အပိုင်း(၆၀၅)

ကု့ချင်းတောင်ကြား

လျန်ယွီချန်း ရှုံးနိမ့်ခဲ့ပြီ။

ပါရမီရှင်ဇယားတွင် အဆင့်ငါးရှိသူ၊​ ကု့ချင်းပညာတွင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ၊ ပထမတန်းစား နိုဘယ်ဖြစ်သူ လျန်ယွီချန်းကား ယခု အဋ္ဌမ အတန်းအစား နိုဘယ်ဖြစ်သူ ရီဖူရှင်းကို ကု့ချင်းပညာတွင် ရှုံးနိမ့်ခဲ့သည်။

သည်စိန်ခေါ်ပွဲက အကယ်၍​ မှော်ဂီတပညာကိုသာ သုံး၍ တိုက်ခိုက်ခြင်း ဖြစ်ပါက အနိုင်ရခြင်း မရခြင်းက ဘာမှ အဓိပ္ပာယ် မရှိသော်လည်း သူတို့နှစ်ယောက် အဓိကထား ယှဉ်ပြိုင်ခြင်းကား ကျွမ်းကျင်မှု၊​ ထိုးထွင်းသိမြင် နားလည်မှုတို့ ဖြစ်သည်။ သူက ရီဖူရှင်းကို ကု့ချင်းပညာဖြင့် တိုက်ခိုက်၍ မရရာ သူက ရီဖူရှင်း၏ ကျွမ်းကျင် လိမ္မာမှုကို သွားရောက် စမ်းသပ်ခဲ့သည်။

လျန်ယွီချန်းက အလွန်အမင်း ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ကာ အမှန်ပင် ပါရမီရှင်ဇယား အဆင့်ငါးနေရာဖြင့် ထိုက်တန်သူ ဖြစ်သည်။ သို့သော်လည်း နောက်ဆုံး သံစဉ်က သူ့အတွက် အလွန်အမင်း ခက်ခဲစေသည်။ သူက အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်တိုင် သူက နောက်ဆုံး သံစဉ်၏ရသကို ဖော်ကျူးရန် မတတ်နိုင်ဘဲ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူ၏စိတ်ကပင် အလွန်အမင်း ပြင်းထန်သော ဖိအားအောက်တွင် ခံနိုင်ရည် မရှိတော့ဘဲ​ ရုပ်ခန္ဓာကပါ ဒဏ်ရာရခဲ့သည်။

ထိုရလဒ်ကို အားလုံးက နားလည်ကြသည်။ လျန်ယွီချန်းက ရီဖူရှင်းနှင့် ကု့ချင်းပညာ ယှဉ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

တော်ဝင်ကျဲ နန်းတော်ကို ရောက်ရှိသည်မှာ တစ်နှစ်ပင် မကြာသေးသော်လည်း အသစ်ဝင်လာသော ဝင်ခွင့်ပထမရသူက လက်ရည်စမ်းပွဲ၏ သဘောတရားကို မေးခွန်း ထုတ်ခဲ့သည်။ စီနီယာများက ဂျူနီယာများကို တန်ခိုးအဆင့်ဖြင့် အနိုင်ကျင့်သည်ဟု ပြောကာ သူက စီနီယာများထက် တန်ခိုး အဆင့်မှလွဲ၍ တခြား နေရာများတွင် နိမ့်ကျင်ခြင်း မရှိဟု ပြောခဲ့သည်။ ယခု ပါရမီရှင်အဆင့် ဇယားမှ နံပါတ်ငါးဖြစ်သူ လျန်ယွီချန်းပင် သူ့ထံ၌​ ရှုံးနိမ့်ခဲ့သည်။

တူရိယာအား တီးခတ်နေဆဲ လူငယ်အား ကြည့်ကာ အားလုံးက မှင်တက် ငေးမောရသည်။ တော်ဝင်ကျဲ နန်းတော်ကို ရီဖူရှင်း ရောက်လာ ကတည်းက အရှက်မဲ့သော၊ မျက်နှာပြောင် တိုက်သော၊ သူရဲဘောကြောင်သော၊ ထီမထင်သော သူ၏အပြုအမူများနှင့် ပတ်သက်၍ ကောလာဟလ များစွာကို သူတို့ ကြားဖူးကြသည်။

ယခုမူကား…။ သူကား ပါရမီရှင်အဆင့် ဇယားနံပါတ်ငါးနှင့် ယှဉ်ပြိုင်ရလျှင်ပင် တည်ငြိမ်နေသည်။

ယွန်စွေ့ရှင်းက သူ့အား အေးစက်သော မျက်လုံးဝိုင်းများဖြင့် အနည်းငယ် စိတ်ဝင်စားသော အငွေ့အသက်များဖြင့် ကြည့်နေသည်။ သူမက သည်လူငယ်လေးအား နားလည်နိုင်စွမ်း မရှိတော့…။

ကျန်းကျိချင်၏ မျက်နှာက ပိုမို၍ ပြာနှမ်းသွားသည်။ သူမ၏ရှေ့မှ မြင်ကွင်းကား ဟာသတစ်ခုနှင့်ပင် တူလှသည်။ သည်အဖြစ်အပျက်က သူမကို လှောင်ပြောင် ရယ်မော နေသည်နှင့်တူသည်။ ထို့ကျန်းနန်းဆောင်မှ နံပါတ်တစ် ပါရမီရှင်ပင် ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။ ဆိုလိုသည်က သည်မတိုင်မီ သူမ ပြောဆို လှောင်ပြောင် ဝေဖန်ခဲ့သည်များ အားလုံးက ဟာသတစ်ခုထက် မပိုတော့…။ ဟွာဂျီယူက ရီဖူရှင်းအပေါ် အဘယ်ကြောင့် ထိုမျှ ကာကွယ် ပေးလိုသည်ကို ယခုမှ သူမက အပြည့်အဝ နားလည်လိုက်သည်။ ဟွာဂျီယူက ရီဖူရှင်းနှင့် ပတ်သက်၍​သိရှိနားလည် သော်လည်း တစ်ဖက်တွင် ကျန်းကျိချင်က ရီဖူရှင်းနှင့် ပတ်သက်၍​ ဘာမှ မသိပေ။

ယွန်ဖုန်းက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်း၏ ကိုယ်ရောင် ကိုယ်ဝါကို သူက ကြည့်နိုင်စွမ်းပင် မရှိတော့ဟု ခံစားရသည်။ ထိုအဖြစ်က သူ့အား တန်ဖိုးမဲ့ခြင်း စိတ်ဓာတ်ကျခြင်းတို့ကို တစ်ပြိုင်နက်တည်း ခံစားမိစေသည်။

ကျူးကော့ရှင်းကလည်း ရီဖူရှင်းကို ကြည့်နေသည်။ ရီဖူရှင်း ဖန်တီးလိုက်သော လှိုင်းလေက ဝင်ခွင့်စာမေးပွဲ၌ သူကြုံခဲ့သည်ထက် ပြင်းထန် အားကောင်းပေသည်။ ယခု ရီဖူရှင်း ရင်ဆိုင်နေသည်က လူသစ်မဟုတ်ဘဲ ပါရမီရှင်အဆင့် ဇယားတွင် နံပါတ်ငါးချိတ်သူ ဖြစ်သည်။ ရီဖူရှင်းနှင့် တစ်ပြိုင်နက်တည်း ဝင်လာသော လူသစ်များလည်း သွေးများ ဆူပွက်လာသည်ဟု ခံစားကြရသည်။ ယခု ရီဖူရှင်း ဖန်တီးခဲ့သည်ကား ရာဇဝင်တွင်မည့် ပုံပြင်တစ်ပုဒ် ဖြစ်သည်။ သူ တီးခတ်ခဲ့သော သံစဉ်ကလည်း နန်းတော်မှ အစဉ်အလာတစ်ခုကို တစ်ဆစ်ချိုး ပြောင်းလဲ စေတော့မည်။

ဟွာဂျီယူက ရီဖူရှင်းအား သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် ကြည့်ကာ ပြုံးသည်။ ဘယ်လောက်တောင် ကြည့်ကောင်းလိုက်တဲ့ ကောင်လေးလဲ…။ သူကား သူမသိသော သူမ ချစ်ခင်ရသော ရီဖူရှင်း ဖြစ်သည်။

ယူချင်း၏ အမူအရာကား ဘာမှ ပြောင်းလဲခြင်း မရှိ…။ သူကား ရီဖူရှင်း ဘာလုပ်လုပ် မအံ့ဩသော တစ်ဦးတည်းသော လူသားဖြစ်သည်။ ရီဖူရှင်းက ဤသို့သော အံ့ဖွယ်များကို လုပ်ဆောင်မည့်သူ ဖြစ်သည်ဟု မူလကတည်းက သူ ယုံကြည်ထားရာ ရီဖူရှင်း ဘာလုပ်လုပ် ထိုအရာများက ဖြစ်သင့်သည့် ကိစ္စများဟုသာ သူတွေးထင်သည်။ သူကား မည်သည့်နေရာကို သွားပါစေ မည်သည့်အရာကို လုပ်ဆောင်ပါစေ ထိပ်ဆုံးတွင် ရပ်တည်နိုင်မည့်သူ ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်ကလည်း ခြွင်းချက် မရှိပေ။

ကြီးမား သိပ်သည်းသော သဘာဝစွမ်းအင် အားလှိုင်းများက ရေစီးကြောင်း အသွင်ဖြင့် ကျောင်းခုံးစင်မြင့်ထက်တွင် လှည့်ပတ် စီးဆင်းနေကြရာ ဝေးကွာသော အရပ်များမှပင် ခံစား သိမြင်နိုင်သည်။ ရီဖူရှင်းက ဆက်လက် တီးခတ်နေဆဲ ဖြစ်သည်။ သူကား သူကိုယ်တိုင် ဖန်တီးသော ရသကမ္ဘာထဲတွင် နစ်မြုပ်သွားပြီး ဖြစ်ကာ သူ တီးခတ်နေခြင်း ကလည်း လက်ရည်စမ်းပွဲ အတွက် မဟုတ်တော့ပေ။ ထူးဆန်းသော တစ်နေရာမှ ပဲ့တင်ထပ် စွမ်းအင်တစ်ခုကို သူခံစားမိရာ သူက ဆက်လက် တီးခတ်နေသည်။

ရီဖူရှင်းသာ မဟုတ် လက်ရည်စမ်းပွဲတွင် ရှိနေသူများ အားလုံးက ထိုစွမ်းအင်ကို ခံစားမိကြသည်။ သူတို့က အဝေးကို လှမ်းကြည့်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော လေစီးကြောင်း တစ်ခု သူတို့ထံ မျောလွင့်လာသည်ကို မြင်ကြရသည်။ သူတို့အနီးတွင် လေထုက တုန်ခါနေကာ လေစီးကြောင်း လာရောက်ရာ မူလဇာစ်မြစ်က လေ့ကျင့်ရေးကွင်း ဒေသမှ ဖြစ်သည်။ ထိုဒေသကား အလွန်ကျယ်ပြော နက်နဲရာ ရှေးနန်းတော် အကြီးအကဲများ ချန်ထားခဲ့သော များစွာသော လျှို့ဝှက်ဘုံများ၊ ရှေးဟောင်း နယ်မြေများနှင့် လေ့ကျင့်ရေး နယ်မြေများ ရှိသည်။  ထိုနေရာတွင် အလွန်နားလည်ရန် ခက်ခဲသော နေရာများပင် ရှိပေသည်။

တော်ဝင်ကျဲနန်းတော်မှ တပည့်များကား ပြင်ပလောကသို့ မသွားဘဲ​ နန်းတော်ထဲတွင်ပင် နှစ်ပေါင်းများစွာ လေ့ကျင့်နိုင်ကြသည်။ အကြောင်းပြချက်ကား တော်ဝင်ကျဲ နန်းတော်၏ ကြွယ်ဝပေါများသော အထောက်အပံ့များကြောင့် ဖြစ်သည်။ သူတို့က ဤနေရာတွင် ငါးနှစ် ဆယ်နှစ် လေ့ကျင့်လျှင်ပင် လေ့ကျင့်ရေးကွင်း၏ နေရာတိုင်းကို ရောက်ရှိရန် မလွယ်ကူပေ။

ယခု ရီဖူရှင်း တီးခတ်နေသော သံစဉ်က အလွန် ကျယ်လောင်ကာ နေရာတိုင်းကို ပျံ့နှံ့စီးဝင်နေသည်။ ရုပ်တုရှစ်ခုလုံးက ရောင်စဉ်များ လင်းလက် တောက်ပနေသည်။ ထူးဆန်းသော စွမ်းအင်များက လေထုတွင် လှည့်ပတ်နေကာ ရီဖူရှင်း၏ကု့ချင်းသံစဉ်နှင့် ပေါင်းစပ် ကခုန်နေကြသည်။ သံစဉ်ကား ပုံမှန်အားဖြင့် လူတိုင်း၏နားထဲကို စီးဝင်ရောက်ရှိ နေသည်ဟု ပြော၍ ရသည်။

“ဒါ ဂီတသံစဉ်တွေပဲ…” လူအများအပြားက အံ့အားသင့် ကြရသည်။

လျန်ယွီချန်းက လေထဲကို ကြည့်သည်။ ရီဖူရှင်း၏သံစဉ် ဆွဲဆောင်အားကြောင့် များစွာသော သံစဉ် သင်္ကေတများက ရှေးဟောင်းနယ်မြေ တစ်နေရာမှ လွင့်ပျံ့လာကြသည်။ သင်္ကေတများက ရီဖူရှင်း၏ကု့ချင်းနှင့် လိုက်လျောညီထွေစွာဖြင့် လှုပ်ရှားကခုန်ကြကာ သံစဉ် အသစ်တစ်ခု ဖြစ်ပေါ်လာစေသည်။

ထို့နောက်တွင် လျန်ယွီချန်း၏ မာနသိက္ခာများကား လုံးဝ ကြေပျက် ရတော့သည်။ သူကား တော်ဝင်ကျဲ နန်းတော်သို့ ဝင်လာသော လူသစ်တစ်ယောက်ထံတွင် လုံးဝ နင်းခြေ ခံရလေ၏။

ပါရမီရှင် စင်မြင့်ပေါ်တွင် ရီဖူရှင်းက သူ့အား သံစဉ်တစ်ပုဒ် လက်ဆောင် ပေးမည်ဟု ယခင်က ပြောခဲ့၏။ လျန်ယွီချန်းက ဂရုမစိုက်ခဲ့။ သို့သော်လည်း ထိုနေ့က မြန်ဆန်စွာပင် ရောက်လာခဲ့သည်။ လအနည်းငယ် အတွင်း၌ပင် ရီဖူရှင်းက သူ့အတွက် သံစဉ်တစ်ပုဒ် တီးခတ်ခဲ့သည်။

“ဒါက အူကီယိုသံစဉ် ဖြစ်လိမ့်မယ်…” လျန်ယွီချန်းက အူကီယိုသံစဉ်ကို ရီဖူရှင်းကြောင့် မြေရိုင်းဒေသတွင် ပေါ်ပေါက်လာရသည်ကို မသိသော်လည်း သည်သံစဉ်က ကောင်းကင်ဒေသ၏ အကောင်းဆုံး သံစဉ်ဆယ်ခုထဲမှ တစ်ခုဖြစ်သည်ကို သိသည်သာ…။ ရီဖူရှင်း တီးခတ်နေသည်ကား ကြီးမြတ်သူများ၏ စိတ်ဆန္ဒများ ပါဝင်နေသည်။ ထို့အပြင် ရီဖူရှင်းက သံစဉ်ကို အလွန် ကောင်းမွန်စွာ တီးခတ်နိုင်ကာ သံစဉ်၏အနုပညာရသသိအား ပြတ်ထင်စွာ ဖော်ကျူးနိုင်၏။

လျန်ယွီချန်းက ရီဖူရှင်းနှင့် ကု့ချင်းပညာ ယှဉ်ရာတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း သူက သိပ်ဝမ်းနည်းသည်တော့ မဟုတ်ပေ။ ကု့ချင်းအား ဘဝတစ်ခုလုံး မြှုပ်နှံထားသော လူတစ်ယောက်က အူကီယိုကို တီးခတ်နိုင်သူ၏ လက်အောက်တွင် ရှုံးနိမ့်ရသည်မှာ ဝမ်းနည်းစရာ မဟုတ်ပေ။ သို့သော်လည်း ယခု တီးခတ်နေသူကား လျန်ယွီချန်း သဘောမကျသောသူ ရီဖူရှင်း ဖြစ်သည်။

အရူးအမူး စီးဆင်းလာကြသော လေလှိုင်းများထဲတွင် ပိုမိုများပြားသော သံစဉ် သင်္ကေတများကို မြင်တွေ့ကြရသည်။ သံစဉ် တီးခတ်နေရာသို့ တစ်ယောက်ပြီး တစ်ယောက် အပြေး လာနေကြ၏။ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲ အချို့ပင်လျှင် သံစဉ်ကြောင့် စိတ်လှုပ်ရှား ကြရသည်။

လူအများအပြား၏ စိတ်နှလုံးများ တုန်ခါကြသည်။ လက်ရည်စမ်းပွဲကား အကြီးအကဲများ၏ စိတ်အာရုံကိုပင် ဖမ်းစားနိုင်ခဲ့သည်။ လက်ရည်စမ်းပွဲက ယခုမှ စတင်သော်လည်း အလွန်အမင်း ဇာတ်ရှိန်မြင့်တက်သော အခြေသို့ ရောက်နေခဲ့သည်။

ဤသို့သော် အနုပညာမြောက်သော လက်စွမ်းနှင့် အဆင့်အတန်း မြင့်မားသော ပညာရပ်ကို ထုတ်ဖော် တီးခတ်ခြင်းအား တခြားမည်သည့် ထူးခြား ဖြစ်စဉ်များက ကျော်ဖြတ် နိုင်အံ့နည်း။

တော်ဝင်ကျဲနန်းတော် အကြီးအကဲအချို့က ဂီတသင်္ကေတများ ပျံ့လွင့်လာသော ရှေးဟောင်း နေရာကို ကြည့်ကြသည်။ သူတို့က ထိုထူးဆန်းသော နေရာကို သိကြသည်။ ထိုနေရာကား အလွန်အမင်း ထူးဆန်း အံ့ဖွယ်ကောင်းသော ဘိုးဘေးတစ်ယောက် ချန်ထားခဲ့သော ဘုံဌာနေတစ်ခု ဖြစ်ပြီး ယနေ့အထိ မည်သူကမှ ဝင်ရောက်နိုင်စွမ်း မရှိသော နေရာလည်း ဖြစ်သည်။ ယခု ထိုနေရာမှ ဂီတသင်္ကေတများက ရီဖူရှင်း၏သံစဉ်နှင့် လာရောက် ပေါင်းစပ်ကာ ကခုန်နေကြသည်။

“ဂီတသံစဉ် သင်္ကေတအတိုင်း လိုက်သွား… ကု့ချင်း တောင်ကြားထဲကို ဝင်…” အကြီးအကဲ တစ်ယောက်က ရီဖူရှင်းကို လှမ်းပြောသည်။

ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက ထိုင်နေရာမှ ဂီတသံင်္ကေတများ လွင့်ပျံ့လာရာ နေရာသို့ ကု့ချင်းအား တီးခတ်လျက်ပင် ပျံသန်း သွားလိုက်သည်။ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲက ထိုနေရာသို့ သွားရန် ညွှန်ကြားခြင်းဖြစ်ရာ ထိုနေရာတွင် သူနှင့် သက်ဆိုင်သော တစ်ခုခု ရှိရပေမည်။

ပဲ့တင်ထပ် စွမ်းအင်က ကု့ချင်းတောင်ကြားမှ လာခြင်း ဖြစ်ပေသည်။

“ကု့ချင်းတောင်ကြား…” ထိုနာမည်ကို ရေရွတ်ရင်းက လျန်ယွီချန်း၏ မျက်နှာက ပြာနှမ်းသွားသည်။ သူကလည်း အခြေအနေကို ခန့်မှန်းမိသည်။ သူက ထိုနေရာသို့ သွားရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ထိုထူးဆန်းသော နေရာကို ဝင်ရောက် နိုင်စွမ်းငှာ မတတ်နိုင်ခဲ့ပေ။ သို့သော်လည်း ယခု ရီဖူရှင်းက ထိုနေရာသို့ ဝင်ခွင့်ရနိုင်သော အခြေအနေကို သူမြင်နေရသည်။ ထိုအရာက သူ့အား လှောင်ပြောင်နေခြင်းနှင့် အလားသဏ္ဌာန် တူသည်။ လျန်ယွီချန်းကား အမှန်ပင် အဆုံးစွန်သော ရှုံးနိမ့်မှုကို ခံစားရ၏။

ကု့ချင်းတောင်ကြားကို ထွက်သွားသော ရီဖူရှင်းကို အားလုံးက ကြည့်နေကြသည်။ ထို့နောက် သူတို့က ရင်ဘတ်များ လေးလံစွာဖြင့် လျန်ယွီချန်းကို ကြည့်ကြသည်။ သည်လက်ရည် စမ်းပွဲကား လျန်ယွီချန်းအတွက် ကြမ်းတမ်းလွန်း လှသည်။ ပါရမီရှင်အဆင့် ဇယားတွင် နံပါတ်ငါးဖြစ်သော သူက ယခုမှ နန်းတော်ကို ဝင်လာသော ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်သာမက ယခု ရီဖူရှင်းအား ကု့ချင်းတောင်ကြားက ဆင့်ခေါ်နေသည်။

လူအများအပြားက ကု့ချင်းတောင်ကြားကို ကြားဖူးကြသည်မှာ မထူးဆန်းပေ။ ပြောကြသည်မှာ ကု့ချင်းပညာ၌ အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့သော ပုဂ္ဂိုလ်ထူး တစ်ယောက် ရှိခဲ့ကာ သူ၏ကု့ချင်းပညာက တစ်ဖက်လူ၏ စိတ်ကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိခဲ့သည်ဟု ပြောစမှတ် တွင်ကြသည်။ မြေရိုင်းဒေသမှ ထိပ်သီးပုဂ္ဂိုလ်များက ထိုလူနှင့် တွေ့ဆုံရမည်ကိုပင် အလွန်အမင်း ကြောက်ရွံ့ကြရသည်။ သူကား ရှေးမျိုးဆက်၏ ကောင်းကင်မြေရိုင်း နံပါတ်တစ် နေရာကို ပိုင်ဆိုင်သူလည်း ဖြစ်သည်။

သူကား နာမည်ကျော် လက်ကိုးချောင်း ကု့ချင်းနတ်ဆိုး လျူခွန်ရှမ်း ဖြစ်သည်။ သူကား ဘဝတစ်ခုလုံး ကု့ချင်းပညာတွင် ရူးသွပ်စွာ မြှုပ်နှံခဲ့သူဖြစ်ကာ နောက်ဆုံးတွင် သူ၏ဝိညာဉ်က ကု့ချင်းတောင်ကြား၌ အိပ်စက် အနားယူခဲ့သည်။ လျန်ယွီချန်းက ကု့ချင်းတောင်ကြားကို ဝင်ခွင့်ရရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည်ကို လူအများအပြား သိကြပေသည်။ သို့သော်လည်း သူက ကု့ချင်း တောင်ကြားကို ခြေချရန် မတတ်နိုင်ဘဲ ရှိနေခဲ့သည်။ ယခု ရီဖူရှင်း၏သံစဉ်က ကု့ချင်း တောင်ကြားအား အသက်ဝင်စေခဲ့သည်။ ယခု ကု့ချင်းပညာတွင် ပါရမီ အမြင့်ဆုံးဟု မိမိကိုယ်ကို ခံယူထားသော လျန်ယွီချန်းက မည်သို့ ခံစားရမည်ကို အားလုံးက ခန့်မှန်း၍ ရသည်။

လျန်ယွီချန်း၏ မျက်လုံးများက အဝေးကို ထွက်သွားသော လူငယ်ကို ကြည့်နေသည်။ သူ၏ အမူအရာကလည်း ပြောင်းလဲသွားကာ ရီဖူရှင်း၏နောက်မှ လိုက်ပါသွားသည်။ သည်တစ်ကြိမ်လည်း သူက ကု့ချင်း တောင်ကြားကို ဝင်နိုင်မလား စမ်းကြည့် လိုသေးသည်။

ယူချင်း၊ ဟွာဂျီယူနှင့် တခြားလူများကလည်း လေထဲကို ခုန်တက်ကာ ရီဖူရှင်း၏ နောက်ကို လိုက်ပါ သွားကြသည်။ လက်ရည်စမ်းပွဲမှ လူများက သူတို့ကို ကြည့်ကာ ပြုံးမိကြသည်။ လက်ရည်စမ်းပွဲတွင်ကား ရီဖူရှင်းကသာ ပွဲတစ်ခုလုံး၏ အာရုံစိုက်မှုကို ရယူသွားခဲ့သည်။ ရီဖူရှင်းက ကု့ချင်းတောင်ကြား၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ရာ လူအများအပြားက သူ့နောက်ကို လိုက်ပါ သွားကြသည်။ ထို့ကြောင့် ပွဲကို လာရောက် ပါဝင်ဆင်နွှဲသူများ ကိုယ်တိုင်က ရီဖူရှင်းနောက်ကို လိုက်သွားရမည်လော ဆက်လက် တိုက်ခိုက်ကြမည်လား ဝေခွဲမရ ဖြစ်နေကြသည်။

လူအများအပြားက ဟွာဖန်းကို ကြည့်ကြသည်။ ထိုအခိုက်တွင် လေထဲတွင် ရပ်နေသော အကြီးအကဲ တစ်ယောက်က ပြောသည်… “လိုက်သွားချင်တဲ့ လူတွေက လိုက်သွားလို့ရတယ်… ဒါပေမဲ့ ဒီကိစ္စက မင်းတို့နဲ့ ဆိုင်တာတော့ မဟုတ်ဘူး… ဆက်နေချင်တဲ့လူက လက်ရည်စမ်းပွဲကို ဆက်လက် ပြုလုပ်နိုင်တယ်…” ထို့နောက် သူတို့က ပြန်လည် ထွက်ခွာ သွားကြသည်။ အချို့ကလည်း ရီဖူရှင်းနောက်ကို လိုက်သွားကြကာ အများစုက ထိုနေရာတွင်ပင် ကျန်ရစ် နေခဲ့ကြသည်။

“ဒီနည်းလမ်းက တကယ်ပဲ မသင့်တော်ဘူး… ရီဖူရှင်းက သူ့ရပ်တည်ချက် မှန်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့တယ် ဆိုမှတော့ ငါတို့က လက်ရည်စမ်းပွဲရဲ့ ပုံစံကို ပြောင်းလဲဖို့ လိုတယ်…” အသံတစ်သံကို ကြားကြသည်။ လူအများက လှမ်းကြည့် ကြသည်တွင် တိုက်ခိုက်ရေး ရှီနန်းဆောင်မှာ ထို့ခွန်ဖြစ်သည်ကို မြင်ကြရသည်။ သူကား ရီဖူရှင်း၏ စီနီယာလည်း ဖြစ်သည်။

ထို့ခွန်ကား ပါရမီရှင်အဆင့် ဇယားတွင် နံပါတ်နှစ်ဖြစ်သည်။

သူ၏စကားကို ကြားကာ လူအများအပြားက တိတ်ဆိတ် သွားကြသည်။ လုံးဝဥဿုံမှန်ခြင်း မှားခြင်းက မရှိရာ ရီဖူရှင်းက လျန်ယွီချန်းကို အနိုင်ယူခဲ့သောကြောင့် သူ၏ ရပ်တည်ချက်က မှန်ကန်သည်ဟုသာ ပြောရပေတော့မည်။ သည်တိုက်ပွဲကြောင့်ပင် ပါရမီရှင် အဆင့်ဇယား၌ ရီဖူရှင်းက မြင့်မားသော တစ်နေရာသို့ ရောက်ရှိမည်မှာ သေချာပေသည်။

“ဒါက ကျုပ်အတွက် နောက်ဆုံး လက်ခံကျင်းပ ပေးရတဲ့ လက်ရည်စမ်းပွဲ ဖြစ်လိမ့်မယ်… အနာဂတ်နှစ်တွေမှာ မင်းတို့ လက်ထဲမှာပဲ ရှိမှာပဲ… လူသစ်တွေကို စိန်ခေါ်တဲ့နေရာမှာ တန်ခိုးအဆင့် နှစ်ဆင့်ထက်ကျော်ပြီး စိန်ခေါ်ခြင်း မလုပ်ရဘူး… သူတို့က အဓိကအားဖြင့် လမ်းညွှန် ပြသမှုအတွက်ပဲ ဖြစ်ရမယ်…” ဟွာဖန်းက တည်ငြိမ်စွာ ပြောသည်။

သည်တိုက်ပွဲက လျန်ယွီချန်း၏ အရှုံးတစ်ခုတည်း မဟုတ်ပေ။ သည်အရှုံးက စည်းကမ်းကို ပြောင်းလဲခြင်းလည်း ဖြစ်သည်။ ရီဖူရှင်းက လူသစ်တစ်ယောက် အနေဖြင့် စည်းကမ်းကို ပြင်ဆင်နိုင်ခဲ့သည်။

ဟွာဖန်းက တစ်စုံတစ်ခုကို ရှင်းလင်းအောင် မပြောခဲ့ပေ။ အနာဂတ် ပါရမီရှင်အဆင့် ဇယားကို ရီဖူရှင်းက အပိုင်စိုး ရသွားကာ ဤသို့သော ပြောင်းလဲမှုကလည်း နောက်နှစ် အနည်းငယ်အတွင်း ဖြစ်ကို ဖြစ်လာမည့်အရာ ဖြစ်သည်ကိုပင်…။

“ဆက်ကြရအောင်…” ဟွာဖန်းက သူ၏အတွေးကို ရှင်းလင်းကာ ပြောသည်။ သူကလည်း အလွန်အမင်း စိတ်လှုပ်ရှားရ၏။ မျိုးဆက်တိုင်းတွင် အလွန် ထူးချွန်သူများ ပေါ်လာတတ်ကာ သည်မျိုးဆက်တွင် သူမြင်တွေ့ရသော လူငယ်တစ်ယောက်ကား အကောင်းဆုံး တစ်ယောက် ဖြစ်လာရန် အလားအလာ အလွန်များနေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset