Switch Mode

အပိုင်း(၆၀၁)

မြန်မြန်ရှင်းခဲ့

လက်ရည်စမ်းပွဲမှ လူများအားလုံး အံ့အားသင့် နေကြသည်။

လူအုပ်ထဲတွင် ယွန်ဖုန်း၏ မျက်နှာကလည်း သုန်မှုန်နေသည်။ အကယ်၍ သူကလည်း ရီဖူရှင်းကို စိန်ခေါ်ပြီး ထိုသို့ ပြန်ပြောခံရပါက ထပ်မံ၍ အရှက်ကွဲ ရပြန်ဦးမည်။

ထိုအခိုက်တွင် ပိုင်စီကား အလွန် ရှက်ရွံ့ဖွယ် ကောင်းသော အခြေအနေသို့ ရောက်နေသည်။ သူကား ကျောင်းခုံးစင်မြင့်တွင် ဤသို့သော အခြေအနေမျိုးနှင့် ကြုံနေရသည်။ သို့သော်လည်း သူက ရီဖူရှင်း၏စကားကို ငြင်းပယ် နိုင်စွမ်းလည်း မရှိပေ။ အကဲဖြတ် စစ်ဆေးပွဲ၌ သူက ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သော ကိစ္စအား လူတိုင်းက သိကြသည်။

“ဒီနေ့က မတူဘူး… ငါတို့ နှစ်ယောက်လုံးက တော်ဝင်ကျဲ နန်းတော်ကို ဝင်ခဲ့ကြတယ်… ဒါက လက်ရည်စမ်းပွဲပဲ…” ပိုင်စီက အေးစက်စွာ ပြောသည်။ ရီဖူရှင်းကား သူ့ကို တမင် အရှက်ခွဲနေသည်။

ရီဖူရှင်းက ပိုင်စီကို ကြည့်သည်။ သူ၏စကားက ပိုင်စီကို အရှက်ရ စေမည်ကို သိသည်။ သို့သော် သူက ဂရုမစိုက်ပေ။ အတိတ်က ပိုင်စီကား သူ၏နောက်ခံ အင်အားကြောင့် ရီဖူရှင်းကို မျက်လုံးထဲပင် မထည့်ခဲ့ပေ။ ပိုင်စီကား အချို့သော အရာများတွင် မှန်ကန်ပေသည်။ သို့သော်လည်း လက်ရှိတွင်ကား အခြေအနေများက ကွာခြားသွားပြီ ဖြစ်သည်။ ယခု သူတို့ နှစ်ယောက်လုံးက တော်ဝင်ကျဲ နန်းတော်၏တပည့်များ ဖြစ်နေကြပြီ။

“ဒီနေ့က လက်ရည်စမ်းပွဲ ဖြစ်လို့လည်း ငါက မင်းနဲ့ ဒီလို ကစားနေစရာ အကြောင်း မရှိတာ… မဟုတ်ရင် မင်းက ဒီတစ်ခေါက်ရှုံးပြီး နောက်တစ်ခါ အခွင့်အရေးရမှာ မဟုတ်တော့ဘူး…” ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်… “တကယ်လို့ မင်းက ငါ့ထက် ပါရမီရှင် အဆင့်မှာ ပိုမြင့်လာခဲ့ရင် ဒါမှမဟုတ် နီးကပ်လာခဲ့ရင် မင်းရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ ငါ စဉ်းစားပေးမယ်… အခုကတော့ မင်းက ငါနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက် မဟုတ်သေးဘူး…” ရီဖူရှင်း၏ ခံစားချက် ကင်းမဲ့သော လေသံက တည်ငြိမ်စွာ ထွက်လာသည်။ သူ၏ နောက်ဆုံးစကားက ပိုင်စီ၏ ကိုယ်ရောင် ကိုယ်ဝါကို ထိန်းချုပ် မရအောင် ထွက်ပေါ် လာစေသည်။ သူကား တိမ်ဖြူမြို့ ဒုတိယသခင်လေး ဖြစ်သည်။ ပိုင်စီအား တခြား ဘယ်သူမှ ဤသို့ မလှောင်ပြောင် ရဲကြပေ။ ထို့အပြင် ယခု တခြား တပည့်များ အလယ်တွင် သူကား အလွန်ပင် အရှက်ရဖွယ် ကောင်းနေလေပြီ။

ထိုနေရာမှ လူတိုင်းက ရီဖူရှင်းကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ ဒီနှစ် အကဲဖြတ် စစ်ဆေးပွဲ၏ ပထမရှင်ကား အလွန် မာနကြီးကာ လူတိုင်းက သူ၏ စွမ်းဆောင်ရည်ကို တွေ့မြင် လိုကြသည်။ သို့တိုင်အောင် ပိုင်စီက ရီဖူရှင်းကို စိန်ခေါ်သောအခါ တိုက်ရိုက် ငြင်းပယ်ခဲ့၏။

“လက်ရည်စမ်းပွဲမှာ တစ်စုံတစ်ယောက်က မင်းကို စိန်ခေါ်ရင် မင်းရဲ့ အဆင့်က နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ ပြိုင်ဘက်ကို အလေးထားပြီး စိန်ခေါ်မှုကို လက်ခံရတယ်… ဒါက လက်ရည်စမ်းပွဲရဲ့ ထုံးစံပဲ…” ခန်သင်္ကေတနေရာမှ တစ်ယောက်က အေးစက်စွာ ပြောသည်။ သူက ရီဖူရှင်းဘက်ကို ကြည့်ကာ အေးစက်စွာ ပြောသည်… “မင်းက နန်းတော်ကို အခုမှ ရောက်တယ်… တော်တော် မောက်မာတယ်…”

“ဒါက ငါ ဘယ်သူ့ကို ပြောနေတာနဲ့ ဆိုင်တယ်…” ရီဖူရှင်းက ပြုံးသည်။

“…” လူအများအပြားက ပိုင်စီကို သနား ကရုဏာသက်စွာ ကြည့်ကြသည်။ ပိုင်စီကား ထိုသို့ ပြိုင်ဘက် ရှိသည်မှာ အမှန်ပင် ကံမကောင်းပေ။ ရီဖူရှင်းက ပိုင်စီအား စကားလုံး တစ်လုံးစီတိုင်းဖြင့် အရှက်ခွဲသည်။

ပိုင်စီ၏ မျက်နှာကား လုံးဝ နက်မှောင်နေပြီ ဖြစ်သည်။ ရီဖူရှင်း၏အနီးမှ​ လူများကို ကြည့်ကာ သူက ပြောသည်… “မင်းက တိုက်ခိုက်တာကို ရှောင်ဖယ်နေတယ်… ဒါပေမဲ့ မင်းဘေးက လူတွေ ဘယ်သူကမှ ငါ့ကို အနိုင် မယူဖူးဘူးမလား… ဘယ်သူက ငါ စိန်ခေါ်တာကို လက်ခံမှာလဲ…”

ပိုင်စီ၏စကားကို ကြားသည်တွင် ရီဖူရှင်းက အံ့အားသင့် သွားသည်။ ပိုင်စီကား သူ၏သေတွင်းကို သူကိုယ်တိုင် တူးနေသည်။

“ယူချင်း … မြန်မြန် ရှင်းလာခဲ့…” ရီဖူရှင်းက စိတ်ဖြင့် ပြောသည်။

ယူချင်းက ခေါင်းညိတ်ကာ စင်ပေါ်ကို ခုန်တက် လိုက်သည်။ ထို့နောက် သူက ကျောင်းခုံးစင်မြင့်ပေါ်ကို ကျဆင်းလာ၏။ ဘန်းခနဲ မြည်သံနှင့်အတူ စင်မြင့်က တုန်ခါသွားသည်။ သူ၏ကြီးထွား သန်မာသော ခန္ဓာကိုယ်ကို ကြည့်ရုံမျှဖြင့် ယူချင်းက အလွန် အားကောင်းသည်ကို အားလုံးက ခံစားမိကြသည်။ ယူချင်းကလည်း အကဲဖြတ် စစ်ဆေးပွဲတွင် ထိပ်ဆုံး ဆယ်နေရာသို့ ဝင်ခဲ့၏။

ယူချင်း ပေါ်လာသည်ကို ကြည့်လိုက်သည်တွင် ပိုင်စီက သူ့အား တောရိုင်း သတ္တဝါ တစ်ကောင်က ပစ်မှတ်ထား ခံရသလို ခံစားလိုက်ရသည်။ ယူချင်း၏ မျက်လုံးကြီးများက အလွန်အမင်း အေးစက်နေသည်။ ပိုင်စီက ဟွာဂျီယူကို ဖိတ်ခေါ်တုန်းက သူလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ယခု သူက ပိုင်စီကို တိုက်ခိုက်ရမည် ဆိုပါက မည်သည့်နည်းနှင့်မျှ သက်ညှာမည် မဟုတ်ပေ။

ဘန်း…

နက်ရွှေရောင် အလင်းများ ဖြာထွက်လာသည်။ သူ၏ခန္ဓာကိုယ်တွင် မိစ္ဆာချပ်ဝတ် တန်ဆာများ ပေါ်လာပြီး အလွန်ပြင်းထန်သော သိုင်းပညာအသိ မွေးဖွားလာ၏။ သူ၏ သိုင်းစွမ်းအားက ကျောင်းခုံး စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်တွင် ပိုင်စီက သူ့ရှေ့၌ နတ်ဆိုးတစ်ကောင် ပေါ်လာကာ သူ့အား အရှုံးပေး ဒူးထောက်ရန် ပြောနေသယောင်ယောင် ခံစားရသည်။

ယူချင်းက ပိုင်စီကို သူ၏ သိုင်းအသိဖြင့် အမှန်ပင် ဖိအား ပေးနေသည်။

ပိုင်စီက သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော မျက်လုံးအစုံနှင့် မှော်စာရွက်တို့က တစ်ပြိုင်နက်တည်း ပေါ်လာသည်။ စိတ်စွမ်းအားများက စင်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မမြင်ရသော ဖိအားတစ်ခုက သူ့အား လာရောက် ဆုပ်ကိုင်သည်ဟု ယူချင်းက ခံစားရသည်။ အထူးသဖြင့် ဖျက်ဆီးခြင်း မျက်လုံးက သူ၏စိတ်ကို ကစဉ့်ကလျား ဖြစ်စေသည်။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကား သိုင်းပညာရှင်များကို အထိရောက်ဆုံး ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် ယူချင်း၏ စိတ်ထဲ၌ အနက်ရောင် မိစ္ဆာမျက်လုံး တစ်စုံပေါ်လာကာ သူ၏စိတ်ကို ကာကွယ်ပေးသည်။ ထိုမိစ္ဆာပညာ၌ သိုင်းပညာကိုသာ အလေးထား သော်လည်း စိတ်ကိုလည်း လေ့ကျင့်ရသော အပိုင်း ပါဝင်ပေသည်။ ထိုနည်းအား မိစ္ဆာသမထဟု ခေါ်သည်။ ထိုပညာက ယူချင်း၏ စိတ်စွမ်းအားကို တည်မြဲစေသည်။ စိတ်စွမ်းအားကား ယူချင်း၏ အားနည်းချက် တစ်ခါမှ မဟုတ်ခဲ့ပေ။

ထိုအခိုက်တွင် ယူချင်းကား တကယ့်နတ်ဆိုး သွင်ပြင် ဖြစ်နေပြီ ဖြစ်သည်။

ကောင်းကင်တွင် များစွာသော ကောင်းကင် ပုဆိန်ရှည်များ ပေါ်လာသည်။ ထို့နောက် ထိုပုဆိန်များက ပိုင်စီထံသို့ တိုးဝင် သွားကြသည်။ ပိုင်စီက ပုဆိန်ရှည်များကို ကြည့်သည်။ ထို့နောက် သူက ကောင်းကင်တွင် ပေါ်လာကာ သူ၏မျက်နှာကလည်း အလွန်အမင်း အေးစက်နေသည်။ ယူချင်းက သူ၏မျက်လုံး သီးသန့် နယ်ထဲတွင် သူ့ကို တိုက်ခိုက်ရန် ကြိုးစား နေသည်လား…။

ပုဆိန်ရှည်၏ အမြန်နှုန်းများပင် ကန့်သတ်ခံရဟန် တူသည်။ ပိုင်စီက လက်ဆန့်တန်း လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် အလင်း သင်္ကေတများက သူ့ရှေ့တွင် ပေါ်လာကာ အရံအတား ဖြစ်သွားသည်။ ပုဆိန်ရှည်က သူ့ထံ ရောက်လာသည်တွင် များစွာသော ပေါက်ကွဲမှုများနှင့်အတူ ပျောက်ကွယ် သွားကြသည်။ အရံအတားက ကျန်ရှိနေဆဲပင်…။

ကောင်းကင် ပုဆိန်ရှည်များ ပိုင်စီထံကို ကျဆင်း သွားနေသော အချိန်တွင် ယူချင်း၏ ခန္ဓာကိုယ်ကို ရွှေရောင်များ ပြိုးပြိုးပြက်ပြက် ဝင်းလက် သွားသည်။ အလင်းတန်းများ သူ၏ခန္ဓာကိုယ်ကို စီးဆင်းသွားကာ နောက်ဆုံး ခြေထောက်တွင် သွားရောက် စုစည်းကြသည်။ ချင်ချင်းပင် စွမ်းအင်များ ထိုးတက် သွားသည်။ ကောင်းကင်တွင် ရုပ်တုနှစ်ခုက မြင့်တက် သွားကာ အလင်းတန်းများ ယူချင်းထံကို ကျဆင်းလာသည်။ အလင်းက အမှန်ပင် ခြောက်ကျန်းခံအထိ မြင့်တက်ခဲ့သည်။

“ဘာလဲဟ…” အားလုံးက ရုပ်တုကို အံ့အားသင့်စွာ ကြည့်ကြသည်။ အဋ္ဌမ အတန်းအစား နိုဘယ်မျှသာ ရှိသော ယူချင်းက အဘယ်ကြောင့် ထိုမျှ ပြင်းထန်သော တုံ့ပြန်မှုကို ရသနည်း။ သူ၏ အနုပညာ ရသသိက အမှန်ပင် ထိုမျှ အားကောင်း သည်လော…။

ဒုန်း… ယူချင်းက မြေပြင်ကို ဆောင့်နင်း လိုက်သည်ကာ လေထဲကို ခုန်တက် လိုက်သည်။ သူ၏ မိစ္ဆာ အတောင်ပံများကို ဖြန့်ကာ လေထုကို ခွင်းလျက် ပိုင်စီထံကို နတ်ဘုရား တစ်ပါးအလား ဆင်းသက် လာသည်။

ပိုင်စီ၏မျက်နှာက နက်မှောင် သွားသည်။ ယူချင်း၏ တိုက်ခိုက်မှုပုံစံက အလွန် ကြမ်းတမ်း လွန်းသည်။

ပိုင်စီက ရှိရှိသမျှသော စွမ်းအားကို သုံးကာ မှော်စာရွက် ဝိညာဉ်ကို အသက်သွင်းသည်။ တစ်ချိန်တည်းမှာပင် သက်စောင့်ဝိညာဉ်မှ များစွာသော မှော်စာလိပ်များ ဖြစ်ပေါ်လာကာ အလွန် အားကောင်းသော ဖျက်ဆီးအားကို မွေးဖွားပေးသည်။ သူကား ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့စဉ်ကထက် များစွာ အားကောင်း ပေသည်။ မရေမတွက်နိုင်သော မှော်စာလိပ်များက သူ့ကို လှည့်ပတ်ကာ လောကမှ သဘာဝ စွမ်းအင်များကို စုပ်ယူနေကြသည်။ မကြာမီ မုန်တိုင်း ထန်လာကာ အစိမ်းရောင် ကြာပန်းတစ်ပွင့် ဖြစ်လာသည်။

ပိုင်စီက သူ၏လက်ကို ဆန့်တန်း လိုက်သည်။ ကြာပန်းက ရွေရောင်မုန်တိုင်း အကြားတွင် ပန်းပွင့်လွှာ ရှစ်ဆယ့်တစ်ခု ဖြစ်ပေါ်လာသည်။ ကြာပန်းက မြန်ဆန်စွာ လှည့်ပတ်သည်တွင် ပန်းပွင့်လွှာများ ကလည်း ကြမ်းတမ်းစွာ လှည့်ပတ်ပြီး လွန်စွာ ထက်ရှသော ဓားသွားများအလား အရာအားလုံးကို ဖျက်ဆီးသည်။

သေစမ်း…

ကြာပန်းက မုန်တိုင်းနှင့်အတူ ယူချင်းထံကို တိုးဝင်သွားသည်။

ဘန်း… အလင်းတန်းနှစ်ခုက ယူချင်း၏ ခြေထောက်၌ ဖြစ်ပေါ်လာကာ သူက ဆက်လက် ဆင်းသက် လာသည်။

“သူ ရူးနေတာလား…” လူအများအပြားက အံ့အားသင့် သွားကြသည်။

ယူချင်းကား မိမိကိုယ်ကို သတ်သေရန် ကြိုးစားနေသည်သာ…။ သူက ထိုကြောက်မက်ဖွယ် မှော်စွမ်းအင်ကို သူ၏ခန္ဓာကိုယ်နှင့် ရင်ဆိုင်မည်လား..။ သူက ရှီတန်ခိုးရှင် ထောင်ကျန်း၏ တပည့်ဖြစ်လျှင်ပင် ထိုမျှ ရူးမိုက်စရာ မလိုပေ။

ထို့နောက်တွင် ယူချင်းက ကြာပန်း မုန်တိုင်းထဲကို ဝင်ရောက် သွားသည်။ နားကွဲမတတ် အသံများ ကြားရကာ ဘန်းခနဲ မြည်သံနှင့်အတူ ကြာပန်းက ကြေမွသွားသည်။ တစ်ဖက်တွင် နတ်ဘုရား အလားသဏ္ဌာန်က ဆက်လက် ဆင်းသက်လာ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှာ ချပ်ဝတ်များက ကြေပျက်နေပြီ ဖြစ်သည်။

ပိုင်စီက မြန်ဆန်စွာ နောက်ဆုတ်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ယူချင်းက မြေပြင်ကို ရောက်လာကာ ပိုင်စီ၏ခြေထောက်ကို လှမ်းဆွဲလိုက်သည်။ ပိုင်စီက မြေပြင်မှ ခုနကမှ ခုန်တက် လာသော်လည်း ရုတ်တရက် တောင့်တင်းသွားကာ မျက်နှာကလည်း ပြာနှမ်းသွားသည်။ သူကား အမှန်ပင် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ဘန်း… ကျယ်လောင်သော အသံနှင့်အတူ ပိုင်စီကား သတိလစ်လုနီးပါး ဖြစ်သွားသည်။ သူ၏ အရိုး ဘယ်နှချောင်း ကျိုးသွားသည်ကို ဘယ်သူမှ မသိပေ။ သူ၏စိတ်က လုံးဝ ဗလာဟင်းလင်း ဖြစ်သွားသည်။ မရေမတွက်နိုင်သော လူများက လူသန်ကြီးကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ပိုင်စီအား တစ်ချက်မျှသာ ကိုင်ရိုက်ပြီး ယခု ယူချင်းက သူ့အား လွှတ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း ပိုင်စီကား မြေပြင်တွင် တွန့်လိမ် ကောက်ကွေးလျက် လဲလျောင်းနေပြီ…။

ဒုန်း… ယူချင်းက မြေပြင်ကို ဆောင့်နင်းက ကောင်းကင်ပေါ်ကို ခုန်တက်ပြီးမှ သူ၏မူလနေရာကို ပြန်ဆင်းသွားသည်။ ရီဖူရှင်းက ယူချင်းကို မျက်လုံးပြူး ကြည့်သည်… “ငါက မင်းကို မြန်မြန် ရှင်းဖို့လို့ပြောတာ… ဒီလောက်အထိ လုပ်ဖို့ မလိုဘူးလေ…”

ယူချင်း၏ ပြင်ပ အခုအခံများ အားလုံး ပျက်စီးသွားရကာ သူ၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာ ဒဏ်ချက်များကို မြင်တွေ့ရသည်။ သိသာစွာပင် ယူချင်းကလည်း သူ၏ သွေးကြောမကို ဖွင့်ကာ တိုက်ခိုက်ခဲ့သည်။ ပိုင်စီ၏ တိုက်ကွက်အောက်တွင် သူလည်း ခံစားခဲ့ရဟန် တူသည်။ သူက တခြားနည်းဖြင့် အနိုင်ယူ၍​ ရသည်။ သို့သော်လည်း ဤနည်းက အမှန်ပင် မြန်ဆန်ပေသည်။

“ငါ အဆင်ပြေတယ်… ငါက ဒီရက်ပိုင်း ဒါမျိုးတွေနဲ့ အသားကျနေပြီ…” ယူချင်းက ပြောသည်။ ရီဖူရှင်းက ဆွံ့အသွားသည်။ ပိုင်စီမူကား တော်ဝင်ကျဲ နန်းတော်တွင် ရှိနေသမျှ ကာလပတ်လုံး အရှက်တကွဲ အကျိုးနည်းဘဝဖြင့် ဆက်လက် နေရပေဦးမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset