ရီဖူရှင်းက သူ့ရှေ့မှ မိန်းကလေးကို ကြည့်သည်။ ယွန်စွေ့ရှင်းကား သူ့အား ပြဿနာရှာခြင်းက ဖြစ်သင့်သော်လည်း ယခု သူ့ရှေ့မှ မိန်းကလေးကား သူမနှင့်မဆိုင်ဘဲ ဝင်ပါနေခြင်း ဖြစ်သည်။
အစ်ကိုချီကျီး ပြောသည်မှာ မှန်သည်။ နန်းတော်အတွင်း ဘာစည်းမျဉ်း စည်းကမ်းမှ မရှိပေ။ နန်းတော်တွင် တိုက်ခိုက်ရန်မှတစ်ပါး တခြား မရှိသည်ကို သူသိသည်။
သူ၏စီနီယာ စကားများကို ပြန်သတိရသည်တွင် သူက မည်သို့ တုံ့ပြန်ပါစေ ရလဒ်က အတူတူ ဖြစ်မည်ကို ရိပ်မိသည်။ ထို့ကြောင့် လက်သီးဖြင့် စကားပြောခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေမည်။ သူက သည်နေရာနှင့် အစိမ်းသက်သက် ဖြစ်နေခြင်းက စိတ်မကောင်း စရာပင်။ ယခု သူ့ရှေ့မှ လူများက သူ့ထက်နန်းတော်သို့ ဆောလျင်စွာ ရောက်လာသူများ ဖြစ်ကြကာ သူ့ထက်လည်း တန်ခိုးအဆင့် မြင့်လာကြသည်။ ထို့ကြောင့် သူတို့ပြောသော စမ်းသပ်မှုကား လူသစ်များကို အနိုင်ကျင့်ခြင်းသာ ဖြစ်သည်။ အထူးသဖြင့် ဝင်ခွင့်စာမေးပွဲတွင် ပထမရသောသူကို သူတို့က ပညာပေးရန် မစောင့်နိုင်အောင် ဖြစ်နေပုံရ၏။
ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ကျွန်တော်က နန်းတော်မှာ လူသစ်ပဲ… ဒါကြောင့် တန်ခိုးအဆင့်နဲ့ အတွေ့အကြုံမှာ အားလုံးထက် နိမ့်ကျတယ်… ခင်ဗျားတို့က ဒီမှာ ဘယ်လို နေထိုင်ရမယ်ဆိုပြီး ပုံစံပေးတာက ကျုပ်အခု မြင်နေရတဲ့ပုံစံကိုး…” ရီဖူရှင်းက ငေါ့တော့တော့ ပြောသည်။
သို့သော် တစ်ဖက်လူက ပြုံးလိုက်သည်။ သူတို့က ထိုစကားများကို အရေးစိုက်သည် မဟုတ်ပေ။ နန်းတော်တွင် ဤအလေ့အထက ပုံမှန်လိုဖြစ်နေရာ အားလုံး၏ အမြင်တွင် အနိုင်စားသည်ဟု မသတ်မှတ်ကြတော့ပေ။ မိန်းကလေးက ပြုံးလျက်ပြောသည်… “ရှင် ဒီနေရာက ထွက်သွားဖို့ ကြိုးစားနေတယ် ဆိုတာ သိတယ်… အပိုတွေ ပြောမနေနဲ့… ငါတို့အထဲက တစ်ယောက်ကို ရွေးပြီး တိုက်ခိုက်… ပြီးရင် ထွက်သွားလို့ရပြီ…”
“ခင်ဗျားရဲ့ တန်ခိုးအဆင့်က…” ရီဖူရှင်းက မိန်းကလေးကို မေးသည်။
“ပဉ္စမအတန်းအစား နိုဘယ်…” မိန်းကလေးက အေးစက်စွာ ပြောသည်။
“မိန်းမတွေကို အနိုင်မစားသင့်ဘူး…” ရီဖူရှင်းက ချက်ချင်း ခေါင်းယမ်းသည်။ သူ၏စကားက အားလုံးကို မှင်တက် သွားစေသည်။ သည်အကောင်ကား အမှန်ပင် အရှက်မရှိပေ။ မိန်းမတစ်ယောက်ကို အနိုင်မစားတဲ့လား…။ ဤသို့ဆိုလျှင် ယွန်စွေ့ရှင်းကို သူ ဘာလုပ်ခဲ့သနည်း…။
သူ၏ကြောက်ရွံ့မှုကို ထိုမျှ ကြီးကျယ် ခမ်းနားသော အကြောင်းပြချက် ပေးနိုင်သည်က လုံးဝ မထင်မှတ်စရာပင်။ ဝင်ခွင့်စာမေးပွဲ ပထမနေရာဖြင့် နန်းတော်ကို ဝင်လာသူများထဲတွင် ရီဖူရှင်းကဲ့သို့ မျက်နှာပြောင်လိုက်သူ ရှိမည် မဟုတ်ပေ။
“စီနီယာ… ခင်ဗျားရဲ့ အဆင့်က…” ရီဖူရှင်းက လက်ပိုက်ထားသော လူငယ်တစ်ယောက်ကို မေးသည်။
“ဆဋ္ဌမအတန်းအစား နိုဘယ်…” လူငယ်က ပြုံးလျက် ပြောသည်။
“ဒါဆိုလည်း ခင်ဗျားနဲ့ တိုက်ခိုက်ပါ့မယ်…” ရီဖူရှင်းက ထပ်ပြောသည်… “ကျုပ်ရဲ့ တန်ခိုးအဆင့်က နိမ့်နေတယ်ဆိုတော့ သိဒ္ဓိဝင် လက်နက် သုံးလို့ရလား…”
“ထောင်ချောက်ကို သတိထား…” လူငယ်ဘေးမှ မိန်းကလေးက ပြောသည်။ သည်အကောင်ကား လွန်စွာ ဉာဏ်နီဉာဏ်နက် များသည်။ သူမတို့ အလိမ်ခံရနိုင်၏။ သူကား ဝင်ခွင့်စာမေးပွဲ ပထမနေရာကိုရရန် အနည်းဆုံး သတ္တမ အတန်းအစား နိုဘယ်အဆင့်နှင့် ညီမျှသော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ရမည်။ အကယ်၍သာ သိဒ္ဓိဝင် လက်နက်ကို ပေးသုံးလိုက်ပါက…။
“စီနီယာလည်း သိဒ္ဓိဝင် လက်နက်သုံးလို့ ရတယ်…” ရီဖူရှင်း မိန်းကလေးကို ကြည့်ကာ ပြောသည်။
“ကောင်းပြီ…” သူကား တော်ဝင်ကျဲ နန်းတော်တွင် ရှိသော သာမန်တပည့် တစ်ယောက် မဟုတ်ပေ။ သူ၏ မိသားစုကလည်း အားကောင်းရာ သူကလည်း စွမ်းအား ကောင်းသော လက်နက်ကို ပိုင်ဆိုင်သည်။
“အခုလို ရက်ရောတာ ကျေးဇူးတင်ပါတယ်… စီနီယာ… ခင်ဗျားရဲ့ နာမည်ကို သိပါရစေ… ကျုပ်ကို အနိုင်ယူသွားတဲ့ လူရဲ့နာမည်ကို သိချင်လို့ပါ…” ရီဖူရှင်း ထပ်ပြောသည်။
“နာမည်က ယန်ဆန်း…” လူငယ်က ပြောသည်… “မင်းက စကားအများကြီး ပြောနေတာပဲ…”
“ကျွန်တော်က စီနီယာဆီက သင်ယူဖို့ စိတ်ဝင်စား နေပါတယ်…” ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောသည်။ ထို့နောက် သူက ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ထုတ်လိုက်သည်တွင် သူ၏ခန္ဓာကိုယ်၌ ကြယ်တာယာ အလင်းများ ထွက်ပေါ်လာ၏။
ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးစွမ်းအင်များ စတင် ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားကာ ယန်ဆန်း ကိုယ်တိုင်က တခြား တစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ သူ့နောက်တွင် ဧရာမလျှပ်စီး နတ်ဘုရားပုံရိပ် တစ်ခု ဖြစ်ပေါ်လာ၏။ ပုံရိပ်က လျှပ်စီးတူကြီးကို ကိုင်ကာ မြေပြင်မှ အရာခပ်သိမ်းကို တစ်ချက်တည်းဖြင့် ရိုက်ချပစ်နိုင်ဟန် ရသည်။
ယန်ဆန်းကား ကျုံးကျိုးမြို့မှ လျှပ်စီးအိမ်တော်၏လူငယ်မျိုးဆက် တစ်ယောက်ဖြစ်သည်။
ယန်ဆန်းက ရီဖူရှင်းအား ပညာပေးလိုသော်လည်း ပြိုင်ဘက်ကို အထင်သေးရဲခြင်း မရှိပေ။ ဝမ်ယွီ၏အဖြစ်က သူ့အတွက် ဥပမာဖြစ်သည်။
ကောင်းကင် တစ်ခွင်လုံး လျှပ်စီးများဖြင့် ပြည့်နှက်နေရာ လူတိုင်းက နောက်ကို ဆုတ်ပေးရသည်။ ကြယ်တာရာ အလင်းများက ရီဖူရှင်းကို ရစ်ပတ်ထားကြသည်။ ထို့အတူ သူ၏ကြယ်တာရာ သီးသန့်နယ်ကလည်း အလွန်အရှိန်အဝါ ကောင်းဟန်ရ၏။ လျှပ်စီးနတ်ဘုရားက အရောင်တစ်ချက် လက်သွားကာ ကြောက်မက်ဖွယ် လျှပ်စီးတန်းတစ်ခု ရီဖူရှင်းထံကို ပြေးဝင်သွားသည်။
ဘုန်း…
ရီဖူရှင်း၏ နောက်တွင် အတောင်ပံတစ်စုံ ဖြစ်ပေါ်လာကာ သူက လျှပ်စီးတန်းများကို ရှောင်တိမ်းကာ ယန်ဆန်းထံသို့ ပြေးဝင်သွားသည်။ သို့သော် လျှပ်စီးတန်းများက ပိုမို များပြားလာရာ တဖြည်းဖြည်းဖြင့် ရီဖူရှင်းအား ကာကွယ်ထားသော ကြယ်အလင်းများကလည်း အက်ကွဲ လာနေသည်။
“သူက ယန်ဆန်းကိုမှ ရွေးတယ်… ဟဟ…” ရီဖူရှင်း အသည်းအသန် ရှောင်တိမ်း နေရသည်ကို မြင်သည်တွင် အားလုံးက ပြုံးနေကြသည်။ ပထမဆုရှင်ကား တော်ဝင်ကျဲ နန်းတော်တွင် ကောင်းကောင်း ပုံစံပေး ခံရပေတော့မည်။
လျှပ်စီးတန်းများကို လှပစွာ ရှောင်တိမ်းရင်းဖြင့်ပင် ရီဖူရှင်းက ယန်ဆန်း၏အနီးကို ရောက်လာသည်။ “ဟ…” ယန်ဆန်းက ပြုံးသည်။ အနီးကပ် တိုက်ခိုက်ချင်သည်လား…။ လျှပ်စီးနတ်ဘုရားက ရုပ်တရက် လက်မှ ကိုင်ထားသော လျှပ်စီးတူနှင့် ရိုက်နှက် လိုက်သည်။ အလွန်အမင်း အားကောင်းသော လျှပ်စီးအားတစ်ခု မွေးဖွားလာကာ ရီဖူရှင်းထံသို့ ပြေးဝင်သွား၏။
စက္ကန့်ပိုင်း အတွင်းတွင် ရီဖူရှင်း၏လက်ထဲမှ ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံက အရောင်အဝါ လင်းလက်လာသည်။ နှင်တံက မီတာတစ်ရာခန့် ရှည်လျားသွားကာ ကောင်းကင်ကို ဖုံးအုပ်သွားသည် ထင်ရ၏။ သူ၏အနီးမှ ကြယ်တာရာ သီးသန့်နယ်ကလည်း မဆုံးနိုင်သော ဖိအားကို သယ်ဆောင် လာသည်။ နှင်တံက ထိုအခိုက်တွင် ကောင်းကင် တစ်ခုလုံးကို သယ်ဆောင်၍ မြေပြင်ကို ဆင်းသက် လာသည်ဟု ထင်ရသည်။
“ဒီလက်နက်က ကြောက်စရာ ကောင်းတယ်… သူက ဒါကို တစ်ချိန်လုံး ဝှက်ထားတာပဲ…” လူအများအပြား၏မျက်နှာ အရောင်များ ပြောင်းလဲ သွားကြသည်။
“သတိထား…” မိန်းကလေးက သတိပေးသည်။ ရီဖူရှင်းက ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံ၏ စစ်မှန်သော အင်အားကို ကွယ်ဝှက်ထားခဲ့ကာ သာမန် လက်နက်တစ်ခုအလား ပုံဖမ်းထားခဲ့သည်။ သို့သော်လည်း နှင်တံက ရုတ်တရက် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ထုတ်လွှတ်သည်။
နှင်တံက လျှပ်စီးတူနှင့် ထိတွေ့သည်တွင် တဘုန်းဘုန်း မြည်သံနှင့်အတူ လေမုန်တိုင်းများ ရိုက်ခတ်ကာ လေထုများ ပေါက်ကွဲကြသည်။ လျှပ်စီးတူက နောက်သို့ လွင့်စင်သွားသည်ကို အားလုံးက မြင်ကြရသည်။ တစ်ဖက်တွင် နှင်တံက ဆက်လက်၍ ဆင်းသက်လာသည်။
ယန်ဆန်း၏ အမူအရာက ပြောင်းလဲသွားသည်။ အကွာအဝေးကား အလွန်အမင်း နီးကပ်နေရာ သူ ရှောင်တိမ်းရန် အချိန်မရှိတော့…။ ရှိရှိသမျှသော စွမ်းအားဖြင့် အရံအတားတစ်ခု ဖန်တီးသော်လည်း ကြီးမား ပြင်းထန်သော ရိုက်ချက် အောက်တွင် ယန်ဆန်းအဝေးကို လွင့်စဉ်သွားသည်ကို မြင်ကြရသည်။
“ဖူး…” ပါးစပ်မှ သွေးများ အန်ထွက်ကာ နတ်ဘုရား ပုံရိပ်လည်း ပျောက်ကွယ် သွားသည်။ ရီဖူရှင်းက လျှပ်စီးတန်း အဖြစ် ပြောင်းလဲသွားကာ ယန်ဆန်းက ဟန်ချက် မထိန်းနိုင်မီတွင်ပင် နောက်ထပ် ရိုက်ချက် တစ်ချက် ရောက်လာသည်။ ဘုန်းခနဲ မြည်သံနှင့်အတူ ယန်ဆန်း အဝေးကို လွင့်စဉ် သွားပြန်သည်။ ပိုမိုသော သွေးများ ပါးစပ်မှ စီးကျလာ၏။
ယန်ဆန်း၏ မျက်နှာက အလွန်အမင်း ပြာနှမ်းသွားသည်။ သူက ဝင်ခွင့်စာမေးပွဲ ပထမအား ပုံစံပေးရန် အလွန်အမင်း စိတ်အား ထက်သန် နေခဲ့သော်လည်း မိမိကသာ အရိုက်ခံရကာ ဒဏ်ရာရသည်။ ထိုလက်နက်က အဘယ်ကြောင့် ထိုမျှ အားကောင်း နေရသနည်း။
“စီနီယာ… အဆင်ပြေလားဗျ…” လူတစ်ယောက် ယန်ဆန်းဘေးကို ရောက်လာသည်။ သူကား ရီဖူရှင်း ဖြစ်သည်။ သူ၏ကြည်လင်သော မျက်လုံးများတွင် စိုးရိမ်ဟန်များ တွေ့ရသည်။
“ကျွန်တော် လွန်သွားလား…” ယန်ဆန်းက တိတ်ဆိတ် နေသည်တွင် ရီဖူရှင်းက ထပ်ပြောသည်… “အခြေအနေက ဒီအထိ ဖြစ်မယ်သိရင် အားကုန် ထုတ်မသုံးခဲ့ပါဘူး… နောက်တစ်ခါဆို ကျွန်တော်က ဒီထက် လျှော့ပေးပါ့မယ်…”
“ဖူး…” ယန်ဆန်းက နောက်ထပ် သွေးတစ်ပွက် အန်သည်။
အားလုံးက သူ့ကို ထိတ်လန့်စွာ ကြည့်သည်။ ဒဏ်ရာရသူကို သူက ဤသို့ စော်ကားစရာ လိုလို့လား…။ ဘယ်လောက်တောင် အရှက်မရှိ လိုက်သလဲ…။
“ကျုပ်ရှေ့က ထွက်သွား…” ယန်ဆန်းက အေးစက်စွာ ပြောသည်။
“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက အရိုအသေပေးသည်။ နောက်ပြန် လှည့်လာရင်းက ရီဖူရှင်း ရေရွတ်သည်… “တစ်ချက်တောင် အရိုက်မခံနိုင်ဘူး… သူကများ ငါ့ကို အလျှော့ပေး လိုက်တာလား…” ထို့နောက်တွင် သူက ကောင်းကင် တက်လှမ်း မျှော်စင်ဘက်သို့ လျှောက်သွား လိုက်သည်။
အားလုံးက ဆွံ့အရသည်။
ယန်ဆန်းကား ဒေါသထွက်လွန်းရာ ခန္ဓာကိုယ်က တုန်ယင်နေသည်။ လူအများအပြားက သူ့ကို သနား ကရုဏာသက်စွာ ကြည့်ကြသည်။ လူသစ်များကို အနိုင်ကျင့်ခြင်းက နန်းတော်အတွင်း ဖြစ်ရိုးဖြစ်စဉ်ဟု ပြောနိုင်သော်လည်း ယန်ဆန်းကား လူသစ်ထံတွင် ရှုံးနိမ့်ခဲ့သည်။ ထို့အတူ ရီဖူရှင်း၏ စကားများက ယန်ဆန်းအတွက် အမှန်ပင် သည်းခံနိုင်ရန် ခက်လှ၏။
သူ့တွင် ထိုမျှ အားကောင်းသော စွမ်းရည်ရှိသည့်တိုင် မည်သို့ အရှက်မဲ့လွန်း ရသနည်း။
***