အပိုင်း (၅၉၇)

မပြည့်စုံသော ကောင်းကင်ဘုံကျမ်း

ရှီတန်ခိုးရှင် ထောင်ကျန်းက သူတို့နှစ်ယောက်ကို ကြည့်ကာ ဆက်ပြောသည်… “မှန်တယ်… ခန္ဓာကိုယ်​ လေ့ကျင့်တဲ့လူတွေက ရုပ်ပိုင်းဆိုင်ရာကိုပဲ လေ့ကျင့်တာ မဟုတ်ဘူး… မင်းတို့ရဲ့ တန်ခိုးအဆင့်နဲ့ နားလည် ထားရမှာက စိတ်စွမ်းအားကိုပါ မလေ့ကျင့်ရင်လည်း မင်းတို့က မသန်စွမ်း တစ်ယောက်နဲ့မခြား ဖြစ်နေလိမ့်မယ်… ပြီးတော့ ခန္ဓာကိုယ် လေ့ကျင့်တဲ့လူတွေက အမြန်နှုန်း မရှိရင် အသုံးမဝင်ဘူး… ငါက မင်းတို့ နှစ်ယောက်ကို မပြည့်စုံတဲ့ ကောင်းကင်ဘုံကျမ်း တစ်ခုကို သင်ပေးမယ်… ဒါက အရမ်းကို ပြင်းထန် ရက်စက်တဲ့ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်ပဲ… ဒါပေမဲ့ မပြည့်စုံဘူး… ဒါကြောင့် ငါက မပြည့်စုံတဲ့ ကောင်းကင်ဘုံ ကျမ်းလို့ နာမည် ပေးထားတယ်…”

ရီဖူရှင်းနှင့် ယူချင်းတို့က သိုင်းပညာရှင်များ၏ အားသာချက် အားနည်းချက်များကို သေချာစွာ နားထောင်ကြသည်။ ယူချင်းက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အလွန်အမင်း ကောင်းသော သိုင်းပညာရှင် ဖြစ်သည်။ သို့သော်လည်း သူက စုချွဲကို အမြန်နှုန်း လိုက်မမီသောကြောင့် ရှုံးနိမ့်ခဲ့ရ၏။

ရီဖူရှင်းကလည်း ခန္ဓာကိုယ်ကို လေ့ကျင့်သည်။ သို့သော်လည်း သူက တခြားပညာရပ် များစွာကိုလည်း လေ့ကျင့်ရသေးသည်။ သူ၏ ခန္ဓာကိုယ်ကလည်း သန်မာသည့်တိုင် ယူချင်း၏အဆင့်ကို မရောက်ပေ။ ယခု ထိုမပြည့်စုံသော ကောင်းကင်ဘုံကျမ်းက ပြင်းထန် ကြမ်းတမ်းသည်ဟု ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။ ထိုပညာက ယူချင်း၏ မိစ္ဆာအတတ်နှင့် မသင့်မမြတ် ဖြစ်မည်လော သူ စိုးရိမ်သည်။

“ငါက မင်းတို့ကို ဒါတွေ ပြောနေတာ ခန္ဓာကိုယ် လေ့ကျင့်သူတွေရဲ့ အင်အားကို နားလည်အောင်လို့ပဲ… အထူးသဖြင့် ရီဖူရှင်း… မင်းက ပညာရပ်မျိုးစုံကို လေ့ကျင့်တော့ ခန္ဓာကိုယ် လေ့ကျင့်မှုမှာ လျစ်လျူမရှုထားနဲ့… မင်းတို့က ဒီကောင်းကင်ဘုံ ကျမ်းကို မလေ့ကျင့်ချင်ရင် ငါက တခြားနည်းစနစ်ကို ပြောင်းပေးမယ်…”

“ကျွန်တော်က ဒီပညာရပ်ကို လေ့ကျင့်ချင်ပါတယ်…” ယူချင်းက ပြောသည်။ ခန္ဓာကိုယ် လေ့ကျင့်သော ပညာရပ်က ပိုမို ကြမ်းတမ်းလေလေ သက်ရောက်မှုအား ပိုကောင်းလေလေ ဖြစ်သည်။ သူ၏ မိစ္ဆာပညာနှင့်အတူ လေ့ကျင့်ပါက သူမည်မျှ အားကောင်း လာမည်ကို သိလိုသည်။

“ဆရာ… ကျွန်တော်လည်း လေ့ကျင့်ချင်ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ကောင်းပြီ… မင်းတို့က ဒီပညာရပ်ကို အဆင့်တစ်ခုအထိ လေ့ကျင့်ပြီးတဲ့အခါ ငါက ဒီပညာရပ်နဲ့ လိုက်ဖက်ညီတဲ့ တိုက်ခိုက်ရေးပညာကို သင်ပေးမယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်… “အခု ငါက စိတ်စွမ်းအားနဲ့ မင်းတို့ကို ဒီပညာ ပို့ချပေးမယ်…”

ရီဖူရှင်းနှင့် ယူချင်းတို့က ခေါင်းညိတ်ကာ မျက်လုံးမှိတ်လိုက်ကြသည်။ ထိုအခိုက်တွင် ရှီတန်ခိုးရှင်ထောင်ကျန်း၏နဖူး၌ နောက်ထပ် မျက်လုံးတစ်စုံ ပေါ်လာကာ ရီဖူရှင်းနှင့် ယူချင်းတို့ထံသို့ အလင်းရောင်အလား စွမ်းအားများ လွင့်ပျံ့သွားသည်။ ထိုအခိုက်တွင် သူတို့၏ခေါင်းထဲသို့ ပညာရပ်နှင့် ပတ်သက်သော အသိပညာများ အားလုံး ရောက်လာ ကြတော့သည်။

ရီဖူရှင်းက သူ၏ခေါင်းထဲကို ပေါ်လာသော ပညာရပ်အား တိတ်ဆိတ်စွာ လက်ခံသည်။ အတန်ကြာလျှင် ရီဖူရှင်းက မျက်လုံးဖွင့်ကာ ပြောသည်… “ဒီပညာရပ်က ပြင်ပအားကို ယူပြီး ခန္ဓာကိုယ် အတွင်းအားအဖြစ် ပြောင်းလဲတာပဲ…. ခန္ဓာကိုယ်ကို အဆုံးစွန်အထိ လေ့ကျင့်ဖို့အတွက် သွေးကြောမ ခုနစ်ခု ဖွင့်ဖို့လိုတယ်…”

“မှန်တယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်… “မပြည့်စုံတဲ့ ကောင်းကင်ဘုံ ကျမ်းက အရမ်းကို ပြင်းထန်ပြီးတော့ မင်းတို့ရဲ့ ခန္ဓာကိုယ် အကန့်အသတ်ကို လွန်မြောက်ဖို့ သွေးကြိုးမ ခုနစ်ခုကို ဖွင့်နိုင်အောင် ကြိုးစားရတာပဲ… အဆုံးစွန်အထိ လေ့ကျင့်ပြီးတဲ့အခါ မင်းတို့ရဲ့ ခန္ဓာကိုယ်ကလည်း သိဒ္ဓိဝင်လက်နက်လို မာကျော လာလိမ့်မယ်… မင်းတို့ရဲ့ အင်အားက မင်းတို့ရဲ့ တန်ခိုးအဆင့်ထက် ပိုအားကောင်း လိမ့်မယ်… ပြီးတော့ တော်ဝင်ကျဲ နန်းတော်မှာ ဒီကောင်းကင်ဘုံ ကျမ်းကို လေ့ကျင့်ဖို့ လိုအပ်တဲ့ အထောက်အပံ့ နယ်မြေတွေ ရှိတယ်…”

“လေ့ကျင့်ရေးကွင်းနဲ့ ကောင်းကင် တက်လှမ်းမျှော်စင်…” ရီဖူရှင်းက ပြောသည်။

“မှန်တယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်… “မင်းတို့ နှစ်ယောက်က ခန္ဓာကိုယ်ကို လေ့ကျင့်ရာမှာ မွေးရာပါ ဗီဇပါရမီအား ကောင်းတယ်… အထူးသဖြင့် ယူချင်းပဲ… မင်းက ခန္ဓာကိုယ်ကို လေ့ကျင့်ပြီးတော့ ရှန့်ထိုဖြစ်နိုင်တဲ့ အခွင့်အရေး ရှိတယ်… ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုမှာ သိုင်းပညာကို လေ့ကျင့်နိုင်တဲ့ လူတွေက မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးတော့ အားလုံးကို ငုံ့ကြည့်နိုင်တဲ့ အကြီးအမှူး ဖြစ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်လိမ့်မယ်… မင်းတို့က ကောင်းကင် တက်လှမ်းမျှော်စင်ရဲ့ ဆယ့်ရှစ်ထပ်မြောက်ကို ရောက်တဲ့အခါ ငါ့ကို ပြန်လာတွေ့ကြ… ”

“ဟုတ်ကဲ့…” ရီဖူရှင်းနှင့် ယူချင်းတို့ ခေါင်းညိတ်ကာ ထွက်သွားကြသည်။ ရှီတန်ခိုးရှင် ထောင်ကျန်းက သူတို့အား ခေါ်တွေ့ခြင်းမှာ မပြည့်စုံသော ကောင်းကင်ဘုံ ကျမ်းအား သင်ပေးရန်သာ ဖြစ်သည်။

သူတို့နှစ်ယောက် ထွက်သွားပြီးသည်တွင် ခွန်ဘုရင်က ရှီတန်ခိုးရှင် ထောင်ကျန်း၏ ဘေးတွင် ပေါ်လာသည်။ သူက ရှီတန်ခိုးရှင် ထောင်ကျန်းကို ကြည့်ကာ ပြောသည်… “အစ်ကိုက တောင်ဝင်ကျဲ နန်းတော်က ဝင်ခွင့်စာမေးပွဲကို စိတ်မဝင်စားတာ ကြာလှပြီ… အခုမှ ကောက်ကာငင်ကာ ဘာလို့ တပည့်နှစ်ယောက် မွေးလိုက်တာလဲ…”

သူ၏အစ်ကိုက ချီကျီး တစ်ဦးတည်းကိုသာ တပည့်အဖြစ် မွေးဖူးသည်။

“မင်းက ဝမ်ရှင်းရဲ့ ဟောကိန်းကို မသိတာလည်း မဟုတ်ဘူး…” ရှီတန်ခိုးရှင် ထောင်ကျန်းက ခွန်ဘုရင်ကို ပြောသည်။

“ဟွန်း…” ခွန်ဘုရင်က ဒေါတသကြီး နှာခေါင်းရှုံ့သည်… “အဲဒီ နက္ခတ်ဆရာက အဓိပ္ပာယ် မရှိတာကို ပြောနေတာပဲ… နက္ခဗေဒ ဆိုတာလည်း ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောနေတာပဲ ဖြစ်မှာ… ကောင်းကင်ရဲ့ အလိုဆန္ဒကို  ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ… အစ်ကိုက သူပြောတာကို ခေါင်းထဲ ထည့်နေစရာ မလိုပါဘူး…”

“အရာအားလုံးက အကျိုးနဲ့အကြောင်းနဲ့ တည်ရှိနေကြတာပဲ… ဒါကြောင့် ဒီပညာရပ်ကလည်း မှန်ကန်တဲ့ နေရာရှိလို့ တည်ရှိနေတာပဲ…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။

“အစ်ကိုရဲ့ တန်ခိုးအဆင့်က သူ့ထက်မြင့်တာပဲ… သူက ဘယ်လိုလုပ် အစ်ကိုရဲ့ ကံကြမ္မာကို တွက်ချက် နိုင်ရမှာလဲ… ပြီးတော့ အစ်ကိုက ပါရမီရှင် တစ်ယောက်ပဲ…. ကောင်းကင်ဘုံရဲ့ ကြိုတင် စီစဉ်ခြင်းကို ဘယ်လိုလုပ် ခံရမှာလဲ…” ခွန်ဘုရင်က မေးခွန်းထုတ်သည်။

“ငါ့ကံကြမ္မာကိုတော့ အရှုံးမပေးပါဘူး…” ရှီတန်ခိုးရှင် ထောင်ကျန်းက ထူးမခြားနားစွာ ပြောသည်… “ရှန့်ထိုအဆင့်ကို တက်ရောက်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ ငါကတော့ လက်လျှော့မှာ မဟုတ်ဘူး… ဒီလမ်းမှာ ငါ့အတွက် ကံဆိုးမှုတစ်ခု ရှိနေတယ် ဆိုရင်တောင် ငါက တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ရမှာပဲ… ဒါပေမဲ့ ယူချင်းနဲ့ ရီဖူရှင်းတို့က အရမ်းကောင်းတဲ့ ပါရမီကို ပိုင်ဆိုင်ကြတယ်… အထူးသဖြင့် ယူချင်းပဲ… သူက ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ မွေးဖွားလာတဲ့လူပဲ… တကယ်လို့ ငါမလုပ်နိုင်ခဲ့ရင် သူ လုပ်နိုင်လိမ့်မယ်…”

ခွန်ဘုရင်က ဘာမှ ထပ်မပြောတော့ပေ။ ရှန့်ထိုတန်ခိုးရှင် ဖြစ်ရန်ကား အလွန်အမင်း ခက်ခဲသည်။ မြေရိုင်းဒေသမှ မရေမတွက်နိုင်သော ပါရမီရှင်များ ကျရှုံးခဲ့သည်။ ထို့အပြင် ခန္ဓာကိုယ် လေ့ကျင့်နည်းဖြင့် ရှန့်ထိုဖြစ်ရန်ကား ပိုမို၍ပင် ခက်ခဲသည်။ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်ကား အခြေခံအကျဆုံးသော ပညာရပ်လည်း ဖြစ်သည်။

***

ရီဖူရှင်းနှင့် ယူချင်းတို့ ရှီတန်ခိုးရှင် ထောင်ကျန်း၏ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်ကို သင်ယူပြီးနောက် ဆက်လက်၍ ကျင့်ကြံကြသည်။ ထို့အပြင် သူတို့တွင် မူလကတည်းက အလွန် အားကောင်းသော ခန္ဓာကိုယ်​ လေ့ကျင့်နည်းစနစ် ရှိပြီးဖြစ်ရာ မပြည့်စုံသော ကောင်းကင်ဘုံ ကျမ်းက သူတို့၏ အကန့်အသတ်များအား ကျော်လွှားစေရန် နည်းလမ်းများ ပေးသည်။

မီးလျှံဇုန်ထဲတွင် လူနှစ်ယောက်က မီးလျှံများအကြား ထီးထီးတည်း ရပ်နေကြသည်။ မီးလောင်ကျွမ်း သောကြောင့် သူတို့၏ အသားအရေများက နီရဲနေကြကာ အစိတ်စိတ် ကွဲအက်တော့မည် ကဲ့သို့ ထင်ရသည်။ သို့သော်လည်း သူတို့က အားသုံးကာ ခုခံခြင်း မရှိကြပေ။ သူတို့က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သက်သက်ဖြင့် မီးတောက်များကို ခံစားနေကြသည်။ သူတို့က မပြည့်စုံသော ကောင်းကင်ဘုံ ကျမ်းကို သုံး၍ သူတို့၏ ခန္ဓာကိုယ်အား မီးတောက်များဖြင့် လေ့ကျင့်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် သည်နည်းလမ်းက အလွန်ရုန့်ရင်း ကြမ်းတမ်းသည်ဟု ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောခြင်း ဖြစ်သည်။ ကောင်းကင်ဘုံကျမ်းကို လေ့ကျင့်ခြင်းက သူတို့၏ ခန္ဓာကိုယ်များအား ကြိမ်ဖန်များစွာ ပြင်းထန်သော ပြင်ပအားများဖြင့် ထိတွေ့ ရင်းနှီးစေခြင်း ဖြစ်ရာ နောက်ပိုင်းတွင် အခုအခံ အတိုက်အခိုက်များကို မဖြုံတော့ပေ။

လျှပ်စီးဇုန်၊ လေမုန်တိုင်းဇုန်၊ မြေကမ္ဘာဇုန်… စသော ဓာတ်စွမ်းအား မျိုးစုံဖြင့် ရီဖူရှင်းတို့က လေ့ကျင့်ကြသည်။ သူတို့က အလွန်အမင်း ပြင်းထန်သော တိုက်ခိုက်မှုများ ဓာတ်စွမ်းအားများကို ရုပ်ခန္ဓာကိုယ် သက်သက်ဖြင့် တွန်းလှန်ကြသည်။

သူတို့၏ လေ့ကျင့်ကာလကား အလွန် ပင်ပန်း ဆင်းရဲသည်။ သို့သော် အကျိုးကြီးစွာ ရသည်။ အချိန် ကြာလာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်များ အလွန်အမင်း အားကောင်း လာသည်ကို ခံစား လာကြရသည်။ အနာဂတ်တွင် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်အားက ပိုမို ကောင်းလာမည်မှာ သေချာ၏။ သို့သော်လည်း သူတို့၏ လေ့ကျင့်နည်း စနစ်ကလည်း အလွန်အမင်း ရူးသွပ်သည်ဟု ပြောနိုင်သည်။ သူတို့က အနာဂတ်တွင်လည်း ဤသို့သော ပင်ပန်း ဆင်းရဲမှုကို အဆင်မပြတ် တွေ့ကြုံခံစားရန် လိုအပ်ပေသည်။

မျက်လုံး တစ်မှိတ်အတွင်း၌ လအနည်းငယ် ကြာမြင့်သွားသည်။ ယူချင်းက ကောင်းကင် တက်လှမ်း မျှော်စင်၏ ဆယ့်နှစ်ထပ်မြောက်တွင် နေရာတစ်နေရာကို ခိုင်ခိုင်မာမာ ယူထားနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ကြောက်မက်ဖွယ် ဖိအားအောက်တွင် အလွန်အမင်း ပြင်းထန်သော နာကျင်မှုကိုလည်း တစ်ပြိုင်နက်တည်း ခံစားနေရသည်။ သူ၏ခန္ဓာကိုယ်မှ အရိုးအဆစ်များ ကျိုးအက်သံများ အဆက်မပြတ် ထွက်ပေါ်နေကာ ပါးစပ်မှ သွေးများပင် ယိုစီးကျ လာနေသည်။ သို့သော်လည်း သူက အံတင်းတင်း ကြိတ်ကာ ဆက်လက်၍ တင်းခံသည်။

ကောင်းကင် တက်လှမ်း မျှော်စင်၏ ဆယ့်နှစ်ထပ်မြောက်ကား အလွန် အားကောင်းသော အလယ်အလတ် တန်းစား နိုဘယ်များသာ လေ့ကျင့်နိုင်သော နေရာလည်း ဖြစ်သည်။ သို့သော်လည်း ယူချင်းကား ဆယ့်နှစ်ထပ်မြောက်တွင် လေ့ကျင့်နေသည်။

ရွှေရောင် အမျှင်တန်းများ သူ၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေကြကာ ယူချင်းက ပြင်ပအားများကို သူ၏ခြေထောက်သို့ ပို့လွှတ်နေသည်။

ဘန်း…

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ယူချင်း၏ပါးစပ်မှ သွေးများ ပန်းထွက် သွားသည်။ သို့သော် သူ၏ခြေထောက်မှ ကြောက်မက်ဖွယ် အားလှိုင်းများ ဖြာထွက်လာကာ သူ့ဖနောင့်နေရာမှ စူးရှသော အလင်းတစ်ခု ဖြစ်ပေါ်လာသည်။

“ငါ အောင်မြင်ခဲ့တယ်…” ယူချင်းက ကောင်းကင် တက်လှမ်း မျှော်စင်မှ ဆင်းသက်လာကာ ထွက်ပေါက်သို့ ပြေးသည်။ မြေပြင်က စတင် တုန်ခါသည်တွင် လူအများအပြားက ယူချင်းကို ကြည့်ကြသည်။ ယူချင်းက ဘာဖြစ်နေသနည်း…။

ထိုအခိုက်တွင် ယူချင်းက မြေပြင်မှနေ၍ မည်သည့် ခြေလှမ်းပညာမှ မသုံးဘဲ ခုန်တက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က လေထဲကို လျှပ်စီးတန်း အလား ပျံတက် သွားသည်။

မကြာမီ ယူချင်းက ကောင်းကင်မှ မြေပြင်သို့ ပြန်ကျဆင်း လာသည်။ ဘုန်းခနဲမြည်ကာ မြေပြင်က အက်ကွဲသွားပြီး ခြေရာနှစ်ခုကို မြင်ကြရသည်။ ယူချင်းက တစ်ဖန်ခုန်ကာ အဝေးကို ပြေးထွက် သွားသည်။ လူအများအပြားက သူ့ကို လှမ်းကြည့်ကြသည်။ သည်အကောင်က ဘာဖြစ်နေသနည်း။

လူတစ်ယောက်က တိုက်ခိုက်ရေး ရှီနန်းဆောင်ထံသို့ ပျံသန်းနေသည်။ မကြာမီ သူက နန်းဆောင် တစ်ခုထဲကို ရောက်သွားကာ လူတစ်ယောက် ဘေးနားသို့ ကျဆင်းလာ၏။

လူငယ်က ထိုင်နေရာမှ မျက်လုံးကို ဖွင့်ကာ မေးသည်… “ယူချင်း.. .ဘာဖြစ်လို့လဲ…”

“ငါ သွေးကြောမတစ်ခု ဖွင့်ခဲ့တယ်…” ယူချင်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

“မင်း ဘယ်လို ခံစားရလဲ…” ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ မပြည့်စုံသော ကောင်းကင်ဘုံကျမ်းက သွေးကြောမ ခုနစ်ခုကို ဖွင့်ရန် လိုအပ်ပေသည်။

“ငါ့ခြေထောက်က အားတွေ အရမ်း ကောင်းလာတယ်လို့ ခံစားရတယ်… ငါက ဘယ်ခြေလှမ်းသိုင်းမှ သုံးဖို့မလိုဘဲ လေထဲကို ခုန်တက်နိုင်တယ်… ဒါက ခန္ဓာကိုယ်ရဲ့အား သတ်သတ်ပဲ…”

“မပြည့်စုံတဲ့ ကောင်းကင်ဘုံကျမ်းက မူလဇာတိအားဖြင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အဆုံးစွန်သော ကြံ့ခိုင်မှုသို့ ရောက်ရှိစေခြင်းပဲ… ဒါပေမဲ့ သွေးကြောမ ခုနစ်ခုကို ဖွင့်တာက လူတစ်ယောက်ရဲ့ ပါရမီကို စပြီး နှိုးဆွတဲ့အဆင့်ပဲ ရှိသေးတယ်… တကယ်လို့ ဒါကို မလိုအပ်ရင် သိပ်မသုံးနဲ့… မင်းက တကယ်တမ်း ဒီစွမ်းအင်တွေကို လိုအပ်လာတော့မှ​သုံး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ကောင်းကင်ဘုံကျမ်းမှာ ပြောထားတာက တကယ်လို့ သွေးကြောမ ခုနစ်ခုကို ဖွင့်လှစ်ပြီးသွားရင် လူတစ်ယောက်ရဲ့ အကန့်အသတ်က ကျော်လွန်သွားပြီး သူတို့က ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်မယ်လို့ ပြောထားတယ်…”

“မင်းက ဘာကို ဒီလောက် စိတ်လှုပ်ရှား နေရတာလဲ…” ရီဖူရှင်းက ယူချင်းကို ပြောသည်။

“သွေးကြောမ တစ်ခုကို ဖွင့်လှစ်တာက အရမ်းကောင်းတဲ့ ခံစားချက်ကို ရတယ်… ပြီးတော့ ကောင်းကင်ဘုံကျမ်းက ငါ့ရဲ့ မိစ္ဆာပညာရပ်နဲ့ လိုက်လျောညီထွေ ရှိပြီးတော့ ပိုပြီးတော့အောင် အားကောင်းလာတယ် ခံစားရတယ်… ငါက ဒါကို စမ်းကြည့်ရင်းနဲ့ ဒီကို ရောက်လာတာ…” ယူချင်းက ပြောသည်။

“ကြွားဝါ နေတာလား…” ရီဖူရှင်းက သူ့ကို ဒေါသတကြီး ကြည့်သည်။ သူက တမင်လုပ်နေပုံ ရသော်လည်း သူ့အတွက်တော့ အမှန်ပင် ဝမ်းသာပေသည်။ အကယ်၍ သူ၏မိစ္ဆာပညာက ကောင်းကင်ဘုံကျမ်းနှင့် လိုက်လျောညီထွေ ရှိသည်ဆိုပါက ယူချင်းကား နောင်တွင် ပိုမို အားကောင်း လာရန်သာ ရှိတော့၏။

ယူချင်း၏ ရှက်ရွံ့သော အပြုံးကို မြင်သည်တွင် ရီဖူရှင်းက ပြောသည်… “ကောင်းပြီ… ချိန်ချန်ဆီကို သွားကြည့်လိုက်ဦး… မကြာခင် နှစ်ကုန်တော့မယ်… မင်းက နှစ်သစ်အထိ ထိပ်ပြီး လေ့ကျင့်ခွင့် မရှိတော့ဘူး…”

“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်ကာ ထွက်သွားသည်။

ရီဖူရှင်း၏ အကြည့်က တော်ဝင်ကျဲ နန်းတော်၏ အဝေးကို ရောက်သွားသည်။ အချိန်ကုန်သည်မှာ မြန်လွန်းလှသည်။ သူ မသိလိုက်မီတွင်ပင် နောက်တစ်နှစ် ကုန်တော့မည်။ တော်ဝင်ကျဲ နန်းတော်၌ နှစ်ကုန်တွင် လက်ရည်စမ်းပွဲ ရှိသည်ဟု သူကြားထားသည်။ ထိုအချိန်တွင် သူက တော်ဝင်ကျဲနန်းတော်မှ တကယ့် ထိပ်သီးပါရမီရှင်များကို သူ မြင်ရပေတော့မည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset