ရီဖူရှင်းက တိုက်ခိုက်ရေး ရှီနန်းဆောင်၏ ထောင့်တစ်နေရာတွင် ထိုင်ကာ အဝေးကို ကြည့်နေသည်။
ယူချင်းက ခန္ဓာကိုယ်ကို လေ့ကျင့်ရာတွင် ခြွင်းချက်မရှိ ပါရမီကောင်းသူ ဖြစ်သည်။ သူ ပထမဦးဆုံး ဖွင့်လှစ်ခဲ့သော သွေးကြောမက ထို့ဖူကြယ် ဖြစ်ရပေမည်။ အားများ ခြေထောက်တွင် ပြည့်နှက်ကာ မည်သည့် ခြေလှမ်းပညာကိုမှ မသုံးဘဲနှင့်ပင် သူ၏ခန္ဓာကိုယ်အား အလွန်ပေါ့ပါး မြန်ဆန်စေသည်။
သူက မျက်လုံးကို မှိတ်လိုက်သည်တွင် သူ၏ခန္ဓာကိုယ် အတွင်းမှ အော်ဟစ်သံများ တစ်ဖန် မြည်လာကြပြန်ကာ သွေးများ နဂါးတစ်ကောင်လို ဆူပွက်လာကြသည်။ ဧကရာဇ်ရီချင်၏ ခန္ဓာကိုယ် လေ့ကျင့်ပညာရပ်ကား ကောင်းကင်ဘုံကျမ်းနှင့် ကွဲပြားခြားနားစွာ သားရဲများ၏ သဘာဝကို အခြေခံ၍တီထွင်ထားခြင်း ဖြစ်ပြီး အကယ်၍ သူက အဆုံးစွန်အထိ လေ့ကျင့်နိုင်ပါက ကောင်းကင်တွင် နတ်ငှက် တစ်ကောင်အလား ပျံသန်းနိုင်ပြီး မြေပြင်ကို လူဝံတစ်ကောင်အလား ရိုက်ခွဲနိုင်သည်။ သူက သားရဲများကို အတုခိုးကာ အမြန်နှုန်း၊ ခွန်အားနှင့် သန်မာမှုတို့ကို လေ့ကျင့်သည်။ သို့သော်လည်း ကောင်းကင်ဘုံ ကျမ်းကား လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အဆုံးစွန်အထိ ဖော်ထုတ်ခြင်း ဖြစ်သည်။ ထိုပညာရပ် နှစ်ခုလုံးက သဟဇာတဖြစ်စွာ လေ့ကျင့်၍ ရသည်။
သူ၏ခန္ဓာကိုယ် အတွင်း၌ သွေးများ ဆူပွက်နေပြီး အရိုးအဆစ် ကျိုးအက်သံများ ကြားနေရသည်။ လူဝံတစ်ကောင်က သူ၏ ခန္ဓာကိုယ်အတွင်း၌ ရုန်းကန်နေကာ အချုပ်အနှောင်မှ လွတ်မြောက်ရန် ရုန်းကန် နေသည့်အလား ထင်မှတ်ရသည်။
ရီဖူရှင်းက စွမ်းအားကို အဆုံးစွန်အထိ အသက်သွင်း လိုက်သည်တွင် ထူးဆန်းသော အားလှိုင်းတစ်ခုက သူ၏ခန္ဓာကိုယ်အား လှည့်ပတ် စီးဆင်းသွားသည်။ သူ၏ လှုပ်ရှားဟန်များက သဘာဝနှင့်လုံးဝ တသားတည်း ဖြစ်သွားဟန်ရသည်။ နေရောင်များအလား ဧကရာဇ် ရောင်ဝါများ သူ့ထံမှ လင်းလက် လာကြသည်။ သူ၏ ရုပ်ခန္ဓာကလည်း တစ်ချိန်တည်းမှာပင် အလွန်အမင်း ကြီးမားသော နာကျင်မှုကို ခံစားနေရသည်။ သို့သော်လည်း သူက နာကျင်မှုကို လျစ်လျူရှုကာ လက်သိုင်းကို ဆက်လက် လေ့ကျင့်သည်။ သူ၏ခန္ဓာကိုယ်တွင် တော်ဝင် မြင့်မြတ်သော ရောင်ဝါများ ထွန်းလင်းနေ၏။
ဘန်း… ပေါက်ကွဲသံ တစ်ခုနှင့်အတူ သူ၏ ခန္ဓာကိုယ်က ထွင်းဖောက်ခံရသည့် ခံစားချက်ကို ရသည်။ ကြောက်မက်ဖွယ် ကောင်းသော အလင်းတစ်ခုက သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက် သွား၏။ သို့သော်လည်း ရီဖူရှင်းက ဂရုမစိုက်ပေ။ သူက ဆက်လက် လေ့ကျင့်သည်။ တဘန်းဘန်း မြည်သံများ ဆက်လက် ဖြစ်ပေါ်လာကာ အလင်းတန်းများ ကလည်း သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးကို ထွင်းဖောက် သွားကြသည်။ ကောင်းကင် တစ်ခွင်လုံးကို တုန်ခါစေသော ကျယ်လောင်သော ဟိန်းဟောက်သံ တစ်ခုနှင့်အတူ သူ၏ခန္ဓာကိုယ်က ကြီးမားလာသည်ဟု ခံစားရကာ မဆုံးနိုင်သော စွမ်းအားများ ပြည့်နှက် လာသည်။
“ဟူး…” ရီဖူရှင်းက သက်ပြင်းတစ်ချက် ရှိုက်ထုတ် လိုက်သည်။ ယခု သူ၏ခန္ဓာကိုယ်က သတ္တုနှင့် ပြုလုပ်ထားသည့်အလား ထင်ရသည်။
ကြယ်ခုနစ်ပွင့် သွေးကြောမထဲမှ ယင်းကြယ်ပွင့် သွေးကြောမကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူက ကောင်းကင်ဘုံကျမ်းမှ သွေးကြောမ တစ်ခုတည်းကိုသာ ဖွင့်လှစ် နိုင်ခဲ့သော်လည်း ရီဖူရှင်းက သူ၏စွမ်းအားကို ခံစားနေရသည်။ အကယ်၍ သူက သွေးကြောမ ခုနစ်ခုလုံးကို ဖွင့်လှစ်နိုင်ခဲ့ပါက ရှီတန်ခိုးရှင် ထောင်ကျန်း ပြောသလိုပင် အကယ်၍ သူသာ သွေးကြောမ ခုနစ်ခုအထိ ဖွင့်ခဲ့ပါက အဆင့်တူ တန်ခိုးရှင် တစ်ယောက်၏ တိုက်ခိုက်မှုကို လုံးဝ လျစ်လျူရှု နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် သူက ခန္ဓာကိုယ်၏ခွန်အား သတ်သတ်ဖြင့် ပြိုင်ဘက်အား အနိုင်ယူ နိုင်ပေလိမ့်မည်။
သူက ထိုခွန်အားကို ဆက်လက် အသုံးပြုခြင်း မရှိဘဲ ထိုင်လိုက်ကာ စတင်၍ သမထထိုင်သည်။ မျက်လုံးကို မှိတ်လိုက်သည်တွင် သူ၏စိတ်အသိက သက်စောင့် ဟော်နန်းထဲကို ဝင်ရောက် သွားသည်။
ယခု သူ၏သက်စောင့် ဟော်နန်းထဲ၌ သူ၏ မူလဝိညာဉ်က အစိမ်းရောင် စွမ်းအင်များဖြင့် အသက်ဓာတ် ပြည့်နှက်နေကာ တရှဲရှဲ လှုပ်ခတ်နေကြ၏။ ကောင်းကင်တွင် နေနှင့်လက ထွန်းလင်းနေကာ နတ်ငှက်က လေဟုန်စီးနေသည်။ လူဝံကြီးက မားမားမတ်မတ် ရပ်နေကာ လျှပ်စီးနဂါးက သစ်ကိုင်းများအကြား လှည့်ပတ်နေသည်။ ယခု သူ၏သက်စောင့် ဟော်နန်းထဲတွင် အရာခပ်သိမ်းက အရောင်အဆင်းအားဖြင့် လင်းလက်နေကြကာ နေမင်းဝိညာဉ်က တကယ့်နေမင်းအလား အလျှံညီးညီး တောက်လောင်နေပြီ ဖြစ်သည်။ တစ်ဖက်တွင် လမင်းဝိညာဉ်က ငွေရောင်ခြည်များ ဖျန်းပက်နေသည်။ ထိုအနီးတစ်ဝိုက်တွင် မြူများ ရစ်သိုင်းနေပြီး ရေခဲဓာတ် သဘာဝများ ဖုံးလွှမ်းနေသည်။
ဓာတ်စွမ်းအင်ဇုန် ခြောက်ခုတွင် ရီဖူရှင်းက ဓာတ်စွမ်းအင်များ အားလုံးကို သူ၏မူလဝိညာဉ် အကူအညီဖြင့် စုပ်ယူခဲ့သည်။
ထို့ကျန်း နန်းဆောင်တွင် ရှီတန်ခိုးရှင်၏ ပို့ချချက်များက ရီဖူရှင်းကို ပိုမိုထိုးထွင်း သိမြင်စေခဲ့သည်။ ယခု သူ၏ ဓာတ်စွမ်းအင်များက ပိုမို အားကောင်းလာကာ သူ ဖန်တီးသော မှော်ပညာများကလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
နောက်ပိုင်းရက်များတွင် သူက ဓာတ်စွမ်းအင်ဇုန်များ၌ သူ၏ ခန္ဓာကိုယ်ကိုသာ လေ့ကျင့်သည် မဟုတ်ဘဲ ဓာတ်သဘာဝများ၏ သဘောသဘာဝများ ကိုလည်း လေ့လာ ဆန်းစစ်နေခဲ့သည်။ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်ကို ယခုအချိန်တွင် အသားပေး နေသော်လည်း တခြား စွမ်းရည်များကိုလည်း သူက လျစ်လျူမရှုပေ။ သူ့တွင်ရှိသော စွမ်းရည် တစ်ခုစီက မွေးရာပါ စွမ်းရည်ဖြစ်ကာ သူက လက်လျှော့မည် မဟုတ်ပေ။
နေမင်း၏ မီးတောက်များက ကျဆင်းလာကာ မီးပြင်းဖို တစ်ခုအလား ပြောင်းလဲ သွားသည်။ လမင်းရောင်ခြည်များ ကျဆင်း လာသည်တွင် သူတို့က မီးပြင်းဖိုအား မငြှိမ်းသတ်စေဘဲ တစ်စက်ချင်း စိမ့်ဝင် သွားကြသည်။ အင်အားနှစ်ခုက တွန်းကန်ခြင်း မရှိသလို ရောနှောခြင်းလည်း မရှိဘဲ သင့်မြတ်စွာ တည်ရှိနေကြသည်။
သစ်သားဓာတ် ဆင်းသက် လာသည်တွင် မီးပြင်းဖိုအား ပိုမို အားကောင်းစွာ တောက်လောင်စေပြီး ထာဝရ လောင်ကျွမ်းစေနိုင်သော သတ္တိကို ပေးသည်။ လျှပ်စီးများ ကျဆင်းလာရင်းက ရီဖူရှင်း တစ်ယောက်က ဓာတ်စွမ်းအင်ဇုန်များတွင် လျှောက်သွားရင်းက သူ စုပ်ယူထားသော စွမ်းအင်များက အပြောင်းအလဲ ရှိမလား သိလိုနေသည်။
ရီဖူရှင်းက မီးပြင်းဖို၏ စွမ်းအားကို ခံစားမိကာ ညာဏလှိုင်းများ လိုအပ် နေသေးသည်ဟု ခံစားရသည်။ သူက တော်ဝင်လမ်းတွင် တွေ့ခဲ့သော ရှောက်ဟူ၏ မီးတောက်ကို သတိရသည်။ သူ၏ မီးတောက်က ငြှိမ်းသတ်၍ မရသလို အလွန်အမင်း ပြင်းထန်သော ဖျက်ဆီးအားကို ပေးသည်။ တစ်ဖက်တွင် စီကျိ၏ မီးတောက်နက်က အလွန်အမင်း ဖျက်ဆီးအားကို ပေးသည်။ ထိုမီးတောက်များက သူတို့၏ အကြီးအကဲများ ဖန်တီးပေးထားခြင်း ဖြစ်ရမည်။ ဤသို့ဆိုလျှင် သူကရော ကိုယ်တိုင် အဘယ်ကြောင့် မဖန်တီး နိုင်ရမည်နည်း။
မျက်လုံးကို မှိတ်လိုက်ရင်းက သူ၏ စိတ်စွမ်းအားကလည်း မီးပြင်းဖိုထဲကို ဝင်ရောက်သွားပြီး အတွင်းမှ အရာခပ်သိမ်းကို ဆန်းစစ် လေ့လာသည်။ သူ၏စိတ်က အတွင်းမှ ပြောင်းလဲမှုများ အားလုံးကို သေသေချာချာ နားလည်အောင် ကြည့်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ အချိန် အတန်ကြာလျှင် ရီဖူရှင်းက သမထ ထိုင်ပြန်သည်။ သဘာဝ စွမ်းအင်များ ရုန့်ရင်း ကြမ်းတမ်းလာကာ လေထဲ လှည့်ပတ် နေကြသည်။ သူ၏ သဘာဝ စွမ်းအင်များက ကောင်းကင်နှင့် တစ်သားတည်း ဖြစ်သွားကာ သန့်စင်သော အားအင်တစ်ခု အဖြစ် မွေးဖွားလာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားလှိုင်း တစ်ခုက လေထဲ ပေါ်လာကာ တည်ငြိမ်စွာ လည်ပတ်သည်။
ထို့နောက်တွင် လေထဲ၌ မီးတောက်မီးလျှံများ စတင် ဖြစ်ပေါ်လာသည်။ အရောင်အဆင်း အားဖြင့် အဖြူရောင် ဖြစ်သော်လည်း လင်းလက်သော အဖြူရောင် ဖြစ်သည်။ မကြာမီ လေထဲတွင် မဆုံးနိုင်သော မီးလျှံကမ္ဘာ ဖြစ်သွားသည်။
“အောင်မြင်ပြီ…” ရီဖူရှင်းက တီးတိုး ရေရွတ်သည်။ သူက မျက်လုံးကို ဖွင့်လိုက်ကာ သဘာဝ စွမ်းအင်များကို ထိန်းချုပ်ရာမှ ရပ်တန့်လိုက်သည်။ မဆုံးနိုင်သော မီးလျှံများ လေထဲတွင် တောက်လောင် နေကြကာ ပိုမို၍ အားကောင်းလာပြီး ငြှိမ်းသတ်သော မီးတောက် အမျိုးအစား မဟုတ်ပေ။ အကယ်၍ ဘယ်သူကမှ ဤမီးတောက်ကို မထိန်းချုပ်ပါက သူက လေထုထဲမှ သဘာဝ စွမ်းအင်များ အားလုံးကို လောင်ကျွမ်း သွားပေလိမ့်မည်။
“ဒီမီးတောက်က ဖန်မီးအိမ်ကို သန့်စင်ပြီး အညစ်အထေး မရှိဘူး… ဒါကို မီးတောက်ဖြူလို့ပဲ ခေါ်တာပေါ့…” ရီဖူရှင်းက ရေရွတ်သည်။ အားလုံး၏ သိမြင် နားလည်မှုက ကွဲပြား ခြားနားရာ သူ ဖန်တီးသော မီးတောက်လည်း တခြားလူများနှင့် မတူနိုင်။
ရီဖူရှင်းက ပြုံးလိုက်သည်။ သူက တန်ခိုးအဆင့် တက်လှမ်းနိုင်ခြင်း မရှိသော်လည်း ခန္ဓာကိုယ် လေ့ကျင့်ခြင်းနှင့် မှော်ပညာတို့တွင် သိသိသာသာ တိုးတက်ခဲ့သည်။ သည်နှစ်တွင် သူက နိုဘယ်အဆင့်ကို တက်လှမ်းခဲ့ကာ တော်ဝင်ကျဲ နန်းတော်ကို ဝင်ခဲ့သည်။ သူ၏ တန်ခိုးအဆင့်က မြန်ဆန်စွာ တိုးတက်ခြင်း မရှိခဲ့သည့်တိုင် သူကား တဖြည်းဖြည်း ပိုမိုအားကောင်း လာနေသည်။ အကယ်၍ သည်အတိုင်း ဆက်သွားပါက သူက နောက်သုံးနှစ် သို့မဟုတ် ငါးနှစ်ကာလ၌ အဆင့်မြင့်နိုဘယ် ဖြစ်ကောင်း ဖြစ်လာနိုင်သလို ရှီအဆင့်နှင့်လည်း ပိုမို နီးကပ်လာနိုင်၏။
တန်ခိုး ကျင့်ခြင်းကား သူလုံးဝ လျစ်လျူမရှုရဲသော ကိစ္စတစ်ခုလည်း ဖြစ်သည်။ သူ့အား ပိုမို အားကောင်းလာရန် စောင့်နေသူများ အများအပြား ရှိကြပေသည်။ သူ၏ဆရာနှင့် မွေးစားအဖေတို့ ကလည်း သူပိုမို အားကောင်း လာမည့် အချိန်ကို စောင့်ဆိုင်း နေကြဟန် ရသည်။
ထရပ်ကာ ရီဖူရှင်းက ထိုနေရာမှ ထွက်သွားသည်။
***
ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၀၆ ခုနစ်ကား ကုန်ဆုံးတော့မည် ဖြစ်သည်။ နှစ်အကုန်တွင် တော်ဝင်ကျဲ နန်းတော်က လက်ရည်စမ်းပွဲတစ်ခု ကျင်းပ ပြုလုပ်လေ့ရှိသည်။ သူတို့၏ တပည့်တိုင်းအား ပါဝင်ယှဉ်ပြိုင်ရန် တွန်းအား ပေးကြသည်။ ထို့အတူ ကျုံးကျိုးနယ်မှ သူတို့၏ မိသားစုများကလည်း လာရောက် တွေ့ဆုံကြမည် ဖြစ်သည်။
တန်ခိုးရှင်များ အတွက်ပင် နှစ်သစ်ကူး ကာလကား အလွန် အရေးပါပေသည်။ တော်ဝင်ကျဲနန်းတော် ပင်မနန်းဆောင်၌ မိုးထိုးနေသော နန်းဆောင်များ ရှိပေသည်။ ထိုအခိုက်တွင် လူအများအပြားက လက်ရည်စမ်းပွဲ အတွက် ပြုလုပ်ထားသော ကွင်းသို့ လာနေကြသည်။
နန်းဆောင် ခြောက်ခုမှ တပည့် သုံးထောင်ခန့်ထဲမှ လူအများအပြားက ထိုနေရာကို ရောက်လာကြသည်။ သူတို့က တခြားတပည့်များ မည်မျှ တိုးတက် လာသည်ကို သိလိုကြသည်။ မည်သို့ဆိုစေ သူတို့က တော်ဝင်ကျဲ နန်းတော်တွင် တစ်ယောက်နှင့် တစ်ယောက် တွေ့ရန် မလွယ်ကူပေ။ ထို့ကြောင့် အချင်းချင်း သိရန်လည်း မလွယ်ကူပေ။ များသောအားဖြင့် ပါရမီရှင်ဇယားတွင် ရှိသော လူများသာ နာမည် ကျော်ကြားလေ့ ရှိသည်။
ထိုအခိုက်တွင် တစ်နေရာမှ လူတစ်စု လှမ်းလာကြသည်။
“တစ်နှစ်လောက် ကြာသွားပြီ… ငါ့ရဲ့ တန်ခိုးအစွမ်းက တစ်ဆင့်ပဲ မြင့်တက်ခဲ့တယ်… ကြည့်ရတာ ငါက ဒီနှစ်မှာ ပွဲကြည့်အဆင့်ပဲ ရှိမယ် ထင်တယ်…” လူငယ်လေး တစ်ယောက်က ပြောသည်။
“သိပ်ပြီး မစိုးရိမ်နဲ့… လက်ရည်စမ်းပွဲက မင်းတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည် တစ်ခုတည်းကို ကြည့်တာ မဟုတ်ဘူး… မင်းက ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် ယှဉ်ပြိုင်လို့ ရတယ်… ဥပမာ ဂီတ၊ ပန်းချီ… ဘယ်လိုပြောပြော လက်ရည်စမ်းပွဲက အဓိက ပါရမီရှင်ဇယားက လူတွေ အတွက် ပိုပြီး အရေးပါတယ်…” နောက်တစ်ယောက်က ပြောသည်။
“ဒီနှစ်ထဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ လူသစ်တွေ ပါတယ်လို့ ငါ ကြားတယ်… အခု အဆင့် ရှစ်ဆယ့်တစ်မှာ ရှိတဲ့လူသစ်က အဋ္ဌမ အတန်းအစား နိုဘယ်ပဲ ရှိသေးပြီးတော့ ပိုင်လွေလီရဲ့ညီကို အနိုင်ယူပြီး ဝင်ခွင့် ပထမနေရာကို ရလာတာဆိုပဲ…” လူအုပ်ထဲမှ တစ်ယောက်က တီးတိုးပြောသည်။
“တိမ်ဖြူမြို့က သခင်လေးတောင်မှ ရှုံးတယ်ဆိုတော့… ဒါက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ်…” တစ်ယောက်က ပြုံးလျက် ပြောသည်။
သူတို့အုပ်စုက စကား တပြောပြောဖြင့် လျှောက်လာရာ အားလုံးက သူတို့အုပ်စုကို စိတ်ဝင်စားစွာ ကြည့်ကြသည်။
တော်ဝင်ရှီ နန်းဆောင်မှ တပည့်များ…။ လူအများအပြားက သူတို့၏ မျက်လုံးများတွင် အရောက်လက် သွားကြသည်။ အထူးသဖြင့် ဦးဆောင်လာသူကား ပါရမီရှင်ဇယားမှ အဆင့်တစ် ဟွာဖန်း ဖြစ်သည်။ သူက ရှီနန်းတော်ကို ဝင်ခွင့်ရထားပြီး ဖြစ်သည်။ ယခုနှစ် လက်ရည်စမ်းပွဲကို ဝင်ပြိုင်ပြီးနောက် သူက ရှီနန်းဆောင်မှာ သွားရောက် လေ့ကျင့် ပေတော့မည်။
ယခုနှစ် လက်ရည်စမ်းပွဲက သူ့အတွက် နောက်ဆုံးအကြိမ် ဖြစ်ပေရော့မည်။
“လူတွေ အများကြီး မင်းနဲ့ပတ်သက်ပြီး ပြောနေကြတယ်…” ဟွာဖန်းက ပြုံးလျက် ဘေးမှ လူငယ်ကို ပြောသည်။ လူငယ်ကား တိမ်ဖြူမြို့ ဒုတိယသခင်လေး ဖြစ်သည်။
ပိုင်စီ၏မျက်နှာက သုန်မှုန်နေသည်။ သူကား ရီဖူရှင်း၏ ရက်စက်စွာ အနိုင်ယူခြင်းကို ခံခဲ့ရသလို လူမြင်ကွင်း၌ အရှက်ရခဲ့ရသည်။ သူက တော်ဝင် ရှီနန်းဆောင်ကို ဝင်ခွင့်ရလျှင်ပင် လူအများ၏ ပြစ်တင် ဝေဖန်မှုကို ခံစားနေရဆဲ ဖြစ်သည်။
“တော်ဝင်ကျဲ နန်းတော်ကို ဝင်ပြီးနောက်မှာ ငါက အရင်ကထက် အများကြီး တိုးတက် လာတယ်… အခု သတ္တမ အတန်းအစား နိုဘယ် အမြင့်ဆုံးမှာ ရှိတယ်… တကယ်လို့ သူလာရဲရင် ငါနဲ့ တွေ့မယ်…” ပိုင်စီက အေးစက်စွာ ပြောသည်။
“သူက ထို့ကျန်း နန်းဆောင်က ယွန်ဖုန်းကို အနိုင်ယူခဲ့တယ် ကြားတယ်… ယွန်ဖုန်းက ဆဋ္ဌမအတန်းအစား နိုဘယ်ဖြစ်ပြီး ပါရမီရှင် ဇယားကပဲ… မင်းက ပိုပြီး သတိထား သင့်တယ်…” နောက်တစ်ယောက်က ပြုံးလျက် ပြောသည်။
ပိုင်စီ၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက သည်မတိုင်မီက ထိုသတင်းကို ကြားခဲ့သည်။
“အရင်တုန်းက ဝင်ခွင့်ပထမတိုင်းက တော်ဝင် ရှီနန်းဆောင်ကို ဝင်ခဲ့ကြတာချည်းပဲ… အခု သူက တိုက်ခိုက်ရေး ရှီနန်းဆောင်ကို သွားခဲ့တယ်… ငါ တကယ်ပဲ သူ့ကို တွေ့ချင်တယ်…” ဟွာဖန်းက တီးတိုး ပြောသည်။
***