Switch Mode

အပိုင်း( ၅၉၆)

ရှီတန်ခိုးရှင်ထောင်ကျန်း

လျန်ယွီချန်းက ရီဖူရှင်းကို အေးစက်စွာ တစ်ချက် ကြည့်ပြီးမှ ယွန်ဖုန်းကို သွားရောက် စစ်ဆေးသည်။ သူ၏အရိုးများ ကျိုးအက် သွားသော်လည်း ဒုက္ခိတ မဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ သို့သော်လည်း ပြန်လည် သက်သာလာရန်မူကား အချိန် ကြာမြင့်မည် ဖြစ်သည်။

ထိုအရာများက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျှသာ ဖြစ်သည်။ သို့သော် ယွန်ဖုန်း၏ မျက်လုံးများ အသက်မဲ့ နေသည်ကို မြင်မှ သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက သူ ထင်ထားသည်ထက် ပြင်းထန်ကြောင်း သူမြင်ရသည်။ သူ၏ဂျူနီယာ ညီလေးကား လက်မှုပညာသည်၏ မျိုးဆက်ဖြစ်သည်။ သူက အရာခပ်သိမ်းကို ရေးဆွဲနိုင်သော ထူးခြားသော ပါရမီရှင်လည်း ဖြစ်သည်။ သူက နန်းတော်ကို ရောက်ပြီး မကြာခင် ပါရမီရှင်အဆင့်ကို ဝင်ရောက်ခဲ့၏။ ထို့ကြောင့် သူကား ပုံမှန်အားဖြင့် မောက်မာ ဝင့်ကြွားကာ တခြားလူများကို အထင်သေး တတ်သည်။ သူ၏ ရည်ရွယ်ချက်ကား တော်ဝင်ရှီ နန်းဆောင်ကို ဝင်ခွင့်ရရန် ဖြစ်သည်။ ယွန်ဖုန်းက မည်သို့သော လူစားမျိုး ဖြစ်သည်ကို လျန်ယွီချန်း သိသည်။ သူကား မာနကြီးကာ ဝင့်ကြွားသော ယုံကြည်မှုရှိသောသူ ဖြစ်သည်။

သို့သော် လက်ရှိတွင် ယွန်ဖုန်း၏ မျက်လုံးများက အသက် ကင်းမဲ့နေသည်။ သည်တိုက်ပွဲတွင် ရိုက်ချိုး ဖျက်ဆီးခံလိုက်ရသော သူ၏မာန၊ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုများ အားလုံး ပြန်လည် နာလန်ထူနိုင်ရန် မလွယ်တော့…။ သူ၏အနာဂတ် တန်ခိုး ကျင့်ကြံခြင်းပင်လျှင် ကြီးစွာသော အတားအဆီးများ ဖြစ်လာတော့မည် ဖြစ်သည်။

လျန်ယွီချန်းက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်… “ငါတို့က နန်းတော် တစ်ခုတည်းမှာ အတူ လေ့ကျင့်နေကြတာပဲ… မင်းက နည်းနည်း အဆိပ်အတောက် မဖြစ်ဘူးလား…” ရီဖူရှင်းက တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း ဖြစ်သည်ကို သိသည်။ မဟုတ်လျှင် တိုက်ပွဲစင်မြင့်သို့ လာမည် မဟုတ်ပေ။

“ခင်ဗျားက ကန်းနေတာ မဟုတ်ရင် ရူးနေလို့ပဲ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

လူတိုင်းက တစ်ဖက်လူကို မိမိတို့၏ ရပ်တည်ချက်ဖြင့် လှောင်ပြောင် နိုင်သည်။ သို့သော် ယွန်ဖုန်းက ရီဖူရှင်းအပေါ် စော်ကားတုန်းက တားဆီးခဲ့သလော…။ ယွန်ဖုန်းက ဟွာဂျီယူ၏ ရုပ်ပုံကို ရေးဆွဲရာတွင် တားဆီးခဲ့သလော…။ လျန်ယွီချန်း၏ ချစ်သူအား တခြားတစ်ယောက်က ပန်းချီရေးလျှင် သူကော ငြိမ်နေမည်လော…။ ယခု ယွန်ဖုန်းအား ရီဖူရှင်းက အနိုင်ယူခဲ့သည်။ သူ့စကားတွင် ရီဖူရှင်းက မကောင်းသောလူ ဖြစ်သွား၏။

လျန်ယွီချန်းက ရီဖူရှင်းကို ကြည့်သည်။ ထို့နောက် သူက ထရပ်ကာ တိုက်ပွဲ စင်မြင့်ထက်ကို လျှောက်သွားသည်။

လျန်ယွီချန်းက ဘာလုပ်မည် ကြံနေသနည်း။ အားလုံးက လျန်ယွီချန်းကို ကြည့်သည်။ သူကား နိုဘယ်အဆင့် အမြင့်ဆုံးတွင်ရှိပြီး ပါရမီရှင် အဆင့်ငါးတွင် ရှိသည်။ မည်သို့ဆိုစေ စင်မြင့်ပေါ်သို့ သူမတက်သင့်ပေ။

“စီနီယာ အစ်ကိုလျန်…” ယွန်စွေ့ရှင်းက ခေါ်သည်။ သည်တိုက်ပွဲက သူမအား ကြောက်ရွံ့စေသည်။ သူမက ရီဖူရှင်းအား အရှက်မရှိသော လူဟုသာ ထင်မြင်ခဲ့သည်။ ယနေ့ ကွဲပြား ခြားနားသော ရီဖူရှင်းကို အားလုံးက မြင်ခဲ့ကြရသည်။ ဒေါသထွက်နေသော ရီဖူရှင်းကား ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ယွန်ဖုန်းကို ရက်စက်စွာ နင်းခြေခဲ့သည်။ သို့သော် ယွန်ဖုန်းနှင့် ကျန်းကျိချင်တို့က ဤသို့ဖြစ်အောင် အတင်း ဖိအားပေးခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင် ယွန်ဖုန်းအား သူမ၏ရုပ်ပုံကို မရေးဆွဲရန် ဟွာဂျီယူက တားမြစ်ပြီး ဖြစ်သည်။ သို့တိုင်အောင် သူက လုပ်ခဲ့သည်။ ထိုအရာက စော်ကားမှုဖြစ်ရာ ရီဖူရှင်း၏ဒေါသက ဖြစ်သင့်သည်။

တိုက်ပွဲ စင်မြင့်ပေါ်တွင် ရီဖူရှင်းက ယွန်ဖုန်းအား အဋ္ဌမအတန်းအစား နိုဘယ်ဖြင့် အနိုင်ယူခဲ့သည်။ မည်သို့ဆိုစေ လျန်ယွီချန်းက တိုက်ခိုက်၍ မရပေ။

“ငါ သူ့ကို ဘာမှ မလုပ်ဘူး…” လျန်ယွီချန်းက တီးတိုးပြောကာ ဆက်လျှောက် သွားသည်။

ရီဖူရှင်းက လျန်ယွီချန်းကို ကြည့်သည်။ လျန်ယွီချန်းက ထိုမျှ အရှက်မဲ့စွာ စင်ပေါ်ကို တက်လာမည်ဟု သူ မထင်ထားပေ။

“ငါက မတိုက်ခိုက်သင့်ဘူး… ဒါပေမဲ့ မင်းက အရမ်း ရိုင်းစိုင်း ကြမ်းတမ်းတယ်…. ဒါကြောင့် ဒီသံစဉ်ကို နားထောင်သင့်တယ်…” လျန်ယွီချန်းက ပြောသည်။ ထို့နောက် သူက ထိုင်ကာ ကု့ချင်းအား တီးခတ်သည်။ သာယာ ကြည်လင်သော သံစဉ်တစ်ခု ထွက်ပေါ်လာ၏။

“ဒါဆိုလည်း ခင်ဗျားရဲ့ တေးသွားကို နားထောင် ရတာပေါ့…” ရီဖူရှင်းက ထိုနေရာတွင်ပင် ရပ်ကာ တိတ်ဆိတ်စွာ နားထောင်သည်။ ဤသို့သော တိုက်ပွဲကို သူက ပြန်လည် ခုခံစရာမလို။

တန်ခိုး အဆင့်မြင့်လေလေ တစ်ဆင့်နှင့် တစ်ဆင့် ကွာဟချက် ကြီးလေလေ ဖြစ်သည်။ အဋ္ဌမ အတန်းအစားက ပထမ အတန်းအစား နိုဘယ်ကို မည်သို့ ယှဉ်နိုင်မည်နည်း။

သံစဉ်များက သူ့ထံ ရစ်ပတ်လာလျှင် ရီဖူရှင်းက သူ၏စိတ်ကို အနိုင်နိုင် ထိန်းသိမ်းရသည်။ သို့တိုင်အောင် သူကား မားမားမတ်မတ် ရပ်နိုင်ဆဲဖြစ်သည်။ စိတ်ဝိညာဉ် သိမ်းပိုက်မှု အောက်တွင် ရီဖူရှင်းကား ကြီးစွာသော နာကျင်မှုဒဏ်ကို ခံစားရသည်။ သူ၏မျက်နှာက ရှုံ့မဲ့သွားကာ စိတ်က အချိန်မရွေး ပြိုလဲတော့မည်ကဲ့သို့ ခံစားရသည်။

လျန်ယွီချန်းက ဆက်လက် တီးခတ်နေဆဲ ဖြစ်သည်။ ရီဖူရှင်းက မည်သို့ ခံစားနေရသည်ကို သူတို့ မြင်သည်။

မကြာမီ လျန်ယွီချန်း၏ သံစဉ်က ရပ်တန့်သွားသည်။ သူက ရီဖူရှင်းကို ကြည့်ကာ မေးသည်… “မင်း တွေ့ကြုံခံစားခဲ့ရတယ်… ဘယ်လိုနေလဲ…”

ရီဖူရှင်းက လျန်ယွီချန်းကို ကြည့်ကာ ပြုံးသည်… “ကျုပ်က ယွန်ဖုန်း မဟုတ်သလို ခင်ဗျားကလည်း ကျုပ်မဟုတ်ဘူး… ယွန်ဖုန်းက ကျုပ်ကို အကြိမ်ကြိမ် ရန်စပြီး ဘယ်ဟာက လေးစားမှုလဲဆိုတာ မသိဘူး… သူ့ကို တိုက်ခိုက်တဲ့အပေါ်မှာ ကျုပ်က မတရားဘူးလို့ မတွေးဘူး… ဒါပေမဲ့ ခင်ဗျားကရော… ခင်ဗျားရဲ့ တန်ခိုးအဆင့်ကို မမေ့နဲ့… ခင်ဗျားက ဘာကို သက်သေပြဖို့ ကြိုးစားနေတာလဲ… ဘယ်လောက် မျက်နှာပြောင် တိုက်လိုက်သလဲ…”

ရီဖူရှင်း၏ အမူအရာကို မြင်သည်တွင် လျန်ယွီချန်းက ကု့ချင်းကြိုးကို ရိုက်ခတ်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် စိတ်စွမ်းအားက လှိုင်းလုံးအလား ရီဖူရှင်းထံကို ရိုက်ခတ်လာသည်။ ရီဖူရှင်းက လျှပ်စီးနှင့် ရိုက်နှက်ခံရသလို နာကျင်သွားကာ ခန္ဓာကိုယ်က တုန်ယင် သွားသည်။ ပါးစပ်မှ သွေးများ စီးကျလာ၏။ သို့သော် သူ၏အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက ပြုံးလိုက်သည်။

“ဒါ အမှန်ဆုံးပဲ…” ရီဖူရှင်းက တောက်ပစွာ ပြုံးသည်… “ဒါက ခင်ဗျား လိုချင်တဲ့ စိန်ခေါ်မှုပဲ… တန်ခိုးအဆင့် နှစ်ဆင့်ကျော်ပြီး ယွန်ဖုန်းကို အနိုင်ယူပြီးနောက် ပထမတန်းစား နိုဘယ်ဖြစ်တဲ့ ခင်ဗျားက စင်ပေါ်ကို ကိုယ်တိုင် တက်လာတယ်… ဒါက ခင်ဗျားပြောတဲ့ ကောင်းမွန်တဲ့ အပြုအမူပဲ… အရမ်း အားကောင်းတာပဲ… ဟဟ… နောက်ပိုင်း ဒီထက်များများ အရှက်မရှိအောင် ကြိုးစား…” ထို့နောက် ရီဖူရှင်းက စင်ပေါ်မှ ဆင်းသွားသည်။ သည်စိန်ခေါ်မှုအား သူ ဂရုမစိုက်ပေ။ ထိုအရာက အဓိပ္ပာယ်လည်း မရှိပေ။

သည်ကိစ္စ ပြီးသွားပြီးသည်နှင့် အရာအားလုံးက အေးဆေး သွားပေတော့မည်။

ရီဖူရှင်းက စင်မြင့်အောက်ကို ဆင်းသွားသည်တွင် လျန်ယွီချန်း၏ အမူအရာက အရုပ်ဆိုး အကျည်းတန် သွားသည်။ သူက မတားပေ။ ရီဖူရှင်းက သူ့အား တိုက်ခိုက်ရန် တွန်းအား ပေးနေခြင်း ဖြစ်သည်။

သူက မိမိကိုယ်ကို ရယ်မောလိုက်သည်။ သူ၏စိတ်က လုံလောက်သော ရင့်ကျက်မှုမျိုး မရှိသေးပေ။ ရီဖူရှင်းက သူ့အား ဒေါသထွက် စေခဲ့သည်။ ရီဖူရှင်းက ထိုနည်းဖြင့် သူ၏စိတ်ဓာတ်ကို ပျက်ပြား စေလိုသည်လား…။

“အာ… နေဦး … ခင်ဗျား ဒီနေ့ လက်ဆောင်ပေးတဲ့ သံစဉ်ကို ကျုပ် မှတ်ထားတယ်… တကယ်လို့ အခွင့်အရေးရရင် ကျုပ်ကလည်း ခင်ဗျားကို လက်ဆောင် တစ်ပုဒ်ပေးမယ်…” ထို့နောက် သူက ဟွာဂျီယူ၏လက်ကို ဆွဲကာ ထွက်သွားသည်။

လျန်ယွီချန်းက ရီဖူရှင်း၏စကားကို စိတ်ထဲ မထားပေ။

ရီဖူရှင်းလည်း မှော်ဂီတပညာတွင် ထူးချွန်သည်လား…။ သူက ထူးချွန်သည် ဆိုလျှင်ပင် သူ့ကို မီရန် နှစ်ပေါင်းများစွာ လိုပေသေးသည်။

ကျန်းကျိချင်က ရီဖူရှင်း၏ နောက်ကျောကို အရုပ်ဆိုး အကျည်းတန်သော အမူအရာဖြင့် ကြည့်နေသည်။

***

တိုက်ပွဲသတင်းက မြန်ဆန်စွာပင် ပျံ့နှံ့ခဲ့သည်။ အဆင့် ကိုးဆယ့်ခြောက်မှ ယွန်ဖုန်းကား ရီဖူရှင်းထံတွင် ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။ သူကား တော်ဝင်ကျဲ နန်းတော်တွင် အတော် နာမည်ကြီးသူ ဖြစ်သည်။ ယခု သူကား အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။ ထို့ကျန်း နန်းဆောင်ကို ပြန်ရောက် ပြီးနောက် သူကား အခန်းထဲမှ ပြန်မထွက်တော့ပေ။ သူကား စိတ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား ထိခိုက်ခဲ့ပုံရသည်။

သူကား ပါရမီရှင် ဇယားမှ ဖယ်ရှားခံရသလို ရီဖူရှင်းက အဆင့် ရှစ်ဆယ့်တစ်သို့ တက်လှမ်းခဲ့သည်။ သူကား အဋ္ဌမ အတန်းအစား နိုဘယ်သာ ရှိသေးသော်လည်း အဆင့် ရှစ်ဆယ့်တစ်ကို ရောက်နေပြီ။ အကယ်၍​ သူက ပထမတန်းစား နိုဘယ်ဖြစ်ပါက မည်သည့် အဆင့်ကို ရောက်လာမည်နည်း။

ယခု ရီဖူရှင်းနှင့် ယူချင်းတို့က ချီကျီး၏ နောက်မှ လိုက်ပါ လာကြသည်။ သူတို့က တိုက်ခိုက်ရေး ရှီနန်းဆောင်၏ အတွင်းပိုင်း တစ်နေရာသို့ သွားနေကြ၏။ ချီကျီးပြောသည်မှာ နန်းဆောင် သခင်က သူတို့ နှစ်ဦးအား တွေ့လိုသည် ဟူ၏။

ရှီတန်ခိုးရှင် ထောင်ကျန်းကား ရွှေရောင် အဆောင် တစ်ခုတွင် ထိုင်နေသည်။ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းက ဗလာ ကျင်းထားကာ ကြေးနီရောင် ခန္ဓာကိုယ်ကို မြင်နေရသည်။ သူ၏ကြီးမား ကြံ့ခိုင်သော ခန္ဓာကိုယ်က မဆုံးနိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေပုံ ရသည်။ သူက ကိုယ်ရောင် ကိုယ်ဝါကို မထုတ်လွှတ်သည့်တိုင် မမြင်ရသော ဖိအားက ရီဖူရှင်းတို့ကို သိမ်ငယ်စေသည်။

“ဆရာ… ဖူရှင်း လာတွေ့ပါတယ်…”

“ဆရာ…” ယူချင်းကလည်း ခေါ်သည်။ သူတို့က ခွန်ဘုရင်၏ စကားကို လိုက်နာကြသည်။ ယခု သူတို့က တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ဝင်မှတော့ ရှီတန်ခိုးရှင် ထောင်ကျန်းကို ဆရာဟု ခေါ်သင့်ပေသည်။

ရှီတန်ခိုးရှင် ထောင်ကျန်းက ခေါင်းညိတ်သည်… “မင်းတို့ရဲ့ ဝင်ခွင့်တိုက်ပွဲကို ငါမြင်တယ်… နှစ်ယောက်လုံးက ရုပ်ပိုင်းဆိုင်ရာ အရမ်း အားကောင်တယ်… မင်းတို့က တော်တော် ကောင်းတဲ့ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်ကို ပိုင်ဆိုင်ရမယ်… ဒါပေမဲ့ ရီဖူရှင်းက ခန္ဓာကိုယ် လေ့ကျင့်တဲ့ ပညာနဲ့ လုံးဝ သင့်တော်တာတော့ မဟုတ်ဘူး… တကယ်တမ်း အပြည့်အဝ သင့်တော်တာက ယူချင်းပဲ…”

“လူအနည်းငယ်ကပဲ ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်တယ်… မှော်ပညာရှင်တွေက များတယ်… တန်ခိုး အဆင့်နိမ့်တဲ့အခါမှာ မှော်ပညာက သိုင်းပညာထက် အားကောင်းတယ် ပြောကြတယ်… မင်းတို့ ဘယ်လိုထင်လဲ…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။

“တန်ခိုးရှင်တိုင်းမျာ ကိုယ်ပိုင် လမ်းကြောင်း ရှိတယ်… သူတို့က ကိုယ့်လမ်းကို အဆုံးစွန်အထိ လျှောက်နိုင်စွမ်း ရှိဖို့ပဲ လိုတယ်… ဒါက လူနဲ့ပဲ ဆိုင်တယ်…” ရီဖူရှင်းက ပြောသည်။

“မဟုတ်ဘူး… သူတို့မှန်တယ်…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်… “မှန်တယ်… ဒါပေမဲ့ ဒါက တန်ခိုးအဆင့် နိမ့်တဲ့အခါမှာပဲ အကန့်အသတ်ရှိတာ.. မြင့်မားတဲ့ အဆင့်တစ်ခုမှာ အားနည်းတာ အားသာတာ သိပ်မရှိတော့ဘူး… မင်းလို စွမ်းရည်မျိုးစုံကို တတ်ကျွမ်းတဲ့လူ ဆိုရင် ဘယ်လို ပညာရှင်နဲ့တွေ့တွေ့ အသာစီး ရလေ့ရှိတယ်… အားလုံးက တန်ခိုးကျင့်စဉ်မှာ ကွဲပြားတဲ့ အမြင်ရှိကြတယ်… ဒါပေမဲ့ ခန္ဓာကိုယ်ကျင့်စဉ်က အားအကောင်းဆုံးလို့ ခံယူထားတယ်… ခက်တာက… လူ နည်းနည်းကပဲ အဲဒီ အဆင့်ကို ရောက်နိုင်တာပဲ…”

ရီဖူရှင်းက အမှန်တကယ် အားဖြင့် သဘောမတူပေ။ သို့သော် ရှီတန်ခိုးရှင် ထောင်ကျန်း ကလည်း မှန်ပေသည်။ အကယ်၍​ တန်ခိုးရှင် တစ်ယောက်က သူ၏ လမ်းကြောင်းကို မယုံလျှင် မည်သို့ လေ့ကျင့်မည်နည်း။

“ငါပြောတာကို မယုံရင် ငါမင်းကို မေးမယ်… ငါ့ခန္ဓာကိုယ်ကို အဆုံးစွန်အထိ လေ့ကျင့်လို့ ဘယ်မှော်စွမ်းအင်ကမှ မတိုးတော့ဘူး ဆိုရင် မင်းက ငါ့ကို ဘယ်လို တိုက်ခိုက်မလဲ…” ရှီတန်ခိုးရှင် ထောင်ကျန်းက မေးသည်။

ရီဖူရှင်းက စတင် တွေးတော့သည်။ သို့သော် ရှီတန်ခိုးရှင် ထောင်ကျန်းက ဆက်ပြောသည်… “ဒါက လွယ်ပါတယ်… မင်းက ယူချင်းကိုပဲ တွေးကြည့်… အဆင့်တူတဲ့လူ တစ်ယောက်က ယူချင်းကို တိုက်မယ်ဆိုရင် သူက ဘယ်လို နေမလဲ…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိုအရာက အမှန်တရား ဖြစ်ပေသည်။ တန်ခိုးအဆင့်တူ အတွင်း၌ ယူချင်းကို ထိခိုက်စေနိုင်သော လူရှိမည်ဟု ရီဖူရှင်း မထင်ပေ။

“ငါက မြေရိုင်း ကောင်းကင် အဆင့်မှာ နံပါတ်ခုနစ်ပဲ… ဒါပေမဲ့ အပေါ်က လူတွေက ငါနဲ့ ဘယ်သူမှ ရင်မဆိုင်ချင်ဘူး… ဘာလို့လဲ မင်းသိလား…” ရှီတန်ခိုးရှင် ထောင်ကျန်းက မေးသည်။ သူက မိမိ၏စွမ်းရည်ကို လွန်စွာ ယုံကြည်ပုံရသည်။

ရီဖူရှင်းက ခေါင်းယမ်းသည်။

“ဘာလို့လဲဆိုတော့ သူတို့ရဲ့ တိုက်ခိုက်မှုက ငါ့အပေါ် သက်ရောက်မှု သိပ်မရှိလို့ပဲ… သူတို့က ငါ့ကို အနိုင်ယူဖို့ အကြိမ်ကြိမ် ထိအောင် တိုက်ဖို့လိုတယ်… ဒါပေမဲ့ ငါက သူတို့ကို တစ်ချက် ထိနိုင်ရင်ပဲ… သူတို့အားလုံး သေတယ်…” ရှီတန်ခိုးရှင် ထို့ကျန်းက ပြောသည်။ ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ ထိုအချက်က အမှန်ပင် ကြီးမားသော အသာစီးပင် မဟုတ်ပါလော…။

***

Comment

Leave a Reply

Options

not work with dark mode
Reset