Chapter 3

ဖြစ်နိုင်ရင် အားလုံးကို သတ်ပစ်

ကျန်းရှီမြစ်ကမ်းပါးဘေး၌

ယဲ့ဖန် အတွေးနယ်လွန်နေသည့်ဟန်ဖြင့် လမ်းလျှောက်နေသည်။ သနားကြင်နာမှုဆိုသည်မှာ သူ၏ အဘိဓာန်၌ မရှိပေ။ သူ့ကို သတ်ချင်သည့်သူတိုင်းကို သူက သတ်ပစ်မည်ဖြစ်သည်။ သူ့ကို စားချင်သည့် သရဲတစ္ဆေကိုတောင် သူက သတ်ပစ်မှာဖြစ်သည်။ သူ့မျက်လုံးထဲတွင် ယဲ့ဟူသည် သူ အချိန်မရွေး သတ်ပစ်နိုင်သည့် ပုရွက်ဆိတ်လေးကဲ့သို့ အသေးအဖွဲလေးသာ ဖြစ်သည်။

“နတ်ဆိုးဂြိုလ်ကြီး ဘာဖြစ်နေမလဲ ငါ သိချင်လိုက်တာ”

ကောင်းကင်ယံကို မော့ကြည့်ရင်း ကျယ်ပြောလှသော စကြဝဠာအတွင်းမှာ နတ်ဆိုးဧကရာဇ်ဖြစ်သော သူ့ကို စောင့်မျှော်ရင်း ယစ်ပူဇော်ခြင်းများ ပြုလုပ်နေသော နတ်ဆိုးများစွာ ရှိနေမည်ကို ယဲ့ဖန် သိနေသည်။

“ပြီးတော့ အဲ့ဒီဖြူစင်တဲ့ကောင်မလေး … နတ်ဆိုးဧကရာဇ် သေသွားပြီဆိုတဲ့ သတင်းကို သူမ ကြားသွားမယ်ဆိုရင် စကြဝဠာတစ်ခုလုံးကို မြေလှန်ပစ်ပြီးတော့ တားမြစ်နယ်မြေတွေကို ဖြတ်ပြီး ဒီစကြဝဠာထဲက အခြားအုပ်ချုပ်သူသုံးယောက်ကို သွားသတ်ပစ်မှာကို ငါ စိုးရိမ်မိတယ်”

ငယ်ငယ်လေးကတည်းက သူ့ကို ‘ဖန်လေး’ဟု ခေါ်တတ်သည့် စကြဝဠာအတွင်းမှ အလှထိပ်ခေါင်လေးကို သူ သတိရမိသွားသောအခါ ယဲ့ဖန် ခါးသီးစွာ ပြုံးလိုက်မိသည်။

ထိုဖြူစင်သည့်မိန်းမပျိုလေးသည် ငယ်စဉ်ဘဝကတည်းက သူ၏အရိပ်ဖြစ်ခဲ့သည်။ ယဲ့ဖန်သည် ကျင့်ကြံခြင်းတွင် ထူးခြားသော ပင်ကိုယ်ပါရမီပါခဲ့သည်။ သို့သော် ထိုဖြူစင်သည့်မိန်းကလေးကတော့ ကျင့်ကြံခြင်းတွင် သာမန်မျှသာ ဖြစ်ခဲ့၏။

သူနှင့် လိုက်ဖက်ညီစေရန် သူမသည် စကြဝဠာအတွင်းရှိ တားမြစ်နေရာ တစ်ခုပြီးတစ်ခုကို ဝင်ရောက်ကာ သူမအသက်ကို ရင်း၍ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ခဲ့သည်။ ထိုတားမြစ်နေရာများဆီ တစ်ခါဝင်လိုက်တိုင်း သူမတစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့သည်။

စကြဝဠာအစွန်ဖျားရှိ တားမြစ်နေရာကို သူမ ဝင်ရောက်သွားပြီး သူမ အသက်ရှင်လျက် ပြန်ထွက်လာခဲ့သည့်အချိန်ကို ယဲ့ဖန် ပြန်အမှတ်ရသွားသည်။ ထိုအချိန်တုန်းက သူမခန္ဓာကိုယ်သည် တစ်စစီဖြစ်မတတ် ဖြစ်နေကာ သူမသည် အသက်ကို ယဲ့ယဲ့လေးသာ ရှူနိုင်ခဲ့သည်။ သူမ၏သွေးများကြောင့် သူမဆံပင်များကလည်း ရဲရဲနီနေခဲ့သည်။ ထိုအချိန်တုန်းက သူမ သေလုမတတ် ဖြစ်ခဲ့သည်။

သူမ သေမင်းနှင့်စစ်ခင်းနေရသည့်အချိန်သည် ယဲ့ဖန်၏ဘဝတွင် ရင်အနာဆုံးအချိန် ဖြစ်ခဲ့သည်။ ထိုသို့ခံစားနေရသည့်အချိန်မှာတောင်မှ သူမသည် သူ့လက်မောင်းအတွင်း၌ နေရင်း သူ့အား ညင်သာစွာဖြင့် ဖြူစင်စွာ ပြုံးပြခဲ့သေးသည်။

“ဖန်လေး…ငါက ကျင့်ကြံခြင်းအဆင့်မှာ သာမန်အဆင့်ပဲရှိတာ…အဲ့ဒါကြောင့် နင်နဲ့ ယှဉ်တွဲနေနိုင်ဖို့ ဒီတားမြစ်နေရာတွေမှာ ရသလောက် အခွင့်အရေးတွေ ရှာဖို့ပဲ ငါတတ်နိုင်ခဲ့တယ်…နင်နဲ့အတူ ပြိုင်ဘက်ကင်းဖြစ်ဖို့ ငါ မမျှော်လင့်ပါဘူး … နင် ဒီစကြဝဠာကြီးမှာ ခွန်အားအကြီးဆုံး ဖြစ်လာတဲ့အခါကျရင် ငါ နင့်ကို အရင်လို မျှော်ကြည့်ပြီး ချစ်နေခွင့် ရချင်ယုံလေးပါ”

သူမက သူချစ်တဲ့သူနောက် လိုက်ခွင့်ရဖို့ အသက်ကိုပင်ရင်းရဲသည့် ဖြူစင်လှသော မိန်းမပျိုလေး ဖြစ်သည်။ သူမ ကြိုးစားခဲ့သမျှ အရာထင်ခဲ့သည်။

သူမအသက်ကို လှေကားလို အသုံးချခဲ့ပြီးနောက် ထိုဖြူစင်သောမိန်းမပျိုလေးသည် စကြဝဠာအတွင်းရှိ ဧကရာဇ်များကြားထဲတွင် ခွန်အားကြီးမားသော ဧကရီတစ်ပါး ဖြစ်လာခဲ့သည်။ သူ အထွတ်အထိပ်ရောက်သော အချိန်မှာတောင်ပင် ယဲ့ဖန် သူမကို မယှဉ်နိုင်ပေ။

သူမ၏ လှပသောမျက်နှာလေးကို ပြန်မြင်ယောင်ရင်း ယဲ့ဖန် ဖျော့တော့စွာ ပြုံးလိုက်မိသည်။

ကြယ်တွေနှင့် လင်းလက်တောက်ပနေသော ကောင်းကင်ယံကို မော့ကြည့်ရင်း ယဲ့ဖန် ကတိစကားဆိုလိုက်သည်။

“ဟွမ်လေး….ကိုယ့်ကို စောင့်နေပါ… ကိုယ် မြန်နိုင်သမျှ မြန်မြန် နတ်ဆိုးဧကရာဇ်အဖြစ် ပြန်လာခဲ့ပါ့မယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် ကျန်းရှီမြစ်ကို တစ်ချက်ကြည့်ကာ မြစ်ထဲသို့ ဖြည်းဖြည်းချင်း ဆင်းလိုက်သည်။

ယဲ့ဖန် မြစ်ထဲသို့ ဆင်းလိုက်သည်နှင့် အနက်ရောင်မြူခိုးများက မြစ်ရေပြင်၌ ယှက်သန်းသွားသည်ကို မည်သူမျှ သတိမထားလိုက်မိပေ။

မြစ်ထဲ၌ မြွေတစ်ကောင် အစာရှာနေ၏။ သို့သော် အနက်ရောင်မြူခိုးများက ၎င်းမြွေကို လွှမ်းခြုံသွားသောအခါ ထိုမြွေ အသက်မဲ့သွားသည်။ ထို့အပြင် မြစ်ထဲရှိ အပင်များနှင့် ငါး၊ ပုစွန်စသည့် တိရိစ္ဆာန်များလည်း သေဆုံးသွားကြသည်။

မြစ်ထဲ၌ သေခြင်းတရားဂီတ ပျံ့လွင့်ကခုန်နေသည့်အလားပင်။

ဤသည်ကား နတ်ဆိုးဘုရင်၏ သေစေနိုင်သော သေမင်းနတ်ဆိုး ဆုဒြာပင်ဖြစ်သည်။

ဖြစ်နိင်သမျှ အရာအားလုံးကို သတ်ပစ်နိုင်သည်။

…………

ကျန်းရှီမြစ်၏ တစ်ဘက်ကမ်းတွင် range rover အမျိုးအစား ကားတစ်စီး ရပ်ထားသည်။

မြစ်ကမ်းစပ်တွင် ဆံပင်အညိုရောင်သမ်းနေသည့် အဖိုးအိုတစ်ဦး ငါးမျှားနေ၏။ ထိုအဘိုးအို၏ဘေး၌ အလှလေးတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ် ကြည်လင်သန့်ရှင်းသောမျက်နှာထားနှင့် အမျိုးသားတစ်ဦး ရပ်နေသည်။

“အဘိုး…အဘိုး နေကောင်းမှ ငါးလာမျှားလို့ ရပါတယ်၊ သမီး အဘိုးကို စိတ်မချလို့ပါ”

အလှလေးက သူမပါးနှစ်ဘက်ကို သူမ၏ သေးသွယ်သောလက်များနှင့် ဖျစ်ညှစ်၍ နှုတ်ခမ်းဆူဟန်ပြုရင်း ပြောလိုက်သည်။

ဝတ်စုံဖြူလေးနှင့် သူမသည် နတ်သမီးလေးအလားပင်။ သူမ၏မျက်နှာလေးသည် မိခင်သဘာဝတရားကြီးက လှပစွာ ထွင်းထုထားသည့် အနုပညာလက်ရာလေအလား အသက်ရှူမှားလောက်လေသည်။

အကယ်၍များ ကျန်းရှီမြူနီစီပယ် စီနီယာအထက်တန်းကျောင်းမှ ကျောင်းသားများသာ သူမကို ဒီနေရာမှာ တွေ့မည်ဆိုလျင် သူမသည် ကျောင်း၏ အလှနတ်ဘုရားမလေး ပိုင်ယီ ဖြစ်သည်ကို သိကြပေလိမ့်မည်။

သူ့မြေးမလေး၏ ကူရာမဲ့နေသော အမူအရာကို ကြည့်ပြီး အဘိုးအိုသည် ဖျော့တော့စွာ ပြုံးလိုက်သည်။

“ယီလေး… စိတ်မပူပါနဲ့ …ဘိုးဘိုး နေကောင်းပါတယ် … နေပြန်ကောင်းလာပြီးနောက်ပိုင်း လက်တစ်ဘက်တည်းနဲ့တောင် နွားရိုင်းတစ်ကောင်ကို သတ်ပစ်နိုင်မယ်လို့ ဘိုးဘိုး ခံစားနေရတယ် … ဟားဟား”

ထိုသို့ပြောပြီး အဘိုးအိုသည် သူ၏ နှုတ်ခမ်းမွှေးကို သပ်ရင်း အားရပါးရရယ်လေတော့သည်။ အဘိုးအို၏ စကားကို ကြားလိုက်ရသော လှံကဲ့သို့ တစ်ဖြောင့်တည်း တည့်မတ်စွာ ရပ်နေသော သက်လတ်ပိုင်းအရွယ် လူကြီးသည် ခပ်ရေးရေးပြုံးလိုက်သည်။

“မမလေး မစ္စတာပိုင် ပြောတာ မှန်ပါတယ်၊ မစ်စတာပိုင် စစ်သားဘဝတုန်းက ဓားမြှောင်စစ်တပ်ဖွဲ့ရဲ့ လက်ရွေးစင်ပါ…သူ အသက်ကြီးလာပင်မယ့်လည်း သာမန်လက်ရွေးစင်အဖွဲ့လေးတွေကို အသာလေး နိုင်ပါတယ်”

ဤသက်လက်ပိုင်းအရွယ် လူကြီး၏ မျက်လုံးများသည် လင်းယုန်ငှက်၏မျက်လုံးများကဲ့သို့ စူးရှထက်မြက်လှသည်။ သူ စကားပြောနေပင်မယ့်လည်း သူ့မျက်လုံးများက အရေးပေါ်အခြေအနေများအတွက် ပတ်ဝန်းကျင်ကို ကြည့်ရှုနေဆဲပင်။

ထိုလူကြီး၏ စကားများကို ကြားပြီးနောက် ပိုင်ယီ စိတ်သက်သာရာရသွားသည်။ ဒီလူသည် နိုင်ငံလက်ရွေးစင်တပ်ဖွဲ့မှ နာမည်ကြီး အလွတ်နပန်းလုံး ချန်ပီယံမှန်း သူမ သိ၏။ ထိုသူသည် လူ အယောက် ၂၀-၃၀ခန့်ကို တစ်ပြိုင်တည်းမှောက်သွားအောင် လုပ်နိုင်သည်။

ယခု ထိုသူက အဘိုးအို အဆင်ပြေသည်ဟု ပြောနေမှတော့ သူမ ထပ်မံ၍ စောဒကတက်စရာ မလိုတော့ပေ။ ထို့နောက် သူမသည် သူမအဘိုး ငါးမြှားနေသည်ကိုသာ စိတ်ပါဝင်စားစွာ စောင့်ကြည့်နေသည်။

“ဟာ…မိပြီကွ”

အဘိုးအိုက ပြုံး၍ ငါးမြှားတံကို ပြန်ရစ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ပိုင်ယီနှင့် သက်လတ်ပိုင်းအရွယ်လူက အဘိုးအိုကို အလျင်အမြန် ဝင်ကူကြသည်။

“တော်တော်လေးတာပဲကွ …. ငါးက တော်တော်ကြီးပုံရမယ်”

အဘိုးအိုသည် ငါးမြှားတံကို ပြန်ရစ်နေရင်း သူ၏အပြုံးကလည်း ပို၍ တောက်ပလာသည်။ သို့သော် သူတို့မြင်လိုက်ရသည့်အရာကို ကြည့်ရင်း လူတိုင်း မှင်တက်သွားသည်။

ဗွမ်းခနဲ မြည်သံနှင့်အတူ လူတစ်ယောက် ရေထဲမှ ထွက်လာသည်။

အဲ့ဒါ လူတစ်ယောက်ပါလား!!!

လူငယ်တစ်ယောက် !!!

ထူးဆန်းသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရပြီးနောက် လူလတ်ပိုင်းအရွယ်လူကြီးသည် ချက်ချင်း အကြည့်ပြောင်းသွားကာ လှောင်အိမ်ထဲမှ လွတ်လာသည့် ကြမ်းကြုတ်သည့်ကျားအသွင် ပြောင်းလဲသွားသည်။

“မစ်စတာပိုင် … သတိထား … ဒါ ခြုံခိုတိုက်ခိုက်တာပဲ”

လူလတ်ပိုင်းအရွယ်လူကြီးက ထိုသို့ပြောပြီး ရှေ့သို့ ပြေးသွားသည်။ ထို့နောက် ယဲ့ဖန်၏ခေါင်းကို ပြင်းထန်စွာ ထိုးနှက်ရန် ဟန်ပြင်လိုက်သည်မို့ လေတိုးသံပင် ထွက်လာသည်။ ။ဤအဖြစ်အပျက်သည် စက္ကန့်ပိုင်းအတွင်း ဖြစ်သွားခြင်းဖြစ်သည်။

မစ်စတာပိုင်က တားရန်ပြင်လိုက်သော်လည်း နောက်ကျသွားချေပြီ။

“ဟင်”

ယဲ့ဖန် ရေထဲမှာ တက်လာစဉ် လူသုံးယောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ လူလက်ပိုင်းအရွယ်လူကြီးက သူ့အား တိုက်ခိုက်လာသည်ကို တွေ့လိုက်ရသောအခါ သူ၏အနက်ရောင်မျက်လုံးထဲ၌ အေးစက်စက် အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။

“မင်းတော့ သေပြီသာမှတ်”

အနားသို့ ကပ်လာသည်နှင့် ယဲ့ဖန်သည် လက်ကို သာသာလေးပင့်တင်၍ ပြန်ထိုးလိုက်သည်။

“ရပ်လိုက်”

အဘိုးအိုနှင့် ပိုင်ယီတို့၏ မျက်နှာအမူအရာ ပြောင်းသွားသည်။ သူတို့နှစ်ယောက်လုံး သက်လတ်ပိုင်းအရွယ်လူကြီး၏ ခွန်အားကို ရှင်းရှင်းလင်းလင်း သိထားသည်။ အလွတ်နပန်းပြိုင်ပွဲ၏ နာမည်ကြီး ချန်ပီယံဖြစ်သည်နှင့်အညီ သူသည် လက်သီးနှင့် ထိုးခြင်း၌ ကျွမ်းကျင်သည်။ နှစ်စင်တီမီတာထူသော သံပြားကိုပင် လက်သီးနှင့် ထိုးနိုင်သည်။

ဤလူငယ်လေးကတော့ ဖြူဖတ်ဖတ်နှင့် အားနည်းဟန်ရှိပြီး လက်သီးဆုပ်လေးကလည်း ပိန်သေးသေးလေး ဖြစ်နေသည်။ ထိုလူကြီး၏ လက်သီးစာသာ မိသွားလျင် သူ၏လက်တစ်ဘက် သုံးစားမရ ဖြစ်သွားပေလိမ့်မည်။

သို့သော် ဖြစ်ပြီးသွားပြီမို့ မြေးအဘိုး နှစ်ယောက်လုံး သူ့ကို ကာကွယ်ပေးရန် မဖြစ်နိုင်တော့။

ဘန်း!!!!

သက်လတ်ပိုင်းအရွယ်လူနှင့် ယဲ့ဖန်တို့ လက်သီးချင်းထိုးမိပြီးနောက် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လူတစ်ယောက်သည် ကြိုးပြတ်သွားသောစွန်ကဲ့သို့ သို့မဟုတ် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နောက်သို့ သုံး၊လေးမီတာလောက် လွင့်သွားသည်။

“သနားစရာကောင်းလိုက်တဲ့ ကောင်လေး”

အဘိုးအိုနှင့် ပိုင်ယီတို့ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူတို့နှစ်ယောက်လုံး ထိုလူငယ်လေး ဒုက္ခိတဖြစ်သွားမည်မှန်း သိနေသည်။ ထို့ကြောင့် မြေးအဘိုးနှစ်ယောက် အခြေအနေကို အကဲခတ်ရန် နောက်သို့ လှည့်ကြည့်လိုက်သည်။

သို့ပင်မယ့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မြေးအဘိုးနှစ်ယောက်လုံး ကြက်သေသေကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်က ကြက်ဥတောင် ပစ်ထည့်လို့ ရနေပြီဖြစ်သည်။

ယဲ့ဖန်ကတော့ တောင်တစ်လုံးပမာ ရပ်မြဲတိုင်းရပ်နေသည်။ လွင့်ထွက်သွားသောသူကား သက်လတ်ပိုင်းအရွယ်လူကြီးပင် ဖြစ်ပေတော့သည်။

“မ…မဖြစ်နိုင်ဘူး”

အဘိုးအိုနှင့် ပိုင်ယီတို့သည် သူတို့မျက်လုံးတွေ ပြာသွားသည်ဟုတောင် ထင်လိုက်မိသည်။

အလွတ်နပန်းပြိုင်ပွဲ၏ နာမည်ကြီး ချန်ပီယံဖြစ်သည့်အပြင် သံမဏိလက်သီးဟု နာမည်ကြီးသည့် ထိုလူသည် အားနည်းသည့်လူငယ်လေးကြောင့် လွင့်ထွက်သွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

ထို့အပြင် ထိုလူ၏လက်သီးသည် သွေးများနှင့် ရွှဲရွှဲစိုနေသည့်အပြင် လက်ဖျံတစ်ခုလုံးလည်း သွင်သွင်ကျိူးနေသည်။

မြေးအဘိုးနှစ်ယောက်သာမက ထိုသူပါ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ ထိုသူက သူ၏ကျိုးသွားသောလက်ကို တုန်လှုပ်နေသောမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

“ငါ့လက် ကျိုးသွားတယ်…သူ့မှာ ဘယ်လောက်တောင် သန်မာတဲ့ခွန်အားတွေ ရှိနေတာလဲ”

ထိုသက်လတ်ပိုင်းအရွယ်လူကြီးက ယဲ့ဖန်ကို ကြည့်နေရင်း ရုတ်တရက် စိတ်ဆိုးဒေါသထွက်နေသော ခွန်အားကြီးမားသည့် ထရိုင်နိုဆောရပ်စ်တစ်ကောင်လား ထင်မှတ်မိသွားသည်။

ချက်ချင်းပင် သူ့မျက်နှာ ဖြူဖျော့သွားပြီး အဘိုးအိုနှင့် ပိုင်ယီကို ထွက်ပြေးဖို့ပြောရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် ယဲ့ဖန်ပြောလိုက်သည့် စကားကြောင့် သူတို့သုံးယောက်လုံး မှင်တက်မိသွားသည်။

“ခင်ဗျားရဲ့ ငါးမျှားချိတ်ကြောင့် ကျုပ်အဝတ်တွေ ပြဲကုန်ပြီ”


Comment

  1. Kyaw Hein says:

    😀😀😀

Leave a Reply

Options

not work with dark mode
Reset