အပိုင်း (၆၀၄)

ကု့ချင်းပညာတိုက်ပွဲ

အားလုံး၏ မျက်လုံးများက ရီဖူရှင်းနှင့် လျန်ယွီချန်းထံကို ရောက်လာကြသည်။

ရီဖူရှင်းက တစ်ခုနှစ်ခု သိသည်ဟု ပြောသည်။ သူက ကု့ချင်းလည်း တီးတတ်သည်လား…။ သူက လျန်ယွီချန်းနှင့် ကု့ချင်းပညာတွင် ယှဉ်ပြိုင်မည်လော…။ ထိုကိစ္စက လွန်ကဲသည်ဟု ပြော၍​မရပေဘူးလား…။ လျန်ယွီချန်းကား ရီဖူရှင်း အနိုင်ယူဖူးသူများနှင့် မတူပေ။ သူကား ပထမအတန်းအစား နိုဘယ်ဖြစ်ကာ ပါရမီရှင် အဆင့်ငါး ဖြစ်သည်။

တန်ခိုးအဆင့် တိုးတက်ခြင်းကား အားလုံး ပြောသကဲ့သို့ ထိုးထွင်း နားလည်မှု မြင့်တက်ခြင်းလည်း ဖြစ်သည်။ သူတို့ လေ့လာနေသော နယ်ပယ်တွင် ပိုမို သိနားလည်လေလေ တန်ခိုးအဆင့် မြင့်တက်လေလေ ဖြစ်သည်။ ထျန်ရှင်းနန်းဆောင်မှ တပည့်များနှင့် ကျန်းကျိချင်ကို အနိုင်ယူနိုင် လောက်အောင် နက်ရှိင်းသော သိမြင်မှုမျိုး ရီဖူရှင်း၌ ရှိနေသည်က အလွန် အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။ သို့သော်လည်း ပထမတန်းစား နိုဘယ်ဖြစ်သည့် လျန်ယွီချန်း၏ သိမြင်နားလည်မှုက ရီဖူရှင်းထက် မြင့်သည်မှာ သေချာပေသည်။

သူက လျန်ယွီချန်းကို ကု့ချင်းပညာ၌​ အနိုင်ရမည်ဟု အဘယ်ကြောင့် တွေးထင် ရသနည်း။

ဒါက ဟာသ တစ်ခုထက် မပိုပေ။ ရီဖူရှင်းက အလွန် ကောင်းမွန်သော ပါရမီကို ပြသခဲ့သည်မှာ မှန်သည်။ သူကား တော်ဝင်ကျဲ နန်းတော် တစ်ခုလုံးကို လွှမ်းမိုးရန် ငါးနှစ်ခန့်မျှသာ လိုအပ်နိုင်သည်။ ပါရမီရှင် ဇယား၌လည်း သူ၏နာမည်က သေချာပေါက် ထိပ်ပိုင်းနေရာ၌ ရှိပေလိမ့်မည်။ သို့သော် ယခု သူက ကြွားဝါလွန်းနေသည်။ အကယ်၍ သူသာ လျန်ယွီချန်းနှင့် အမှန်တကယ် ယှဉ်ပါက မိမိကိုယ်ကို အရှက်ခွဲသည်နှင့် မတူပေဘူးလား…။

ရီဖူရှင်းက ကု့ချင်းတွင် ထူးချွန်သည်ကို သိသောလူတချို့လည်း ရှိပေသည်။ ဥပမာ ကျူးကော့ရှင်း ဖြစ်သည်။ ကျူးကော့မင်းယွီကား ရီဖူရှင်း၏ စီနီယာအစ်မ ဖြစ်ရာ ရီဖူရှင်း ဘယ်က လာသည်ကို သူသိသည်မှာ သဘာဝကျပေသည်။ ကျူးကော့မင်းယွီ အဘယ်ကြောင့် အိမ်ပြန်လာခဲ့ရ သည်ကိုလည်း သူသိသည်။ ထိုစဉ်တုန်းက ကောင်းကင်တောင်တွင် ပေါ်ထွက်လာခဲ့သော ကု့ချင်းသံစဉ် တစ်ခုကြောင့် မဟုတ်ပါလော…

တခြားလူများ မသိသော အချက်ကို သူသိသည်။ သူတို့က နာမည်မရှိသော ရီဖူရှင်းနှင့် ပတ်သက်၍​ သိကြမည် မဟုတ်ပေ။ အကယ်၍ ရီဖူရှင်းကသာ တော်ဝင်ကျဲ နန်းတော်ကို မဝင်ရောက်နိုင်ခဲ့ပါက မည်သူကမှ သူ၏တည်ရှိမှုကို သတိထားမိကြမည် မဟုတ်ပေ။

သို့သော်လည်း ကျူးကော့ရှင်းကား စိတ်ဝင်စားမိသည်သာ…။ ရီဖူရှင်းက အူကီယိုသံစဉ်ကို ဧကရာဇ်နှစ်ပါးထံမှ ဆက်ခံ ရရှိခဲ့သော်လည်း သူက အမှန်တကယ်ကော သံစဉ်၏ ဒုတိယပိုင်းကို တီးခတ်နိုင်စွမ်း ရှိပါသလော…။ ရီဖူရှင်းက ကု့ချင်းပညာတွင် လျန်ယွီချန်းနှင့် ယှဉ်လျှင် မည်သို့ ရှိမည်နည်း။

လျန်ယွီချန်းကလည်း ရီဖူရှင်းကို စူးနစ်စွာ ကြည့်နေသည်။ သူက တစ်ခုနှစ်ခု သိသည်လား…။

“ဒါဆို မင်းက ဘယ်လောက် စွမ်းလဲ ဆိုတာကို ငါနဲ့ စမ်းသပ် ကြည့်ချင်တာပေါ့…” လျန်ယွီချန်းက တည်ငြိမ်စွာ မေးသည်။ တစ်စုံတစ်ခု လွဲနေသည်ကို သူခံစားရ၏။ ရီဖူရှင်းက သူ့နှင့် ကု့ချင်းပညာ ယှဉ်လိုသည်လား…။

ပါရမီရှင်စင်မြင့်၌​ ရီဖူရှင်းက သူ့အား ကု့ချင်းသံစဉ် လက်ဆောင်တစ်ခု ပြန်ပေးမည်ဟု ပြောခဲ့သည်။ ထိုနေ့က စကားက ယနေ့အတွက်လား…။

ရီဖူရှင်းက သိုင်းပညာနှင့် မှော်ပညာတွင် အမှန်ပင် ခြွင်းချက်မရှိ ပါရမီရှင် ဖြစ်ရကား ယခု သူနှင့် ကု့ချင်း မည်သို့ ယှဉ်မည်ကို အမှန်ပင် သိလိုသည်။

“ကျုပ်အတွက် ဂုဏ်ယူစရာပါ…” ရီဖူရှင်းက ပြောသည်။ သူ၏လေသံက ထျန်ရှင်းနန်းဆောင်မှ တပည့်များနှင့် ကျန်းကျိချင်တို့ကို ပြောသလို ယုံကြည်မှုများဖြင့် ပြည့်နေသည်။

ရီဖူရှင်း၏ယုံကြည်မှုကို မြင်တွေ့ရသည်တွင် လျန်ယွီချန်းက အမှန်ပင် နားမလည်။ ရီဖူရှင်း ပြောသလို တန်ခိုးရှင်များက မိမိတို့ လေ့လာသော အရာတစ်ခုကို ယုံကြည်မှု ရှိရန် လိုအပ်သည်က အရေးပါသည်ဟု သူလက်ခံသလို တန်ခိုးရှင်များက မိမိတို့နေရာကို မိမိတို့ သိသင့်သည် ဟုလည်း သူ ယုံကြည်သည်။

“မင်းက ပါရမီရှင် ဇယားမှာ လူသစ်ပဲ… ဒါကြောင့် မင်းကို ကိုယ်တိုင် ပညာ မပေးသင့်ဘူး… ဒါပေမဲ့ မင်းက ကု့ချင်းပညာကို ပြဖို့ ဒီလောက် စိတ်အား ထက်သန် နေတယ် ဆိုမှတော့ ငါက ငြင်းပယ်စရာ မရှိဘူး…” လျန်ယွီချန်းက ပြန်ပြောကာ ကျောင်းခုံးစင်ထက်ကို တက်ရောက် လာသည်။ သူက စင်ပေါ်ကို ကျဆင်းလာပြီး ရီဖူရှင်းနှင့် ရင်ဆိုင်သည်။

သူတို့ နှစ်ယောက်က ကျောင်းခုံးစင်မြင့် ထက်တွင် ရပ်နေကြကာ မည်သူက ကု့ချင်းပညာတွင် သာသည်ကို ဆုံးဖြတ်ကြတော့မည် ဖြစ်သည်။

ရီဖူရှင်းက လက်ရည်စမ်းပွဲ၏ ပုံစံကို ဝေဖန်ထားရာ တိုက်ခိုက်မည် မဟုတ်သည်မှာ သေချာသည်။ မည်သို့ဆိုစေ အဋ္ဌမ အတန်းအစား နိုဘယ်က ပထမတန်းစား နိုဘယ်နှင့် မယှဉ်သင့်ပေ။

“မင်းက ဘယ်လို သွားချင်လဲ…” လျန်ယွီချန်းက ရီဖူရှင်းကို မေးသည်။

ရီဖူရှင်းက တင်ပျဉ်ခွေ ထိုင်သည်။ သူ၏ရှေ့တွင် ကု့ချင်းတစ်လက် ပေါ်လာ၏။ သူက ကု့ချင်းကို ထိခတ်လိုက်သည်နှင့် ရီဖူရှင်းက နောက်တစ်ယောက်အလား ဖြစ်သွားသည်။ သူ၏ကိုယ်ရောင် ကိုယ်ဝါက ပြောင်းလဲသွားကာ တည်ငြိမ် အေးဆေးပြီး သဘာဝနှင့် တစ်သားတည်းလို ဖြစ်သွားသည်။

“ဒါကို စီနီယာက ဆုံးဖြတ်ပါ…” ရီဖူရှင်းက ထိုသို့ ပြောရင်းနှင့်ပင် ကု့ချင်းကို စတင် တီးခတ်လိုက်သည်။ ထိုအခိုက်တွင် အားလုံး၏စိတ်က ရေအလျင်ကဲ့သို့ တည်ငြိမ်သွားကာ စိုးရိမ်စိတ် ကင်းမဲ့သွားပြီး အရာခပ်သိမ်းက ငြိမ်းချမ်း သွားသည်ဟု ခံစားလိုက် ကြရသည်။

သည်သံစဉ်ကား လူတစ်ယောက်၏ စိတ်ကို ကြည်လင်စေကာ သက်သောင့်သက်သာ ဖြစ်စေသည်။ မူလက ဤသံစဉ်ကို နားထောင်နေသူများက လရောင်အောင်တွင် တိတ်ဆိတ်စွာဖြင့် သံစဉ်ကို နားထောင်နေရသလို ခံစားရသည်။ သံစဉ်က နားထောင်သူကား အလွန်အမင်း တိတ်ဆိတ် ငြိမ်သက်သော နေရာတစ်ခုသို့ ပို့ဆောင်ပေးသည်။ ရီဖူရှင်း၏ ကု့ချင်းပညာကား အမှန်ပင် ထူးခြား ထက်မြက်ပေသည်။

ရီဖူရှင်း၏ ကု့ချင်းပညာကား တစ်ခုနှစ်ခု သိသည်ထက် ပိုပေသည်။ သူကား ကု့ချင်းပညာတွင် ဆရာကျသူ ဖြစ်၏။

ငြိမ်သက်ကာ ချောမောသော လူငယ်လေးက ကု့ချင်း တီးခတ်နေသည်တွင် အားလုံးက သူတို့မြင်နေကျ ရီဖူရှင်း မဟုတ်တော့ဘဲ နောက်တစ်ယောက်ဟုပင် ထင်မှတ်ရသည်။

ရီဖူရှင်း ဘာလုပ်လိုသည်ကို လျန်ယွီချန်း ကလည်း သိသည်။ သူကလည်း ထိုင်ကာ ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်၍ ကု့ချင်း တီးခတ်သည်။ သူ၏သံစဉ်ကလည်း ရီဖူရှင်း၏ ခံစားချက်နှင့် ထပ်တူကျအောင် ဖော်ကျူးနိုင်သည်။ သံစဉ်နှစ်ခုလုံးက ရသတစ်ခုတည်းကို လှပစွာ ဖော်ပြနိုင်သည်။

“တကယ့်ကို ထူးချွန်တာပဲ…” လူအများအပြားက ပြောကြသည်။ လျန်ယွီချန်းက ကု့ချင်းပညာတွင် ထူးချွန် ပြောင်မြောက်မှုကို ရီဖူရှင်း၏ သံစဉ်ရသနှင့် လိုက်ဖက်ညီအောင် တီးခတ်ခြင်းဖြင့် ဖော်ပြသည်။

ကု့ချင်း တီးခတ်ခြင်းမှာ လွယ်ကူသော်လည်း နားထောင်သူ၏ စိတ်ထဲတွင် ပြောလိုသော ရသကို ထင်ဖော်အောင် ဖော်ကျူးနိုင်သည်က တခြား တစ်ဖက်ကမ်းခတ် ကျွမ်းကျင်မှု ဖြစ်သည်။ တခြားလူ တစ်ယောက်၏ သံစဉ်မှ ရသကို ပုံစံတူကူး၍ မိမိ၏ရသအဖြစ် ဖော်ကျူးခြင်းက ပိုမို ခက်ခဲပေသည်။

ရီဖူရှင်း၏ ကု့ချင်းသံစဉ်က စိတ်စေရာ သွားနိုင်သလို ပိုပို သိပ်သည်းလာသည်။ ထိုအရာက မလှန်ရသေးသော စာအုပ်တစ်အုပ်က တစ်ရွက်ချင်း လှန်လှော ​ဖော်ပြနေသည်နှင့် တူသည်။ ရီဖူရှင်းကား လျန်ယွီချန်း တီးခတ်နေခြင်းကြောင့် စိတ်အာရုံ ထွေပြားသွားပုံ မရပေ။ သူက သံစဉ်ကို ဆက်လက် တီးခတ်နေသည်။ ရသထဲတွင် လူငယ်တစ်ယောက်က ဆရာတစ်ယောက်ထံတွင် ကု့ချင်းတီးနေပုံကို မြင်ကြရသည်။ သံစဉ်တစ်ခုက အဖြစ်အပျက် တစ်ခုဖြစ်ကာ ထိုသံစဉ်က သူ၏ဘဝ တစ်စိတ် တစ်ပိုင်းလည်း ဖြစ်သည်။

ရသပန်းချီက ထွက်ပေါ်လာလျှင် သံစဉ်ကလည်း လွင့်ပျံ့ရသည်။ ငှက်တောင်ပံခတ် သံစဉ်ကို ကြားရသော အချိန်တွင် လူတိုင်းက နန်းတော်တစ်ခုထဲ၌​ လူငယ်တစ်ယောက် ယုံကြည်မှု တစ်ခုအတွက် လူအများနှင့် ရင်ဆိုင် တိုက်ခိုက် နေသည်ကို သူတို့ မြင်ကြရသည်။

လျန်ယွီချန်း ကလည်း တီးခတ်နေဆဲ ဖြစ်သည်။ သူ၏သံစဉ် ပုံစံကလည်း ဆက်တိုက် ပြောင်းလဲနေကာ ရီဖူရှင်း၏သံစဉ် အနိမ့်အမြင့် ရသနှင့်လိုက်၍ လိုက်ဖက်စွာ သဟဇာတဖြစ်စွာ တီးခတ်သည်။ သူတို့ နှစ်ယောက်လုံးက အချင်းချင်း အမှီသဟဲပြုနေ သယောင်ယောင်ပင် ထင်မှတ်ရသည်။

လျန်ယွီချန်း၏ သံစဉ်က ရီဖူရှင်း၏ သံစဉ်ကို ထိခိုက်ခြင်း မရှိပေ။ သံစဉ်ဖြင့် ရသ ဖော်ကျူးခြင်းက ရီဖူရှင်း၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိပေသည်။ ထို့နောက်တွင် နောက်ထပ် သံစဉ်တစ်ခုက အစားဝင်လာသည်။ ထိုသံစဉ်ကား ပျက်စီးခြင်း ကမ္ဘာဖြစ်ကာ ဝမ်းနည်းမှု၊​ ကြေကွဲမှု၊ သွေးစွန်းမှုနှင့် စွန့်လွှတ် အနစ်နာခံမှုတို့ ပါဝင်နေသည်။ ကု့ချင်းသံစဉ် မြင့်တက် လာသည်နှင့်အမျှ လူတိုင်းက ကု့ချင်းသံစဉ် ဖော်ကျူးရာ ရသကမ္ဘာသို့ ဝင်ရောက် ကြရသည်။

ရီဖူရှင်း၏ အမူအရာများပင် ပြောင်းလဲသည်ကို အားလုံးက မြင်ကြရသည်။ သာမန် တီးလုံးများစွာက ပြည့်စုံသော သံစဉ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ကိုယ်ပိုင် ခံစားချက်များပင် ပါဝင်နေသည်။ ထွက်ပေါ်လာသော ပုံရိပ်ကား ရှင်းလင်းကာ ထင်သာ မြင်သာ ရှိသည်။

သို့သော်လည်း လျန်ယွီချန်း၏ စွမ်းဆောင်ရည်က ပိုမိုကောင်းမွန် ပေသည်။ ရီဖူရှင်းက မည်သည့်သံစဉ်ကို ထုတ်ဖော်သည် ဖြစ်ပါစေ သူက လိုက်ပါ နိုင်သည်သာ ဖြစ်သည်။ လျန်ယွီချန်း၏ ကု့ချင်းပညာက အပြစ်အနာအဆာ ကင်းမဲ့သည်။ သူက မရေမတွက်နိုင်သော ကု့ချင်းသံစဉ်မျာအား ကျွမ်းကျင်ပြီး ဖြစ်ရပေမည်။

သူတို့ နှစ်ယောက်လုံးက သူတို့၏ ကု့ချင်းပညာကို ကွဲပြား ခြားနားသော ပုံစံဖြင့် ထုတ်ဖော် နေကြသည်။

“သူက သူ့ဘဝ အတွေ့အကြုံကို တူရိယာသုံးပြီး ဖော်ပြနေတာပဲ…” လူအများအပြားက တိတ်ဆိတ်စွာ နားထောင်နေရင်းက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ ဘဝ၏ အနိမ့်အမြင့် အတက်အကျ၊​ ဝမ်းသာ ဝမ်းနည်းမှုတို့ အားလုံးကို သူ၏ သံစဉ်ထဲတွင် တွေ့နိုင်သည်။ ပျော်ရွှင်သော၊ အလေးအနက် မထားတတ်သော လူငယ်တစ်ယောက်က တဖြည်းဖြည်း ရင့်ကျင်လာကာ ယုံကြည်မှုရှိသော လူငယ်တစ်ယောက် အဖြစ် ပြောင်းလဲ လာသည်ကို သူတို့ မြင်ကြရသည်။ သူ၏ စိတ်နေ သဘောထားက သံစဉ်အလိုက် ပြောင်းလဲနေကာ တစ်ချိန်တည်းမှာပင် သူက သန့်စင်သော စိတ်အခြေကို တည်မြဲအောင် ထိန်းသိမ်း ထားနိုင်ဆဲလည်း ဖြစ်သည်။

ခွန်းရှီသံစဉ်၏ အမြင့်ဆုံးတွင် လူတိုင်းက အခက်အခဲများ အားလုံးကို တွန်းလှန် ဖယ်ရှားနေသော လူငယ်တစ်ယောက်၏ စိတ်ဇောအဟုန်ကို ခံစားကြရပြီး လျန်ယွီချန်း ကိုယ်တိုင်ကလည်း ထိုသံစဉ်၏ ရသကို တုပနိုင်ခဲ့သည်။

“လျန်ယွီချန်းက တကယ်ပဲ ပါရမီရှင် အဆင့်ဇယားမှာ နံပါတ်ငါး ချိတ်တဲ့ ပါရမီရှင်ပဲ… သူက တခြားလူရဲ့ သံစဉ်တွေ အကုန်လုံးကို ပြည့်ပြည့်စုံစုံ လိုက်ပြီး တီးနိုင်တယ်… လျန်ယွီချန်းက ပညာရပ်ပိုင်း ဆိုင်ရာ အဆင့်မြင့်တယ်…” ရီဖူရှင်းက လျန်ယွီချန်းထံ၌ သံစဉ်များ လိုက်ပါ တီးခတ်ရန် မဖြစ်နိုင်ဟု အားလုံးက တွေးကြသည်။

သို့သော်လည်း ရီဖူရှင်းက ရပ်လိုက်ကာ ပြုံးသည်… “စီနီယာရဲ့ ပညာက တကယ်ပဲ​ ကောင်းပါတယ်…”

“မင်း ကိုယ်တိုင်ကလည်း သိပ်မဆိုးပါဘူး…” လျန်ယွီချန်းက ပြောသည်။

“အခု ကျုပ်တီးမယ့်သံစဉ်က စီနီယာ လိုက်တီးနိုင်တဲ့ သံစဉ် မဟုတ်ပါဘူး… တကယ်လို့ စီနီယာက ဒီသံစဉ်နှင့် နည်းနည်း ဆင်တူအောင် တီးနိုင်တယ် ဆိုရင်ပဲ ကျုပ်က အရှုံးပေးပါ့မယ်…” ရီဖူရှင်းက ပြောသည်။

“တကယ်လို့ ငါမလုပ်နိုင်ရင် ငါ အရှုံးခံပါ့မယ်…” လျန်ယွီချန်းက ပြောသည်။ သူက မိမိကိုယ်ကို ကု့ချင်းပညာတွင် မရှုံးနိုင်ဟု ယုံကြည်မှု ရှိပေသည်။

“ဒီသံစဉ်က ကျုပ် မတော်တဆ ရရှိခဲ့တဲ့ သံစဉ်တစ်ခုပါ… စီနီယာက လမ်းညွှန်ပြသပေးစေ လိုပါတယ်…” ရီဖူရှင်းက ထိုသို့ပြောကာ ကု့ချင်းကို စတင် တီးခတ်သည်။ နောက်ထပ် ပုံရိပ်တစ်ခု စတင် ဖြစ်ပေါ်လာကာ ယခုတစ်ခေါက်ကား ကွဲပြား ခြားနားသည်။ ယခုရီဖူရှင်း တီးခတ်သော သံစဉ်က သူ၏ကိုယ်ပိုင်ဘဝ အတွေ့အကြုံ မဟုတ်တော့ဘဲ ပရိသတ်များအား တခြားလူ တစ်ယောက်၏ ပုံပြင်တစ်ပုဒ်ကို စတင် ပြောပြသည်။

လျန်ယွီချန်းကလည်း တည်ငြိမ်သည်။ သူကလည်း ရီဖူရှင်းနှင့်ပုံစံတူ လိုက်တီးသည်။ ပတ်ဝန်းကျင်မှ လူများ၏ အမူအရာများက ပြောင်းလဲ သွားကြသည်။ သူတို့က ဤသံစဉ်အား ဝင်ခွင့် စစ်ဆေးခြင်းနေ့က ကြားဖူးခဲ့ကြသည်။

ထိုစဉ်က တီးခတ်ခဲ့သူကား ပိုင်လွေလီ ဖြစ်သည်။ ထို့အပြင် ထိုသံစဉ်ကို တော်ဝင်ရှီ နန်းဆောင်၌ ကြားဖူးခဲ့သော ဟွာဖန်းလည်း ရှိသည်။

ရီဖူရှင်းက ဤသံစဉ်မျိုးကိုပင် တီးခတ်နိုင်သည်လား…။ ကု့ချင်းသံစဉ်၏ ထိတွေ့မှု အောက်တွင် ပတ်ဝန်းကျင်မှ​ ရုပ်တုများက ရောင်စဉ် ရောင်ဝါများ စတင် လင်းလက် လာကြသည်။

လျန်ယွီချန်း စတင်၍ အခက်အခဲ တွေ့လာသည်။ သံစဉ် အလွန်အမင်း ခက်ခဲလွန်းသည်။ အချိန် ကြာလာသည်နှင့်အမျှ သူက လိုက်ပါ တီးခတ်နိုင်စွမ်း မဲ့လာသည်။ သံစဉ်ကိုယ်တိုင်က သူ့အား တွန်းဖယ် နေသယောင် ခံစားရသည်။ ရီဖူရှင်း၏ သံစဉ်ကိုယ်တိုင်က လျန်ယွီချန်း၏ စိတ်ကို လာရောက် တားဆီးသည်။ သံစဉ်ကိုယ်တိုင်က အလွန်အမင်း မာနကြီးကာ ဂုဏ်ရှိန်ဝါ ကြီးမားသည်။ အနည်းဆုံး လျန်ယွီချန်းက သူသိသော သံစဉ်များက ရီဖူရှင်း တီးခတ်နေသော သံစဉ်ကို မည်သို့မျှ မယှဉ်နိုင်ဟု ခံစားရသည်။ သူက ကြိုးများကို ပင်ပန်းတကြီး တီးခတ် နေရသည်။

သံစဉ်၏ အနုပညာ ရသသိက ထင်ရှား လာသောအခါ သူတို့က ကြီးမြတ် ခမ်းနားသော သံစဉ်တစ်ပုဒ် သို့မဟုတ် လောကတစ်ခုသို့ မြင်တွေ့ ခံစားကြရသည်။ ရုပ်တုရှစ်ခုလုံးက သံစဉ်၏ လွှမ်းမိုးမှု အောက်တွင် ရောင်စဉ်ရောင်ဝါများ ပြိုးပြိုးပြက်ပြက် ဝင်းလက် နေကြကာ ရီဖူရှင်းအပေါ် ကျဆင်းလာကြသည်။ သဘာဝ စွမ်းအင်များက ကု့ချင်းသံစဉ် အနိမ့်အမြင့်ကို လိုက်၍ စည်းချက်ညီစွာ လေထုထဲတွင် ကခုန် နေကြသည်။

လျန်ယွီချန်း၏ ပုံစံက အလွန်အမင်း အခက်တွေ့နေသော ပုံစံ ဖြစ်သော်လည်း သူက လုံးဝ ရပ်တန့်ခြင်း မရှိပေ။ သူ့ထံမှ​ ထူးခြား ကောင်းမွန်သော သံစဉ်များ ထွက်ပေါ်နေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုကောင်းမွန်သော သံစဉ်များက ရီဖူရှင်း၏သံစဉ်ကို တုပနိုင်စွမ်း မရှိပေ။ သူ၏သံစဉ်က တဖြည်းဖြည်း ပိုမိုသွေဖည် လာခြင်းက ဧကရာဇ်များနှင့် ဘုရင်များက သူတို့၏သံစဉ်ကို တခြား ပြင်ပ အနှောင့်အယှက် များကို လက်မခံလိုသော ဂုဏ်ဝင့်ထည်ခြင်း တစ်မျိုး မဟုတ်ပါလား…။

ပိုမိုအားကောင်းသော ရသအသိ မွေးဖွားလာသည်။ လေရူးများ ကခုန်ကြကာ ရုပ်တုများ၏ အလင်းတန်းများက ရီဖူရှင်းကို လှည့်ပတ်ကြသည်။ အလင်းများက အလွန်အမင်း မြင့်တက် သွားကြသည်။ ထို့အတူ နားထောင် နေကြသော ပရိသတ်များ၏ ခံစားချက်များ ကလည်း ရီဖူရှင်းနှင့်အတူ မြင့်တက် လာကြသည်။ သူတို့၏ စိတ်သဏ္ဌာန်က သံစဉ်၏ ရသအောက်တွင် စုံးစုံးမြုပ် သွားကြရကာ ရာဇဝင်ထဲမှ သူရဲကောင်းများ အကြောင်းကို နားထောင် နေရသည့်အလား ဂုဏ်ရှိန်ဂုဏ်ဝါ ကြီးမြတ်ခြင်း၊ ခမ်းနားခြင်းတို့ကို မြင်ရ ကြားကြရသည်။

ထိုပုံပြင်၏ သမိုင်းအစဉ်အရ ကစဉ့်ကလျား ဖြစ်နေသော လောကကြီးကို အစီအစဉ်တကျ ဖြစ်စေလိုသော စိတ်ဆန္ဒကို မြင်ကြရသည်။ ပုံပြင်က ပိုမိုအားကောင်းစွာ ဖော်ကျူး ပြလာသောအခါ ရုပ်တုများ၏ အလင်းရောင်က ကောင်းကင်သို့အထိ ထိုးတက် သွားရသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ရောင်စဉ် ရောင်ဝါများ ထွန်းလင်းနေသည်။ တိမ်များ အရောင်ပြောင်း သွားကြကာ သဘာဝ စွမ်းအင်များက ဟိုမှသည်မှ ပြေးလွှားကြသည်။ သို့သော်လည်း ရီဖူရှင်းက စိတ်အာရုံ နစ်မျောနေဟန် ရကာ တိတ်ဆိတ်စွာ တီးခတ်နေခြင်း ဖြစ်သည်။ ထိုအခိုက်တွင် သူ့အား ကြည့်နေသော မျက်လုံးအစုံ အများအပြားက လေးစား အထင်ကြီးခြင်းများသာ ရှိသည်။

ထန်း…

လျန်ယွီချန်း၏ ကု့ချင်းကြိုးက ပြတ်တောက် သွားကာ သူ၏သံစဉ်ကလည်း ရပ်တန့်သွားသည်။ အလွန်အမင်း စိတ်အာရုံ အားစိုက်မှုအောက်တွင် ရုတ်တရက် ပြတ်တောက်ရသော စိတ်အဟုန်ကြောင့် ပါးစပ်မှ သွေးများပင် စီးကျလာသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset