ထို့ကျန်းနန်းဆောင်မှ လူတိုင်းက ထိုတင်းမာမှုကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ လူအများအပြားက ရီဖူရှင်းကို မနာလိုဝန်တို ဖြစ်ကြရသည်။ သူ၏ချစ်သူကား သူ့အပေါ်တွင် အလွန် ကာကွယ်ပေးလိုစိတ် ရှိနေဟန်ရသည်။
“ညီမ… ကျိချင်က မင်းအတွက် စေတနာနဲ့ ပြောနေတာပါ… ဘာလို့ ဒီလို ပြန်ပြောရတာလဲ…” ယွန်ဖုန်းက ဘေးမှ ဝင်ပြောသည်။ ကျန်းကျိချင်က ပြုံးသည်။ ဟွာဂျီယူက ရီဖူရှင်း၏ချစ်သူ ဆိုမှတော့ သူမကလည်း ဘာမှ လုပ်နိုင်မည်မထင်။
“ငါမင်းအတွက် စိတ်မကောင်းလို့ပါ ညီမလေး…” ကျန်းကျိချင်က ပြောသည်… “အစ်မယွန်ကို စော်ကားတယ်… တစ်စုံတစ်ယောက်က သူ့ကို စိန်ခေါ်တဲ့အချိန်မှာ အလစ်တိုက်ခိုက်တယ်… ဒီလို အမူအကျင့်မျိုးနဲ့လူကို နောက်တစ်ခါ စဉ်းစားသင့်တယ်…”
ဟွာဂျီယူက ကျန်းကျိချင်ကို ကြည့်သည်။ ထို့ကျန်း နန်းဆောင်တွင် ရီဖူရှင်း၏ မကောင်းကြောင်း များစွာကို သူမက ကြားဖူးပြီးဖြစ်ရာ သူမက ထိုသို့ ပြောသည်ကို မအံ့ဩတော့ပေ။
ဟွာဂျီယူက ယွန်စွေ့ရှင်းထံသို့ လျှောက်လာသည်။ ထိုင်နေသော သူမအား ကြည့်ကာ ဟွာဂျီယူက ပြောသည်… “အစ်ယွန်… အစ်မယွန်တို့ နှစ်ယောက်အကြား ဘယ်လို နားလည်မှု လွဲတာလဲ မသိပေမဲ့ စီနီယာလို တန်ခိုးအဆင့်နဲ့လူက နောက်က လိုက်သတ်တာကို ခံရတဲ့လူက ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားစေချင်ပါတယ်… ဒါကြောင့် သူက အစ်မယွန်ကို တစ်ခုခု အပြစ်လုပ်မိရင် ဂျီယူက တောင်းပန်ပါတယ်… ဒါပေမဲ့ စိတ်ချပါ… သူက အစ်မယွန် ထင်သလို လူမျိုး မဟုတ်ပါဘူး…”
ယွန်စွေ့ရှင်းက အလွန်တရာ ချောမောလှပသော မိန်းကလေးကို ကြည့်သည်။ သူမက အေးခဲ ရေကန်ထဲတွင် အချိန်အများစု ကုန်ဆုံးနေခဲ့ရာ ပြင်ပလောကမှ အကြောင်းအရာ များကို သိပ်မသိပေ။ သူမက ထို့ကျန်း နန်းဆောင်ကို ရောက်မှ သူမအား ပွေ့ဖက်ခဲ့သော လူငယ်က သည်နှစ် ဝင်ခွင့် ပထမရသူ ဖြစ်ကြောင်း သိရသည်။ ထို့အတူ ဟွာဂျီယူက သူ၏ချစ်သူ ဖြစ်သည်ကို ထိတ်လန့်ဖွယ် သိခဲ့ရ၏။ ထိုနေ့က အမှန်ပင် နားလည်မှု လွဲခြင်း ဖြစ်ပေသည်။ သို့သော်လည်း ယောက်ျား တစ်ယောက်၏ ပွေ့ဖက်မှုကို ခံရခြင်းက သူမအား အလွန်အမင်း ဒေါသထွက် စေခဲ့သည်။
မည်သို့ဆိုစေ ရီဖူရှင်းကား တော်ဝင်ကျဲ နန်းတော်၏ တပည့်ဖြစ်သည်။ ထို့အပြင် နန်းတော်တွင် သူ့အား အမှန်တကယ်အားဖြင့် သူမက ဘာမှ လုပ်၍ မရပေ။ ထို့အပြင် ဟွာဂျီယူကလည်း သူမ၏ဂျူနီယာ ဖြစ်သည်။ ထိုသို့တွေးရင်းဖြင့် သူမက ဟွာဂျီယူကို ပြောသည်… “တကယ်လို့ သူက အားလုံးရှေ့မှာ တောင်းပန်ပေးမယ် ဆိုရင် ငါ ဒီကိစ္စကို ခွင့်လွှတ်ပေးမယ်…”
“ကျေးဇူးတင်ပါတယ်… အစ်မယွန်…” ဟွာဂျီယူက ပြုံးလျက် ယွန်စွေ့ရှင်းကို ပြောသည်။ ထို့နောက် သူမက ကျန်းကျိချင်ကို ကြည့်ကာ အေးစက်စွာ ပြောသည်… “အဲဒီစိန်ခေါ်မှု ဆိုတာတွေက… တော်ဝင်ကျဲ နန်းတော်က စီနီယာတွေ တန်ခိုးအဆင့်နိမ့်တဲ့ ဂျူနီယာတွေကို အနိုင်စားတာ သက်သက်ပဲမလား… ရှင်တို့က ကိုယ့်အပြုအမူကို ဆန်စစ်သင့်တယ်…”
“တော်လောက်ပြီ…” တည်ငြိမ်သော အသံတစ်သံကို ကြားကြရသည်။ ပြောလိုက်သူကား သူတို့ရှေ့တွင် ထိုင်နေသော လူတစ်ယောက်ထံမှ ဖြစ်သည်။ သူကား အဖြူရောင် ဝတ်စုံကို ဝတ်ထားကာ ရှေ့တွင် ကု့ချင်းတစ်လက်ကို ချထားသည်။ သူ့တွင် တခြားလူများနှင့် မတူထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။
“မင်းက ဒီကို အခုမှ ရောက်တာ ဆိုတော့ ဒီက အလေ့အထကို မသိလို့ပဲ ဖြစ်မယ်… ညီမလေး…” ထိုလူက ပြောသည်… “နန်းတော်ကို ဝင်နိုင်တဲ့လူတွေက ထူးခြား ထက်မြက်တဲ့ လူတွေချည်းပဲ… ဒါကြောင့် တန်ခိုးအဆင့် နိမ့်ရက်နဲ့ ရှုံးနိမ့်တာက သိပ်ရှက်စရာ ကိစ္စမဟုတ်ဘူး… ဒီနည်းက တပည့်တွေ ပိုမိုအားစိုက် လေ့ကျင့်ဖို့ တွန်းအား ဖြစ်စေတယ်… ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်စေတယ်… သူ့ရှေ့စီနီယာတွေ အကုန်လုံးလည်း ဒီလိုပဲ ကြုံတွေ့ခဲ့ရတာပဲ… ရီဖူရှင်းရဲ့ အပြုအမူက နားလည် လက်ခံနိုင်စရာ ကောင်းပါတယ်… ဒါပေမဲ့ သူက ဝင်ခွင့်စာမေးပွဲ ပထမနေရာကို ယူပြီး နန်းတော်ကို ဝင်လာတာ ဆိုတော့ လူအများက သူ့ကို အာရုံစိုက်မိတာ မထူးဆန်းဘူး… ဒီတော့ သူ့အပြုအမူတွေကလည်း လူပြောများ နေရတာပေါ့… ဘာပဲဖြစ်ဖြစ် ညီမကျိချင်ကလည်း စေတနာနဲ့ ပြောတာပဲ…” ထိုလူ၏အသံက ညင်သာကာ အေးဆေးပြီး တစ်ဖက်သား နားလည် လက်ခံစေနိုင်သော စွမ်းရည်ရှိဟန် ရသည်။
“ကျိချင်…” သူက ဆက်ပြောသည်… “မင်းကလည်း စကားပြောတာ နည်းနည်း လွန်တယ်… ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရအောင်…”
ထို့ကျန်းနန်းဆောင်မှ လူများက ထိုလူကို ကြည့်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် လေးစား အားကျခြင်းများနှင့် ပြည့်နှက်နေကြသည်။
“စီနီယာက ဒီလိုပြောမှတော့ ကျိချင်က ထပ်မပြောတော့ပါဘူး…” ကျန်းကျိချင်က ပြောသည်။
ဟွာဂျီယူက တစ်ချက် ကြည့်သည်။ သူမက မကျေမနပ် ဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း ဘာမှ ထပ်မပြောတော့…။ သူမက တခြားလူများ၏ အတွေးများကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ အချိန်က စကားပြော သွားပေလိမ့်မည်။
“အစ်ကိုလျန်က အရမ်း တော်တာပဲ…” သူတို့က ထိုလူကို ကြည့်ကာ မှတ်ချက်ချကြသည်။ ထိုလူကား လျန်ယွီချင်း ဖြစ်သည်။ သူက ကု့ချင်းကို လေ့လာကာ ထို့ကျန်း နန်းဆောင်၏ ဂုဏ်ယူရသူ တစ်ယောက်လည်း ဖြစ်သည်။ ပါရမီရှင် အဆင့်ဇယားတွင် နံပါတ်ငါး ချိတ်သူလည်း ဖြစ်သည်။
လျန်ယွီချန်းနှင့် ယွန်စွေ့ရှင်းတို့ နှစ်ယောက်လုံးက ထို့ကျန်းနန်းဆောင်၏ အားအကောင်းဆုံး နိုဘယ်များ ဖြစ်ကြသည်။ လျန်ယွီချန်း၏ ပန်းတိုင်က ပိုင်လွေလီ ဖြစ်သည်ကို အားလုံးက သိကြသည်။
ရုတ်တရက် လူအများအပြား အဝေးမှ လျှောက်လာသည်ကို မြင်ကြရသည်။ ရှေ့ဆုံးမှ လျှောက်လာသူကား ရှီတန်ခိုးရှင် ထို့ကျန်းဖြစ်သည်။ သူ့ကြောင့်ပင်လျှင် ဤနေရာ၌ လူအများအပြားက စောင့်ဆိုင်း နေကြခြင်းလည်း ဖြစ်သည်။
ရှီတန်ခိုးရှင် ထို့ကျန်းကား အလွန်အမင်း ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။ ထို့ကြောင့် များစွာသော တန်ခိုးရှင်များက သူ့ထံမှ လာရောက် သင်ယူကြသည်။ ထိုအထဲတွင် ဂီတပညာရှင်၊ ပန်းချီပညာရှင်နှင့် တခြားသော ထူးခြားသော ပညာရှင်များစွာ ပါဝင်သည်။
***
ထို့ကျန်း နန်းတော်မှ ပဋိပက္ခများကို သိနားလည်ခြင်း မရှိဘဲ ရီဖူရှင်းက လေ့ကျင့်ရေး ကွင်းထဲတွင် လေ့ကျင့်နေဆဲ ဖြစ်သည်။
လေ့ကျင့်ရေးကွင်း၏ တောင်ဘက် အရပ်တွင် တူးမြောင်းကြီးတစ်ခု ရှိသည်။ တူးမြောင်းကြီးက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော လေပွေမုန်တိုင်းအလား မီးခိုးရောင် စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ထိုနေရာကား အလွန်အမင်း ခြောက်သွေ့ကာ ထိုနေရာ တစ်ခုလုံးက လေပွေမုန်တိုင်းများဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက်တွင် လေပွေမုန်တိုင်းထဲ၌ လူတစ်ယောက် တည်ငြိမ်စွာ ထိုင်ကာ ကွဲပြား ခြားနားသော လေဓာတ် သဘာဝများအား လေ့လာ ဆင်ခြင်နေသည်။
ထုံးစံအတိုင်း အတွင်းပိုင်းကို ရောက်လေလေ လေမုန်တိုင်းများက ပြင်းထန်လေ ဖြစ်သည်။ ရီဖူရှင်းကလည်း လေဓာတ်များကို ဆင်ခြင်လေ့လာရင်း အတွင်းပိုင်းသို့ တဖြည်းဖြည်း ချင်းနင်း ဝင်ရောက်လာသည်။ နောက်တစ်လတွင် ရီဖူရှင်းက လေ့ကျင့်ရေးကွင်း၏ အရှေ့ဘက်ကဇုန်ကို ရောက်လာသည်။ နောက်သုံးလခန့် ကြာသောအခါ သူက လျှပ်စီးနယ်မြေသို့ ခြေချသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ မီးနယ်မြေကား ပြင်းထန်သော အပူရှိန်များ တောက်လောင် နေသည်။ မီးအားလှိုင်းများက လေထုထဲ ပျံ့နှံ့နေကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲကို စီးဝင် လာနေကြသည်။
သည်နေရာကား မီးများ တောက်လောင်နေသော တောင်တန်းဒေသနှင့် တူပြီး ရီဖူရှင်းက အလယ်ဗဟို ရှိရာသို့ လျှောက်သွားနေသည်။ ထိုနေရာမှ မီးဓာတ်များက ပိုမိုအားကောင်းကာ တစ်ခါတစ်ရံ မြေပြင်ပေါ်တွင် ထိုင်ကာ လေ့ကျင့်နေသော လူတစ်ယောက်စ နှစ်ယောက်စကို မြင်ရသည်။
ရီဖူရှင်း၏ သက်စောင့် ဟော်နန်းထဲတွင် ကမ္ဘာသစ်ပင်က လှုပ်ယမ်းလျက် မီးဓာတ်များကို စုပ်ယူနေသည်။
“လာခဲ့…” ထိုအခိုက်တွင်ပင် ထူးဆန်းကာ ညှို့ငင်နိုင်စွမ်းအသော အသံတစ်သံက ရီဖူရှင်း၏ ခေါင်းထဲကို ဝင်လာသည်။ ထိုအသံက သူ့အား ဆင့်ခေါ်နေဟန်ရ၏။
“ဘာအသံများလဲ…” ရီဖူရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ရှေ့ဆက် လျှောက်သွားသည်။ ရှေ့တွင် တောင်တစ်တောင်ကို မြင်ရကာ အသံက ထိုနေရာမှ လာနေဟန် ရသည်။
“ဒီကို လာခဲ့…” ထူးဆန်းသော အသံက ထပ်မံ၍ ထွက်ပေါ် လာပြန်သည်။ ရီဖူရှင်းက တောင်အနီးကို တဖြည်းဖြည်း ရောက်သွားကာ မီးဓာတ်ကလည်း ပိုမို၍ အားကောင်းလာသည်။
“မင်းရဲ့ အသက်ကို တန်ဖိုးထားရင် ရှေ့ဆက်မသွားနဲ့တော့…” အဝေးမှ တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ မျက်လုံးဖွင့်လျက် ပြောသည်။
ရီဖူရှင်းက ရပ်လိုက်ကာ သူ့အား ပြန်လှည့်ကြည့်သည်။ ထိုစဉ်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့် အတူ တောင်က ပေါက်ကွဲပြိုလဲသွားပြီး အထဲမှ ဧရာမ မီးငှက်ကြီးတစ်ကောင် ထွက်လာသည်။ မီးငှက်ကား ခြေသုံးချောင်း နတ်မီးငှက်ဖြစ်ကာ သူ့ထံမှ အလွန်တရာ စူးရှပြင်းထန်သော မီးဓာတ်ကို ခံစားရသည်။
မီးအလင်းတန်းများစွာက ရီဖူရှင်းထံကို ပြစ်လွင့်လာရာ သူက မြန်ဆန်စွာပင် နောက်ဆုတ်သည်။ ရွှေရောင်မီးငှက်က သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်ကာ တိုက်ခိုက်သည်တွင် ရီဖူရှင်းက ဧကရာဇ်အသိဖြင့် ကာကွယ်သည်။ သူက အဝေးသို့ ရောက်မှ မီးငှက်ကြီးအား ပြန်ကြည့်သည်။ မီးငှက်က ဒေါသတကြီး သူ့နောက်မှ လိုက်သော်လည်း အရံအတား တစ်ခုက သူ့အား တားဆီးထားသည်ကို မြင်ရသည်။
သည်မီးဓာတ်များက ထိုမီးငှက်ထံမှ လာခြင်းဖြစ်သည်။ အကယ်၍ သူက ဤမီးငှက်ကို စားသုံးရပါက မည်မျှ ကောင်းလိုက်မလဲဟု ရီဖူရှင်း တွေးသည်။
ရီဖူရှင်းက သူ့အား တားဆီးခဲ့သော လူအား သွားရောက် ကျေးဇူးတင်သည်။ သို့သော် ထိုလူက သူ့အား ဘာမှ ပြန်ပြောဘဲ မျက်လုံးကို မှိတ်ကာ တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။ ရီဖူရှင်းကလည်း စိတ်ထဲ မထားဘဲ ထိုနေရာတွင်ပင် အချိန်တစ်ခုကြာ လေ့ကျင့်ခဲ့သည်။
ရီဖူရှင်းက ကောင်းကင်တက်လှမ်း မျှော်စင်ကို ပြန်ရောက် လာသောအခါ ယူချင်းက ဆယ်ထပ်မြောက်သို့ ရောက်သွားပြီး ဖြစ်သည်။ ရီဖူရှင်းကလည်း ကိုးထပ်သို့အထိ တိုက်ရိုက် တက်ရောက်သွားကာ အလွန်အမင်း ပြင်းထန်သော ဖိအားကို ခုခံလေ့ကျင့်သည်။ ယခု သူက မှော်ပညာတွင် အဆင့်တက်သွားပြီး ဖြစ်ကာ သိုင်းပညာတွင် အဆင့်တက်ရန် လက်တစ်ကမ်း အလိုဟု သတ်မှတ်၍ ရသည်။
ခုနစ်ရက်ခန့် ကြာပြီးနောက် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ အက်ကွဲသံများ ကြားရကာ ခန္ဓာကိုယ်က ပိုမိုသန်မာသွားပြီး သွေးကြောများထဲမှ အော်ဟစ်သံများကိုပင် ကြားရသည်။ ရီဖူရှင်းထံမှ ပိုမိုအားကောင်းသော သိုင်းပညာ အသိတစ်ခုဖြစ်ပေါ်လာသည်။
ယခု ရီဖူရှင်းက သိုင်းပညာနှင့် မှော်ပညာ နှစ်ခုလုံးတွင် အဋ္ဌမ အတန်းအစားသို့ တက်ရောက်သွားပြီး ဖြစ်သည်။ ထို့နောက် သူက မျှော်စင်ထဲမှ အပြင်သို့ ပြန်ထွက် လာခဲ့သည်။ ယခု သူက အဆင့်တက် သွားပြီးဖြစ်ရာ နှစ်ရက်ခန့် အနားယူရန် တွေးထားသည်။ သူက ထို့ကျန်း နန်းဆောင်ကို သွားကာ ဂျီယူကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“တန်ခိုးကျင့်တာက အချိန်ကုန်တာကို မြန်စေတာပဲ…” ရီဖူရှင်းက မသက်မသာ ပြုံးသည်။ တန်ခိုး အဆင့်မြင့်လေလေ နောက်တစ်ဆင့်ကို တက်ရန် အချိန်ယူရလေ ဖြစ်သည်။
လမ်းတွင် လူအများအပြားက ရီဖူရှင်းကို မြင်ပြီး စိတ်ဝင်တစား ကြည့်ကြသည်။ သူကား တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်စာမေးပွဲ ပထမနေရာဖြင့် ဝင်လာသူဖြစ်ကာ ပါရမီရှင်အဆင့်တွင် တိုက်ရိုက် ဖော်ပြခံရသူလည်း ဖြစ်သည်။ သို့သော်လည်း သူနှင့်ပတ်သက်သော မကောင်းသတင်း အချို့လည်း ပျံ့လွင့်နေခဲ့သည်။ ယခု သုံးလေးလခန့် ပျောက်သွားပြီး တစ်ဖန် ပြန်ပေါ် လာပြန်သည်။ ကောလာဟလအရ ရီဖူရှင်းကြောင့် သူ၏ချစ်သူ ဟွာဂျီယူက ထို့ကျန်း နန်းဆောင်တွင် သူမ၏စီနီယာများနှင့် ပြဿနာ တက်ခဲ့ရသည် ဟူ၏။
***