Switch Mode

အပိုင်း(၅၉၉)

ခေါင်းစီး

လက်ရည်စမ်းပွဲသို့ ပျံသန်းလာနေဆဲ လူများလည်း ရှိကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့လည်း ရောက်ရှိ လာကြသည်။ သူတို့အုပ်စုက မြေပြင်ကို ဆင်းသက် လိုက်ကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့အပြင် ယိရှောင်ရှီ၊ ယန်ကျန်းနှင့် ချီကျီးတို့လည်း ရောက်လာသည်။

တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် တပည့်များ အများအပြား ရှိသော်လည်း အများစုကား ပြင်ပဒေသများတွင် သွားရောက် လေ့ကျင့်နေကြသည်။ ယခု တိုက်ခိုက်ရေး ရှီနန်းဆောင်၌ နိုဘယ် လေးယောက်သာ ရှိသည်။ ရီဖူရှင်း၊ ယူချင်းနှင့် ချီကျီးတို့အပြင် ထို့ခွန်အမည်ရှိ တပည့် တစ်ယောက်လည်း ရှိသေးသည်။

“အစ်ကို ထို့ခွန်ကရော… လက်ရည်စမ်းပွဲမှာ ဝင်ပါမှလား…” ရီဖူရှင်းက ချီကျီးကို မေးသည်။

“အစ်ကိုထို့ခွန်က ကောင်းကင် တက်လှမ်း မျှော်စင်မှာ အမြဲတမ်း လေ့ကျင့် နေတတ်တယ်… သူက ဆယ့်ရှစ်ထပ်မြောက်မှာ လေ့ကျင့်တဲ့လူ ဆိုတော့ မင်းက မြင်ဖူးမှာ မဟုတ်ဘူး… ဒီတစ်ခေါက် လက်ရည်စမ်းပွဲမှာ သူ လာပြိုင်မယ်လို့ ယူဆရတယ်… ဒီတစ်ခေါက်ကလည်း သူ့အတွက် နောက်ဆုံးအကြိမ် ဖြစ်ဖို့များတယ်…” ချီကျီးက ပြောသည်။

“အစ်ကိုထို့ခွန်က ဆရာရဲ့ မျိုးဆက်လား…” ရီဖူရှင်းက မေးသည်။ ထို့ခွန်ကား ရှီတန်ခိုးရှင် ထို့ကျန်းနှင့် ဆင်တူသည်။

“မဟုတ်ဘူး … သူက မြေရိုင်းဒေသ ထို့ကလန်ကပဲ… အဲဒါ အင်အားကြီး ကလန်တစ်ခုပဲ…” ချီကျီးက ပြောသည်။

“သူ့ရဲ့ သက်စောင့်ဝိညာဉ်က ထို့သင်္ကေတမလား…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။

“မင်း ဘယ်လိုသိတာလဲ…” ချီကျီးက ရီဖူရှင်းကို မေးသည်… “ငါတောင်မှ မမြင်ဖူးဘူး…”

ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ ထို့နောက် သူက ယူချင်းကို ကြည့်ကာ ပြောသည်… “မင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ထို့ခွေကို မှတ်မိသေးလား…”

“အင်း…” ယူချင်းက ခေါင်းညိတ်ကာ ဆက်ပြောသည်… “သူ့ခွန်အားကို သုံးပြီး ငါက တန်ခိုး အဆင့်မြှင့်တင် နိုင်ခဲ့တယ်…”

“အစ်ကိုထို့ခွန်နဲ့ ထို့ခွေတို့က ကလန် အတူတူပဲ ဖြစ်လိမ့်မယ်… သူက နန်းတော်ကို မဝင်ချင်လို့ သူ့ကလန်ကို  ပြန်သွားခဲ့တယ်… မဟုတ်ရင် သူက တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ရောက်လာမှာ သေချာတယ်…” ရီဖူရှင်းက ပြောသည်။

“နန်းတော်က တကယ်ပဲ ပျင်းစရာ ကောင်းတယ်…” ယိရှောင်ရှီက ပြောသည်… “အစ်ကိုလေးနဲ့ အစ်ကိုငါးတို့က ဘယ်လိုသွားပြီး ဘာလုပ်နေကြလဲ မသိဘူး…” ယိရှောင်ရှီက သူ၏ဘဝကို စိတ်ပျက်စွာ ပြောသည်။ ယခင်က ကော့တေးမှ ထွက်ကာ ပြင်ပလောက၌ သွားလာရန် အခွင့်အရေး ရခဲ့သော်လည်း အစ်မနှစ်က သူ့အား တော်ဝင်ကျဲ နန်းတော်သို့ စေလွှတ်ခဲ့သည်။ တော်ဝင်ကျဲ နန်းတော်မှ ဘဝအား သူမ ခုံမင်မနှစ်သက်ပေ။ အထူးသဖြင့် သူ၏ညီငယ်က သူ့ထက် တောက်ပနေခြင်းက သူ့အား အရှက်ရစေသည်။ ယခု ရီဖူရှင်းက ရှီတန်ခိုးရှင် ထောင်ကျန်း၏ တပည့်ဖြစ်သော်လည်း သူကား တိုက်ခိုက်ရေး ရှီနန်းဆောင်၏ တပည့် တစ်ယောက်သာ ဖြစ်ရသည်။

“ငါလည်း ပျင်းတယ်…” ချီကျီးက လေးနက်စွာ ပြောသည်။

“အစ်ကိုခုနစ်… နန်းတော်က တန်ခိုးကျင့်တဲ့ ကောင်းကင်ဘုံပဲ… ဘယ်လိုလုပ် ပျင်းဖို့ အချိန်ရတာလဲ…” ရီဖူရှင်းက ယိရှောင်ရှီကို ပြုံးလျက် ကြည့်သည်။ အကယ်၍ သူသာ ဇွဲရှိရှိ လေ့ကျင့်ပါက အချိန်ကုန်၍​ ကုန်မှန်း သိမည်မဟုတ်ပေ။ ပြဿနာကား ဖက်တီးက ပျင်းရိနေခြင်း ဖြစ်သည်။

ထိုအခိုက်တွင် လူတစ်ယောက်က အဝေးမှ ပျံသန်းလာကာ နတ်မိမယ် တစ်ပါးလား မြေပြင်ပေါ်ကို ဆင်းသက် လာသည်။ သူမကား ဟွာဂျီယူဖြစ်ကာ ရီဖူရှင်းဘေးကို လျှောက်လာပြီး ချိုမြန်စွာ ပြုံးသည်။ ရီဖူရှင်းကလည်း ရှေ့ကို တိုးလာကာ သူမ၏လက်ကို ဆုပ်ကိုင်သည်။ သူတို့နောက်မှ ယိရှောင်ရှီက မျက်နှာ ညိုမည်းလျက် ကြည့်သည်။ မင်းက ဘယ်ပျင်းပါ့မလဲ…။

“ဂျီယူ… အဲဒီလူတွေက မင်းကို အနှောင့်အယှက် ပေးသေးလား…” ရီဖူရှင်း မေးသည်။

“အခုနောက်ပိုင်း တော်တော် အဆင်ပြေသွားတယ်​ ပြောရမယ်… ငါက အမြဲ လေ့ကျင့်နေ တတ်တော့ ဒါတွေကို ဂရုစိုက်ဖို့ အချိန်လည်း မရှိပါဘူး…” ဟွာဂျီယူက ပြုံးလျက်ပြောသည်… “ငါ အများကြီး တိုးတက်လာတယ်… နင်သိလား…”

“တကယ်လား…” ရီဖူရှင်းက မျက်လုံးပြူးကာ မေးသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက ငါ သတ္တမအတန်းအစား နိုဘယ်သို့ တက်သွားတယ်…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။ ရီဖူရှင်းက​ လေးနက်စွာ ပြောသည်… “ငါ့ဇနီးက ငါ့ထက် အဆင့်မြင့်ရင် မိသားစုထဲမှာ ငါ့ဩဇာတွေ ကျဆင်း သွားမှာလား…”

ဟွာဂျီယူက သူ့အား ချစ်စဖွယ် ကြည့်လျက် ပြောသည်… “နင်က ပညာရပ်မျိုးစုံကို လေ့ကျင့်ရတယ်လေ… ငါက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ဆိုတော့ စိတ်စွမ်းအား တစ်ခုတည်းကို လေ့ကျင့်ဖို့ လိုတယ်… ငါက စိတ်စွမ်းအားမှာ အဆင့်တက်ရင် လုံလောက်ပြီ… ငါ့ရဲ့ တခြား ဓာတ်စွမ်းအားတွေက စိတ်စွမ်းအား မြင့်လေလေ အားကောင်းလေလေပဲ…”

“မင်းက ငါသိတဲ့ ဂျီယူပါပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူမက အရေးမကြီးဟန်ဖြင့် ပြောသော်လည်း အမှန်တကယ်အားဖြင့် လွန်စွာ ကြိုးစားခဲ့ရပေမည်။

“ဒါက အပုပ်ကောင် ရုပ်ဆောင်ပါပဲ…” ချီကျီးက ဗုဒ္ဓတရားစာများကို ဘေးမှ ရွတ်ဆိုသည်။ ရီဖူရှင်း စိတ်ညစ်သွားသည်။ ထို့နောက် သူတို့ ဆက်လျှောက် လာကြသည်။

“ငါတို့ ရောက်တော့မယ်…” ချီကျီးက ပြောသည်။ ယခု သူတို့ရှေ့တွင် ထိုင်နေသော ရုပ်တုများကို မြင်နေရပြီ ဖြစ်သည်။ ထိုထူးဆန်းသော ရုပ်တုများကို ကြည့်ကာ ရီဖူရှင်းက မေးသည်… “အဲဒါက ဘာတွေလဲ…”

“ဒါတွေက အဆောင်အယောင် တွေပါပဲ…” ချီကျီးက ပြောကာ ရှေ့ကို ဆက်လျှောက်သည်။ ထို့နောက် သူတို့က ကျောက်သားဖြင့် ပြုလုပ်ထားသော ဂိတ်တံခါးတစ်ခုကို ဖြတ်ကျော်သွားလျှင် ကျယ်ပြန့်သော မြေကွက်လပ်ကြီး တစ်ခုသို့ ရောက်သွား၏။ ထိုနေရာတွင်ကား လူအများအပြားက စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။

“ဘယ်လောက် ခမ်းနားလိုက်သလဲ…” ရီဖူရှင်းက လှည့်ပတ် ကြည့်ကာ ပြောသည်။ နန်းတော်ကိုးခုကို ကိုယ်စားပြုသော အဋ္ဌဂံဝင်္ကပါတစ်ခုကို မြင်ရကာ လူအများအပြားက မိမိတို့ နန်းဆောင်အလိုက် နေရာယူထားသည်ကို မြင်ရသည်။ အလယ်ဗဟိုတွင် တိုက်ပွဲအတွက် ပြင်ဆင်ထားသော တောင်ကြားပုံစံ မြေကွက်လပ်ကိုလည်း မြင်ရသည်။ ထို့အပြင်က နန်းတော်ရှစ်ခု၏ နောက်တွင် ဆယ်မီတာကျော် မြင့်မားသော နတ်ဘုရားအလား ရုပ်တုကြီးများကို မြင်ရသည်။ ရီဖူရှင်းက ထိုရုပ်တုကို ကြည့်သည်တွင် ထိုရုပ်တုများက အသက် ဝင်နေသည့်အလား အားကောင်းသော စိတ်အသိကို ခံစားရသည်။

ရီဖူရှင်းတို့က လီသင်္ကေတနေရာသို့ လျှောက်သွားကာ ညာဘက်တွင် စွန်းသင်္ကေတ ရှိသည်။ ခန်သင်္ကေတကား သူတို့၏ရှေ့တွင် ရှိသည်။ ထိုနေရာတွင် ရီဖူရှင်းတို့ အုပ်စုကို ကြည့်နေသော လူတစ်စုရှိသည်။ ရီဖူရှင်းက ပိုင်စီနှင့် ကျူးကော့ရှန်းတို့ကို မြင်သည်။ သူတို့အပြင် တခြား လူများကလည်း ရီဖူရှင်းတို့ကို ကြည့်နေကြသည်။ အလယ်တွင် ရပ်နေသူကား အလွန် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ သူ၏အကြည့်တစ်ချက်က အလွန်အမင်း အားကောင်းသောသူ ဖြစ်ကြောင်း သိသာစေသည်။

“တော်ဝင်ရှီ အုပ်စုထဲမှာ အလယ်က ရပ်နေတာ ဘယ်သူလဲ…” ရီဖူရှင်းက ချီကျီးကို တီးတိုးမေးသည်။

“ဟွာဖန်း…” ချီကျီးက ဖြေသည်။ သူကား ပါရမီရှင်ဇယားမှ ပထမနေရာပိုင်ရှင် ဖြစ်သည်။ ထို့ကျန်းနန်းဆောင်မှ တပည့်များ အားလုံးက စွန်းသင်္ကေတ နေရာတွင် ရှိသည်။ ထိုအထဲတွင် လျန်ယွီချန်းနှင့် ယွန်ဖုန်းတို့လည်း ရှိနေ၏။

ယွန်ဖုန်းက ရီဖူရှင်းကို မုန်းတီးစွာ ကြည့်သည်။ သည်ကာလကား သူ့အတွက် အလွန် ဆိုးရွားသော ကာလဖြစ်ကာ သူက အချိန် အတန်ကြာအောင် အထိ တန်ခိုးမကျင့်နိုင်ခဲ့ပေ။ ယခုလည်း သူက ယခင်လို မာနကြီးကာ ဂုဏ်ဝင့်သော လူတစ်ယောက် မဟုတ်တော့ပေ။ သူကား ယခင်လို မထောင်လွှားနိုင်တော့…။

“ယွန်ဖုန်း…” ထိုအခိုက်တွင် လျန်ယွီချန်းက ခေါ်သည်။ ယွန်ဖုန်းက လှမ်းကြည့်သည်တွင် လျန်ယွီချန်းက ပြောသည်… “မင်းက လက်ရည်စမ်းပွဲမှာ ရီဖူရှင်းကို ပြန်ပြီး စိန်ခေါ်…” ယွန်ဖုန်း၏ အခြေအနေကို သူသိသည်။ ယုံကြည်မှု ပျောက်ဆုံးနေသော ယွန်ဖုန်းကား တန်ခိုးကျင့်ရာတွင် အလွန်ကြီးမားသော အတားအဆီးကို ကြုံရတော့မည်။ သူ့တွင် မည်သည့် ယုံကြည်မှုမှ မရှိတော့ပေ။ ယွန်ဖုန်းက ခေါင်းညိတ်သည်။ သို့သော်လည်း ယခင်လို မျက်လုံးများက အနိုင်ရလိုခြင်း ကင်းမဲ့ကာ အနိုင်ယူနိုင်မည် ဟူသော ယုံကြည်မှုလည်း မရှိတော့…။ သူတို့ဘေးမှ ကျန်းကျိချင်ကလည်း ရီဖူရှင်းကို မုန်းတီးစွာ ကြည့်နေသည်။

ထိုအခိုက်တွင် လူအနည်းငယ်က ရီဖူရှင်းထံသို့ ပျံသန်း လာကြသည်။ ရီဖူရှင်းက ပြုံးလျက် မေးသည်… “ရီဝူချင်း မင်း အဆင်ပြေလား…”

“ဓားနန်းဆောင်က ငါနဲ့ အရမ်းသင့်တော်တယ်…” ရီဝူချင်းက ပြောသည်။

“ချန်းယွီရော… အဆင်ပြေလား…” ရီဖူရှင်းက ထပ်မေးသည်။

“သူမလည်း အဆင်ပြေတယ်… ချန်းယွီ လေ့ကျင့်တာမှာ ငါလည်း ကူညီပေးတယ်…” ရီဝူချင်းက ပြောသည်။

“ဒါ ကောင်းတယ်…” ရီဖူရှင်းက ရီဝူချင်း၏ဘေးမှ လူများကို ကြည့်သည်။ သူတို့ကား ကျွေ့ချိန်ချူနှင့် စုချွဲတို့ ဖြစ်ကြသည်။ သူတို့ကလည်း ဓားမိစ္ဆာ၏ လက်အောက်တွင် လေ့ကျင့်နေကြသူများ ဖြစ်ကြသည်။

“မင်းက တော်ဝင်ကျဲ နန်းတော်မှာ နာမည်ကြီးနေတာ ငါတို့သိတယ်…” ကျွေ့ချိန်ချူက ပြုံးလျက် ပြောသည်… “လူသစ် တစ်ယောက်အနေနဲ့ မင်းက နန်းတော်ရဲ့ စီနီယာတွေကို အနိုင်ယူခဲ့တယ်ဆို…”

“ငါက မလုပ်ချင်ပါဘူး…” ရီဖူရှင်းက ပခုံးတွန့်သည်။

“မောက်မာတယ်…” စုချွဲက ရှေ့ကို ကြည့်ကာ တိတ်ဆိတ်စွာ ပြောသည်… “ဒါပေမဲ့ မင်းမှာ ဒီလို လုပ်ခွင့်ရှိတယ်… နန်းတော်မှာ လူသစ်တွေကို အနိုင်ကျင့်တဲ့ အလေ့အထ ရှိပုံရတယ်… ငါလည်း ဒီလို အခွင့်အရေးရရင် လုပ်မှာပဲ…”

“မင်းတို့က ဓားနန်းဆောင်မှာ အနိုင်ကျင့် ခံရတာလား…” ရီဖူရှင်းက သူတို့ သုံးယောက်ကို မေးသည်။

“ငါတို့ သုံးယောက်က မြေရိုင်းဒေသက မဟာဓားသမား သုံးယောက်ရဲ့ မျိုးဆက်တွေပဲ… မင်း ဘယ်လိုထင်လဲ…” စုချွဲက ပြောသည်။ သူကား ထင်းဆွေဓား ဆက်ခံသူဖြစ်ကာ ကျွေ့ချိန်ချူကား တစ္ဆေဓား ဆက်ခံသူဖြစ်သည်။ တစ်ဖက်တွင် ရီဝူချင်းကလည်း ဓားမိစ္ဆာ၏ တပည့်တစ်ယောက် မဟုတ်ပါလား…။ ယခု သူတို့ သုံးယောက်ပေါင်းလျှင် မဟာ ဓားသမား သုံးယောက်၏ မျိုးဆက်ဟု ပြော၍ ရသည်။

စုချွဲ၏အလိုအရ သူတို့သုံးယောက် ပူးပေါင်းခဲ့သည်မှာ သေချာသည်။

ထင်းဆွေဓားကား တစ်ယောက်တည်း ရှင်သန်တတ်သူ ဖြစ်သည်။ ယခု သူတို့က ပူးပေါင်းခဲ့ပုံကို ထောက်ပါက လူသစ်များက အနိုင်ကျင့် ခံရသောကြောင့်သာ ဖြစ်ရပေမည်။

လီသင်္ကေတနေရာသို့ နောက်ထပ် လျှောက်လာ သူများလည်း ရှိပေသည်။ သူတို့ကား ကျောင်းလီနှင့် ကျန်ကျန်းတို့ ဖြစ်ကြသည်။

လူအများအပြားက ရီဖူရှင်းကို တဖြည်းဖြည်း သိလာကြသည်။ ဟွာဂျီယူ၏ဘေးတွင် ရပ်နေခြင်းကလည်း မြန်ဆန်စွာ လူအများ၏ အာရုံစိုက်မှုကို ရစေနိုင်ပေသည်။

“ကြည့်ရတာ ဒီနှစ် ဝင်ခွင့် ပထမရတဲ့လူက တော်တော် အားကောင်းတဲ့ပုံပဲ…” တစ်ယောက်က မှတ်ချက်ချသည်။

“တော်ဝင်ကျဲ နန်းတော်ကို လူသစ်အနေနဲ့ ဝင်လာတယ်… ပြီးတော့ စီနီယာတွေကို အနိင်ယူပြီး ပါရမီရှင်အဆင့် ရှစ်ဆယ့်တစ်အထိ တက်လာတယ်… သူက လူသစ်တွေရဲ့ ခေါင်းစီး သဘောမျိုး ဖြစ်နေတယ်… ပြီးတော့ တော်ဝင်ကျဲ နန်းတော်ကို ဝင်လာတဲ့ လူသစ်တွေက တော်တော် ခံခဲ့ရမှာပဲ…” တစ်ယောက်က ပြုံးလျက် ပြောသည်။ မည်သို့ဆိုစေ သူတို့ လူသစ်အနေဖြင့် ဝင်လာစဉ်ကလည်း ထို့နည်းတူ ခံလာခဲ့ရသည်သာ…။

“ဒါပေမဲ့ တော်ဝင် ရှီနန်းဆောင်က လူသစ်တွေကတော့ အဆင်ပြေပုံရတယ်…”  သူတို့က ခန်သင်္ကေတဘက်မှ ပိုင်စီနှင့် ကျူးကော့ရှင်းတို့ကို ကြည့်ကာ မှတ်ချက် ချကြသည်။ သူတို့က လူသစ်ဖြစ်သော်လည်း ဟွာဖန်း၏ နောက်ကို လိုက်ခဲ့ကြသည်။

“အတိတ်က ဝင်ခွင့်ပထမတွေ အကုန်လုံး တော်ဝင်ရှီ နန်းဆောင်ကို ဝင်ကြတယ်… ဒီရိုးရာက အစဉ်အဆက် ဖြစ်တည်လာခဲ့တာ… အခု ရီဖူရှင်းက တိုက်ခိုက်ရေးရှီကို ရောက်သွားတယ်… ဟွာဖန်းက ပိုင်စီကို သူ့နေရာကို ဆက်ခံစေပြီး ရီဖူရှင်းအပေါ်ကို ရောက်ဖို့ မျှော်လင့်မှာ သေချာတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset