တပည့်တစ်ရာခန့် ထို့ကျန်း နန်းဆောင်၏ ရှေးဟောင်း ဘုရားကျောင်းရှေ့တွင် စုရုံးနေကြသည်။ သူတို့၏ နေရာ ထိုင်ခိုင်းများတွင် တိတ်ဆိတ်စွာ ထိုင်လျက် ရှီတန်ခိုးရှင် ထို့ကျန်း၏ တန်ခိုးကျင့်ခြင်းနှင့် ပတ်သက်၍ ပို့ချချက်များကို နားထောင်ကြသည်။ တစ်ခါတစ်ရံ နားမလည်သည်များကို မေးကာ သိလိုသည်များကို ကြားနာကြသည်။
ယနေ့ကား ရှီတန်ခိုးရှင် ထို့ကျန်းလက်ချာ ပို့ချသည့်နေ့ ဖြစ်သည်။ သည်နှစ်ပိုင်းအတွင်း သူ၏ဒုတိယမြောက် ပို့ချမှုလည်း ဖြစ်သည်။ ယခု ဆောင်းဦးရာသီဖြစ်ရာ ရာသီမကုန်မီ တစ်ရာသီခန့်သာ လိုတော့သည်။ ထို့ကြောင့် အားလုံးက လက်ကျန် အချိန်တွင် အတတ်နိုင်ဆုံး ကြိုးစား လေ့ကျင့်ကြသော အချိန်အခါလည်း ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်တွင် ရာသီကုန်၌ ရုတ်တရက် စိန်ခေါ် တိုက်ခိုက် အနိုင်ယူကာ ပါရမီရှင် အဆင့်သို့ ဝင်ရောက်ခြင်းမျိုး ကလည်း မကြာမကြာ ဖြစ်ပျက်တတ်သည် မဟုတ်ပါလား…။
သို့သော်လည်း အသစ်ရောက်လာ သူများထဲတွင် ထိုသို့ စွမ်းဆောင် နိုင်မည့်လူ ရှိဟန်မရ။ လူသစ်ထဲတွင် ပါရမီရှင်အဆင့် ဇယား၌ ပါဝင်သူဟူ၍ ရီဖူရှင်း တစ်ယောက်သာ ရှိပြီး သူ၏အဆင့်က ၉၇ ဖြစ်သည်။ ယခု ရီဖူရှင်းကလည်း ပျောက်နေကာ တစ်နေရာရာတွင် လေ့ကျင့်နေသည်ဟု ထင်ရ၏။
ရီဖူရှင်းက ဘုရားကျောင်းသို့ ရောက်ရန် လှေကားထစ်များ အတိုင်း တက်လှမ်း လာခဲ့သည်။ သူ၏ခြေလှမ်းက ရှီတန်ခိုးရှင်၏ ပို့ချက်မှုကို အနှောင့်အယှက် မဖြစ်စေရန်လည်း ခြေလှမ်းကို ဖွဖွနင်းသည်။ သူက လူအုပ်ကြီးကို တစ်ချက် ကြည့်သည်တွင် ရှေ့ဆုံး၌ ထိုင်နေသော ဂျီယူကို မြင်သည်။ ကြည့်ရသည်မှာ သူမက ဘုရားကျောင်းကို ဦးဆုံးရောက်ကာ ရှေ့ဆုံးနေရာကို ဦးထားဟန် ရသည်။ သူမက အမှန်ပင် ကြိုးစား လေ့ကျင့်နေ၏။
တော်ဝင်ကျဲ နန်းတော်တွင် ပို့ချက် သင်ကြားသူများကား တခြား နန်းဆောင်မှ တပည့်များ လာရောက် နားထောင်သည်ကို မတားမြစ်ပေ။ အသိအမြင် ဗဟုသုတနှင့် တန်ခိုးကျင့်ခြင်း အတွေးအမြင်များကို သင်ကြားရာတွင် တော်ဝင်ကျဲနန်းတော်၌ မည်သူတစ်ဦး တစ်ယောက်ကိုမှ ကန့်သတ် မထားပေ။ ရီဖူရှင်းက နောက်ဆုံးတွင် တိတ်ဆိတ်စွာ ထိုင်လျက်ပင် ဆက်လက် နားထောင်သည်။
ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်တပည့် ဖြစ်ခဲ့သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း သူက လေ့ကျင့်ရေး ကွင်း၌ပင် အချိန်ကုန်ခဲ့သည် များ၏။ သူကား တိုက်ခိုက်ရေး ရှီနန်းဆောင်မှ တပည့် ဖြစ်သော်လည်း တစ်ခါမှ နန်းဆောင်ကို ပြန်မသွား ဖြစ်ခဲ့သေးပေ။ ရီဖူရှင်းက အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ သူက ယခုအချိန်အထိ ဆရာ့ကို သွားမတွေ့ရသေးပေ။ သို့သော်လည်း ယခု ရှီတန်ခိုးရှင် ထို့ကျန်း၏ ပို့ချမှုကို လာရောက် နားထောင် ဖြစ်ခြင်းကလည်း ကောင်းမွန်သော အချက် ဖြစ်ပေသည်။
“တန်ခိုးကျင့်တဲ့အခါ လူတွေက အဆင့်မြင့် ပညာရပ်တွေကိုပဲ စိတ်အား ထက်သန်စွာနဲ့ လေ့ကျင့်ကြတယ်… သူတို့က အခြေခံ အချက်တွေကို လျစ်လျူရှုကြတယ်…” ရှီတန်ခိုးရှင် ထို့ကျန်း၏ အသံက ခန်းမထဲတွင် ပျံ့လွင့်နေသည်။
ရှီတန်ခိုးရှင် ထို့ကျန်းက ဆက်ပြောသည်… “တော်ဝင်ကျဲ နန်းတော်က တပည့်တွေ အားလုံးက ကိုယ်စီကိုယ်င ထူးချွန်တဲ့ လူတွေချည်းပဲ… ဒါပေမဲ့ အဆင့်မြင့် ပညာရပ်တွေကိုပဲ လေ့လာ လိုက်စား လိုကြတယ်… တချို့ဆို သူတို့ကို စွမ်းအားမြင့် ပညာရပ်တွေ မသင်ပေးလို့ ငါ့ကို သဘောမကျ ဖြစ်ကြတယ်…”
သူက ဆက်သည်… “တန်ခိုးရှင်တွေ မေးခွန်းထုတ်တဲ့အခါ လျစ်လျူရှုမိတာက တန်ခိုး အဆင့်တူတဲ့လူ နှစ်ယောက်က ဘာလို့ တိုက်ခိုက်ရေး စွမ်းအား ကွာခြား ရသလဲဆိုတဲ့ကိစ္စပဲ… ဥပမာ တော်ဝင်ကျဲ နန်းတော်က တပည့်တွေက ပြင်ပက တပည့်တွေထက် အားကောင်းကြတယ်… ဒါပေမဲ့ ပါရမီရှင်အဆင့် ဇယားကလူတွေက သာမန် တပည့်တွေထက် အားကောင်းကြတယ်… အဆင့်မြင့်တဲ့ ပညာရပ်ကို တတ်မြောက်တာက တကယ်ပဲ အရေးကြီးလား… တပည့်တွေ အတော်များများက အင်အားကြီး နောက်ခံ အသိုင်းအဝိုင်းက လာကြတာ… သူတို့က အဆင့်မြင်တဲ့ ပညာရပ်တွေကို ပိုင်ဆိုင်ကြပြီးသားပဲ မလား…”
ရှီတန်ခိုးရှင်က ဆက်သည်… “ငါတို့ ငယ်စဉ်တည်းက လေ့ကျင့်ကြတယ်… ငါတို့ရဲ့ စီနီယာတွေက သဘာဝ စွမ်းအင်ကို သိရှိခံစား နိုင်စွမ်းနဲ့ သဘာဝ စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းတို့ကို အသားပေး လေ့ကျင့်ခိုင်းတယ်… အချိန်ကြာလာတဲ့အမျှ ငါတို့က ဒါကို မေ့လျော့ လာကြတယ်… ဒါပေမဲ့ နိုဘယ်အဆင့်ကို ရောက်တဲ့ အချိန်မှာတောင်မှ ဒီအချက်က အရေးပါ အရာဝင်နေတုန်းပဲ… တန်ခိုးအဆင့် တူညီတဲ့နှစ်ယောက်က မှော်ပညာတစ်ခုကို အတူတူ ထုတ်သုံးခိုင်းတဲ့အခါမှာ ကွဲပြားတဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေတယ်… ဒါက ဘာကြောင့်လဲ…”
တစ်ယောက်က ဖြေသည်… “တချို့လူတွေက စိတ်စွမ်းအား ပိုကောင်းတယ်… ဒါကြောင့် သူတို့ ထုတ်လွှတ်တဲ့ မှော်စွမ်းအားကလည်း ပိုပြီး အားကောင်းတယ်…”
“ဒါ မှန်တယ်…” ရှီတန်ခိုးရှင်က ခေါင်းညိတ်သည်… “နိုဘယ် အဆင့်မှာလည်း ဒါပါပဲ… မှော်စွမ်းအား ထုတ်လွှတ်ခြင်းမှာ ဘယ်အရာက အားကောင်းစေတယ် ဆိုတာက မင်းတို့ရဲ့ စိတ်စွမ်းအားက ပတ်ဝန်းကျင်က သဘာဝစွမ်းတွေကို ဘယ်လောက် အသက်ဝင်စေနိုင်ပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုတွေ အပေါ်မှာ မူတည်နေတုန်းပဲ…”
“နိုဘယ်တစ်ယောက် ဖြစ်တဲ့အချက်က နိုဘယ်အသိ မွေးဖွားနိုင်ခဲ့လို့ပဲ… မှော်စွမ်းအားတွေက စိတ်စွမ်းအားကို အခြေခံပြီး ဖြစ်လာတာ… သိုင်းပညာ စွမ်းအားက သိုင်းအသိကို အခြေခံတယ်… မင်းတို့က နယ်ပယ်တစ်ခုကို မြင်ယောင်ကြည့်… တန်ခိုးရှင် တစ်ယောက်ရဲ့ ကျင့်စဉ်တွေက စိတ်စွမ်းအား နယ်ပယ်ထဲမှာ ရှိတယ်… မင်းတို့ တည်ဆောက်တဲ့ စိတ်စွမ်းအားက အဲဒီ နယ်ပယ်ထဲက သဘာဝစွမ်းအားနဲ့ ဘယ်လောက် မြန်မြန် အပြန်အလှန် သဟဇာတ ဖြစ်တယ် ဆိုတာက မင်းတို့ မှော်စွမ်းအားရဲ့ မြန်ဆန်မှုနဲ့ အားကောင်းမှုကို ဆုံးဖြတ်တယ်…”
“အရမ်း အားကောင်းတဲ့ သဘာဝစွမ်းအင် ထိန်းချုပ်နိုင်သူရဲ့ လက်ထဲမှာ သာမန် မှော်ပညာရပ် တစ်ခုဟာလည်း အဆုံးစွန်သော စွမ်းအားကို ဖြစ်ပေါ် စေနိုင်တတ်တယ်…” ရှီတန်ခိုးရှင် ထို့ကျန်းက ပြောသည်။ ထိုအခိုက်တွင် အလွန် အားကောင်းသော စိတ်စွမ်းအား တစ်ခုနှင့်အတူ လူတိုင်းက ပုံရိပ်ယောင် ကမ္ဘာထဲကို ဝင်ရောက် သွားကြသည်။ ထိုလောကထဲတွင် မီးလျှံများသာ ရှိသည်။ လေထဲတွင် မီးလျှံတန်းများ စီးဆင်းနေကြကာ ကြောက်မက်ဖွယ် မီးလုံးကြီးများ ကောင်းကင်ထက်မှ နေမင်းများအလား ဆင်းသက် လာကြသည်။
လူအများအပြားက ကောင်းကင်ကို ထိတ်လန့်စွာ ကြည့်ကြသည်။ အကယ်၍ သူတို့ကိုသာ ထိုမီးလုံးများ ထိမိပါက မေးခွန်းထုတ်စရာ မလိုဘဲ ထိုနေရာတွင်ပင် လောင်ကျွမ်းပြာကျ သွားပေမည်။ ထို့နောက်တွင် ပုံရိပ်ယောင်ကမ္ဘာက ပျောက်ကွယ်သွားပြီး အားလုံးက သတိ ဝင်လာကြသည်။
“ဒါက မီးဓာတ်လုံး မှော်ပညာလား…” တစ်ယောက်က တီးတိုးမေးသည်။
“မှန်တယ်… ဒါက မီးဓာတ်ပညာပဲ… အဆင့်အနိမ့်ဆုံး မီးဓာတ်လုံး ပညာလည်း ဖြစ်တယ်…” ရှီတန်ခိုးရှင် ထို့ကျန်းက ပြောသည်… “မီးဓာတ်ပညာနဲ့ ပတ်သက်ပြီး ပြောရရင် လူတိုင်းက ကွဲပြားခြားနားတဲ့ မီးဓာတ် နားလည်မှုကို ပိုင်ဆိုင်နိုင်တယ်… ဒါကပဲ သူတို့ ထုတ်လွှတ်တဲ့ စွမ်းအားကို သတ်မှတ်ပေးတာပဲ… ဒါကြောင့် မင်းတို့က လေ့ကျင့်တဲ့အခါမှာ အဆင့်မြင့်တဲ့ ပညာရပ်ကိုပဲ လေ့ကျင့်ရမယ်လို့ ခေါင်းမမာစေချင်ဘူး… မင်းတို့ရဲ့ စိတ်ဝိညာဉ် သီးသန့်နယ်ကို တည်ဆောက် နိုင်အောင် ဦးဆုံး ကြိုးစားကြရမယ်… ဒါဆိုရင် မင်းတို့က တိုက်ခိုက်တဲ့အခါမှာ မင်းတို့ရဲ့ ပတ်ဝန်းကျင်က သဘာဝ စွမ်းအင်တွေကို စိတ်ရှိတိုင်း အသုံးပြုနိုင်လိမ့်မယ်… သိုင်းပညာလည်း ဒီသဘောတရားပဲ…”
လူအများအပြားက ရှီတန်ခိုးရှင် ထို့ကျန်း၏ စကားကို သေချာစွာ နားထောင်ကြသည်။ ရီဖူရှင်းကလည်း ထိုစကားကို လက်ခံသည်။ ရှီတန်ခိုးရှင်က ရိုးရှင်းသော အသိပညာများကို ပြောပြနေသော်လည်း မူလက မည်သူမှ အလေးအနက် ထားသည် မဟုတ်ပေ။ ယခု သူက ထပ်မံ၍ သေသေချာချာ ထောက်ပြသည်တွင် အားလုံးက သေသေချာချာ မှတ်သားကြရသည်။
ကော့တေးတွင်တုန်း ကလည်း သူ၏ဆရာက သူ့အား အခြေခံ မှော်ပညာရပ် မျိုးစုံကို အရိုးထဲစွဲအောင် လေ့ကျင့်စေခဲ့သည်။ ထိုနည်းကလည်း ယခု ရှီတန်ခိုးရှင် ထို့ကျန်း ပြောပြသော သဘောတရားနှင့် အတူတူ ဖြစ်ပေသည်။
“မင်းတို့က ဒီအဆင့်ကို ကျော်သွားနိုင်တဲ့အခါ နောက်တစ်ဆင့် ထပ်လုပ်ရမယ်…” ရှီတန်ခိုးရှင်က ဆက်ပြောသည်… “မင်းတို့ရဲ့ ကိုယ်ပိုင် သိမြင်စွမ်းကို သုံးပြီးတော့ စိတ်စွမ်းအားရဲ့ ကွဲပြားခြားနားတဲ့ သီးသန့်နယ်တွေကို တည်ဆောက်ရမယ်… ပြီးတော့ မင်းတို့ရဲ့ မှော်စွမ်းအားတွေကို ပြုပြင် ပြောင်းလဲပြီးတော့ ပိုမို အားကောင်းအောင် လုပ်ရမယ်… တချို့ အဆင့်မြင့် ပညာရပ်တွေက ကွဲပြားခြားနားတဲ့ ဓတ်စွမ်းအင်နဲ့ ပညာရပ်တွေကို ပေါင်းစပ်ထားတာပဲ… ဒီလို ဖန်တီးဖို့အတွက် နက်ရှိုင်းတဲ့ အခြေခံ အသိအမြင်တွေလိုပြီး တီထွင် ဖန်တီးနိုင်စွမ်းအား ကောင်းရမယ်… မှန်တယ်.. အများစုကတော့ အသင့်သုံး ပညာရပ်တွေကို လေ့ကျင့်ဖို့ အားသန်ကြမှာပဲ… ဒါပေမဲ့ မင်းတို့က အနည်းဆုံး ပိုမိုအားကောင်းတဲ့ အဆင့်တစ်ခုကို ရောက်ဖို့ဆိုရင် ဒီအဆင့်တွေကို ကျော်ဖြတ်ဖို့ လိုလိမ့်မယ်…”
ရှီတန်ခိုးရှင် ထို့ကျန်း၏စကားကို ကြားသည်တွင် အားလုံးက ပြုံးမိကြသည်။ မှန်သည်… လူအများစုက အသင့်သုံး ပညာရပ်များကိုသာ လေ့ကျင့် လိုကြသည်သာ…။ အတော်ဆုံးသော ပါရမီရှင်များလည်း ထိုနည်းတူသာ…။
“ကောင်းပြီ… ငါတို့ ဒီနေ့ ဒီလောက်နဲ့ ရပ်ကြတာပေါ့…” ရှီတန်ခိုးရှင် ထို့ကျန်းက ထရပ်ကာ သူ့ရှေ့မှ လူငယ်များကို ကြည့်သည်။ မေးခွန်း ထုတ်စရာ မလိုအောင်ပင် သူ၏ တန်ခိုးအဆင့်ဖြင့် ရီဖူရှင်း ရောက်လာသည်ကို သိသည်။
တစ်ချက် ရယ်ကာ သူက ထိုနေရာမှ ထွက်ခွာသွားသည်။ တပည့်များကလည်း ထရပ်ကြသည်။ တချို့က သူတို့ နားလည်သည်များကို ဆွေးနွေး ပြောဆိုကြသည်။ အချို့က သူတို့ နားလည်သည်များကို မိမိကိုယ်ကို ပြန်သုံးသပ် နေကြသည်။ ရှီတန်ခိုးရှင် ထို့ကျန်းက ပို့ချမှု ပြုလုပ်တိုင်း သူတို့အားလုံး အကျိုး တစ်စုံတစ်ရာ ရသည်သာ…။
“ဂျီယူ…” ရီဖူရှင်းက စိတ်ဖြင့် လှမ်းခေါ်သည်။ ဟွာဂျီယူက အံ့အားသင့် သွားကာ နောက်ကို လှမ်းကြည့်သည်။ ရီဖူရှင်းအား မြင်သည်တွင် သူမ၏ ပတ်ဝန်းကျင်မှ လူများကိုပင် ရောင်ပြန်ဟပ်စေသော အပြုံးတစ်ခု ဖြစ်လာသည်။
ထို့နောက် သူမက နတ်မိမယ်တစ်ပါးလို ပေါ့ပါး သွက်လက်စွာဖြင့် တစ်နေရာသို့ အပြေး လှမ်းသွားသည်ကို မြင်ကြရသည်။ အားလုံး၏ မျက်လုံးများက သူမလျှောက်လှမ်း သွားရာနေရာကို လိုက်ကြည့် ကြသည်တွင် ထိုနေရာ၌ ရီဖူရှင်း ရပ်နေသည်ကို မြင်ကြရသည်။
အချို့က ရီဖူရှင်းကို မှတ်မိကြသည်။ သူတို့၏ မျက်နှာများ နက်မှောင် သွားကြ၏။ ရီဖူရှင်းက မည်သို့ ထို့ကျန်း နန်းဆောင်သို့ ဝင်ရဲသနည်း။ ယွန်စွေ့ရှင်းလည်း ဤနေရာတွင် ရှိနေသည်။ ဟွာဂျီယူက ရီဖူရှင်းအတွက် ပြောပေးထား သော်လည်း သူက ယွန်စွေ့ရှင်းအား တရားဝင် မတောင်းပန်သေးပေ။
“နင်က ဘာလို့ ထို့ကျန်း နန်းဆောင်မှာ ရှိနေရတာလဲ…” ဟွာဂျီယူက သူ့ဘေးကို လျှောက်လာကာ သူမ၏လက်ကို ဆန့်တန်းသည်။ ရီဖူရှင်းက သူမ၏လက်ကို ဆွဲလိုက်ပြီး ပြောသည်… “ငါ မင်းကို သတိရတယ်…”
“အတူတူပဲ…” ဟွာဂျီယူက တီးတိုးပြောသည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ ပြောစကားများကို အားလုံးက ကြားကြသည်။ ရီဖူရှင်းနှင့် ပတ်သက်သော ကောလာဟလများကို တွေးမိကြသည်တွင် သူတို့အားလုံး ရင်နာရသည်။
ရီဖူရှင်းက အစ်မယွန် အပေါ်တွင် မသင့်တော်သော အပြုအမူများ လုပ်ဆောင်ခဲ့ကာ ယခု ထို့ကျန်း နန်းဆောင်တွင်လည်း ဟွာဂျီယူနှင့် လွန်စွာ နီးကပ်သော ဆက်ဆံရေး ပုံစံကို ပြသနေသည်။
“အာ… ဒါနဲ့ အစ်မယွန်ကို နင် ဘာလုပ်ခဲ့တာလဲ… နင်က အစ်မယွန်ကို မတောင်းပန်ချင် ဘူးလား… သူမက ဒီကိစ္စကို နောက်ထပ် မပြောတော့ဘူးတဲ့…” ဟွာဂျီယူက ရီဖူရှင်းကို ပြောသည်။ လူအုပ်ထဲမှ ယွန်စွေ့ရှင်း ကလည်း ရီဖူရှင်းကို ကြည့်သည်။ ကြားထဲမှ လူများက ဘေးကို ဖယ်ပေးကြရာ ယွန်စွေ့ရှင်းနှင့် ရီဖူရှင်းတို့အကြား မျက်နှာချင်းဆိုင် အနေအထား ဖြစ်လာသည်။
“သူမကပဲ ငါ့ကို တောင်းပန်ရမှာ…” ရီဖူရှင်းက ထိုအဖြစ်အပျက်ကို သတိရသွားကာ တုံးတိတိ ပြောသည်။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့ မည်မျှ ရင်းနှီးကြသည်ကို မြင်သည်တွင် ထိုနေ့က ဖြစ်ပျက်သမျှအထင်လွဲခြင်းသာ ဖြစ်ကြောင်း နားလည် လိုက်သည်။ အကယ်၍ ရီဖူရှင်းကသာ သူ့ဘက်ကို ရှင်းရှင်းလင်းလင်း ပြောကာ ကိုယ်တိုင် တောင်းပန်ပါက သူမကလည်း ခွင့်လွှတ်ရန် အဆင်သင့်ပင်။ သို့သော်လည်း ရီဖူရှင်း၏လက်ရှိ အမူအရာနှင့် စကားက သူမအား တစ်ဖန် ဒေါသထွက် စေပြန်သည်။
ရီဖူရှင်းက သူမ လေ့ကျင့်နေစဉ် ပွေ့ဖက် ခေါ်ယူသွားကာ ယခု သူမက ပြန်၍သူ့ကို တောင်းပန် ရဦးမည်လော…။
ဘယ်လောက်တောင် မာနကြီးလိုက်တဲ့ အကောင်လဲ…။ အားလုံးက တွေးလိုက်ကြသည်။
အေးစိမ့်သော အငွေ့အသက်တစ်ခု ယှက်သန်း လာသည်တွင် ဟွာဂျီယူက ရီဖူရှင်း၏ရှေ့တွင် လာရပ်ပြီးမှ ယွန်စွေ့ရှင်းကို ပြောသည်… “အစ်မယွန်… ညီမက သူ့ကို ဖျောင်းဖျ ပေးပါ့မယ်…”
ဟွာဂျီယူ၏ လှပသော မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာသည်။ သူ ဘာတွေးနေသည်ကို သူမ နားမလည်။ သူက တစ်ခါမျှ အလျှော့ပေးလိုက်လို့ မရဘူးလား…။ မည်သို့ဆိုစေ အစ်မယွန်အား မိန်းမလှတစ်ယောက် ဖြစ်သည်။
“နင်က မိန်းမလှတွေကို သဘော မကျဘူးလား… သူမကို တစ်ခါလောက် အလျှော့ပေးလိုက်လို့ မရဘူးလား…” ဟွာဂျီယူက စိတ်ဖြင့် ပြောသည်။
ရီဖူရှင်းက အံ့အားသင့် သွားသည်။ သို့သော် ဟွာဂျီယူက သူ့အတွက် ပြောပေးနေခြင်း ဖြစ်ကြောင်းလည်း သူ နားလည်သည်။ ဤသို့ဆိုမှတော့ သူ အလျှော့ပေး ရတာပေါ့ဟု ရီဖူရှင်း တွေးလိုက်သည်။
“အရင်တုန်းက ငါနင့်ကို သတိပေးခဲ့ဖူးတယ်… ဒါပေမဲ့ နင့်ရဲ့ စော်ကားမှုကို ခံခဲ့ရတယ်… အခု နင်က ကိုယ့်ကိုယ်ကိုယ် ကြည့်ပါ… နင်တို့နှစ်ယောက် အကြားက ကိစ္စက ငါနဲ့မဆိုင်ဘူး… ဒါပေမဲ့ အစ်မယွန်နဲ့ ပတ်သက်တာကိုတော့ ငါတို့က လျစ်လျူရှု ထားပေးလို့ မရဘူး…” ဘေးမှ အသံတစ်သံကို ကြားရသည်။ ပြောလိုက်သူကား ကျန်းကျိချင် ဖြစ်သည်။ သူမက အေးစက်စွာ ပြောသည်… “နောက်ဆုံး တစ်ခေါက်က နင့်ကို လွှတ်ပေးလိုက်တယ်… အခု ထို့ကျန်း နန်းဆောင်ကို ရောက်လာမှတော့ အစ်မယွန်ကို တောင်းပန်သင့်တယ်…”
“ကျွန်မက ရှင့်ကို ပြောခဲ့သလိုပဲ ဒါက ရှင်နဲ့ ဘာဆိုင်လဲ…” ဟွာဂျီယူက ကျန်းကျိချင်ကို အေးစက်စွာ ကြည့်သည်။
ကျန်းကျိချင်က ဟွာဂျီယူကို တစ်ဖန် ကြည့်ပြန်သည်။ ပထမ တစ်ခေါက်ကလည်း ဟွာဂျီယူနှင့် သူမတို့ ကတောက်ကဆ ဖြစ်ခဲ့သေးသည်။ ထိုစဉ်က စီနီယာ အစ်ကိုလျန်ယွီချန်း ဝင်ကာ ဖျန်ဖြေပေးခဲ့ရာ သူမက ဘာမှ ဆက်မပြောတော့။
ယခု ထိုသို့ ထပ်မံ ဖြစ်ပျက်ပြန်သည်။
“နင်က နန်းတော်ကို အခုမှ ဝင်လာတဲ့ ဂျူနီယာ တစ်ယောက်ဖြစ်လို့ ငါက အရင်တစ်ခေါက် ဘာမှ ဆက်မပြောခဲ့တာ… အခု သူက အစ်မယွန်ကို စော်ကားတဲ့ကိစ္စကို ပြောတဲ့နေရာမှာ နင်က ဘာမို့လို့ ဝင်ပါနေရတာလဲ…” ကျန်းကျိချင်က ဟွာဂျီယူကို ပြောသည်။ နောက်ဆုံး ကတောက်ကဆ ဖြစ်ခဲ့သည်မှာ လအနည်းငယ် ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခု ထိုမိန်းမလှ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် နေကြပြန်သည်။
ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သည်။
ဟွာဂျီယူက ထို့ကျန်း နန်းဆောင်၌ အနိုင်ကျင့်ခံနေရဟန် ရှိသည်။
***