ပိုင်စီအား သူ့အဖော်များက သယ်ထုတ် သွားရသည်။ ပိုင်စီ၏အစ်ကို ပိုင်လွေလီကို အားလုံးက သိကြသည်။ ပိုင်စီက သူ၏အစ်ကိုကဲ့သို့ မစွမ်းဆောင်နိုင်လျှင်ပင် အနည်းဆုံး သူက အရေးပါသော တစ်နေရာကို ရောက်နိုင်မည်ဟု အာလုံးက တွေးခဲ့ကြသည်။ သို့သော်လည်း သူက ရီဖူရှင်းနှင့် ယူချင်းထံတွင် နှစ်ကြိမ်တိုင်တိုင် ဆိုးဝါးစွာ အရိုက်ခံခဲ့ရသည်။ ပိုင်စီကား ပိုင်လွေလီ၏ ညီအရင်း ဖြစ်သည်။ ရီဖူရှင်းနှင့် ယူချင်းက ပိုင်လွေလီ၏ မျက်နှာကိုပင် လုံးဝ မထောက်ကြပေ။ တစ်ဖက်တွင်လည်း ယူချင်း၏ ခွန်အားက ငြင်းပယ်၍ မရပေ။ ရှီတန်ခိုးရှင် ထောင်ကျန်း၏ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်က ယူချင်းအား အလွန် သန်မာသော ခန္ဓာကိုယ်ကို ရရှိစေသည်။
အားလုံးက ယူချင်း၏ စွမ်းရည်နှင့် ပတ်သက်၍ ထိတ်လန့်ရသည်။ အခြေအနေကို ကြည့်ရသည်မှာ လူသစ်များထဲ၌ ဒုတိယ အားအကောင်းဆုံးမှာ ပိုင်စီမဟုတ်ဘဲ ယူချင်း ဖြစ်နေသည်။
တိုက်ခိုက်ရေး ရှီနန်းဆောင်က တော်ဝင်ရှီ နန်းဆောင်ကို ဤသို့သော အပြတ်အသတ် အနိုင်ယူခဲ့ခြင်း ကလည်း ယခင်က မရှိဖူးပေ။ နောင်တွင် ပါရမီရှင်ဇယားကို တိုက်ခိုက်ရေးရှီက ဦးဆောင်ရန် အလားအလာများ နေပေသည်။ ယူချင်း ထုတ်ပြသော စွမ်းရည်က နောင်တွင် သူ့အား ပါရမီရှင်ဇယား၌ ထိပ်ဆုံး သုံးနေရာတွင် ရီစေရန် ထိုက်တန်ပေသည်။
“ဒီနှစ်ယောက်က ဘယ်လောက်အထိ သွားနိုင်ကြမှာလဲ…” စုချွဲက ရီဖူရှင်းဘေးမှ ရေရွတ်သည်။ သူကား ယူချင်းကို အနိုင်ယူခဲ့သည်က ယူချင်း၏ အားနည်းချက်က သူ၏အားသာချက် ဖြစ်နေ၍ ဖြစ်သည်။ အကယ်၍ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ပါက ရှုံးနိမ့်သွားမည့်လူက သူဖြစ်သည်။ သို့သော်လည်း စုချွဲက ထိုသို့ နည်းစနစ်များကို စိတ်မဝင်စားပေ။ သူက လူသတ်ပညာကိုသာ လေ့ကျင့်ကာ သူက အနိုင်အရှုံးထက် တစ်ဖက်လူကို သတ်နိုင်ရန်သာ အရေးကြီးပေသည်။
စုချွဲက တစ်မြင့်ပေါ်ကို လျှပ်တစ်ပြက် တက်လာသည်။ သူ၏လက်၌ ဓားတစ်လက် ပေါ်လာ၏။ သူ၏ ကိုယ်ရောင် ကိုယ်ဝါ ထွက်လာသည်တွင် ရုပ်တုနှစ်ခုက မြင့်တက်သည်။ စုချွဲကား ဆဋ္ဌမ အတန်းအစား နိုဘယ်ဖြစ်သည်။
“ဓားနန်းတော်က စုချွဲ … စီနီယာ တစ်ယောက်ယောက်က ကျုပ်နဲ့ လက်ရည် စမ်းချင်မလား…” စုချွဲက မေးသည်။ ပဉ္စမအတန်းအစား နိုဘယ်က စင်ပေါ်ကို တက်သွားကာ ပြောသည်… “ထင်းဆွေ အိမ်တော်က ဓားပညာကို ကျုပ်က သိမြင်ချင်တာ ကြာပြီ…”
စိန်ခေါ်သူက စင်ပေါ်ကို ပျံတက် လာနေသည်။ သို့သော်လည်း စုချွဲက တစ်ဖက်လူ စင်ပေါ်ကို မရောက်မီတွင်ပင် သူ၏နေရာမှ ပျောက်ကွယ်သွားကာ တစ်ဖက်လူ ကျဆင်းလာမည့် နေရာကို ရောက်သွားသည်။ ထိုမြင်ကွင်းကို ကြည့်ကာ အားလုံးက ရယ်ရွှင်ဖွယ် အမူအရာ ဖြစ်လာကြသည်။ တစ်ဖက်လူ အဆင်သင့် မဖြစ်မီတွင်ပင် တိုက်ခိုက်ခြင်းက…။
စုချွဲ၏ ပြိုင်ဘက်က တစ်ချိန်တည်းမှာပင် လက်ဝါးဖြင့် လှမ်းရိုက်သည်။ တောင်များကိုပင် ပြိုပျက်စေနိုင်သော အားလှိုင်းက စုချွဲထံကို တိုးဝင်လာသည်။ တစ်ဖက်တွင်လည်း သူက တခြား တစ်ဖက်မှာ လာမည့် တိုက်ခိုက်မှုများကို သတိဖြင့် စောင့်ကြည့် နေသည်။ လူသတ်လိုသော အငွေ့အသက်များကို သူ့နောက်ကျောမှ ခံစားရကာ သူကလည်း လက်ဝါးဖြင့် ပြန်ရိုက်သည်။
သို့သော်လည်း ဓားကား မြန်ဆန်လွန်းသည်။ အလွန် အားကောင်းသော လက်ဝါးကလည် အလယ်မှပင် ပိုင်းဖြတ်သွားကာ အလွန် မြန်ဆန်စွာဖြင့် တစ်ဖက်လူ၏ လည်ပင်းထံကို ရောက်လာသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက လူသတ်လိုသော အငွေ့အသက် အောက်တွင် အေးခဲ သွားရသည်။
တိုက်ပွဲကား စိန်ခေါ်သူ မြေပြင်ပေါ်ကို မရောက်မီတွင်ပင် ဆုံးသတ်ခဲ့သည်။
“အပြစ်လုပ်မိရင် တောင်းပန်ပါတယ်… ဒါက ထင်းဆွေအိမ်တော်ရဲ့ ဓားပညာပါပဲ… စည်းကမ်း စည်းဘောင် မရှိဘူး… အခွင့်အရေးကို အပြည့်အဝ အသုံးချရမယ်…” စုချွဲက သူ၏ဓားကို သိမ်းကာ ပြောသည်။
အားလုံးက ဆွံ့အရသည်။ တစ်ဖက်လူက ထင်းဆွေဓားကို သိလိုသည်ဟု ပြောရာ စုချွဲက ဤသို့ တုံ့ပြန်ခြင်းကလည်း မှားတော့ မမှားပေ။ သူက ထင်းဆွေဓား၏ သဘောတရားကို ပြသခဲ့ခြင်းသာ ဖြစ်သည်။ အမှန်ပင် စုချွဲကလည်း တကယ်တမ်းတွင် အလွန် အားကောင်း၍ အနိုင်ရခဲ့ခြင်းသာ…။ သူ၏ဓားချက်က တစ်ဖက်လူ၏ အတားအဆီးများကို ကျော်ဖြတ်ပြီးမှ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
“စုချွဲရဲ့ဓားက တော်တော် အားကောင်းတယ်…” ရီဖူရှင်းက ရေရွတ်မိသည်။ စုချွဲက ထင်းဆွေဓားနှင့် ဓားမိစ္ဆာ၏ ပညာရပ်တို့ကို ကောင်းမွန်စွာ ပေါင်းစပ် ထားသည်ဟု သူ ထင်မြင်သည်။
“ဒီတစ်ခေါက် နန်းတော်ကို ဝင်လာတဲ့ ဂျူနီယာလေးတွေက တကယ်ပဲ အားကောင်းကြတယ် ထင်တယ်… သူတို့ကို ပေါ့ပေါ့တန်တန် သဘောမထားတာ အကောင်းဆုံးပဲ…” ဟွာဖန်းက ပြောသည်။
ပရိသတ်များ အားလုံး စိတ်ဝင်စား နေကြသည်။ ယမန်နှစ် လက်ရည်စမ်းပွဲများ တွင်ကား လူသစ်များက သူတို့၏စွမ်းရည်ကို ပြသကြသော်လည်း တကယ်တမ်း လူဟောင်းများ ကသာ ထွန်းတောက် ကြသည် များ၏။ တိုက်ခိုက်မှုတိုင်းတွင် လူသစ်များကို သူတို့က ဦးစွာ စွမ်းရည် ပြခိုင်းပြီး လူဟောင်းများက ပညာပေး အနိုင်ယူကြသည်။ လွန်ခဲ့သော သုံးနှစ်ကလည်း ဤအတိုင်း ဖြစ်သည်။ သို့သော်လည်း ယခုနှစ်တွင်ကား အခြေအနေက အနည်းငယ် ကွဲပြား လာနေသည်။
“နားလည်ပါပြီ…” လူအများအပြားက လူသစ်များနှင့် လက်ရည် စမ်းကြသည်။ သို့သော်လည်း တိုက်ပွဲ အများစုတွင် လူသစ်များက ရှုံးနိမ့်ကြသည်သာ…။
ယန်ကျန်းက စင်ပေါ်ကို တက်သွားသည်တွင် တစ်ဖက်မှ အလွန် ကြမ်းတမ်း ခက်ထန်သော လူတစ်ယောက်က ကြီးမားသော အရှိန်အဝါဖြင့် ရောက်လာသည်။
သူ့အား မြင်သူတိုင်းက အံ့အားသင့် သွားကြသည်။ ယန်ကျန်းကား ရှုံးနိမ့်မည်မှာ သေချာသည်။ ရှေ့ထွက် လာသူကား ထျန်ရှင်း နန်းဆောင်မှ စတုတ္ထ အတန်းအစား နိုဘယ်ဖြစ်သည်။
ဘုန်း … ယန်ကျန်း၏ လက်ထဲတွင် နှင်တံတစ်လက် ပေါ်လာသည်။ သူက နှင်တံကို ဝှေ့ယမ်းကာ အားအင်များကို စုစည်း၏။ တစ်ဖက်တွင်လည်း ပြိုင်ဘက်လူက လက်ဆန့်တန်း လိုက်သည်တွင် ရွှေရောင်ပုဆိန်ရှည် တစ်လက် ပေါ်လာသည်။
“နန်ဟောင်ရဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန်ရှည်…” ရီဖူရှင်းက ထိုလူကို စိတ်ဝင်စားစွာ ကြည့်သည်။ သူကား ထျန်ရှင်း နန်းဆောင်မှဖြစ်ရာ အကြီးအကဲနန်၏ တပည့်တစ်ယောက် ဖြစ်ရပေမည်။
ယန်ကျန်းက စတုတ္ထ အတန်းအစား နိုဘယ်ကို မည်သို့ ယှဉ်နိုင်မည်နည်း။ တစ်ကွက်မျှဖြင့် ယန်ကျန်းက မြေပြင်ပေါ်ကို မှောက်သွားသည်။
“ဒါက တကယ့်ကို အနိုင်ကျင့်တာပဲ…” ယိရှောင်ရှီက အေးစက်စွာ ပြောသည်။
“အားလုံးက ဒီအဆင့်ကို ကျော်ဖြတ်ရတယ်…” ချီကျီးက ပြောသည်… “ငါတို့ နန်းဆောင်က လူတွေကို အနိုင်ကျင့်တာကတော့… ဟ…”
လူသစ်များ တစ်ယောက်ပြီး တစ်ယောက် စင်ပေါ်ကို တက်လာကြကာ အားလုံးက ရှုံးနိမ့်ကြရသည်။ ရီဝူချင်းကလည်း ထျန်ရှင်းနန်းဆောင်မှ လူတစ်ယောက်ထံတွင် ထပ်မံ ရှုံးနိမ့်ခဲ့ကာ ယိရှောင်ရှီ၊ ကျောင်းလီနှင့် တခြား လူများကလည်း ထိုနည်းတူသာ ဖြစ်သည်။
ဟွာဂျီယူက စင်ပေါ်ကို တက်လာသောအခါ ကျန်းကျိချင်က သူမကို ရင်ဆိုင်သည်။ သူမ၏ တန်ခိုးအဆင့်က ဟွာဂျီယူထက် များစွာ မြင့်ရကား ဟွာဂျီယူလည်း ရှုံးနိမ့်ရပေသည်။
“ငါတို့ရဲ့ ဂျူနီယာညီမက တကယ်ပဲ ပါရမီ ကောင်းတယ်… တစ်နှစ်အတွင်းမှာ သတ္တမ အတန်းအစား နိုဘယ်သို့ ရောက်လာတယ်… ပြီးတော့ မင်းက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ပဲ… ဒါပေမဲ့ ထပ်ပြီး ကြိုးစားဖို့ လိုသေးတယ်…” ထို့ကျန်း နန်းဆောင်မှ လျန်ယွီချန်းက ထောင့်တစ်နေရာမှ ရပ်ကြည့်ကာ ဟွာဂျီယူကို မှတ်ချက် ချသည်။
ဟွာဂျီယူက ပြုံးလျက် ပြောသည်… “အခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်…” သူမက ထိုသို့ပြောကာ ရီဖူရှင်း၏ဘေးနားကို သွားရပ်သည်။
လျန်ယွီချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ကျောင်းခုံးစင်ထက်ကို မတက်တာ အခု မင်းတစ်ယောက်ပဲ ကျန်တော့တယ်… ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့…”
ရီဖူရှင်းက ပြုံးသည်။ စုချွဲနောက်ပိုင်း လူသစ်များထဲမှ ဘယ်သူမှ အနိုင်မရတော့ပေ။ စီနီယာများက တမင်ပင် အနိုင်သေချာသော တန်ခိုးအဆင့်ဖြင့် လူများကိုသာ စေလွှတ်၍ ရင်ဆိုင်ကြသည်။ သူတို့က ဂျူနီယာများကို အမှန်ပင် ရိုက်နှက် ဆုံးမလိုကြဟန် ရသည်။
“ဒါက အဓိပ္ပာယ် ရှိတယ်လို့ ကျုပ်မထင်ဘူး…” ရီဖူရှင်းက ပြောသည်။
“အခု လူသစ်တွေ အကုန်လုံးက ဂုဏ်ယူရတဲ့ သားတွေ သမီးတွေပဲ… ဒီအတွက် အားလုံးက ခက်ခဲမှုကို ကျော်ဖြတ်ဖို့ လိုတယ်… ဒါက မင်းတို့ရဲ့ မောက်မာ ဝင့်ကြွားမှုကို ထိန်းချုပ်ဖို့ သင်ကြားပေးတယ်… မင်းတို့အတွက် ပိုမိုကြိုးစားဖို့ တွန်းအားကို ဖြစ်စေတယ်…” လျန်ယွီချန်းက ပြောသည်။
“ခင်ဗျား ဘယ်လိုပဲ ပြောပြောပါ… စီနီယာ…” ရီဖူရှင်းက ပြုံးသည်… “တကယ်တမ်းက လူသစ်တွေ အနေနဲ့ စီနီယာတွေ တိုက်ခိုက်တာကိုပဲ စောင့်ကြည့်ပြီးတော့ သင်ယူသင့်တယ်လို့ မြင်တယ်… ဂျူနီယာတွေကို စီနီယာတွေနဲ့ ရင်ဆိုင်ခိုင်းတာ သဘာဝမကျဘူး… ဒါက တကယ်ပဲအသုံးဝင်တယ် ဆိုရင် စီနီယာတွေက ရှီတန်ခိုးရှင်တွေနဲ့ သွားပြီး မတိုက်ခိုက် သင့်ဘူးလား…”
“တိုက်ပွဲမှာ မင်းရဲ့ လိုအပ်ချက်ကို ရှာဖွေတာက လေ့ကျင့်တာ တစ်မျိုးပဲ… ဒါက မင်းကို တိုးတက် စေနိုင်တယ်…” လျန်ယွီချန်းက ပြောသည်။
“ဒါက မလိုအပ်ဘူးလို့ပဲ ကျုပ်မြင်တယ်…” ရီဖူရှင်းက ပြောသည်… “ဂျူနီယာတွေမှာ လိုအပ်နေတာကို ပြောပါဆိုရင် တန်ခိုးအဆင့် တစ်ခုတည်းပါပဲ… တခြား ကျုပ်မမြင်ဘူး…”
“မင်းက တကယ်ပဲ မောက်မာတယ်…” လူအများအပြားက ပြုံးမိကြသည်။ ဤသို့သော ထုံးစံကား နန်းတော်တွင် ကာလ ကြာရှည်စွာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက ထိုစည်းမျဉ်းကို စိန်ခေါ်နေဟန် ရသည်။
“မင်း ပြောသလိုပဲဆိုရင် ဂျူနီယာတွေမှာ စီနီယာတွေနဲ့ ယှဉ်ရင် တန်ခိုးအဆင့်က လွဲရင် တခြား ဘာပြစ်ချက်မှ မရှိဘူးလို့ ဆိုလိုတာလား…” လျန်ယွီချန်းက ပြောသည်… “ပါရမီရှင် ဇယားက ထိပ်ဆုံးနေရာက လူတွေတောင် မင်းလို ပြောမှာ မဟုတ်ဘူး… လက်ရည်စမ်းပွဲက လူတစ်ယောက်ရဲ့ အားနည်းချက်ကို ရှာဖွေဖို့ ဖန်တီးထားတာပဲ… ဒါက ငါတို့ကို တိုးတက် စေနိုင်တယ်…”
ရီဖူရှင်းက လျန်ယွီချန်းကို ကြည့်ကာ တောက်ပစွာ ပြုံးသည်… “အမှန်ပဲ…”
အားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။ သူက အမှန်ပဲဟု ပြောလိုက်သည်။ လူသစ်ထဲတွင် ထိုမျှ မောက်မာသော သူကို သူတို့တစ်ခါမှ မမြင်ဖူးပေ။ ပိုင်လွေလီပင် နန်းတော်ကို ဝင်ကာစ၌ ဤသို့သော အမူအရာမျိုး မရှိပေ။
သို့သော်လည်း ရီဖူရှင်းကား မည်သူ့ကိုမှ မျက်လုံးထဲထည့်ဟန် မရပေ။
ချီကျီးက မျက်လုံးပြူးသွားကာ အထင်ကြီး သွားရသည်။ သူ၏ ဂျူနီယာလေးကား သာမန် မြေခွေး မဟုတ်ပေ။ သူ၏ စီနီယာများကို ဤသို့ ပြန်ပြောရဲမည်ဟု သူ မထင်ထားပေ။
***