုင်းလာ၏။
“စိတ်မဆိုးပါနဲ့… ကျွန်တော်တို့ တကယ်တိုက်ရင် ခင်ဗျားက ကျွန်တော့်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“မင်း…” ဘုရင်မက အော်ဟစ်သည်။ အေးစက်သော မုန်တိုင်းတစ်ခု ရောက်လာသည်။ ကြောက်မက်ဖွယ် ရေခဲချွန်က ရီဖူရှင်းထံကို ပစ်လွင့်လာ၏။
ရီဖူရှင်းက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေကာ တိုက်ခိုက်မှုများကို ခုခံတားဆီးခြင်း မရှိပေ။ ယခု သူ၏ ရုပ်ခန္ဓာကိုယ်ကား အလွန်အမင်း မာကျောသည်။ ဘုရင်မက ဒုတိယတန်းစား နိုဘယ်ဖြစ်လျှင်ပင် သူက မကြောက်ပေ။ ထို့အပြင် လို့လန်ဘုရင်မကား တော်ဝင်ကျဲ နန်းတော်မှ နိဘယ်များထက် အားနည်းပေသည်။
“ခင်ဗျားက ဆက်ပြီး တိုက်ခိုက်နေရင် ကျုပ်ကလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်…” ရီဖူရှင်းကလည်း အေးစက်စွာ ပြောသည်။ ဘုရင်မကား ဒေါသထွက်လွန်းရကား ရင်ဘတ်က နိမ့်တုံမြင့်တုံ ဖြစ်နေသည်။
ဒီခွေးကောင်… ဘုရင်မက ဒေါသတကြီး တွေးသည်။
“လို့လန်… ပြန်လာခဲ့…” ဘုရင်မက ပြောသည်… “သူ့ကို မပြုစုနဲ့တော့…”
သူမ၏အမေကို ကြည့်ကာ လို့လန်က ခေါင်းယမ်းသည်။
“မင်းက ဘာကို ဆိုလိုတာလဲ…” ဘုရင်မက သူမကို ကြည့်သည်… “သူက မင်းကို ဒီလို အရှက်ခွဲနေတယ်… ဒါတောင်မှ မင်းက သူ့နောက်ကို လိုက်ချင် သေးတာလား… သူက မင်းကို တကယ်ပဲ အစေခံလို သဘောထား နေတာ မင်း မသိဘူးလား… ”
“အမေ… သမီးက လိုလိုလားလား လုပ်ပေးနေတာပါ… ဒါက သူနဲ့မဆိုင်ပါဘူး…” လို့လန်ရွှီက တိုးညင်းစွာ ပြောသည်။
ဘုရင်မက သူမကို ဒေါသတကြီး ကြည့်သည်… “ဒါဆိုလည်း ငါ့မှာ မင်းလို အသုံးမကျတဲ့ သမီးတစ်ယောက် မရှိခဲ့ဘူးလို့ပဲ သဘောထား လိုက်တော့မယ်…” ထို့နောက် သူမက အမှန်ပင် နောက်လှည့်ကာ ထွက်သွားသည်။ လို့လန်ရွှီက အပြေးလိုက် သွားလျှင် သူမက လက်ဝှေ့ယမ်းပြသည်… “ငါ့နောက်ကို လိုက်မလာနဲ့… သူ့နောက်ကပဲ လိုက်သွား…”
လို့လန်ရွှီက ရပ်လိုက်သည်။ သူမ၏ ငွေရောင် မျက်လုံးများက အနည်းငယ် စိုစွတ်နေ၏။
ဘုရင်မ၏ခန္ဓာကိုယ်က လျှပ်တစ်ပြက် ပျောက်ကွယ် သွားသည်။ သူမ၏ မျက်လုံးများကလည်း နီရဲနေသည်။ သူမက ရီဖူရှင်း၏ သတင်းကို စာအုပ်တောင်တွင် သိရှိခဲ့ရကာ မိုးမြေ ကောင်းကင်မြို့ ကြယ်မင်းကျောင်းသို့ အထိ ရောက်လာခဲ့သည်။ ထို့နောက် သူမက တော်ဝင်ကျဲ နန်းတော်သို့ အထိ ခက်ခဲစွာ ရောက်လာခဲ့ရ၏။
သူမ၏သမီးအပေါ် သူမက ဤသို့ မလုပ်ရက်ပေ။ သို့သော် သူမက ရီဖူရှင်း၏ အနာဂတ်နှင့် ပတ်သက်၍ ရှင်းလင်းစွာ သိသည်။ သူကား အမြင့်ပျံမည့် ငှက်ဖြစ်သည်။ ဤသို့ဆိုလျှင် သူမက သူမ၏သမီးကို လက်လွှတ်မှ ရပေတော့မည်။ လို့လန်ရွှီက သူမ၏ရည်ရွယ်ချက်ကို တစ်နေ့နေ့တွင် သဘောပေါက် လိမ့်မည်ဟု သူမ ယူဆသည်။
ဘုရင်မ ထွက်သွားပြီးနောက် လို့လန်ရွှီက ထိုနေရာတွင်ပင် ငူငူငိုင်ငိုင်ဖြင့် ရပ်နေသည်။ သူမတို့က မတွေ့ရသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ယခု သူမ၏အမေက သူမအား ဤသို့ ကြိမ်းမောင်းပြီး ထွက်သွားရသလော…။
“လို့လန်… သိပ်အများကြီး မတွေးနဲ့… ဒါက မင်းထင်သလို မဟုတ်ဘူး…” ရီဖူရှင်းက ပြောသည်… “ဘုရင်မက မင်းထင်သလို အသည်းနှလုံး မရှိတာ မဟုတ်ဘူး… သူမက မင်းအတွက် ဒီလိုလုပ်တာ…”
လို့လန်ရွှီက အေးခဲသွားကာ ရီဖူရှင်းအား ငွေရောင် မျက်လုံးများဖြင့် ကြည့်သည်။ သူမအတွက်တဲ့လား…။
“ဒီနှစ်တွေမှာ မင်းကို ငါက အမြဲတမ်း စေခိုင်းနေခဲ့တယ်… ငါက ဒါတွေကို တကယ်ပဲအသားကျနေခဲ့ပြီ.. ငါ စိတ်မကောင်းပါဘူး… တကယ်လို့ တစ်နေ့နေ့ မင်း ထွက်သွားချင်တဲ့အခါ ငါ့ကို စိတ်မပူပါနဲ့…” ရီဖူရှင်းက သက်ပြင်းချကာ ထွက်သွားသည်။ ဘုရင်က မည်မျှ တွက်ချက် တတ်သည်ကို သူသိသည်။ သူမ၏ ရည်ရွယ်ချက်ကိုလည်း သူမြင်သည်။
လို့လန်ရွှီ အပေါ်တွင် ရီဖူရှင်းအား အပြစ်ရှိသလို ဘုရင်မက ခံစားစေလိုသည်။ သည်နည်းဖြင့် ရီဖူရှင်းက လို့လန်ရွှီအား နောင်တွင် ကောင်းကောင်း ဆက်ဆံမည်ဟု သူမက တွေးသည်။ လို့လန်ရွှီအား ရီဖူရှင်း၏နောက်ကို လိုက်ကာ ပိုမိုကြီးမားသော လောကသို့ ခြေဆန့် စေလိုသည်။ လို့လန်ရွှီ၏ တန်ခိုးအဆင့်ကား သူ၏အမေနှင့် အဆင့်အတူတူ ဖြစ်နေပြီ မဟုတ်ပါလား…။
ဘုရင်မကလည်း ဤအချက်ကို သေချာပေါက် သိသည်။ ထို့ကြောင့် သူမက သူမ၏သမီးကို လွတ်လွတ်လပ်လပ် ပျံသန်းစေလိုသည်။ ထို့ကြောင့်လည်း နောက်တွင် ရီဖူရှင်းက လို့လန်ရွှီကို ကောင်းကောင်း ဆက်ဆံစေလိုရာ ရီဖူရှင်းအား အော်ဟစ်ခဲ့သည်။
ရီဖူရှင်း၏ နောက်ကျောကို ကြည့်ကာ လို့လန်ရွှီက သဘောပေါက် နားလည်သွားသည်။ ထို့နောက် သူမက သူမ၏အမေ ပျောက်ကွယ်သွားသော အရပ်ကို ကြည့်ကာ သက်ပြင်းချသည်။ သူမ၏အမေကို စိတ်ပျက်စေမိပြီလား…။
***
စာစဉ်(၄၁)ပြီးပါပြီ
ဆက်ပါဦးမည်။
***