အပိုင်း(၆၀၆)

ဇယားအပြောင်းအလဲ

ကု့ချင်း တောင်ကြားကား နန်းတော်အတွင်း ရှိသော နာမည်ကျော် ရှေးဟောင်း နယ်မြေတစ်ခု ဖြစ်ကာ လျူခွန်ရှမ်း၏ မြင့်မားသော နာမည် ဂုဏ်သတင်းက အဓိက အကြောင်းပြချက် တစ်ခုလည်း ဖြစ်သည်။ နောက်တစ်ချက်ကား ကု့ချင်းတောင်ကြားမှ လျူခွန်ရှမ်း၏ ကု့ချင်းကို ဘယ်သူကမှ ထိတွေ့ခွင့် မရခြင်းပင်။ အကြောင်းပြချက်မှာ လျူခွန်ရှမ်း၏ အသိအမှတ်ပြုမှုကို မရရှိ၍ ဖြစ်သည်။ သူသေပြီး နောက်ပိုင်းတွင်ပင် နန်းတော်အတွင်း ဘယ်ပါရမီရှင်ကမှ ကု့ချင်း၏ သဘောတူညီမှုကို မရရှိခဲ့ကြပေ။

ကု့ချင်း တောင်ကြားထဲကို ဝင်ရန် ကျောက်ဂူတစ်ခုကို ကျော်ဖြတ်ရသည်။ ဂူဝတွင် လူအများအပြားက စောင့်ဆိုင်းနေကြသည်။ ရီဖူရှင်းက သူ၏ကု့ချင်းကို လက်ဖြင့်ကိုင်ကာ ဆက်လက် တီးခတ်နေသည်။ အကယ်၍ ရီဖူရှင်းကသာ တီးခတ်ခြင်းကို ရပ်တန့်လိုက်ပါက သူနှင့် ကု့ချင်းတောင်ကြားတို့ အကြား ဆက်နွှယ်မှုကို ပြတ်တောက် စေနိုင်ပေသည်။

ရီဖူရှင်းက အလွန်အမင်း အားကောင်းသော ဂီတအသိတစ်ခု တောင်ကြားမှ ထွက်ပေါ် လာနေသည်ကို သူခံစား သိရှိနေသည်။ သူက ကျောက်တုံးဂူကို ကျော်ဖြတ်ကာ တောင်ကြားထဲကို ဝင်လိုက်သည်။ တစ်ဖက်တွင်ကား ကမ္ဘာသစ်တစ်ခု ဖြစ်ကာ စိမ်းစိုသော မြက်ပင်များ၊ အစီအရီ ခင်းထားသော ကျောက်လမ်းများ၊ တောင်များ၊ စမ်းချောင်းများနှင့် သာယာ လှပလွန်းသည်။ သည်ကမ္ဘာငယ်ကား အသက်ဓာတ်များဖြင့် ပြည့်နှက်နေကာ မမြင်ရသော စွမ်းအားများကလည်း ဤနေရာကို လွှမ်းခြုံထားဟန် ရသည်။ ထိုအရာများက ရီဖူရှင်း၏သံစဉ်များနှင့် လိုက်ပါ ကခုန်ကြသော ဂီတသင်္ကေတများ ဖြစ်ကြသည်။

ရီဖူရှင်း၏ဘေးတွင် လူအများအပြားကလည်း တောင်ကြားကို ဝင်လာကြသည်။ ရီဖူရှင်းနှင့် မတူသည်က သူတို့က ဖိအားတစ်မျိုးကို ခံစားရကာ ထိုမမြင်ရသော စွမ်းအားက ကု့ချင်းတောင်ကြားကို ဖုံးလွှမ်းထားသည်။ သံစဉ်အသိတစ်ခုက သူတို့၏စိတ်ထဲကို စိမ့်ဝင်လာနေကာ အလွန်အမင်း မသက်သာသော ခံစားချက်ကို ပေးသည်။ အချိန် ကြာလာသည်နှင့်အမျှ သူတို့၏ အသိစိတ်ကို ထိန်းသိမ်းရန် ခက်ခဲလာကြသည်။

“အပြင်မှာ စောင့်ကြရအောင်…” ရီဝူချင်း တီးတိုးပြောသည်။ ဟွာဂျီယူ၊ ယူချင်းနှင့် ကျန်လူများအားလုံး နောက်ဆုတ်ကြသည်။ စုချွဲ၊ ကျောင်းလီနှင့် တခြားလူများကလည်း လာရောက်ခဲ့ကြ သော်လည်း သူတို့လည်း အပြင်တွင် စောင့်နေကြသည်။ လျန်ယွီချန်း တစ်ယောက်သာ ရီဖူရှင်း ရှိရာသို့ လိုက်ပါသွားသည်။ သို့သော်လည်း သူ၏စိတ်က အလွန်အမင်း မတည်ငြိမ် ဖြစ်လာနေသည်။

အတိတ်တွင် နန်းတော်၏ တပည့်များက မှော်ဂီတပညာရှင် မဟုတ်လျှင်ပင် ကု့ချင်း တောင်ကြားတွင် သူတို့၏ စိတ်စွမ်းအားကို လေ့ကျင့်ရန် လာရောက်လေ့ ရှိကြသည်။ သို့သော်လည်း လျန်ယွီချန်းအတွက် ဤနေရာက အလွန်အမင်း အရေးပါသည်။

လျန်ယွီချန်းက ခေါင်းမော့ကာ တစ်နေရာသို့ ကြည့်သည်။ မြေပြင်က ထိုနေရာတွင် အနည်းငယ် မြင့်နေကာ ချောမွတ်သော ကျောက်တုံး တစ်တုံးပေါ်တွင် ကု့ချင်းတစ်လက် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ ယခုကား ထိုကု့ချင်းက အမှန်ပင် မိမိကိုယ်ကို တီးခတ်နေကာ ဂီတသင်္ကေတများက ပျံ့လွင့်နေပြီး ရီဖူရှင်း တီးခတ်နေသော သံစဉ်နှင့် လိုက်ပါစီးမြော နေကြသည်။

ရီဖူရှင်းက ကု့ချင်းရှေ့ကို လျှောက်သွားသည်ကိုလည်း ရီဖူရှင်းမြင်သည်။ ကု့ချင်းကား လျူခွန်ရှမ်းကြောင့် နာမည် ကျော်ကြားလာခြင်း ဖြစ်ကာ မြေရိုင်းဒေသတွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသော ကု့ချင်းလည်း ဖြစ်သည်။ ကု့ချင်း၏ နာမည်က “ဝိညာဉ် ” ဖြစ်သည်။

လျန်ယွီချန်းကား အမြဲတမ်း ထိုကု့ချင်းကို တီးခတ်လိုခဲ့သော်လည်း သူမအောင်မြင်ခဲ့။ ယခု ရီဖူရှင်းက ကု့ချင်းရှေ့ကို လျှောက်သွားကာ ဝိညာဉ်ကု့ချင်းရှေ့၌ ထိုင်လိုက်သည်ကို မြင်သည်တွင် သူ၏ရင်ထဲ၌ မနာလိုသောစိတ်များ လှိုက်၍​ တက်လာသည်။

ရီဖူရှင်းက တီးခတ်သည်ကို ရပ်လိုက်ပြီ ဖြစ်သည်။ သူ၏လက်ထဲတွင် ရှိနေသော ကု့ချင်းကို ကြည့်လိုက်သည်။ ရှေးဟောင်းလို့လန်မှ ဤကု့ချင်းက သူ့နောက်သို့ လိုက်ရန် မည်သို့ တွန့်ဆုတ်ခဲ့သည်ကို သူ ပြန်သတိရမိသည်။ ယခု သူက ဤကု့ချင်းအား ထပ်မံ၍ အသုံးပြုဖြစ်တော့မည် မဟုတ်တော့ပေ။ သို့သော်လည်း သူက ဤကု့ချင်းအား အမှတ်တရအဖြစ် သိမ်းထားဖြစ်ပေဦးမည်။

သူက ဤနေရာသို့အထိ လျှောက်လာပြီးပြီဖြစ်ရာ နောက်တွင် ဘာဆက်ဖြစ်မည်ကို ခန့်မှန်းမိပြီး ဖြစ်သည်။ ဂီတသင်္ကေတများက သူ့ကို ဤနေရာသို့ ခေါ်လာခြင်းက ရီဖူရှင်းအပေါ် ကု့ချင်းက အသိအမှတ်ပြုခြင်း တစ်မျိုးဖြစ်သည်။ ထိုနည်းက သူ့အတွက် အမွေဆက်ခံခြင်း နည်းလည်း ဖြစ်သည်။

ရီဖူရှင်းက ထိုင်ချလိုက်ကာ သူ၏ရှေ့မှ ကု့ချင်းကို ကြည့်သည်။ ကု့ချင်း၏ ဘေးနားတွင် “ဝိညာဉ်” ဟူသော နာမည်ကို ရေးထွင်းထားသည်။ ဝိညာဉ်ဟူသော စာလုံးက ကု့ချင်း၏နာမည် ဖြစ်ပေလိမ့်မည်။ သူက လက်ဆန့်တန်းကာ ကု့ချင်းကို အသာအယာ တီးခတ်လိုက်သည်။ ထိုအခိုက်တွင်ပင် ပတ်ဝန်းကျင် တစ်ခုလုံး၌ မရေမတွက်နိုင်သော ဂီတသင်္ကေတများ ဖြစ်ပေါ်လာကာ ရီဖူရှင်း၏စိတ်ထဲကို ဝင်ရောက် လာကြတော့သည်။

ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ ခေါင်းထဲကို ဝင်ရောက်လာသော ဂီတသံင်္ကေတများကို လက်ခံသည်။ သံစဉ်တစ်ခုချင်းစီက သူ၏စိတ်ထဲတွင် ပြက်ပြက်ထင်ထင် မှတ်မိနေစေကာ လူကြီးတစ်ဦးက သူထိုင်နေရာ နေရာတွင်ပင် ထိုင်လျက် ကု့ချင်းကို တီးခတ်နေသည် ကိုလည်း သူမြင်ရသည်။ သူကား ဝိညာဉ်ကု့ချင်း၏ ယခင်ပိုင်ရှင် ဖြစ်ရပေမည်။

ရီဖူရှင်းက သံစဉ်ကို နားထောင်လျှင် ကု့ချင်းအတွင်းမှ ကု့ချင်းဝိညာဉ်ကို ခံစား၍ ရသည်။ ထိုကု့ချင်းဝိညာဉ်က သူနှင့် ကု့ချင်းအကြား ဆက်နွှယ်ထားခြင်း ဖြစ်ကာ ဤကု့ချင်း တောင်ကြားကို တားဆီးထားသော အကန့်အသတ်လည်း ဖြစ်သည်။ အကယ်၍ ရီဖူရှင်းကသာ အူကီယိုသံစဉ်ကို မတီးခတ်ဖြစ်ခဲ့လျှင် ဤနေရာသို့ ခြေချဖြစ်မည်ပင် မဟုတ်ပေ။

ရီဖူရှင်း၏ စိတ်ထဲတွင် ခံစားနေရသော ဂီတသံစဉ်များက လွတ်လပ်ကာ ကြမ်းတမ်း ရိုင်းစိုင်းပေသည်။ သူက ဤမျှ ကြမ်းတမ်းသော သံစဉ်ကို မကြားဖူးပေ။ ယခင်က ကမ္ဘာကြီးနှင့် ပျက်စီးခြင်း ကမ္ဘာကဲ့သို့သော သံစဉ်များကို သူက သင်ယူဖူးသော်လည်း ယခု သံစဉ်က ကြီးကျယ်ခမ်းနားခြင်း ဂုဏ်ရှိန်ဝါ ကြီးမားခြင်းတို့အပြင် ကြမ်းတမ်းသည်ဟုလည်း မှတ်ချက်ချရမည်။ သံစဉ်ကိုယ်တိုင်က ဂီတ၏တစ်ဖက်ခြမ်းကို ရောက်ရှိနေသည်ဟု သတ်မှတ်၍ ရသည်။

ယခုကား လျန်ယွီချန်းက ဂီတကန့်သတ်နယ် အစပ်နားတွင် အထဲကို ခြေလှမ်းရန် ကြိုးစားနေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏အသိစိတ် တဖြည်းဖြည်း ပျောက်ဆုံး လာနေသည်ကိုလည်း ခံစားရသည်။ အကယ်၍ သူက အတွင်းဘက်ကို အတင်း ဝင်ရောက်ပါက သူ၏အသိစိတ် လွတ်သွားနိုင်ပေသည်။

နောက်ဆုံးတွင် လျန်ယွီချန်းက ရပ်လိုက်သည်။ သူက သက်ပြင်းချကာ ရီဖူရှင်း ရှိနေရာသို့ လှမ်းကြည့်သည်။ ထို့နောက် သူက နောက်လှည့် ထွက်ခွာသွားသည်။ ယနေ့ ဖြစ်ပျက်သမျှတို့ကို သူအမှတ်ရနေမည် ဖြစ်သည်။ သူ၏နန်းဆောင်ကို ပြန်ရောက်သောအခါ သူ၏စိတ်ကို တစ်ဖန်ကုစားပြီး ကု့ချင်းပညာများကို ထပ်မံလေ့ကျင့်မည်ဟု စိတ်ထဲတွင် တွေးထားသည်။

ရီဖူရှင်းက ကု့ချင်း တောင်ကြားတွင် ရက်များစွာ နေခဲ့သည်။ ယူချင်း၊​ ဟွာဂျီယူနှင့် ကျန်လူများကလည်း အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ကြ၏။ တစ်ချိန်တည်းမှာ လက်ရည်စမ်းပွဲကလည်း ပြီးဆုံးခြင်းကို ရောက်၏။ တကယ့်လက်ရည်စမ်းပွဲက ရီဖူရှင်း ထွက်သွားပြီးမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ပါရမီရှင်ဇယားမှ ထိပ်သီးနိုဘယ်များက အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြ သော်လည်း တကယ့် ထိတ်လန့်ဖွယ် တိုက်ပွဲကား ရီဖူရှင်းနှင့် လျန်ယွီချန်းတို့ပွဲသာ ဖြစ်သည်။

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၆ ခုနှစ်​ နောက်ဆုံးနေ့တွင် တော်ဝင်ကျဲနန်းတော်၏ တပည့် အများအပြားက အိမ်ပြန်ကြသည်။ အိမ်မပြန်သူများကလည်း ဆက်လက် ကျင့်ကြံကြသည်။ ပါရမီရှင် စင်မြင့်အနီးရှိ ကျောက်တိုင်တွင် ပါရမီရှင်အဆင့် ဇယားသစ်ကို ရေးဆွဲထားသည်။ သို့သော်လည်း အကြီးမားဆုံး ပြောင်းလဲမှုက တစ်ဦး တစ်ယောက်တည်းထံတွင် စုပြုံနေသည်။

ပါရမီရှင်အဆင့် ဇယား၌ လူအများအပြား စုစည်းနေကြသည်။ ကျူးကော့ရှင်း၊ ကျန်းကျိချင်၊ ယွန်ဖုန်းနှင့် တခြားလူများကလည်း ထိုနေရာတွင် ရှိနေကာ အဆင့်ဇယား အသစ်ကို ကြည့်နေကြသည်။ ထိတ်လန့်ဖွယ် ကောင်းစွာပင် ရီဖူရှင်း၏နာမည်က ထိပ်ဆုံးပိုင်းကို တက်လာခဲ့သည်။ အဋ္ဌမအတန်းအစား နိုဘယ်မျှသာ ဖြစ်သော်လည်း သူကား အဆင့်တစ်ဆယ်သို့ ရောက်လာခဲ့သည်။ သည်အဖြစ်က တော်ဝင်ကျဲ နန်းတော်တွင် ထူးဆန်း အံ့ဖွယ်ရာပင် ဖြစ်သည်။

မှန်သည် … ဘယ်သူကမှ သည်အဆင့်ဇယားကို မေးခွန်း ထုတ်ရဲမည် မဟုတ်ပေ။ ရီဖူရှင်းက အနာဂတ်တွင် ပါရမီရှင်အဆင့် ဇယား ပထမနေရာကို ရနိုင်မည့် ပါရမီကို ပြသခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သူ၏မှော်ပညာ၊ သိုင်းပညာနှင့် ဂီတပညာတို့ အားလုံးက အရည်အသွေး အမြင့်ဆုံးတွင် ရှိသည်။ ရီဖူရှင်း၏ တန်ခိုးအဆင့်က အလွန်အမင်း နိမ့်ကျနေခြင်းကြောင့်သာ ဤမျှလောက် အဆင့်ဖြင့် ရပ်တန့်နေခြင်း ဖြစ်သည်။

ရီဖူရှင်းအပြင် ယူချင်းကလည်း ပါရမီရှင်အဆင့် ဇယားကို ဝင်ရောက်ခဲ့သည်။ သို့သော်လည်း သူက အောက်ဆုံးပိုင်းတွင် ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်က ထိပ်ဆုံးသို့ တက်လာမည့်သူများ ဖြစ်သည်ကို မေးခွန်းထုတ်စရာ မလိုပေ။

ရှေးဟောင်း နယ်မြေရှိရာတွင်ကား တခြားလူများကလည်း ထိုအနီးတစ်ဝိုက်တွင် လေ့ကျင့်နေကြသည်။ သူတို့က ရံဖန်ရံဖန် ကု့ချင်း တောင်ကြားကို လှမ်းကြည့်ကြ၏။ ဟွာဂျီယူကား ကု့ချင်းတောင်ကြား အဝင်ဝတွင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ယနေ့ကား နှစ်ဟောင်း၏ နောက်ဆုံးနေ့ ဖြစ်သော်လည်း သူက အပြင်ဘက်ကို မထွက်လာသေးပေ။ ထိုစဉ်မှာပင် လူငယ်တစ်ဦး တောင်ကြားမှ အပြင်ဘက်ကို ထွက်လာသည်။ မရေမတွက်နိုင်သော လူများက ထိုလူငယ်ကို လှမ်း၍ ကြည့်ကြသည်။

ဟွာဂျီယူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့ထံကို လျှောက်သွားရင်းက သူမက ထက်ရှသော အကြည့်တစ်ခု ပို့လွှတ်ကာ မေးသည်.. “လေ့ကျင့်တာ ဘယ်လိုလဲ…”

“ကု့ချင်းတောင်ကြားမှာ စီနီယာ တစ်ယောက်ရဲ့ အမွေတွေကို ဆက်ခံရရှိခဲ့တယ်…” ရီဖူရှင်းက ပြောသည်… “ငါက အရမ်းအဆင့်မြင့်တဲ့ သံစဉ်တွေနဲ့ အဲဒီစီနီယာရဲ့ ကု့ချင်းကို ရခဲ့တယ်…” ထို့နောက် သူက ရယ်မော၍ ပြောသည်… “ငါမရှိတဲ့ တစ်ရက်က တစ်သက်စာလို ထင်ရတယ်မလား…”

ဟွာဂျီယူက သူ့အား မျက်စောင်း လှလှလေး ထိုးသည်။ သူကား ယခင်ထက်ပင် အရေထူလာသည်ဟု သူမတွေးသည်။

“နင် ထွက်လာတော့မှာ မဟုတ်ဘူးလို့ ငါထင်နေတာ…” ဟွာဂျီယူက တိုးညင်းစွာ ပြောသည်။

“ဘာလို့ မထွက်လာရမှာလဲ… ငါက ဇနီးလောင်းနဲ့အတူ နှစ်သစ်ကို ဖြတ်ကျော်မှာ…” ရီဖူရှင်းက ရယ်မောကာ ရီဝူချင်းကို ပြောသည်… “ဝူချင်း… ချန်းယွီကို ခေါ်ခဲ့… ငါတို့ တစ်နေရာမှာ သွားထိုင်ကြမယ်…”

“သေချာတာပေါ့… ” ရီဝူချင်းက ပြန်ပြောသည်… “ငါတို့ ဘယ်နေရာမှာ ထိုင်မှာလဲ…”

“ဟိုနေရာ…” ရီဖူရှင်းက တောင်တစ်လုံးကို ညွှန်ပြသည်… “အဲဒီနေရာက တော်တော် မြင့်တယ်… ငါတို့ ရှုခင်း ကောင်းကောင်း ကြည့်လို့ရတယ်…”

ရီဝူချင်းက ခေါင်းညိတ်ကာ လှည့်ထွက် သွားသည်။

“ယူချင်း… ငါက သိမ်းငှက်ကလေးကို ချိန်ချန်ဆီ လွှတ်လိုက်မယ်… အဲဒီကို အရင်သွားရအေင်…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူတို့က တောင်ပေါ်သို့ တက်လာကြသည်။

တောင်ထိပ်ပေါ်မှ သူတို့က အလွန် ကောင်းမွန်သော ရှုခင်းများကို မြင်ရသည်။ ရီဖူရှင်းက ရယ်မော၍ ပြောသည်… “လေ့ကျင့်ရေးကွင်းမှာတင် ငါက နှစ်ဝက်လောက် ကြာတယ်… ငါ့အတွက် လေ့ကျင့်ဖို့ မရေမတွက်နိုင်တဲ့ နေရာတွေ ကျန်နေသေးတယ်… ငါ မရှာရသေးတဲ့ လျှို့ဝှက်ဘုံတွေလည်း အများကြီးပဲ… နောက်နှစ်နည်းနည်း လေ့ကျင့်ဖို့က ငါ့အတွက် ပြဿနာ မဟုတ်ဘူး…” ရီဖူရှင်းက ပြောသည်။ လက်ရည်စမ်းပွဲ ပြီးနောက်တွင် ဘယ်သူကမှ ရီဖူရှင်းနှင့် ထပ်မံ မတိုက်ခိုက်ကြတော့ပေ။

“ငါတို့က ဒီမှာ နောက်နှစ်နည်းနည်း လေ့ကျင့်ရဦးမှာပေါ့…” ယိရှောင်ရှီက အံကြိတ်သည်။ သူကား ထိုမျှလောက် သည်းခံနိုင်မည် မထင်။

“အစ်ကိုခုနစ်… ခင်ဗျားက ပျင်းရိနေရင် ကျွန်တော်က အစ်မခုနစ်နဲ့ တွေ့တဲ့အခါ ပြန်ပြောမယ်…” ရီဖူရှင်းက ပြောသည်။

“ငါမင်းကို ကြောက်မက်လို့ ထင်လား…” ယိရှောင်ရှီက ရီဖူရှင်းကို ဒေါသတကြီး ပြောသည်။ သို့သော်လည်း သူက သိပ်တော့ ယုံကြည်ချက် မရှိပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset