Switch Mode

အပိုင်း (၆၀၃)

တစ်ခုနှစ်ခုသိတယ်…

လျန်ယွီချန်းက ရီဖူရှင်းကို ကြည့်သည်။ လူသစ်ကား ထို့ကျန်း နန်းဆောင်တွင် အလွန် မောက်မာခဲ့ကာ ယွန်ဖုန်းနှင့် ပါရမီရှင် စင်မြင့်၌ စိန်ခေါ် တိုက်ခိုက်ခဲ့ပြီး ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ စိတ်ဒဏ်ရာကား ပြင်းထန်လွန်းရာ ယွန်ဖုန်းက ယခုထိ ထိုအကြောက်တရားမှ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။

ထို တိုက်ပွဲ အပြီးတွင် ရီဖူရှင်းက အဆင့်ရှစ်ဆယ့်တစ် နေရာကို ရခဲ့သည်။ တခြား တစ်ဖက်တွင် ယွန်ဖုန်းကား ပါရမီရှင်ဇယားမှ ဖယ်ရှားခံရ၏။ ယွန်ဖုန်း၏ စီနီယာ တစ်ယောက် အနေဖြင့် သူက ရီဖူရှင်းကို လုံးဝ သဘောမကျပေ။

တစ်ဖက်တွင်လည်း ရီဖူရှင်းက ပါရမီရှင်ဇယား၌ ထိပ်ဆုံး သုံးနေရာကို နောင်တွင် ဝင်နိုင်မည်ဟု အသိအမှတ်ပြု သော်လည်း မည်သို့ဆိုစေ သူကား တော်ဝင်ကျဲ နန်းတော်ကို အခုမှ ဝင်လာသော လူသစ်ဖြစ်သည်။ သို့သော်လည်း ဤလူသစ်ကား အလွန်အမင်း ရိုင်းစိုင်းကာ လေးစားမှု ကင်းမဲ့ပေသည်။ လျန်ယွီချန်းက ထိုသို့သော စိတ်နေ သဘောထားရှိသော သူများကို ကြည့်မရပေ။ သည်မောက်မာသော လူသစ်ကား သူ၏စီနီယာများနှင့် တန်ခိုး အဆင့်ကွာဟခြင်း တစ်ခုသာ ရှိသည်ဟု ဆိုသည်။

တန်ခိုးကျင့်ခြင်းကား တန်ခိုး အဆင့် မြှင့်တင်ခြင်းသာ မဟုတ်ဘဲ နားလည် သိမြင်မှု၊ ထိုးထွင်း ဆင်ခြင်မှု အပေါ်တွင် မှီခိုနေသည်။ တန်ခိုးအဆင့် နိမ့်သူများနှင့် တန်ခိုးအဆင့် မြင့်သူများ အကြားတွင် ကွဲပြားခြားနားသော အသိအမြင်နှင့် ထိုးထွင်း နားလည်မှုတို့က သေချာပေါက် ရှိပေသည်။ ကွာဟချက်ကား ရီဖူရှင်း ပြောသည်ထက်ပင် ကြီးမားသေးသည်။

“မင်းက တကယ်ပဲ လေးစားမှု မရှိဘူး…” လျန်ယွီချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူကား ဤလူသစ်ကို ပိုမို၍ပင် သဘောမကျ ဖြစ်လာသည်။

“မင်းပြောတာက တော်ဝင်ကျဲ နန်းတော်မှာ မင်းထက် တန်ခိုးအဆင့် အပြင် တခြား အသာစီးရတာ ဘာမှ မရှိဘူးလို့ ဆိုလိုတာလား…” စီမင်ဟန်ကျင့်က ပြောသည်။ ရီဖူရှင်းကား အမှန်ပင် လေလုံးထွား ပေသည်။ လွန်ခဲ့သော သုံးနှစ်က ဝင်ခွင့် ပထမဖြစ်သော သူပင်လျှင် ရီဖူရှင်းက လွန်ကဲလွန်း သည်ဟု ထင်မြင်သည်။ ရီဖူရှင်းထံတွင် လူသားဆန်မှု တစ်စုံတစ်ရာကိုမှ သူမမြင်ရပေ။ သူမြင်သည်ကား မောက်မာခြင်း ရမ်းကားခြင်းတို့သာ ဖြစ်သည်။

ဟွာဖန်း၏ အကြည့်ကာလည်း ရီဖူရှင်းထံကို ရောက်လာသည်။ မူလကတည်းက ရီဖူရှင်းကား မည်သည့်ရိုးရာ ထုံးတမ်းစဉ်လာများကိုမှ လိုက်နာခြင်း မရှိပေ။ ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်ကို ဝင်လာသောအခါမှ ဟွာဖန်းက ရီဖူရှင်းကို သိခြင်း ဖြစ်သည်။ သူကား လူသစ်များကို သိပ်အရေးစိုက်ခြင်း မရှိရာ နောက်ပိုင်းမှ ရီဖူရှင်းနှင့် ပတ်သက်သော အကြောင်းအရာ တချို့ကို သိလာရသည်။

နန်းဆောင်တိုင်းမှ တပည့်များက လူသစ်များထဲမှ ပထမရသူကို အာရုံစိုက် ကြည့်ကြသည်။ တော်ဝင်ကျဲ နန်းတော်တွင် ရီဖူရှင်းနှင့် ပတ်သက်သော ကောလာဟလများစွာ ပျံ့နှံ့နေသည်။ သူကား ဟန်ဆောင် ကောင်းသူ၊ လိမ်ညာတတ်သူ၊ အရှက်မရှိသူ…။ သူက ယွန်စွေ့ရှင်းကိုပင် လူအများရှေ့တွင် အထင်လွဲမှားစေရန် ပြုမူခဲ့သည်။ သူ၏နာမည်ကား ကောင်းသတင်း လုံးဝ မရှိပေ။ နောက်ပိုင်း သူက ထို့ကျန်း နန်းဆောင်ကို ဝင်ရောက်ပြီး ယွန်စွေ့ရှင်းနှင့် ပြေငြိမ်းမှု ရယူခဲ့ကာ ယွန်ဖုန်းအား တိုက်ခိုက် အနိုင်ယူပြီးသော အခါမှ သူ၏နာမည်က အတော်အသင့် ကောင်းမွန် လာခဲ့သည်။

ယခု ဟွာဖန်းက ရီဖူရှင်းကို ကိုယ်တိုင် မြင်တွေ့ရပြီး ဖြစ်ကာ ရီဖူရှင်းကို ပိုမို၍ နားလည် လာခဲ့သည်။ သူ၏ ယုံကြည်မှုမြင့်သော စိတ်ထင်ရာ လုပ်တတ်သော ဘယ်အရာကိုမှ ထီမထင်သော စိတ်နေ သဘောထားက အမှန်ပင် ထူးခြားပေသည်။

ဤသို့သော လူများကား ကြောက်မက်ဖွယ် ကောင်းအောင် ပါရမီ မြင့်တတ်ပေသည်။ ယခုအချိန်တွင် ရီဖူရှင်းက အတန်းအစားနိမ့် နိုဘယ်ဖြစ်သည့်တိုင် တစ်နေ့ ရှီအဆင့်ကို တက်ရောက်သောအခါ သူက မည်သို့သော ပုံစံ ဖြစ်လာမည်ကို ဘယ်သူကမှ မခန့်မှန်းနိုင်။

ရီဖူရှင်းက အားလုံးကို ကြည့်ကာ ပြောသည်… “တကယ်လို့ လက်ရည်စမ်းပွဲက တစ်ယောက်နဲ့ တစ်ယောက်အကြား အားနည်းချက်ကို သိဖို့ ဆိုရင် ဒါက ဘာမှ မမှားဘူး… ဒါပေမဲ့ အခုဒီမှာ လုပ်နေတဲ့ပုံစံက နောက်မှ ရောက်လာတဲ့ လူသစ်တွေကို လက်ရည်စမ်းတယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ အနိုင်ကျင့်တာပဲ…”

“ကျုပ်က ဒီကို စီနီယာတွေ တိုက်ခိုက်တာကို ကြည့်ပြီး သင်ယူဖို့လာခဲ့တာ… အခု မြင်နေရတာကတော့ ဘာမှ အဓိပ္ပာယ်မရှိတဲ့ အနိုင်ကျင့်မှုတွေပဲ…” ရီဖူရှင်းက အားလုံးကို ကြည့်ကာ ဆက်ပြောသည်… “တစ်ဖက်လူကို ဖိနှိပ်တာက တွန်းအားပေးတာ ဆိုရင် ခင်ဗျားတို့က အကြီးအကဲတွေ ဆီမှာ တစ်ခါ နှစ်ခါလောက် ဘာလို့ သွားပြီးတော့ အရိုက် မခံကြတာလဲ…”

“တပည့်တွေက လေ့ကျင့်နေစဉ် အတွင်းမှာ အကြီးအကဲတွေဆီမှာ သွားပြီးတော့ အကဲဖြတ် ခံတာတွေကို ငါတို့က ဘာလို့ အစီရင်ခံ ရဦးမှာလဲ…” လျန်ယွီချန်းက ပြောသည်… “လက်ရည် စမ်းပွဲတွေက တကယ်ပဲ ပြင်းထန်တာ မှန်တယ်… ဒါက ဂျူနီယာတွေရဲ့ စွမ်းရည်တွေကို စီနီယာတွေရှေ့မှာ ပြသခိုင်းမယ်… စီနီယာတွေက ညွှန်ကြား ပြသမယ်… မင်းက တန်ခိုး အဆင့်မြင့်တဲ့ စီနီယာတွေ ဂျူနီယာတွေကို အနိုင်စားတယ်လို့ပဲ မြင်တယ်… ပြီးတော့ မင်းက စီနီယာတွေက ဂျူနီယာတွေထက် တန်ခိုး အဆင့်ကလွဲရင် တခြား ဒီထက် ပိုသိတာ တတ်တာ မရှိတော့ဘူးလို့ ပြောသေးတယ်…” လျန်ယွီချန်း၏ စကားတွင် ဒေါသ အရိပ်အငွေ့ အချို့ကို မြင်တွေ့ရသည်။

“ခင်ဗျားက ဘယ်နှခါပဲ မေးမေး ကျုပ်အဖြေက အတူတူပဲ…” ရီဖူရှင်းက လျန်ယွီချန်းကို ကြည့်သည်… “တန်ခိုးကျင့်တာက ဆင်ခြင် လေ့လာခြင်း တစ်မျိုးပဲ… မြင့်မားတဲ့အဆင့် တစ်ခုကို ရောက်ဖို့ လုံလောက်တဲ့ ထိုးထွင်း သိမြင်မှု ရှိဖို့ လိုအပ်တယ်… တန်ခိုးရှင်တွေက မိမိလျှောက်တဲ့လမ်းကို အပြည့်အဝ ယုံကြည်မှု ရှိမှပဲ သူတို့က မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ရှိနိုင်တယ်… ကျုပ်က ကျုပ်အတွက်ပဲ ပြောနေတာ မဟုတ်ဘူး… ကျုပ်က ဒီနေ့ ရှုံးနိမ့်ခဲ့တဲ့ လူတွေ အကုန်လုံးကို ဆိုလိုတာ… သူတို့က ထိုးထွင်းသိမြင်မှု အပိုင်းမှာ ဒီက စီနီယာတွေထက် နိမ့်ကျတယ်ဆို့ ကျုပ်ထင်သလို ကျန်တဲ့ လူတွေကလည်း ဒီလိုပဲ တွေးမယ်ဆိုတာ ကျုပ်ပြောရဲတယ်…”

ရီဖူရှင်းက ထိုသို့ ပြောလိုက်သည်နှင့် အရိုက်ခံခဲ့ရသော လူသစ်များ အားလုံးက ရင်ကော့ကာ ထက်ရှသော မျက်လုံးများဖြင့် လျန်ယွီချန်းကို ကြည့်ကြသည်။ သည်လက်ရည်စမ်းပွဲက သူတို့ အားလုံးကို စိတ်ပျက် အားငယ်စေခဲ့သည်။ သို့သော် ရီဖူရှင်း၏စကားက သူတို့၏ အတွေးများကို အမှန်ပင် ထင်ဟပ်စေ၏။

လျန်ယွီချန်းက ရီဖူရှင်း၏ စကားကို ကြားကာ ပြောသည်… “မင်းခုနက ပြောတာက တခြားကိစ္စ တစ်ခုပဲ.. မင်းက တကယ်ပဲ​ ရှာစောင်းထက်တယ်… ဒါက မင်း စင်ပေါ် မတက်ရတဲ့ အကြောင်းပြချက်လား…” ရီဖူရှင်းက အားလုံးအတွက် ပြောပေးခြင်း ဖြစ်ရာ သူ၏စကားကို လူသစ်များက အမှန်အဖြစ် တွေးတော ကြမည်မှာ သေချာသည်။

“ခင်ဗျား ထပ်မှားပြန်ပြီ…” ရီဖူရှင်းက လျန်ယွီချန်းကို ပြောသည်… “ခင်ဗျား ကိုယ်တိုင်က ပြောတယ်… ဒီလက်ရည်စမ်းပွဲက လူသစ်တွေ ကိုယ့်ကိုယ်ကိုယ် သိမြင် နားလည်ဖို့ဆိုရင် ကျုပ်က ဒီနေရာမှာ ဝင်ပြီး တိုက်ခိုက်စရာ မလိုဘူးလို့ ပြောတာ…”

သူပြောသော စကားကို ကြားကာ အားလုံးက ရယ်ရွှင်ဖွယ် အမူအရာများ ဖြစ်လာကြသည်။ သူက မောက်မာသည်ကို ဝန်ခံနေသည် များလား…။

“ဒါဆို မင်းသဘောက…” လျန်ယွီချန်းက ရီဖူရှင်းကို ကြည့်သည်။

“ကျုပ် ဆိုလိုတာက အရင်က ကျုပ် တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူး… အခု ဆန့်ကျင်ဘက်ပဲ…” ရီဖူရှင်းက လျန်ယွီချန်းကို ကြည့်ကာ ကျောင်းခုံးစင်ပေါ်သို့ တက်ရောက် သွားသည်။

ထိုအခိုက်တွင် အားလုံးက သူ့ကို ကြည့်နေကြသည်။ ရီဖူရှင်းအား ပြုံးလျက်ပင် ပြောသည်… “လက်ရည်စမ်းပွဲနဲ့ ပတ်သက်ပြီး ကျုပ်ရဲ့ အမြင်ကို မှန်ကန်ကြောင်း သက်သေ ပြရတာပေါ့…”

လူအများအပြားက ဟွာဖန်းကို ကြည့်လျှင် ဟွာဖန်းကလည်း ပြန်ပြောသည်… “ကောင်းပြီ…” ဟွာဖန်းကလည်း ရီဖူရှင်း မည်သို့ သက်သေပြမည်ကို ကြည့်လိုသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက အားလုံးကို ကြည့်ကာ ပြောသည်… “ကျုပ်ရဲ့ တန်ခိုးအဆင့်က အဋ္ဌမအတန်းအစား နိုဘယ်ဆိုတော့ နိမ့်တယ်… တကယ်လို့ စီနီယာတွေက ကျုပ်နဲ့ လက်ရည် စမ်းမယ်ဆိုရင် ကျုပ် ရှုံးမယ်ဆိုတာ သေချာတယ်… တကယ်လို့ စီနီယာတွေက ဂျူနီယာတွေထက် တန်ခိုးအဆင့် အပြင် တခြား အရာတွေမှာလည်း အဆင့်မြင့်တယ် ဆိုတာကို ယုံကြည်ရင် ခုနက ဂျူနီယာတွေနဲ့ ယှဉ်ပြီး အနိုင်ရသွားတဲ့လူတွေက ကျုပ်နဲ့ လာတိုက်ခိုက်လို့ ရတယ်…”

သူက ထျန်ရှင်း နန်းဆောင်မှ တစ်ယောက်ကို ကြည့်ကာ ပြောသည်… “ခင်​ဗျားက ယန်ကျန်းကို အနိုင်ယူခဲ့တဲ့သူ မဟုတ်ဘူးလား… စီနီယာ… တန်ခိုးအဆင့် မြင့်တာကလွဲရင် ခင်ဗျားက ကျုပ်ထက် ဘယ်နေရာမှာ ထူးချွန်လဲ သိချင်တယ်…”

ရီဖူရှင်းက ဘာကို ဆိုလိုသည်ကို အားလုံးက နားလည် သွားကြသည်။ သူကား တစ်ယောက်ချင်းကို လက်ညှိုးထိုး၍ သူ့ထက် ထူးချွန်သလား မေးနေသည်။ တစ်ယောက်ယောက်က ထိုသို့ မေးခွန်းမျိုးကို မည်သို့ ဖြေရမည်နည်း။

အကယ်၍ ​မေးခွန်း ထုတ်ခံရသူက အဖြေမပေးနိုင်လျှင် သူပြောသော စကားက အမှန် ဖြစ်ပေတော့မည်။ သူပြောခဲ့သလိုပင် စီနီယာများက ဂျူနီယာများကို တန်ခိုးအဆင့် မြင့်မားစွာဖြင့် အနိုင်ကျင့်ခြင်းမှလွဲ၍ တခြား ထူးထူးခြားခြား သာလွန်ခြင်းမရှိ ဖြစ်ပေတော့မည်။

ယိရှောင်ရှီက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်သည်။ သူ၏ညီငယ်လေးကို သူကောင်းကောင်း သိသည်။ သည်ခွေးကောင် လေးကား လက်ရည်စမ်းပွဲနှင့် ပတ်သက်၍​ သူ၏ အမြင်ကို သက်သေပြရန် ကြိုးစားနေသည် မဟုတ်ပေ။ သူကား လက်စားချေရန် အကြောင်းပြချက် ရှာနေခြင်းသာ ဖြစ်သည်။ သူ၏ညီငယ်ကား သူ၏ညီငယ်သာ ဖြစ်သည်။ လူအများအပြားက သူ၏ ထောင်ချောက် အောက်ကို ကျဆင်း ကြပေတော့မည်။

ထျန်ရှင်း နန်းဆောင်မှ တပည့်က သူ့အား အေးစက်စွာ ကြည့်သည်… “ငါက သိုင်းပညာမှာ ဦးစားပေး လေ့ကျင့်တယ်.. တန်ခိုး အဆင့်မြင့်လို့ မင်းနဲ့ မတိုက်ခိုက်ရဘူးဆိုရင် ငါက ဘာကို ဘယ်လို သက်သေပြရမလဲ…”

“ခင်ဗျား သက်သေပြ နိုင်တာပေါ့…” ပြောရင်းနှင့်ပင် ရီဖူရှင်းက လေထဲကို ခုန်တက်လိုက်သည်။ သူ၏အမြန်နှုန်းက ကြောက်မက်ဖွယ် ကောင်းသလို အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ ကလည်း သူ့ထံမှ ထွက်ပေါ်လာသည်။ သူ၏ကိုယ်မှ သိုင်းပညာ အသိက မွေးဖွားလာကာ သိုင်းပညာ ရုပ်တုက ချက်ချင်းပင် အပေါ်ကို မြင့်တက်သွားပြီး ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ ရီဖူရှင်းထံတွင် ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းလာကာ သူ၏လက်၌ နှင်တံတစ်လက် ပေါ်လာသည်။ သူက အပေါ်ကို တက်ကာ နှင်တံဖြင့် စတင် ဝှေ့ယမ်းသည်တွင် ပိုမိုပြင်းထန် အားကောင်းသော စွမ်းအင်များ စုစည်း လာနေသည်။ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်က ပိုမို အားကောင်းလေလေ သိုင်းပညာ ရုပ်တုက ပိုမိုလင်းလက် တောက်ပလေ ဖြစ်သည်။

ရီဖူရှင်းက နှင်တံဖြင့် ဆက်တိုက် ရိုက်သည်။ ရိုက်ချက်တိုင်းက ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေပြီး လျှပ်စီးမုန်တိုင်းများ ထန်စေ၏။  ငါးချက်မြောက်တွင် နှင်တံပုံရိပ်များက နေရာတိုင်းတွင် ရှိသည်။ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ရိုက်ချက်က ရုပ်တုအား မျက်လုံးကိုပင် စူးရှစေသော အလင်းများ ထွက်ပေါ် လာစေသည်။

ငါးချက်မြောက် ရိုက်ချက်ပြီးတွင် သူက ခြောက်ချက်မြောက်ကို မရိုက်ခဲ့ပေ။ သူ၏လှုပ်ရှားမှုကို မြင်ပြီးနောက် အားလုံးက ထိတ်လန့် ကြရသည်။ သူကား အဋ္ဌမအတန်းအစား နိုဘယ်မျှသာ ဖြစ်သော်လည်း သူပြသခဲ့သော စွမ်းရည်ကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းပေသည်။ မည်သို့ဆိုစေ သူကား ဝင်ခွင့်ပထမရသူ ဖြစ်သည်။

ယွန်ဖုန်း၏ မျက်နှာက ပြာနှမ်းသွားသည်။ အကယ်၍ သူက ရီဖူရှင်းနှင့် ပြန်တိုက်ခိုက် ရပါက ထပ်မံ၍ ရှုံးနိမ့်မည်မှာ သေချာသည်။

ရီဖူရှင်းက ထျန်ရှင်း နန်းဆောင်မှ တပည့်ကို ကြည့်ကာ ပြောသည်… “အခု ကျုပ်က စီနီယာရဲ့ လမ်းညွှန်ပြသမှုကို စောင့်နေပါတယ်…”

ရီဖူရှင်း၏ပညာကား နှင်တံပညာဖြစ်ကာ သူ၏ရိုက်ချက်နှင့် ခန္ဓာကိုယ်မှ စွမ်းအင်၊​သိုင်းပညာ အသိတို့က ပြည့်စုံစွာ ပေါင်းစပ်နေသည်။ ထျန်ရှင်း နန်းဆောင်မှ တပည့်က ဆွံ့အနေသည်။ သူ၏တန်ခိုး အဆင့်က ရီဖူရှင်းထက် မြင့်သည် မှန်သော်လည်း သူ၏စွမ်းရည်က ရီဖူရှင်း ပြသခဲ့သော စွမ်းအားနှင့် မယှဉ်နိုင်သည်ကို အားလုံးက မြင်သည်။ ပရိသတ်များက ကန်းနေသည် မဟုတ်ပေ။ ရီဖူရှင်း ပြသခဲ့သော စွမ်းရည်အရ ရီဖူရှင်းက သိုင်းပညာတွင် ပိုမိုနက်ရှိုင်းစွာ သိမြင် နားလည်သည်မှာ သေချာပေသည်။

လက်ရည်စမ်းပွဲနှင့် ပတ်သက်၍ ရီဖူရှင်းအားက အားလုံးကို သူ၏ အမြင်မှန်ကြောင်း သက်သေပြ နေသည်။

“စီနီယာ…” ရီဖူရှင်းက ပြောသည်။ သူမေးခွန်း ထုတ်လိုက်သော လူက မည်သို့ ပြန်ပြောရမည် မသိပေ။

“ကျုပ် အရှုံးပေးတယ်…” ထျန်ရှင်း နန်းတော်မှ လူက ပြောသည်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ သူက ထိုသို့ ဝန်ခံလိုက်သည်နှင့် တန်ခိုးအဆင့် မြင့်သည်မှလွဲ၍ သူတို့က တခြား ထူးခြား သာလွန်သည် ဘာမှ မရှိဟု ဝန်ခံရာ ရောက်နေပေသည်။ သူ၏စကားက ရီဖူရှင်း၏ သက်သေပြချက်ကို မှန်ကန်ကြောင်း ပြနေသည်။

“ခင်ဗျားကရော… စီနီယာ…” ရီဝူချင်းကို အနိုင်ယူခဲ့သော တစ်ယောက်အား ရီဖူရှင်းက မေးသည်။ သူကလည်း ထျန်ရှင်းနန်းတော်မှ ဖြစ်ကာ သိုင်းပညာကို လေ့ကျင့်သည်။ သို့သော် ထိုလူကလည်း နှုတ်ဆိတ် နေသည်။

“ဒါဆို စီနီယာတောင်မှ တန်ခိုးအဆင့် မြင့်တာကလွဲရင် သိမြင် နားလည်မှုမှာ ပိုပြီး ထက်မြက် သာလွန်တာ မရှိဘူးလို့ ဝန်ခံတာပဲ…   ရီဖူရှင်းက တစ်ဖက်လူ တိတ်ဆိတ် နေသည်တွင် ထိုသို့ မှတ်ချက်ချသည်။ ထို့နောက် သူက ကျန်းကျိချင်ကို ကြည့်ကာ မေးသည်… “ခင်ဗျားကရော…”

ကျန်းကျိချင်က ဟွာဂျီယူကို အနိုင်ယူခဲ့သည်။

“ထိုးထွင်း နားလည်မှုမှာ ငါက မှော်ပညာကို လေ့လာတယ်… နင်က ဘယ်လို သက်သေပြမှာလဲ…” ကျန်းကျိချင်က ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။

ရီဖူရှင်းက တိတ်ဆိတ်စွာ ရပ်နေသည်။ ကြောက်မက်ဖွယ် ကောင်းသော သဘာဝ စွမ်းအင်များက သူ့ထံကို လာရောက် ရစ်ပတ်သည်။ ထို့နောက်တွင် အလွန် အားကောင်းသော အဖြူရောင် မီးတောက်များကို သူတို့ မြင်ကြရသည်။ မီးတောက်က ပိုမိုပြင်းထန် အားကောင်းလာကာ ကျောင်းခုံး စင်မြင့်ထက်မှ အပူရှိန်ကို သူတို့အားလုံး ခံစားကြရသည်။ မီးတောက်က သူတို့၏ အရိုးထဲအထိ စိမ့်ဝင်လာကာ ပြင်းထန် အေးစက်မှု၊ ပူပြင်းမှုတို့အပြင် ငြှိမ်းသတ်နိုင်စွမ်း ကင်းမှုတို့ ပေါင်းစပ်ထားကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည်ဟုသာ ပြောနိုင်သည်။ သည်မီးတောက်ကား အရာခပ်သိမ်းကို အတားအဆီးမဲ့ လောင်ကျွမ်း စေနိုင်သည်။

ရီဖူရှင်းက ကျန်းကျိချင်ကို ကြည့်သည်… “ကျုပ်ကို လမ်းညွှန်ပါဦး…”

ကျန်းကျိချင်က မီးတောက်၏ စွမ်းအားကို မြင်ကာ ဆွံ့အရသည်။ အားလုံးကလည်း ဆွံ့အရသည်။ ရီဖူရှင်းကား သူ၏စကားကို ကောင်းကောင်း သက်သေထူနေသည်။

ရီဖူရှင်းက ဘာလုပ်လိုသည် ကိုလည်း လျန်ယွီချန်းက ကောင်းကောင်း နားလည်သည်။ သည်အကောင်ကား အမှန်ပင် ပါရမီရှင် ဖြစ်သည်။ သို့သော်လည်း သူက ထိုအမှန်တရားကို ဝန်မခံနိုင်ပေ။

“မင်းက တကယ်ပဲ ဝင်ခွင့်ပထမရသူ ဖြစ်ထိုက်ပါပေတယ်… မင်းရဲ့ ပါရမီကလည်း ခြွင်းချက်မရှိဘူး ဆိုတာ လက်ခံတယ်… သူတို့တွေက အလယ်အလတ် အတန်းအစား နိုဘယ်တွေ ဖြစ်ပေမဲ့ ထိုးထွင်း သိမြင်မှုမှာ မင်းကို မမီကြဘူး…” လျန်ယွီချန်းက ထပ်ပြောသည်… “ဒါက အားလုံးကို သက်သေ မပြနိုင်ဘူး…”

“ဒါဆို ဒီမတိုင်ခင် တိုက်ပွဲတွေက ဘာကို သက်သေပြသလဲ…” ရီဖူရှင်းက လျန်ယွီချန်းကို ကြည့်ကာ ဆက်မေးသည်… “စီနီယာက ဘယ်ပညာကို အဓိကထား လေ့လာလဲ သိပါရစေ…”

သူက ထိုသို့ ပြောလိုက်သည်တွင် မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းကို ကြည့်ကြသည်။ သူက ပါရမီရှင် အဆင့်ဇယားမှ လျန်ယွီချန်းကို ဘာမေးလိုက်သနည်း…။

လျန်ယွီချန်းလည်း မှင်တက် သွားသည်။ ထို့နောက် သူက ရီဖူရှင်းကို ထက်ရှစွာ ကြည့်ကာ ပြန်မေးသည်… “ငါက ကု့ချင်းတီးတယ်… မင်းရော…”

ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ကျုပ်က တစ်ခုနှစ်ခု သိတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset