ကျန်းကျိချင်က ပထမတစ်ကြိမ် ဟွာဂျီယူကို လွှတ်ပေးခဲ့သည်ဟု ပြောသည်။ ဤသို့ဆိုင်လျှင် ယခင်ကလည်း ဤသို့ ဖြစ်ပျက် နေခဲ့သည်မှာ သေချာသည်။ ကျန်းကျိချင်ကား ပဉ္စမအတန်းအစား နိုဘယ်ဖြစ်သည်။ သူမနှင့် ရင်ဆိုင်ရပါက ဟွာဂျီယူအတွက် အမှန်ပင် ခက်ခဲပေသည်။
တော်ဝင်ကျဲ နန်းတော်တွင် လူသစ်များက အနိုင်ကျင့်ခံရသည်မှာ အမှန်ပင် ရိုးရာတစ်ခု ဖြစ်နေပုံရသည်။
“ခင်ဗျားက ယွန်စွေ့ရှင်းနဲ့ ဘာတော်စပ်လဲ ကျုပ်သိလို့ မရလား…” ဟွာဂျီယူ၏ ဘေးကို လျှောက်သွားရင်းက သူမ၏လက်ကို ဆွဲကာ ရီဖူရှင်းက ကျန်းကျိချင်ကို မေးသည်။
ကျန်းကျိချင်က ရီဖူရှင်းကို တစ်ချက် ကြည့်သည်…. “သူမက ငါ့ရဲ့ စီနီယာ…”
“ဟ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ဂျီယူက ကျုပ်ချစ်သူပဲ… ခင်ဗျားလို ဂျူနီယာ ပတ်သက်မှုလောက်က ကျုပ်နဲ့ ယွန်စွေ့ရှင်းကြားက ကိစ္စကို ဝင်စွက်ဖက်ခွင့် ရှိနေရင် ဂျီယူက ကျုပ်အတွက် ဘာလို့ မပြောပေးနိုင် ရတာလဲ…”
“ခင်ဗျားက အရူးလား…” ရီဖူရှင်းက ရယ်မောလိုက်သည်။ အားလုံး၏ အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်း၏စကားက ကျိုးကြောင်း ဆီလျော်ပေသည်။ သို့သော် တန်ခိုးရှင် လောကတွင် အမှန်တရားက တစ်ခုတည်းသာ ရှိသည်။ အကယ်၍ ဟွာဂျီယူ၏ အဆင့်က ကျန်းကျိချင်ထက် မြင့်ပါက သူမ ဝင်ပါရဲမည် မဟုတ်သည်မှာ သေချာ၏။ သို့သော် အခြေအနေက ရီဖူရှင်းနှင့် ဟွာဂျီယူတို့ တန်ခိုးအဆင့် နိမ့်နေခြင်း ဖြစ်သည်။
“သူမက ပြောနိုင်တာပေါ့…” ကျန်းကျိချင်က နှာခေါင်းရှုံ့သည်… “သူမက နင့်အတွက် အစားဝင်ပြီး တိုက်ခိုက် ပေးမယ် ဆိုရင်လည်း ငါ လက်ခံတယ်…”
“အဆုံးမှာတော့ ခင်ဗျားက စီနီယာဆိုတဲ့ဟာ တစ်ခုတည်းနဲ့ အထက်စီးက ဆက်ဆံ နေတော့တာပါပဲလား…” ရီဖူရှင်းက ရယ်မောလိုက်သည်… “ကောင်းပြီလေ… ဒါဆိုလည်း တစ်ခုပြီးတစ်ခု ဖြေရှင်းကြတာပေါ့…” သူက ထိုသို့ပြောကာ ယွန်စွေ့ရှင်းထံသို့ လျှောက်သွား လိုက်သည်။ လူအုပ်ကြီးကလည်း ဘေးကို ဖယ်ပေးကြည်ကာ အခြေအနေ ကြည့်နေကြသည်။ ရီဖူရှင်းက ဘာလုပ်မည်ကို သူတို့ သိလိုကြ၏။ သူက ယွန်စွေ့ရှင်းအား စော်ကား ပြောဆိုသည့် သတင်းက တော်ဝင်ကျဲ နန်းတော် တစ်ခုလုံး ပျံ့နှံ့နေပြီး ဖြစ်သည်။
ရီဖူရှင်းက ယွန်စွေ့ရှင်း အနားကို ကပ်လာသည်။ သူမ၏ အေးစက်သော အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်တွင် ရီဖူရှင်းက ပြောသည်… “ကျုပ်တို့ နှစ်ယောက်အကြား ဖြစ်ခဲ့တာကို ပြန်ပြောရအောင်… အဲဒါက နားလည်မှု လွဲတာ ဆိုပေမဲ့ ဦးဆုံး မှားတာက ကျုပ်ပါပဲ… ဒါပေမဲ့ ဒါက စေတနာ အမှားဆိုတာ ခင်ဗျားလည်း သိမှာပါ… ကျုပ်တမင် လုပ်တယ်လို ယူဆရင် ကျုပ်က တောင်းပန်ရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ… ကျုပ်ကို သဘောရှိသလို လုပ်လို့ရတယ်…”
ယွန်စွေ့ရှင်းက ရီဖူရှင်း၏ မျက်လုံးများကို ကြည့်သည်။ သူ၏ အကြည့်ကား ကြည်လင်ကာ တစ်ဖက်သားကို နားလည် လက်ခံနိုင်သော စွမ်းအားများ ရှိနေဟန်ရသည်။
“ငါနင့်ကို ယုံတယ်…” ယွန်စွေ့ရှင်းက ပြောသည်။
“ဒါဆို ပိုလွယ် သွားတာပေါ့…” ရီဖူရှင်းက ပြောသည်… “ခင်ဗျား နိုးထလာတဲ့အခါ ကျုပ်က နားလည်မှုလွဲတာ ဆိုပြီးတော့ ရှင်းပြဖို့ ကြိုးစားခဲ့တယ်… အဲဒီတုန်းက ခင်ဗျားကသာ ကျုပ်ရှင်းပြတာကို နားထောင်ခဲ့ရင် ပြဿနာ တက်ခဲ့မှာ မဟုတ်ဘူး… ဒါပေမဲ့ ခင်ဗျားက ချက်ချင်း တိုက်ခိုက်ခဲ့တယ်လေ… ကျုပ်က ဘယ်လိုလုပ် အသေခံနိုင်ပါ့မလဲ… ခင်ဗျားက ဘယ်လို ခံစားရမယ် ဆိုတာကိုလည်း ကျုပ် နားလည်ပါတယ်… အေးခဲရေကန်ထဲမှာ ဖြစ်ခဲ့တာက နားလည်မှု လွဲတာပဲဖြစ်ဖြစ် တမင်ပဲဖြစ်ဖြစ် ဒါက တကယ်ပဲ ကျုပ်အမှားပါ… ကောင်းကင် တက်လှမ်းမျှော်စင်က ကိစ္စအတွက်လည်း ကျုပ် တောင်းပန်ပါတယ်… ဒါက ခင်ဗျားကို ကြောက်လို့တော့ မဟုတ်ဘူး… အရေးမပါတဲ့ ကိစ္စတွေအတွက် ခေါင်းရှုပ် မခံချင်တာပဲ ရှိတာ… တကယ်လို့ ဒါနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခုရှိရင် ကျုပ်ဆီကို တိုက်ရိုက် လာလို့ရတယ်… ဒါက ခင်ဗျားနဲ့ ကျုပ်အကြားက ကိစ္စသက်သက်ပဲ… ကျုပ်က လက်ခံတယ်… ဒါပေမဲ့ ဒီကိစ္စက ဂျီယူနဲ့ ဘာမှ မဆိုင်ဘူး… ထို့ကျန်း နန်းဆောင်နဲ့လည်း မဆိုင်ဘူး…” ထိုသို့ပြောကာ ရီဖူရှင်းက လှည့်ထွက် လိုက်သည်။
ရီဖူရှင်း လှည့်ထွက် သွားသည်တွင် ယွန်စွေ့ရှင်းက ပြောသည်… “ဒီကိစ္စကို မေ့လိုက်ကြတာပေါ့…” သူမ၏စကားကို ကြားသည်တွင် ရီဖူရှင်းက ပြုံးလိုက်သည်။ ထို့နောက် သူက ကျန်းကျိချင်ထံသို့ ဆက်လက်၍ လျှောက်သွားသည်။
“အခု ကျုပ်နဲ့ ယွန်စွေ့ရှင်း အကြားက ကိစ္စတွေ ရှင်းလင်းသွားပြီ… အခု ခင်ဗျားနဲ့ ကျုပ်အကြားက ကိစ္စကို ပြောဖို့ပဲ လိုတော့တယ်… ခင်ဗျားက ကျုပ်ကိစ္စမှာ မဆိုင်ဘဲ ဝင်ပါတာ နှစ်ခါရှိပြီ… ပထမတစ်ခါ ကောင်းကင် တက်လှမ်း မျှော်စင်မှာ… အခု ထို့ကျန်း နန်းဆောင်မှာ… ပြီးတော့ ကျုပ်ချစ်သူကို ဒီအတွက် အနိုင်ကျင့်တယ်… ပြောပါ… ကျုပ်တို့ ဘယ်လို ဖြေရှင်းရမလဲ…”
“အစ်မယွန်က နင့်ကို ခွင့်လွှတ်ရင် ခွင့်လွှတ်လိမ့်မယ်… ဒါပေမဲ့ နင်က မကောင်းတဲ့လူ ဖြစ်နေတုန်းပဲ… ဝမ်ယွီကို အလစ်တိုက်တယ်… အစ်မယွန်ကို စော်ကားတယ်… နင်က ပါရမီရှင် အဆင့်မှာ ရှိနေပြီးတော့ စိန်ခေါ်မှုတွေကို အရှုံးပေးပြီး တမင် လက်မခံဘူး… နင်က အရှက်ဆိုတာ ဘာမှန်း သိပုံမရဘူး…” ကျန်းကျိချင်က ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ သူမက ရီဖူရှင်း၏ မေးခွန်းကြောင့် အံ့အားသင့် ရသည်။ သူက မည်သို့ ဖြေရှင်း လိုနေသနည်း။
“ကျုပ်က တော်ဝင်ကျဲ နန်းတော်ကို ဝင်လာကာ လေ့ကျင့်ဖို့ပဲလေ… ဒီလို အရေးမပါတဲ့ စိန်ခေါ်မှုတွေမှာ အချိန်ကုန် မခံနိုင်ဘူး… ပြီးတော့ ခင်ဗျားတို့က တန်ခိုး အဆင့်နိမ့်တဲ့လူတွေကို လိုက်ပြီး စိန်ခေါ်တယ်… စိန်ခေါ်တာကို အတင်း လက်ခံခိုင်းတယ်… ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြီးမြတ်ချင်ယောင် ဆောင်တယ်… ဒါက ဂုဏ်ယူစရာတစ်ခုလို လုပ်နေတာ အံ့အားသင့်စရာ ကောင်းလိုက်တာ…”
ရီဖူရှင်းက ကျန်းချိချင်ကို အေးစက်စွာ ပြောသည်… “မင်းက ခွေးမတစ်ကောင် ဖြစ်နေပြီဆိုတာ ဘယ်သူမှ မပြောဖူး ကြဘူးလား…”
ရီဖူရှင်း၏ စကားကို ကြားသည်တွင် အားလုံး၏ အကြည့်က အေးခဲသွားသည်။ ရီဖူရှင်း ထို့ကျန်း နန်းဆောင်၌ အားလုံး၏ရှေ့တွင် ကျန်းကျိချင်ကို စော်ကားခဲ့သည်။
ကျန်းချိချင်၏ အမူအရာကလည်း အေးခဲသွားသည်။ သူမက ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။ တစ်စုံတစ်ယောက်က သူမအား ဤသို့ စော်ကား ပြောဆိုခြင်းက ပထမဆုံး ဖြစ်သည်။ ပဉ္စမအတန်းအစား နိုဘယ်တစ်ယောက်၏ ဖိအားက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့လာသည်။ ကျန်းကျိချင်က ရီဖူရှင်း၏ စကားအပေါ် အလွန်အမင်း ဒေါသထွက်သည်ကို အားလုံးက ခံစားရသည်။
ထိုအခိုက်တွင် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ကု့ချင်းတစ်လက်ကို ကိုင်ကာ ရီဖူရှင်းတို့အနီးကို ရောက်လာသည်။ သူကား လျန်ယွီချန်း ဖြစ်သည်။ သူက ထို့ကျန်း နန်းဆောင်မှဖြစ်ကာ ပါရမီရှင် အဆင့်၌ အဆင့်ငါး နေရာတွင် ရှိသည်။ ရီဖူရှင်းအား ကြည့်ကာ သူက ပြောသည်… “မင်းရဲ့ စီနီယာ တစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့ စော်ကား ပြောဆိုတာ တကယ်ပဲ စိတ်ပျက်စရာ ကောင်းတယ်…” လျန်ယွီချန်းက ပြောသည်။
“ခင်ဗျား စိတ်ပျက်တာ မပျက်တာကို ကျုပ်က ဘာလို့ ဂရုစိုက်နေရမှာလဲ…” ရီဖူရှင်းက လျန်ယွီချန်းကို ပြန်မေးသည်။ လျန်ယွီချန်းကို သူမသိပေ။ သို့သော် သူ၏ပုံဟန်နှင့် ကိုယ်ရောင်ကိုယ်ဝါ အရ ထို့ကျန်းနန်းဆောင်၌ အလေးထားခံရသူ တစ်ယောက် ဖြစ်ရမည်ဟု သူမှန်းမိသည်။
အခြေအနေက တစ်ဖန် တင်းမာသွားပြန်သည်။ ရီဖူရှင်းက လျန်ယွီချန်းကို ဤသို့ ပြန်ပြောရဲမည်ဟု မည်သူကမှ မယုံကြည်ကြပေ။ လျန်ယွီချန်းကား ပါရမီရှင် အဆင့်၌ အဆင့်ငါး နေရာတွင် ရှိသည်။
“အစ်ကိုကြီးလျန်… ထို့ကျန်း နန်းဆောင်မှာ ကျန်းကျိချင်က ရီဖူရှင်းကို အရှက်မရှိတဲ့လူ၊ မကောင်းတဲ့လူဆိုပြီး ပြောတာကတော့ ရပြီး ရီဖူရှင်းက ပြန်ပြောတာကျတော့ မကောင်း ဖြစ်သွားတာပဲလား…” ဟွာဂျီယူကလည်း အေးစက်စွာ ပြောသည်။
“ယောက်ျား တစ်ယောက်အနေနဲ့… ပါရမီရှင်အဆင့် ဇယားက လူတစ်ယောက် အနေနဲ့ သူက တခြားလူတွေကို ကောင်းကောင်းမွန်မွန် ပြောရမှာပဲ…” လျန်ယွီချန်းက ဟွာဂျီယူကို ကြည့်ကာ ပြောသည်။
“ရှင်က ပါရမီရှင်အဆင့် ဇယားမှာ နံပါတ်ငါးနေရာ ချိတ်ပေမဲ့ ကျန်းကျိချင်နဲ့ စိတ်သဘောထားက ဘာမှ မကွာခြားပါလား…” ဟွာဂျီယူက အေးစက်စွာ ပြောသည်။ လျန်ယွီချန်းက ဟွာဂျီယူကို ကြည့်သည်တွင် သူမက ရီဖူရှင်း၏လက်ကို ကိုင်ဆွဲထားသည်ကို မြင်သည်။ သူက ဤလူများနှင့် ဆက်လက်၍ ငြင်းခုံနေလည်း အပိုဟု သိလိုက်သည်။
“ခင်ဗျားတို့ အားလုံးက တစ်ဖက်လူကို အတင်းစိန်ခေါ်… အတင်း လက်ခံခိုင်းတာကို သဘောကျမှတော့ ထို့ကျန်းနန်းဆောင်က လူတွေ တခြားလူတွေကို ဘယ်လို ကောင်းကောင်း ပြောဆို ဆက်ဆံလဲဆိုတာ အရမ်း သိသာပါတယ်…” ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်ကာ ပြောသည်… “ကျုပ်က အဋ္ဌမအတန်းအစား နိုဘယ်…. မင်းတို့ထဲက စိန်ခေါ်ချင်ရင် ကြိုက်တဲ့လူ စိန်ခေါ်လို့ရတယ်…”
အားလုံးက စိတ်ဝင်စား သွားကြသည်။ ရီဖူရှင်းက သူ၏တန်ခိုးအဆင့်ကို ဖော်ထုတ် ပြောဆိုကာ စိန်ခေါ်သည်။
ကျန်းကျိချင်က ရှေ့ကို တက်မည်ဟန်ပြင်လျှင် အသံတစ်သံ ထွက်လာသည်… “ကျိချင်… ”
အားလုံး၏ အကြည့်က စကားပြောလိုက်သူ ထံကို ရောက်သွားသည်။ သူကား ယွန်ဖုန်းဖြစ်သည်။ သူက ပြောသည်… “ကျုပ်ကလည်း ဒီလူရဲ့အပြုအမူကို သဘောမကျမှတော့ သူနဲ့ တစ်ပွဲလောက် စမ်းကြည့်ချင်တယ်…”
ပါရမီရှင်ဇယားတွင် ယွန်ဖုန်းက အဆင့် ကိုးဆယ့်ခြောက်တွင် ရှိပြီး ရီဖူရှင်းက ကိုးဆယ့်ခုနစ်တွင် ရှိသည်။ ထို့ကြောင့် သူက ရီဖူရှင်းအား အလွန် သဘောမကျ ဖြစ်နေသည်။
“ညီမကျန်း…” လျန်းယွီချန်းက ပြောသည်… “ယွန်ဖုန်းက ဆဋ္ဌမအတန်းအစား နိုဘယ်… သူက ဒီအတွက် သင့်တော်တယ်… ရီဖူရှင်းက ဝင်ခွင့်ပထမ နေရာကို ရဖို့ သူ့ထက် တန်ခိုးအဆင့် နှစ်ဆင့်မြင့်တဲ့လူကို အနိုင်ယူခဲ့တယ်… ပြီးတော့ သူတို့ နှစ်ယောက်အကြား ပါရမီရှင် အဆင့်ကလည်း နီးကပ်တယ်… ဒီစိန်ခေါ်မှုက အနိုင်ကျင့်တာ မဟုတ်ဘူး…”
ကျန်းကျိချင်က ခေါင်းညိတ်သည်။ သူမက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ သူမက ဤသို့တစ်ခါမှ စော်ကား မခံဖူးပေ။
ယွန်ဖုန်းက ရှေ့ကို လျှောက်လာသည်။ သူ့အနီးမှ လူများကလည်း ဘေးကို ဖယ်ပေးကြသည်။ ရီဖူရှင်းက ဟွာဂျီယူကို ခေါင်းညိတ်ပြ သည်တွင် သူမကလည်း နောက်ဆုတ်သည်။ ခဏအတွင်း၌ပင် အလယ်၌ မြေကွက်လပ်တစ်ခု ဖြစ်လာသည်။
ယွန်ဖုန်းက ပြုံးလျက်ပင် ကြေညာသည်… “ကျုပ်က ယွန်ဖုန်း… အဋ္ဌမ အတန်းအစား နိုဘယ်… ပြီးတော့ ပန်းချီဆရာ တစ်ယောက်ပဲ…” သူ၏စကား ပြီးဆုံးသွားသည်နှင့် ချက်ချင်းပင် များစွာသော ပန်းချီကားများ လေထဲ ဖြစ်ပေါ်လာသည်။ လေထဲတွင် ထောင်ပေါင်း များစွာသော ပန်းချီကားများ ပျံသန်းနေကား ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်ကြသည်။
ရီဖူရှင်းက ယွန်ဖုန်းကို ကြည့်သည်။ သူ၏ သက်စောင့်ဝိညာဉ်က ပန်းချီကားများ ဖြစ်ကာ အစ်ကို၄၏ စာအုပ်ဝိညာဉ်နှင့် ဆင်တူသည်။
များစွာသော ပန်းချီကားများကို ကြည့်ရင်းက သူ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ပန်းချီကားတစ်ခုက ဟွာဂျီယူ၏ပုံ ဖြစ်နေသည်။
“ယွန်ဖုန်း…” ဟွာဂျီယူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူမ၏ မျက်လုံးများကလည်း အေးစက် သွား၏။
“တစ်မျိုး မထင်ပါနဲ့ ညီမ… မင်းက ဒီမတိုင်ခင် ကျုပ် ပန်းချီကားကို မီးလောင် စေခဲ့တယ်… ဒါပေမဲ့ ပန်းချီဆွဲတာက ကျုပ်အတွက် လေ့ကျင့်နည်း တစ်ခု ဖြစ်နေတာကိုး… ကျုပ်က လှပတဲ့ ဘယ်အရာမဆို ကျုပ်ရဲ့ ပန်းချီကားထဲ ထည့်ချင်တယ်… ဒါက ညီမကို တမင် ရည်ရွယ်တာ မဟုတ်ပါဘူး… နားလည်ပေးဖို့ မျှော်လင့်ပါတယ်…” ယွန်ဖုန်းက ရှင်းပြသည်။ သူ၏ ပန်းချီကားများထဲတွင် အမျိုးအစား စုံလင်ကာ လူပုံများ၊ သားရဲများ၊ လက်နက်များနှင့် တခြား အမျိုးအစားများစွာ ပါဝင်သည်။
ရီဖူရှင်း၏ အမူအရာက အလွန်အမင်း အေးစက်သွားသည်။ သူက ရုတ်တရက် လေထဲကို ပျံတက်ကာ ထို့ကျန်း နန်းဆောင် အပြင်ဘက်ကို ပျံသန်း သွားသည်။
အားလုံးက မှင်တက် သွားသည်။ ယွန်ဖုန်းက သူ့နောက်မှ လိုက်ပါသွားကာ မေးသည်… “ဒါက ဘာသဘောလဲ…”
“ငါတို့ ပါရမီရှင် တိုက်ပွဲစင်မြင့်မှာ ဖြေရှင်းကြမယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ပန်းချီကားကို မြင်သည်တွင် သူက ထို့ကျန်း နန်းဆောင်၌ မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
***