Switch Mode

အပိုင်း( ၆၀၀)

အရှုံးသမား

တော်ဝင်ရှီ နန်းဆောင်ကား တော်ဝင်ကျဲ နန်းတော်တွင် အကောင်းဆုံး နန်းဆောင်ဖြစ်ကာ အရေးပါသော အဆင့်တစ်ခု၌ ရှိသည်။ ကောလာဟလများအရ ပိုင်လွေလီကား နောက်ထပ် နန်းတော်၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံရပြီး ဖြစ်သည်။ အမှန်ပင် တော်ဝင်ကျဲ နန်းတော်ကလည်း သူ့အတွက် လမ်းဖောက် ပေးနေသည်။

ဟွာဖန်းကား ပါရမီရှင် ဇယားတွင် ပထမနေရာ၌ ရှိကာ ပိုင်လွေလီပြီးလျှင် အတော်ဆုံးဟု ပြော၍​ရသည်။ ထို့အတူ စီမင်ဟန်ကျင့်ကလည်း အလွန်မြင့်မားသော ပါရမီကို ပိုင်ဆိုင်သည်။ ယခု အကဲဖြတ် စစ်ဆေးမှုတွင် ပထမနေရာကို ယူလျက် နန်းတော်ကို ဝင်လာသော ရီဖူရှင်းက တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ရောက်သွားသည်။ ထို့ကြောင့် ပိုင်စီက ရီဖူရှင်းကို ကျော်ဖြတ်နိုင်ရန် ဟွာဖန်းက မျှော်လင့်နေသည်။ သို့သော်လည်း ရီဖူရှင်းကို အနိုင်ယူရန် ပိုင်စီကား အလွန်ခက်ခဲစွာ ကြိုးစားရဖွယ် ရှိနေသည်။

နှစ်ကုန် လက်ရည်စမ်းပွဲတွင် မည်သည့် အကြီးအကဲကမှ ဝင်မစွက်ဖက်ပေ။ တပည့်များ အားလုံးက ပါရမီရှင်များ ဖြစ်ကြကာ အကြီးအကဲများက တစ်ခါတစ်ရံမှသာ အကြံပေး လမ်းညွှန်ကြသည်။ အချိန်အများစုတွင် သူတို့က မိမိတို့ကိုယ်တိုင် ကြိုးစား လေ့ကျင့်ကြရသည်။ နန်းတော်တွင်လည်း ထိုသို့သော လေ့ကျင့်ရန် အကောင်းဆုံးသော ပတ်ဝန်းကျင်ကို ဖန်တီး ပေးထား၏။

သည်လက်ရည်စမ်းပွဲကား နိုဘယ်အဆင့် တပည့်များအတွက် ဖြစ်သည်။ သူတို့က ရှီတန်ခိုးရှင်များ ဖြစ်သွားသောအခါ တော်ဝင်ကျဲ နန်းတော်က သူတို့အပေါ် တားဆီးထားသမျှ အားလုံးကို ဖြေလျှော့ပေးပြီး စိတ်ကြိုက် ပြုမူလှုပ်ရှားခွင့် ပေးသည်။ မြေရိုင်းဒေသတွင် ရှီတန်ခိုးရှင်များကား အမြင့်ဆုံးသော အဆင့်အတန်းတွင် တည်ရှိသည်။ သူတို့က မည်သည့်နေရာကို သွားပါစေ အားလုံး၏ လေးစားမှုကို လက်ခံရရှိမည် ဖြစ်သည်။

နှစ်ကုန် လက်ရည်စမ်းပွဲကား တပည့်များ အချင်းချင်း စမ်းသပ် တိုက်ခိုက်နိုင်သော ရှားပါးသော အခွင့်အရေးလည်း ဖြစ်သည်။ သည်ရိုးရာက ခေတ်အဆက်ဆက် တည်ရှိခဲ့သည်။ ထို့ကြောင့် တပည့်များ အများအပြားက တခြားလူများ၏ တိုးတက်မှုကို လာရောက် လေ့လာကြသည်။

ယခု တော်ဝင်ကျဲ နန်းတော်မှ တပည့်များ တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြပြီ ဖြစ်သည်။ ထို့အတူ ပါရမီရှင်အဆင့်မှ လူများလည်း ရောက်ရှိ လာနေကြသည်။ အထူးသဖြင့် လူအများက သူတို့ကို စိတ်ဝင်စားကြသည်။

ရုတ်တရက် ဟွာဖန်းက ခန်သင်္ကေတ နေရာမှ လျှောက်လာကာ အားလုံးကို ကြည့်သည်… “နှစ်ကုန်တိုင်းမှာ တော်ဝင်ကျဲ နန်းတော်က လက်ရည်စမ်းပွဲ တစ်ခုကို လုပ်တယ်… ဒီလက်ရည်စမ်းပွဲက ပြိုင်ပွဲမဟုတ်လို့ ဘာစည်းကမ်းမှ မရှိဘူး… မင်းတို့ရဲ့ စွမ်းရည်တွေကို ပြသဖို့ ရည်ရွယ်ချက် တစ်ခုတည်းပဲ… မင်းတို့ အားလုံးက ဒါကို နားလည်မယ်လို့ ငါယုံတယ်…”

သည်နေရာတွင် အကြီးအကဲများ မရှိရာ ပါရမီရှင် အဆင့်မှ ပထမနေရာကို ယူထားသူက ဦးစီးဦးဆောင် လုပ်ရပေသည်။

ထို့နောက်တွင် ဟွာဖန်းက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းကား သည်နှစ် ဝင်ခွင့်စာမေးပွဲ ပထမရှင် ဖြစ်သည်။ ထို့အတူ ယူချင်း၊ စုချွဲနှင့် ဟွာဂျီယူတို့ကလည်း သူ့ဘေးတွင် ရှိနေသည်။ ပိုင်စီကို အနိုင်ယူခဲ့သော ရီဖူရှင်း၏ စွမ်းရည်ကို ဟွာဖန်းက တွေ့မြင်လိုသည်။

ဟွာဖန်း တစ်ယောက်သာ မဟုတ်ပေ တခြား လူများကလည်း ရီဖူရှင်း၏ စွမ်းဆောင်ရည်ကို ကြည့်လို နေကြသည်။ ရီဖူရှင်း၏တန်ခိုးအဆင့်က နိမ့်သည့်တိုင် သူ၏ စွမ်းရည်များက အထင်ကြီးစရာ ကောင်းပေသည်။

“စရအောင်…” ဟွာဖန်းက ပြောသည်။

အားလုံးက တိတ်ဆိတ် သွားသည်။ ဘယ်သူမှ​ ရှေ့ကို ထွက်မလာ…။ လူအများအပြားက ရီဖူရှင်းတို့ အုပ်စုကို ကြည့်နေကြသည်။ လူအများစုက ရီဖူရှင်းကို ကြည့်နေ ကြသည်မှာ သေချာသည်။

ထိုစဉ်မှာပင် တစ်ယောက်က ပြုံးလျက် ပြောသည်… “လူသစ်တွေ ဘယ်တုန်းက နှိမ့်ချပြီး နေတတ်သွားတာလဲ…”

“မင်းတို့က ရှုံးခဲ့ရင်တောင်မှ မျက်နှာပျက်ဖို့ မကြောက်နဲ့… ဒါက နှစ်တိုင်း ဒီလိုပါပဲ… ဘယ်သူမှ မင်းတို့ကို မလှောင်ပြောင်ဘူး… အတတ်နိုင်ဆုံးပဲ ကြိုးစားပါ…” တစ်ယောက်က ပြောသည်။

ရီဖူရှင်းက အားလုံးကို ကြည့်သည်။ သူက အနည်းငယ် ဦးညွှတ်ကာ ပြောသည်…. “ကျွန်တော် အပါအဝင် လူသစ်တွေက ဒီက အလေ့အထနဲ့ စည်းမျဉ်းတွေကို သိပ်မသိသေးပါဘူး… ဒါကြောင့် စီနီယာတွေက အရင်စပါ…ကျနော်တို့က အခြေအနေနဲ့ ရင်းနှီးသွားတဲ့အခါ စင်ပေါ်ကို တက်ပါ့မယ်…”

ရီဖူရှင်း၏ စကားကို ကြားသည်တွင် လူအများအပြားက ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ ရီဖူရှင်း၏ စကားက မည်သည့် ပြဿနာမှ မရှိပေ။ သို့သော် လူသစ်များက ဦးဆုံး စင်ပေါ် တက်ရမည်ဟု ဟွာဖန်းက ပြောပြီး ဖြစ်သည်။ ရီဖူရှင်း၏စကားက ဟွာဖန်း၏အလိုကို ဆန့်ကျင်နေသည်။

လူအများအပြားက ဟွာဖန်းကို ကြည့်ကြသည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှာ မတွေ့ရပေ။

“ဒါက ရိုးရှင်းပါတယ်… စီမင်…မင်းသွားပြီး ဟန်ရေးပြလိုက်…” ဟွာဖန်းက ပြောသည်။ ထို့နောက်တွင် အပြာရောင် ဝတ်စုံနှင့် လူငယ်က ရှေ့ကို ထွက်လာသည်။ ထက်ရှကာ အေးစက်သော အငွေ့အသက်များ စတင် ထွက်ပေါ်လာသည်။ သူ၏ကိုယ်ရောင် ကိုယ်ဝါကား ထူးခြားကောင်းမွန်လှသည်။ သူက လေထဲကို ပျံတက်သွားကာ ကျောင်းခုံးစင်မြင့်ပေါ်ကို ကျသည်။ ထို့နောက် သူက လက်ကို ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် အေးစက်သော အငွေ့အသက်က ကောင်းကင်ကို ဖုံးလွှမ်းသွားကာ မြူများ ဖုံးသွားသည်။ နှင်းများ စတင် ကျဆင်းလာကာ နှင်းကမ္ဘာထဲတွင် လှပသော ငွေဓားတစ်လက် ရုတ်တရက် ထွက်လာ၏။

နှင်းကား အေးစက်သည်။ သို့သော် ဓားက ပိုမို အေးစက်၏။

စီမင်ဟန်ကျင့် ထုတ်လွှတ်သော စွမ်းအင်ကို ခံစားမိသောကြောင့် ထင်၏။ ခန်းမကိုးဆောင် ဝင်္ကပါမှ ရုပ်တုနှစ်ခုက အပေါ်ကို မြင့်တက် လာသည်။ ချက်ချင်းပင် ရုပ်တုနှစ်ခုမှ ရောင်စဉ် ရောင်ဝါများ ထွန်းလင်းလာကာ စီမင်ဟန်ကျင့်ထံသို့ ကျဆင်းလာသည်။ ထို့နောက် ရောင်စဉ် နှစ်တန်းက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။ စီမင်ဟန်ကျင့်၏ ဓားအလင်းက ခုနစ်ကျန်း (ကျန်းဟူသော စာလုံးကား တရုတ်ရိုးရာ အတိုင်းအတာ တစ်ခုဖြစ်ကာ တစ်ကျန်းကို သုံးမီတာကျော်ခန့် ရှိပေသည်) မြင့်ကာ အေးစက်သော ရောင်ဝါများနှင့် ရောနှောနေသည်။ ထိုအဖြစ်က ဓားစွမ်းအင်ကို ပိုမို အေးစက်စေသည်။

“စီမင်ဟန်ကျင့်က အဆင့်မြင့် နိုဘယ်ဖြစ်နေပြီ.. နောက်နှစ် နည်းနည်းဆို သူက ထိပ်သီးနိုဘယ် ဖြစ်ပြီးတော့ ရှီအဆင့်ကို တက်လှမ်း နိုင်တော့မယ်…”

“သူက ကိုယ်ရောင် ကိုယ်ဝါကို ထုတ်လွှတ်ရုံနဲ့ အလင်းက ခုနစ်ကျန်းမြင့်တယ် ဆိုတော့ သူက တိုက်ပွဲမှာဆို ရှစ်ကျန်းလောက် ရှိမယ်ထင်တယ်…”

“စင်ပေါ်ကို တက်… မင်းတို့ရဲ့ ကိုယ်ရောင် ကိုယ်ဝါကို ထုတ်လွှတ်ပြီးတော့ တစ်စုံတစ်ယောက်ကို စိန်ခေါ်… မင်းတို့ နားလည်ပြီလား…” ဟွာဖန်းက ပြောသည်။ သူ၏ကိုယ်ရောင် ကိုယ်ဝါကို ရုပ်သိမ်းကာ စီမင်ဟန်ကျင့်က မူလနေရာကို ပြန်သွားသည်။ ရုပ်တုနှစ်ခုမှ အလင်းများ ကလည်း မှေးမှိန် သွားသည်။

ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ တစ်ခု ဖြစ်လာသည်။ ခုနက ရုပ်တုနှစ်ခု အမှန်တကယ် အသက်ဝင် လာသည်ကို သူခံစားရသည်။ စီမင်ဟန်ကျင့် ထုတ်လွှတ်သော ကိုယ်ရောင် ကိုယ်ဝါက ရုပ်တုနှစ်ခု၏ စိတ်အသိကို အမှန်ပင် လှုပ်ရှား အသက်ဝင်စေသည်။ တိုက်ပွဲစင်မြင့် ခန်းမကိုးခု ဝင်္ကပါကား အမှန်ပင် ထူးခြားသော အစီအရင် တစ်ရပ် ဖြစ်နေသည်။ ကြည့်ရသည်မှာ တိုက်ပွဲစင်မြင့်နှင့် ခန်းမကိုးခု ဝင်္ကပါတို့က အပြန်အလှန် ဆက်စပ်နေပုံရ၏။

“ကျွန်တော် နားလည်ပါပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ဒါဆိုလည်း အစဉ်အတိုင်း စပြတာပေါ့…” ဟွာဖန်းက ထပ်ပြောသည်။ သို့တိုင်အောင် ရီဖူရှင်းက မထုံတက်သေး ပုံစံဖြင့် ရပ်နေဆဲ ဖြစ်သည်။ ရီဖူရှင်းတွင် တခြား ရည်ရွယ်ချက် မရှိပေ။ သူက စင်ပေါ်ကို တက်ရာ ထိုသို့ စွမ်းရည် ပြခြင်းကို မလုပ်လိုရင်းသာ ဖြစ်သည်။

လက်ရည်စမ်းပွဲကား သာမန် အဖြစ်အပျက် တစ်ခုသာ ဖြစ်သည်။ ရီဖူရှင်းက တခြား တပည့်များ မည်မျှ စွမ်းသည်ကို လာကြည့်ခြင်းသာ ဖြစ်သည်။ တစ်ဖက်တွင် သူ၏ စွမ်းရည်များကို ထုတ်ပြရန် ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် ဟွာဖန်းနှင့် တခြားလူများက သူ၏စွမ်းရည်ကို မြင်လိုသည်ကို သိသည့်တိုင် လှုပ်ရှားမှု မရှိခြင်း ဖြစ်သည်။

သူက သည်အတိုင်း စွမ်းရည် မပြသလိုရင်းသာ ဖြစ်သည်။ တခြားလူများက သူ့ကို စွမ်းဆောင် စေလိုတိုင်း သူက စင်ပေါ်ကို မတက်နိုင်ပေ။ သူ ဆန္ဒရှိမှ သူ တက်ရောက် စွမ်းရည်ပြမည်။

လူအများအပြားက စတင်၍ ပြုံးကြသည်။ သည်တစ်ခေါက် ဝင်ခွင့် ပထမရှင်ကား စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သူက အရှက်မရှိဟု ကောလာဟလများက ပြောသည်မှာ မထူးဆန်းတော့ပေ။ အမှန်ပင် သူကား တခြားလူများ တွေးထင် ထားသည့်အတိုင်း တစ်ခါမှ မပြုမူပေ။ ဟွာဖန်းပင် သူ၏ဆုံးဖြတ်ချက်ကို ပြင်ဆင်၍ မရပေ။

ဟွာဖန်းက တိုက်ရိုက် မပြောသော်လည်း သူ၏သဘောကို ပြောပြီး ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက မလှုပ်ပေ။

တော်ဝင် ရှီနန်းဆောင်မှ လူများက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။ ဟွာဖန်းကား ပါရမီရှင် အဆင့်၏ ပထမနေရာကို ယူထားသူဖြစ်ကာ ပိုင်လွေလီပြီးလျှင် အထူးချွန်ဆုံးသူ ဖြစ်သည်။ စီမင်ဟန်ကျင့်ပင် သူ၏စကားကို နားထောင်ရသည်။ တခြား တစ်ဖက်တွင် သည်နှစ် ဝင်ခွင့် ပထမရှင်ကား ဟွာဖန်းကို မျက်နှာသာပေးဟန် မရပေ။

ရုတ်တရက် ခန်သင်္ကေတနေရာမှ လူတစ်ယောက် ရှေ့ကို ထွက်လာသည်။ ရီဖူရှင်းက ထွက်မလာမှတော့သူ ထွက်ရပေမည်။ သူကား ပိုင်စီဖြစ်၏။

အကဲဖြတ် စစ်ဆေးခြင်းတွင် ပိုင်စီကား ရီဖူရှင်း၏ အရှက်ခွဲမှုကို ခံခဲ့ရသည်။ သည်ကာလတွင် သူကား အလွန်အမင်း ကြိုးစား လေ့ကျင့်ခဲ့သည်။ ရီဖူရှင်းက ယခင်ထက် ပိုမိုအားကောင်း လာသည်ကို သူသိသည်။ သို့သော်လည်း သူကလည်း မိမိကိုယ်ကို ယုံကြည်ပေသည်။ အနည်းဆုံး သူက ကြိုးစား ကြည့်ရပေမည်။ သူ၏အစ်ကိုကား မြေရိုင်းဒေသတွင် ပါရမီ အကောင်းဆုံး ဖြစ်ကာ သူကလည်း ထိုက်တန်သော ဂုဏ်သိက္ခာကို ပြသရန်လိုသည်။ ထိုအတွက် သူက ရီဖူရှင်းကို အနိုင်ရရန် လို၏။

သူက ထပ်မံ ရှုံးနိမ့်ခဲ့လျှင်ပင် စိတ်ဓာတ်မကျဘဲ နောက်တစ်ကြိမ် အနိုင်ယူရန် ကြိုးစားမည်သာ ဖြစ်သည်။ တိမ်ဖြူမြို့ကား ကိုယ်ပိုင်မာနရှိကာ ကြီးမားသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ကြသည်။ သူတို့က တခြား လူများထက် ပိုမို အားနည်းသည်ဟု မထင်ကြပေ။

ပိုင်စီက ကျောင်းခုံး စင်မြင့်ထက်ကို တက်လာကာ ရုပ်တုရှစ်ခုကို ကြည့်သည်။ ထို့နောက် သူက ပျက်စီးခြင်း မျက်လုံးကို သုံးလိုက်သည်။ ထိုအခိုက်တွင် သဘာဝ စွမ်းအင်များ အားလုံးကို သူ အပိုင်စီးရ၏။ သူ့အနီး ပတ်ဝန်းကျင်ကို သူ ထိန်းချုပ်သည်။ ထို့နောက်တွင် ရုပ်တုများက တစ်ခုပြီးတစ်ခု အပေါ်ကို မြင့်တက်ကြသည်။ ရောင်စဉ်ခုနစ်ခုက လင်းလက်လာကာ လေးကျန်းအထိ မြင့်တက်၏။ သူ၏ တန်ခိုးအဆင့်ဖြင့် ထိုမျှသော စွမ်းဆောင်ရည်ကား အလွန်ပင် အထင်ကြီးဖွယ် ကောင်းသည်။ လူအများအပြားက အံ့အားသင့် ကြရသည်။

သူကား အမှန်ပင် တိမ်ဖြူမြို့ ဒုတိယသခင်လေး ဖြစ်သည်။ ပိုင်စီက အားမနည်းပေ။ ဤသို့ဆိုလျှင် ရီဖူရှင်းကရော…။

ပိုင်စီက ခေါင်းမော့ကာ ကြည့်သည်။ လီသင်္ကေတ နေရာတွင် ရပ်နေသော ရီဖူရှင်းကို ကြည့်ကာ သူက ပြောသည်… “တော်ဝင် ရှီနန်းဆောင်က ပိုင်စီ  တိုက်ခိုက်ရေး ရှီနန်းဆော်က ရီဖူရှင်းကို စိန်ခေါ်တယ်…”

ပိုင်စီက နာမည် သတ်သတ်မှတ်မှတ် ပြော၍ စိန်ခေါ်ခြင်း ဖြစ်သည်။ လူတိုင်းက ရီဖူရှင်းကို ကြည့်သည်။ သည်တစ်ခေါက် သူတို့က သေချာပေါက် ရီဖူရှင်း၏ စွမ်းရည်ကို မြင်ကြရတော့မည်။

သူက ပိုင်စီကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ သူက ဟွာဂျီယူကို သူ့ရှေ့တွင် ပိုးပန်းသော ပိုင်စီအား လုံးဝ သဘောမကျပေ။

“အရှုံးသမားက ငါ့ကို စိန်ခေါ်စရာ မလိုဘူး…” ရီဖူရှင်းက ပြောသည်။ ချက်ချင်းပင် ပိုင်စီ၏ ထက်ရှသော အကြည့်က ထိုနေရာတွင်ပင် အေးခဲသွားကာ မျက်နှာကလည်း လုံးဝ နက်မှောင် သွားသည်။ သူက သူ၏ယခင် အရှက်ကွဲမှုကို ပြန်လည် ပယ်ဖျက်လိုသည်။ သို့သော်လည်း ရီဖူရှင်းက သူ့အား တစ်ဖန် ထပ်မံ၍ အရှက် ခွဲနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset