အပိုင်း( ၆၀၇)

နန်းတော်အတွင်းသုံးနှစ်ကာလ

“ယန်ကျန်း … မင်းက ထိုက်ဟန်တောင်ကို ဘာလို့ မပြန်တာလဲ… ” ရီဖူရှင်းက ယန်ကျန်းကို မေးသည်။

“အဘိုးကြီးက မင်းအနားမှာပဲ နေခိုင်းထားတယ်…” ယန်ကျန်းက အဝေးကို ကြည့်ကာ ပြောသည်။

“ဒါပေမဲ့ မင်းက တစ်ချိန်လုံး ငါ့အနားမှာ နေစရာ မလိုဘူးလေ…” ရီဖူရှင်းက ခေါင်းကုတ်ကာ ပြောသည်။

မကြာမီ ရီဝူချင်း၊ လျိုချန်းယွီ၊ သိမ်းငှက်နက်၊ ယိချိန်ချန်နှင့် လို့လန်ရွှီတို့လည်း တောင်ထိပ်ကို ရောက်လာကြသည်။ ရီဖူရှင်းက လျိုချန်းယွီကို ပြုံးလျက်ပြောသည်… “ချန်းယွီ… မင်းက ပိုပြီး လှလာတယ် … ငါတို့ဝူချင်းက မင်းကို တော်တော် ဂရုစိုက်ပေးပုံပဲ…”

လျိုချန်းယွီကလည်း နန်းတော်တွင် လေ့ကျင့်နေခဲ့သည်။ သူမက ပိုမိုမြင့်မားသော တန်ခိုးအဆင့်ကို ရောက်လာလေလေ သူမ၏ ကိုယ်ရောင်ကိုယ်ဝါ ကလည်း ပိုမိုကောင်းမွန်လေ ဖြစ်သည်။

“ယွန်စွေ့ရှင်းဆိုတာ ဘယ်သူလဲ… ဓားနန်းဆောင်မှာ လေ့ကျင့်နေရင်းကတောင်မှ ငါက သတင်းတွေကို ကြားနေရတယ်…” လျိုချန်းယွီက ရီဖူရှင်းကို ကြည့်ကာ မေးသည်။

ရီဖူရှင်း မျက်လုံး ပြူးသွားသည်… “ငါ မှားပါတယ်…”

သည်မိန်းမကား ရက်စက်လှသည်ဟု ရီဖူရှင်း တွေးလိုက်သည်။

“ဒီနေ့က နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့ပဲ… ဒီနေ့ မငြင်းခုံကြနဲ့တော့…” ယိချိန်ချန်က လျှောက်လာရင်းက ပြုံးလျက် ပြောသည်။

“ချိန်ချန်ပြောတာ မှန်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ငါတို့ တစ်ခုခု လိုနေသလိုပဲ… အသားကင်လား ဒါမှမဟုတ်…” ပြောရင်းဆိုရင်း ရီဖူရှင်း၏ အကြည့်က သိမ်းငှက်နက်ထံကို ရောက်လာသည်တွင် သိမ်းငှက်နက်က ရုတ်တရက် ထခုန်ကာ ထိတ်လန့်စွာ ပြောသည်… “ဆရာ… တစ်ခုခုလိုရင် ပြောပါ… ကျွန်တော် ရအောင် လုပ်ပေးပါ့မယ်…”

“သေရည် ကောင်းကောင်း ဘယ်သူလိုလဲ…” အသံတစ်သံ ကြားကြရသည်။ ရီဖူရှင်းတို့က လှမ်းကြည့်သည်တွင် ကျွေ့ချိန်ချူနှင့် စုချွဲတို့က သူသို့ထံ လျှောက်လာသည်ကို မြင်ကြရသည်။

“သေချာတာပေါ့…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ လက်ရှိ အခြေအနေကား သေရည် သောက်ရန် အလွန် ကောင်းမွန်သော အချိန်အခါ ဖြစ်သည်။

“ကြည့်ရတော ငါက တန်ဖိုးရှိတာတွေကို ထုတ်သုံးရတော့မှာပဲ…” ကျွေ့ချိန်ချူက အနည်းငယ် တွန့်ဆုတ်ဟန်ဖြင့် ပြောသည်။ ထို့နောက် သူ၏ သိုလှောင်လက်စွပ်မှ တန်ဖိုးကြီး သေရည်များနှင့် ထူးခြားသော သေရည်ခွက် ကလေးများကို ထုတ်သည်။ ခွက်ကလေးများကား ရွှေ၊ငွေ၊ ကျောက်မျက်ရတနာ အမျိုးမျိုးဖြင့် သွန်းလုပ်ထားကာ ထူးခြားသော သေရည် အငွေ့အသက်များကို ခံစားကြရသည်။

အားလုံးက အတူတူ ထိုင်နေကြသည်။ ကျွေ့ချိန်ချူက သူတို့အား သေရည်များကို ခွက်ကလေးများနှင့် ထည့်ကာ ပေးသည်။ ထို့နောက် ရယ်မော၍ ပြောသည်… “ငါက ဒီအသက်အရွယ်​ ရောက်နေပြီ… နှစ်သစ်ကို ဆရာကလွဲပြီး ဒီလောက် လူတွေ အများကြီးနဲ့ တစ်ခါမှ မဖြတ်ကျော်ဖူးဘူး… ကံကြုံလာတော့လည်း အားလုံး ဆုံစည်း ကြရတာပေါ့…”

စုချွဲကလည်း ပြုံးကာ ခေါင်းညိတ်သည်။ သူကိုယ်တိုင်က တခြားသူများနှင့် သိပ်အစေးကပ်သူ မဟုတ်သော်လည်း တော်ဝင်ကျဲ နန်းတော်ကို ရောက်သောအခါ ကျွေ့ချိန်ချူနှင့် ရီဝူချင်းတို့ကဲ့သို့ မိတ်ဆွေကောင်းများကို သူရရှိခဲ့သည်။ ရီဖူရှင်းနှင့် ယူချင်းတို့ကလည်း သူ့အမြင်တွင် စိတ်ဝင်စားဖွယ် ကောင်းသည်။

“ကံကြမ္မာအတွက်…” ရီဖူရှင်းကလည်း ရယ်မောကာ ခွက်ကို မြှောက်သည်တွင် အားလုံးကလည်း သူတို့၏ခွက်ကို မြှောက်ကာ သောက်လိုက် ကြသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက လက်ရည်စမ်းပွဲ ရလဒ်ကို ငါကတော့ တော်တော် ကျေနပ်နေတယ်…” စုချွဲက ပြုံးသည်… “တော်ဝင်ကျဲ နန်းတော်ရဲ့ ပါရမီရှင်အဆင့် ဇယားကို အုပ်စိုးဖို့ ငါတို့ ဘယ်လောက် အချိန်ယူရမယ်ထင်လဲ…”

“သုံးနှစ်လောက် ဖြစ်နိုင်တယ်…” ကျွေ့ချိန်ချူက ပြန်ပြောသည်။

“သုံးနှစ်လား…” ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်ကို ကြည့်သည်… “ငါက ပါရမီရှင်ဇယားကို အုပ်စိုးဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး…”

ကျွေ့ချိန်ချူနှင့် စုချွဲတို့က ရီဖူရှင်း၏စကားကို ကြားသည်တွင် အနည်းငယ် အံ့အားသင့် သွားကြသည်။ ထို့နောက် သူတို့နှစ်ယောက်လုံး ရယ်မော လိုက်ကြသည်။ အမှန်ပင် လူအားလုံးက ပါရမီရှင်ဇယားကို စိတ်ဝင်စားခြင်း မရှိသည်ကို သူတို့ မေ့လျော့ခဲ့ကြ၏။ ထိုအဆင့်ဇယားက ရီဖူရှင်းအတွက် သိပ်အရေးမပါပေ။

“ဒါဆို ကောင်းကင်မြေရိုင်း အဆင့်ကရော…” စုချွဲက ရီဖူရှင်းကို ကြည့်သည်။

ရီဖူရှင်းက အဝေးကို ကြည့်နေဆဲ ဖြစ်သည်။ သူက မြေရိုင်းဒေသမှ ကောင်းကင်မြေရိုင်း အဆင့်ကို တွေးလိုက်သည်။ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ သူက ဘာမှ ပြန်မပြောပေ။ နောင်နှစ်ပေါင်း များစွာကြာ၍ စုချွဲက ဤအမှတ်တရကို ပြန်တွေးမိသောအခါ သူ ဆိုလိုသည်ကို နားလည် လာပေလိမ့်မည်။

ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၀၇ ခုနှစ်မြောက်နှစ်ကို ရောက်လာပြီ ဖြစ်သည်။ သုံးနှစ် ကြာမြင့်သွားပြီး ဖြစ်ကာ ယခု မြေရိုင်းပြည်နယ် (မြေရိုင်းဒေသမှ မြေရိုင်းပြည်နယ်ဟု ပြောင်းလဲ ဖတ်ရှုပေးပါရန်…) ၌ ကြီးမားသော တစ်စုံတစ်ခု ဖြစ်ပျက်တော့မည် ဖြစ်သည်။ မှန်သည်… သုံးနှစ်တစ်ခါ ကျင်းပသော တော်ဝင်ကျဲနန်းတော်၏ ဝင်ခွင့်စစ်ဆေးခြင်းက မကြာမီ ရောက်လာတော့မည် ဖြစ်သည်။ လူငယ်မျိုးဆက်များက ယခု တော်ဝင်ကိုးလမ်းသို့ ခြေချကာ အတားအဆီး အခက်အခဲများကို ကျော်ဖြတ်နေကြပြီ ဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်ကကဲ့သို့ပင် လူငယ်များက တော်ဝင်ကိုးလမ်းမှ တစ်ဆင့် တော်ဝင်ကျဲ နန်းတော်သို့ ဝင်ရောက် လာနေကြသည်။ တခြား စွမ်းအားမြင့် တန်ခိုးရှင်များ အင်အားကြီး အဖွဲ့အစည်းများကလည်း တော်ဝင်ကျဲ နန်းတော်၏ လှေကားထစ်နေရာသို့ ရောက်လာကာ သည်နေရာမှ နောက်ဆုံး စစ်ဆေး အကဲဖြတ်ခြင်း အခမ်းအနားအတွက် စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။

တော်ဝင်ကျဲ နန်းတော်ထဲတွင် တပည့်များကား ကျင့်ကြံခြင်းများဖြင့် အလုပ်များ နေကြသည်သာ…။ ယခု လူအုပ်ကြီးက ပါရမီရှင် ဇယားရှေ့တွင် ရပ်ကာ ကျောက်တုံးပေါ်မှ နာမည်များကို ကြည့်နေကြသည်။

သုံးနှစ်ကြာပြီးနောက် ပါရမီရှင်ဇယား၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့သော ၂နှစ် လက်ရည်စမ်းပွဲ ပြီးနောက် ဟွာဖန်းက ရှီတန်ခိုးအဆင့်သို့ တက်လှမ်း သွားခဲ့သည်။ ထို့နောက်တွင် ထို့ခွန်နှင့် ပါရမီရှင်အဆင့် ဇယားမှ တတိယနေရာတွင် ရှိသူတို့ ရှီတန်ခိုးအဆင့်သို့ တက်သွားကြသည်။ သို့တိုင်အောင် နံပါတ်လေးနှင့် နံပါတ်ငါး နေရာတို့က အပေါ်ကို တက်သွားခြင်း မရှိဘဲ အောက်အဆင့်မှ လူများက အပေါ်ကို တက်ရောက် နေရာယူ သွားကြသည်။

လွန်ခဲ့သော ခြောက်နှစ်က နန်းတော်ကို ဝင်ခဲ့သူများကား ယခု နိုဘယ်အဆင့်၏ အမြင့်ဆုံးကို ရောက်ရှိနေကြပြီး ဖြစ်သည်။

ရှီအဆင့်ကို တက်လှမ်းရန် ခက်ခဲလွန်းရကား မျိုးဆက်များက တစ်ခုနှင့်တစ်ခု ထိပ်တိုက် တိုးခြင်းများလည်း မကြာခဏ ဖြစ်ပျက်လေ့ရှိသည်။

လွန်ခဲ့သော သုံးနှစ်ကမှ နန်းတော်ကို ဝင်လာသော်လည်း ပါရမီရှင်အဆင့် ဇယားတွင် ပေါ်လာသူများလည်း အများအပြား ရှိလာသည်။ ထို့အပြင် အချို့သော လူများ၏ နေရာများက စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ နံပါတ်တစ်ဆယ် နေရာတွင် ရှိသူကား အလွန် ထူးခြား၏။ သူ၏အဆင့်က အလွန်အမင်း မြင့်မားခြင်း မရှိသော်လည်း သူကား ၂နှစ်ကြာသည့် တိုင်အောင် ထိုနေရာတွင်ပင် မြဲမြံစွာ ရပ်တည် နေနိုင်သည်။

လွန်ခဲ့သော ၂နှစ် လက်ရည်စမ်းပွဲ အပြီးတွင် ရီဖူရှင်းက ထိုနေရာကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူက မည်သည့် စိန်ခေါ်မှုကိုမှ လက်ခံခဲ့ခြင်း မရှိခဲ့…။ လက်ရည်စမ်းပွဲကိုလည်း တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ့အောက်မှ လူများက အဆင့်တက်သောအခါ သူ့နေရာကို ကျော်တက် သွားတတ်သလို သူ့အပေါ်မှ လူများက အဆင့်ကျသော အခါတွင်လည်း သူ့နေရာကို ကျော်၍ ကျသွားတတ်ပေသည်။ မပြောင်းလဲသည်ကား ရီဖူရှင်း၏ အဆင့် ၁၀ နေရာ ဖြစ်၏။

“အဲဒီကောင်က တန်ခိုးအဆင့် ဘယ်လောက် ရောက်ပြီလဲ…” တစ်ယောက်က တိတ်ဆိတ်စွာ မေးသည်။ ဘေးမှလူက သူပြောနေသည်ကို သိသည်။ အမှန်အားဖြင့် ရီဖူရှင်းနှင့် ပတ်သက်၍​စိတ်ဝင်စားသူများစွာ ရှိသည်။

နောက်တစ်ယောက်က ဘေးမှ ပြောသည်… “ပြီးခဲ့တဲ့ လက်ရည်စမ်းပွဲကို သူ ဝင်ပါလိမ့်မယ်လို့ ငါထင်ခဲ့တယ်… နောက်ဆုံးမှာ သူက စိတ်ဝင်စားမှု မရှိခဲ့ဘူး… ဘယ်လို ထူးခြားတဲ့စရိုက်မျိုးလဲ… ဒါပေမဲ့ နန်းတော်ထဲမှာ လုံးဝ မတိုက်ခိုက်ဘဲ နေရင်းနဲ့တောင်မှ သူ့နာမည်က ပိုပြီး ကျော်ကြား လာနေတုန်းပဲ…”

သူတို့က ဆက်ပြောသည်… “သူက နန်းတော်ထဲက ရှေးဟောင်း နယ်မြေတွေကို တစ်ခုပြီးတစ်ခု မွှေနှောက် ဝင်ရောက်ခဲ့တဲ့လူ၊ တော်ဝင်ကျဲနန်းတော်က လူတွေ အတော်များများရဲ့ တန်ခိုးကျင့်ခြင်းမှာ ကူညီပေးတဲ့လူ… ဒီလိုလူက နာမည်မကျော်စရာမှ မရှိတာ… သူက ဘယ်အရာကိုမဆို ထိုးထွင်း သိမြင်နိုင်တဲ့ ကြီးမားတဲ့ပညာဉာဏ် ရှိတယ်… ဒါကို ငါတို့အားလုံး သိကြတယ်… ဒီနေ့… မှော်ပညာဖြစ်စေ… သိုင်းပညာဖြစ်စေ… ကု့ချင်းပညာမှာ ဖြစ်စေ… သူက နက်နက်ရှိုင်းရှိုင်း နားလည်ထားတယ်… သူနဲ့ တစ်နှစ်တည်း ဝင်တဲ့ တပည့်တွေတောင်မှ သူ့ဆီမှာ သွားပြီးတော့ အကြံအဉာဏ်တွေ သွားတောင်း ကြရတယ်။

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်၏ နာမည်ကျော် ပါရမီရှင် ဖြစ်လာသည့် အကြောင်းကို အားလုံးက ပြောဆိုနေကြသည်။ သူ၏ ပုံမှန်မဟုတ်သော ပြုမူနေထိုင်ပုံနှင့်ပင် သူကား ထူးခြား ထက်မြက်သော လူတစ်ယောက်အဖြစ် ရှိနေဆဲဖြစ်သည်။ အကယ်၍ ရီဖူရှင်းကသာ လက်ရည်စမ်းပွဲကို ဝင်ပြိုင်ပါက အနည်းဆုံး ထိပ်သီးသုံးနေရာသို့ တိုက်ရိုက် ဝင်ရောက်မည်ဟု သူတို့ ခန်းမှန်းကြသည်။

***

ကောင်းကင် တက်လှမ်း မျှော်စင်ပေါ်တွင် နေရာတိုင်း၌ အော်သံများကို ကြားကြရသည်။ မျှော်စင်၏ အတွင်းအပြင် နေရာတိုင်း၌ ပေါက်ကွဲသံများကို ကြားကြရသည်။

“၁၈ လွှာကို တက်တယ်… ဒီအကောင်က ရူးနေတာလား…” တစ်ယောက်က အပြင်ကို ထွက်လာရင်းက ပြောသည်။

“ဘယ်သူလဲ…” အပြင်ဘက်မှ တစ်ယောက်က မေးသည်။

“ဘယ်သူဖြစ်ရမှာလဲ… ယူချင်းပေါ့…” ထိုလူက ပြန်ဖြေသည်။ လူအများအပြားက ကောင်းကင်တက်လှမ်း မျှော်စင်သို့ ဝင်ရောက်ကြသည်တွင် ၁၈ လွှာ၌ မြဲမြံစွာ ထိုင်နေသော သန်မာ ထွားကျိုင်းသော လူငယ် တစ်ယောက်ကို မြင်ကြရသည်။

လူအများအပြားက သူ့အား မနာလိုအားကျစွာ ကြည့်ကြသည်။ ယူချင်းကား စတုတ္ထတန်းစား နိုဘယ်မျှသာ ရှိသေးသည်။ သို့သော်လည်း ၁၈လွှာသို့ တက်ရန် ပုံမှန်အားဖြင့် ပထမတန်းစား နိုဘယ်ဖြစ်ရန် လိုပေသည်။ သူတို့၏ ခန္ဓာကိုယ်က သန်မာလျှင်ပင် အနည်းဆုံး ဒုတိယတန်းစား နိုဘယ်ဖြစ်ရန် လိုပေသည်။

ယူချင်းကား စတုတ္ထတန်းစား နိုဘယ်မျှသာ ရှိသေးသည်။ သူက ၁၈လွှာသို့ တက်ရောက်ရန် မည်သို့သော ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင် ထားသနည်း။

လွန်ခဲ့သော သုံးနှစ်က လူသစ်များထဲတွင် ရီဖူရှင်းနှင့် ယူချင်းတို့က အထူးခြားဆုံး လူနှစ်ယောက် ဖြစ်ကြသည်။ သူတို့ကသာ ပါရမီရှင်အဆင့် ဇယားအတွက် တိုက်ခိုက်ပါက မြင့်မားသော နေရာတစ်ခုကို သေချာပေါက် ရမည်ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်က စိတ်ဝင်စားဟန် မရှိပေ။ သူတို့က တန်ခိုးကျင့်ခြင်းတွင်သာ အာရုံဝင်စား နေကြသည်။

အကယ်၍ တိုက်ခိုက်ရေး ရှီနန်းဆောင်မှ တပည့်နှစ်ယောက်က နောက်တွင် ပါရမီရှင်အဆင့် ဇယား၏ နံပါတ် ၁နှင့် နံပါတ်၂ နေရာတို့ကို ရယူသွားပါက တော်ဝင်ရှီနန်းဆောင်မှ လူများက မည်သို့ တွေးမည်ကို သူတို့ စိတ်ဝင်စားကြသည်။ သမိုင်းတစ်လျှောက် ပါရမီရှင်အဆင့် ဇယား ပထမနေရာကို တော်ဝင်ရှီ နန်းဆောင်ကသာ ရယူထားမြဲ ဖြစ်သည်။ ယခု လက်ရှိ နံပါတ်တစ်ကလည်း တော်ဝင်ရှီ နန်းဆောင်မှ ဖြစ်သည်။

တော်ဝင်ရှီ နန်းဆောင်ကား တော်ဝင်ကျဲနန်းတော်၏အကောင်းဆုံး နန်းဆောင်လည်း ဖြစ်သည်။ နန်းတော်၏ တောင်ဘက်တွင် တည်ရှိပြီး ကုန်းမြေ၏ အမြင့်ဆုံး အပိုင်းလည်း ဖြစ်သည်။

ထိုအခိုက်တွင် တော်ဝင်ရှီနန်းဆောင်၏ ရှေးဟောင်းခန်းမ တစ်ခုမှ လူတစ်ယောက် ထွက်လာသည်။ သူ၏ခန္ဓာကိုယ်တွင် မည်သည့် ကိုယ်ရောင်ကိုယ်ဝါမှ မတွေ့ရသော်လည်း သူ့အား တွေ့မြင်ရရုံဖြင့် ကြီးမြင့်သော ခံစားချက်ကို ပေးသည်။ သူ၏ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်သည်တွင် ကောင်းကင်ကပင် ထွင်းဖောက် သွားဟန်ရ၏။

“လက်ထောက် နန်းတော်သခင်…” တော်ဝင်ရှီ နန်းဆောင်မှ အကြီးအကဲ တစ်ယောက်က ဘေးမှ နှုတ်ဆက်သည်။ အခုမှ တော်ဝင်ရှီ နန်းဆောင်မှ ထွက်လာသူကား တော်ဝင်ကျဲ နန်းဆောင်၏ လက်ထောက် နန်းဆောင်သခင်နှင့် ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်သုံး ချိတ်သူဖြစ်သည်။

“နောက်တစ်ဖြတ် လာတော့မယ် ဟုတ်တယ်မလား…” လက်ထောက် နန်းဆောင်သခင်က ပြောသည်။

“ဟုတ်ကဲ့… ” နောက်တစ်ယောက်က ခေါင်းညိတ်သည်။

“ဒီတစ်ဖြတ်ရော… မျိုးစေ့ကောင်းလေးတွ ပါလား…” သူက မေးသည်။

“နည်းနည်းပါတယ်…” သူက ပြန်ပြောသည်… “သူတို့က တော်တော် ပါရမီကောင်းတယ်…”

ထို့နောက် သူက မေးသည်… “တိုက်ခိုက်ရေး ရှီနန်းဆောင်က နှစ်ယောက်ကရော… သူတို့ လေ့ကျင့်တာ ဘယ်လို အခြေအနေရှိလဲ…”

“သူတို့ နှစ်ယောက်လုံးက စတုတ္ထတန်းစား နိုဘယ်တွေ ဖြစ်နေပြပြီ…” ထိုအကြီးအကဲက ပြောသည်… “အခု သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအင်ကို သေသေချာချာ မသိရပေမဲ့ သူတို့ရဲ့ နဂို အရည်အချင်းအရ တိုက်ခိုက်ရေး စွမ်းရည်က နိမ့်ကျဖွယ် မရှိဘူး… သူတို့က တကယ်ကို ရှားပါးတဲ့ ပါရမီရှင်တွေပဲ… သူတို့က အနာဂတ်မှာ လွေလီအတွက် အကူအညီ ဖြစ်လိမ့်မယ်… ခက်တာက သူတို့ရဲ့ အရှေ့မြေရိုင်းဒေသက စီနီယာတွေနဲ့လွေလီက သဘောထား မတိုက်ဆိုင်တာတွေ ရှိနေတယ် ထင်တယ်…”

“တန်ခိုးကျင်တဲ့အခါ စိတ်နှလုံးကိုလည်း လေ့ကျင့်ရတယ်… လွေလီက ပိုင်စီနဲ့ သူ့အကြားက မုန်းတီးမှုကို လျစ်လျူရှုနိုင်ရင် သူတို့ရဲ့ စီနီယာတွေနဲ့ သဘောထား မတိုက်ဆိုင်တာတွေ ကိုလည်း မေ့ပျောက် ပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ…” လက်ထောက် နန်းဆောင်အရှင်က ပြောသည်… “တိုက်ခိုက်ရေး ရှီနန်းဆောင်က သူတို့ကို မှန်မှန်ကန်ကန် ပျိုးထောင် ပေးလိမ့်မယ်… အနာဂတ်မှာ သူတို့က ပထမတန်းစား နိုဘယ်ဖြစ်လာရင် သူတို့ကို ရှီနန်းဆောင်မှာ လေ့ကျင့်ဖို့ ဝိုင်းဝန်း ဆွေးနွေးကြတာပေါ့…”

သူ၏ဘေးမှလူက ခေါင်းညိတ်သည်။ အမှန်အားဖြင့် တော်ဝင်ကျဲ နန်းတော်က တပည့်များအကြား ယှဉ်ပြိုင်မှုများကို အလေးထားသည် မဟုတ်သည်။ ထိုသို့လုပ်ခြင်းက သူတို့အကြား ပိုမိုကြိုးစား အားထုတ်ရန် တွန်းအားပေးခြင်း တစ်ခုသာ ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်၏ တပည့်များအကြား ထူးချွန်သူများ ပေါ်လာပါကလည်း နန်းတော်က ဘက်လိုက်ခြင်း ကင်းစွာဖြင့် အခွင့်အရေးများကို ပေးမည်သာ ဖြစ်သည်။

“အချိန် သိပ်မရှိတော့ဘူး… လွေလီနဲ့ ကျူးကော့မင်းယွီတို့ကို လက်ဆက်ပေးဖို့ အချိန်ကျပြီ…” လက်ထောက် နန်းတော်အရှင်က တီးတိုး ပြောသည်။

မြေရိုင်းပြည်နယ်က ရှန့်ထိုရှိရန် လိုသည်။ အတိတ်က များစွာသော ထိပ်သီး တန်ခိုးရှင်များ ထိုအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ကြပေ။ ပိုင်လွေလီကား သူတို့၏မျှော်လင့်ချက်လည်း ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset