အပိုင်း(၅၈၉)

အရှက်မရှိတဲ့လူ

ယွန်စွေ့ရှင်းကား ထို့ကျန်းနန်းဆောင်၏ တပည့် တစ်ယောက်ဖြစ်ကာ ရှီတန်ခိုးရှင် ထို့ကျန်း၏ တိုက်ရိုက်တပည့် တစ်ယောက်လည်း ဖြစ်၏။ သူမက ရေခဲကမ္ဘာထဲကို အကြိမ်များစွာ ရောက်ဖူးကာ အမြဲတမ်း ထိုနေရာ၌ လေ့ကျင့်လေ့ရှိသည်။ ယခု သူမ၏ တန်ခိုးအဆင့်ဖြင့် စစ်မှန်သော ရေခဲအသိအား နားလည် ဆင်ခြင်ထားပြီး ဖြစ်ရာ သူမက အေးခဲကန်ထဲတွင် လေ့ကျင့်ခြင်းဖြင့် ပိုမိုနက်ရှိုင်းသော အဆင့်တစ်ခုသို့ ရောက်ရန် ကြိုးစားနေသည်။

သူမက နိုဘယ်အဆင့် အမြင့်ဆုံးတွင် ဖြစ်ရာ ရှီအဆင့်ကို တက်လှမ်းရန် လိုနေသည်။ သို့သော်လည်း သူမ နိုးထလာသောအခါ မထင်မှတ်ဘဲ ယောက်ျားသား တစ်ယောက်၏ ရင်ခွင်ထဲကို ရောက်နေသည်။

ရီဖူရှင်းကား အေးခဲနေသည်။ ရီဖူရှင်း လွန်စွာ ထိတ်လန့်နေသည်။ မိန်းကလေး၏ စွမ်းရည်ကား လွန်စွာ မြင့်မားရာ သူမည်သို့မှ ကာကွယ်နိုင်စွမ်း မရှိပေ။

“ခင်ဗျားကို ကျုပ် ဘာလုပ်ခဲ့လဲ မသိချင်ဘူးလား…” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည်။ ယွန်စွေ့ရှင်းက ရီဖူရှင်းကို ရိုက်နှက်ရန် ဟန်ပြင်ပြီးမှ ရပ်လိုက်ကာ သူ့အား စူးရဲစွာ ကြည့်ပြန်သည်။

သူက သူမကို တစ်ခုခု လုပ်ခဲ့သည်လား…။

သူမက ရပ်လိုက်သည်တွင် ရီဖူရှင်းက မြန်ဆန်စွာပင် ရှင်းပြသည်… “ခင်ဗျား ရေခဲထဲမှာ ပိတ်မိနေတာကို ကျုပ်က မြင်တော့ မနေနိုင်ဘဲ ကယ်တင်လာခဲ့တာ… ခင်ဗျား ကျုပ် ကူညီတာကို ဒီလိုပဲ တုံ့ပြန်ရလား…”

“ငါ လေ့ကျင့်နေတာ…” ယွန်စွေ့ရှင်းက အေးစက်စွာ ပြောသည်။

“လေ့ကျင့်ရင် တုံးလုံးချွတ်ပြီး လေ့ကျင့်တာလား…” ရီဖူရှင်း​က မေးသည်။

“သွားသေလိုက်…” ရေခဲဓာတ်များ ပိုမို ရစ်ပတ်လာကာ သူ၏ လှုပ်ရှားမှုများကလည်း လုံးဝ ရပ်တန့် သွားသလို ခံစားလိုက်ရသည်။

“နန်းတော်က တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်တာကို တားမြစ်ထားတယ်… ခင်ဗျားက စည်းကမ်းကို ချိုးဖောက်တော့မှာလား…” ရီဖူရှင်းက အော်ဟစ်သည်။

“ဘယ်သူမှ မြင်မှာ မဟုတ်ဘူး…” ယွန်စွေ့ရှင်းက အေးစက်စွာ ပြန်ပြောသည်။

ရီဖူရှင်း၏ သက်စောင့် ဟော်နန်းထဲတွင် ကမ္ဘာသစ်ပင်က လှုပ်ယမ်းကာ ရေခဲဓာတ်များကို စတင်စုပ်ယူကာ အရည်ပျော်စေသည်။ ထိုအခိုက်တွင်ပင် သူ၏လက်၌ ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံပေါ်လာကာ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ရေခဲလွှာများ ပြိုပျက်သွားသည်။ တစ်ချိန်တည်းမှာပင် ယာဉ်ပျံတစ်စီး ပေါ်လာပြီး ရီဖူရှင်းက ကောင်းကင်သို့ အလင်းတန်းအလား ထိုးတက်သွားသည်။

ရီဖူရှင်းကား စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ် သွားသည်။ ယွန်စွေ့ရှင်းကား ထိုအခိုက်တွင် မှင်တက်နေရာမှ သူမ၏အမူအရာက ပိုမို၍ အေးစက်သွားသည်။ သည်ခွေးကောင်…။ သူမကလည်း အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်း၏နောက်ကို လိုက်ပါ သွားသည်။

ရီဖူရှင်းက ယာဉ်ပျံကို စီးနင်းကာ ရေခဲကမ္ဘာထဲမှ ပြေးထွက်ရန် ကြိုးစားနေသည်။ သူဦးတည်ရာ အရပ်ကား တိုက်ခိုက်ရေး ကွင်းပြင်နေရာ…။ ထိုနေရာတွင် လူအများအပြား ရှိရာ သူမစိတ်ကြိုက် သတ်ဖြတ်၍ ရတော့မည် မဟုတ်တော့…။

ကျောင်းအုပ်ချန်းက သူ့အား ပေးထားသော ယာဉ်ပျံက အမှန်ပင် အသုံးဝင်ပေသည်။ ယာဉ်ပျံကား ပြိုင်ဘက်ကင်းအောင် မြန်သည်။ သို့သော်လည်း ယွန်စွေ့ရှန်း၏ တန်ခိုးအဆင့်က အလွန်မြင့်သည်။ သို့တိုင်အောင် သူမက ရီဖူရှင်းအား မီအောင် မလိုက်နိုင်ပေ။

ရီဖူရှင်းက ရေခဲကမ္ဘာ အစပ်နားကိုပင် ရောက်လာပြီဖြစ်ကာ လူများအား ဟိုမှ သည်မှ မြင်တွေ့နေရပြီ ဖြစ်သည်။

“ကျုပ်က ခင်ဗျားကို ကူညီပေးဖို့ ကြိုးစားနေတာ… မလွန်လာနဲ့နော်…” ရီဖူရှင်းက ပြေးရင်းက နောက်ကို ကြည့်ကာ အော်ဟစ်သည်။ ထိုအခိုက်တွင် အေးစက်သော ရေခဲချွန်များက လေထုကို ခွင်းလျက် သူ့ထံကို ပစ်လွင့်လာသည်။ ရီဖူရှင်းက ယာဉ်ပျံအား စီးနင်းလျက် ကောင်းကင်တွင် မျဉ်းကွေးပုံစံဖြင့် ရှောင်တိမ်းသည်။

နောက်ဆုံးတွင် သူတို့က တိုက်ခိုက်ရေး ကွင်းပြင်နေရာကို ရောက်လာကြသည်။ ရီဖူရှင်း ထိုအခါမှ စိတ်အေးရသည်။ သည်မိန်းမ သူ့ကို ဘာမှ မလုပ်နိုင်တော့…။

လူအများအပြားက အံ့အားသင့် ကြရသည်။ ထိုမိန်းကလေးက ထို့ကျန်း နန်းဆောင်မှ ယွန်စွေ့ရှင်း မဟုတ်ပေဘူးလား…။

ယွန်စွေ့ရှင်းကား တန်ခိုးကျင့်ရာတွင် လွန်စွာ ဇွဲကြီးသည်ဟု နာမည်ကြီးကာ တစ်ခါတစ်ရံမှသာ သူမအား မြင်တွေ့ရသည်။ သူမက ပါရမီမြင့်ကာ အလွန်လှသည်။ ထို့အတူ ပါရမီရှင်အဆင့် ဇယားတွင်လည်း ထိပ်ပိုင်း၌ ရှိပြီး လူအများအပြားက သူမအား သိကြသည်။

“သူမက ဘယ်သူ့နောက်ကို လိုက်နေတာလဲ…” တစ်ယောက်က ရှေ့ဆုံးမှ ပြေးနေသူကို ကြည့်ကာ မေးသည်။

“အဲဒါ ရီဖူရှင်း…ဒီနှစ် ဝင်ခွင့် စာမေးပွဲမှာ ပထမရတဲ့သူပဲ…” နောက်တစ်ယောက်က ဖြေသည်။ ထိုလူသစ်က မည်သို့ ယွန်စွေ့ရှင်းအား သွားရန်စ လာသနည်း။

ရီဖူရှင်းက ဆက်ပြေးသည်။ သူ့ရှေ့တွင် ကောင်းကင်တက်လှမ်း မျှော်စင်ကို မြင်နေရပြီဖြစ်ကာ လူအများအပြားကလည်း ရှိနေသည်။ လူအများအပြားကလည်း ရီဖူရှင်းကို မြင်ကြပြီး အချို့က ရီဖူရှင်း၏ရှေ့မှ ပိတ်ဆို့ရန် ကြိုးစားကြသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်ကာ နောက်လှည့်၍ သူ့နောက်မှ လိုက်ပါလာသော မိန်းကလေးအား ရင်ဆိုင်လိုက်သည်။ သူက ထိုလူများအား တစ်ခါမှ အပြစ်လုပ်ဖူးသည် မဟုတ်ပေ။ အဘယ်ကြောင့် သူ့လမ်းကို ပိတ်ဆို့ရသနည်း။

“ခင်ဗျား နည်းနည်း လွန်လာပြီလို့ မထင်ဘူးလား… မိန်းကလေး…” ရီဖူရှင်းက နောက်လှည့်ကာ ယွန်စွေ့ရှင်းအား ပြောသည်။ ထိုစဉ်မှာပင် သူ၏ပတ်ဝန်းကျင် လေထုက ချက်ချင်း အေးစက်သွားပြီး တစ်ဖန် ရေခဲကမ္ဘာထဲကို ရောက်သွားသလို ခံစားရပြန်သည်။

ယွန်စွေ့ရှင်းက ဘေးနာမှ လူများကို ကြည့်ကာ ဘာမှ မပြောပေ။

“အစ်မယွန်ကို သူက ဘာအပြစ် လုပ်ခဲ့တာလဲ…” တစ်ယောက်က မေးသည်တွင် ထိုလူများက သူ့အား ပိတ်ဆို့ခြင်းမှာ သည်မိန်းကလေးရှေ့၌ ကြွားဝါရန် ဖြစ်ကြောင်း ရီဖူရှင်း သိလိုက်သည်။

ယွန်စွေ့ရှင်းက မည်သို့ ပြန်ဖြေရမည်မသိရာ ဘာမှ မပြောပေ။ သူမက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ ပြောသည်… “ငါနဲ့လိုက်ခဲ့…”

“ခင်ဗျားနဲ့ လိုက်ရမယ်…ဟုတ်လား…” သူမက ဘာလုပ်ချင်သနည်း…။

“ခင်ဗျားက ကျုပ်ကို တာဝန်ယူခိုင်း နေတာတော့ မဟုတ်ပါဘူးနော်…” ရီဖူရှင်းက ထိတ်လန့်စွာ မေးသည်။

အားလုံး၏ အကြည့်ကာ အေးခဲသွားသည်။ ယွန်စွေ့ရှင်းအား တာဝန်ယူ ရမည်တဲ့လား…။

ယွန်စွေ့ရှင်း ကိုယ်တိုင်လည်း အံ့အားသင့် သွားသည်။ သူမ၏ အမူအရာက အလွန်အမင်း အေးစက်သွားကာ လူအများအပြားကလည်း တီးတိုး ပြောနေကြပြီ ဖြစ်သည်။ ထိုလူများက ရီဖူရှင်း၏နာမည်ကို ပြောသံကြားမှ သူမ၏ရှေ့မှ လူငယ်က သည်နှစ်ဝင်ခွင့် စာမေးပွဲတွင် ပထမရသူဖြစ်ကြောင်း သိလိုက်ရသည်။ သူက နန်းတော်ကို ယခုမှ ရောက်လာသော်လည်း သူ၏ဝင်ခွင့် ပထမဟူသော ဂုဏ်ပုဒ်ကို မထောက်ဘဲ ဝမ်ယွီအား သူ၏လူများဖြင့် ဝိုင်းဝန်း အလစ်တိုက်ခိုက်ကာ ထင်ရာစိုင်း တတ်သည်ဟု သိလိုက်ရသည်။

သည်အကောင်က ယွန်စွေ့ရှင်းကို ဘာလုပ်ခဲ့သနည်း…။ သည်မေးခွန်းကား ယခု လူတိုင်း၏ ခေါင်းထဲတွင် ရှိနေသည်။

“တိတ်တိတ်နေ…” ယွန်စွေ့ရှင်းက အေးစက်စွာ ပြောသည်… “ငါနဲ့လိုက်ခဲ့… ငါမင်းကို မသတ်ဘူး…”

မသတ်ဘူး…။ သတ်ဖြတ်မည့် စကား ပြောရအောင် ရီဖူရှင်းက သူမကို ဘာလုပ်ခဲ့သနည်း။

“အစ်မယွန်… သူက ဘာလုပ်ခဲ့တာလဲ…” မိန်းကလေး တစ်ယောက်က မေးသည်။ သူမကား အလွန်အမင်း လှပကာ သိမ်မွေ့သော ပုံဟန်ရှိသည်။ သူမကလည်း ထို့ကျန်း နန်းဆောင်မှ ဖြစ်ကာ ယွန်စွေ့ရှင်းနှင့် လွန်စွာ ရင်းနှီးသည်။

“ဘာမှ မဟုတ်ဘူး…” ယွန်စွေ့ရှင်းက ပြန်ပြောကာ ရီဖူရှင်းကိုသာ စိုက်ကြည့်သည်။

“ထွက်သွားလိုက်ပါ… ကျုပ်တို့အကြား ဘာမှ မပတ်သက်ဘူးလို့ ကျုပ် သတ်မှတ်ပေးမယ်…” ရီဖူရှင်းက ပြန်ပြောသည်။

ယွန်စွေ့ရှင်းက ရှေ့ကို တိုးကပ်လာခြင်းဖြင့် တုံ့ပြန်သည်။ ထိုအခိုက်တွင် ရေခဲ အငွေ့အသက်များက ရီဖူရှင်းကို ရစ်ပတ်လာကာ သူ့အား လှုပ်မရအောင် ဖြစ်သွားစေသည်။ သူ၏ တစ်ကိုယ်လုံး အလွန်အမင်း အေးစက်သော ဒဏ်ကို ခံစားရပြီး ရေခဲများ စတင် ရစ်ပတ်လာသည်။

“ခင်ဗျား မရပ်ရင် ကျုပ်တို့အကြား ဖြစ်ခဲ့တာတွေကို အားလုံး ထုတ်ပြော လိုက်မှာနော်…” ရီဖူရှင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အားလုံးက ခေါင်းမော့ကာ ရီဖူရှင်းကို ကြည့်ကြသည်။ သေချာသည်.. သူတို့အကြား တစ်ခုခု ဖြစ်ခဲ့သည်…။

ထင်မှတ်ထားသည့် အတိုင်းပင် သူမက ရေခဲဓာတ် ထုတ်လွှတ်ခြင်းကို ရပ်တန့်လိုက်သည်။ သူမ၏မျက်လုံးများက အလွန်အမင်း တည်ငြိမ်နေသော်လည်း အေးစက်သော အငွေ့အသက်များက သူမ၏ ဒေါသကို ဖော်ပြနေသည်။

“ငါတို့ အကြားမှာ ဘာမှ မဖြစ်ခဲ့ဘူး…” ယွန်စွေ့ရှင်းက အေးစက်စွာ ပြောသည်။

“ဒါ မှန်တယ်ဆိုရင် အားလုံးက ဝိုင်းဆုံးဖြတ်လို့ ရအောင် ထုတ်ပြော ပေးလိုက်မယ်… ရလား…” ရီဖူရှင်းက ထပ်ပြောသည်။

“ရီဖူရှင်း…” ယွန်စွေ့ရှင်းက အော်လိုက်သည်။ ရီဖူရှင်း၏ နာမည်ကား အောက်မှ ပြောဆိုနေသော လူများထံမှ သူမ သိလိုက်သည်။

“ငါနင့်ကို မှတ်ထားတယ်…” ထို့နောက် သူမက နောက်လှည့်ကာ ထွက်သွားသည်။

အေးစက်သော အငွေ့အသက်များ ပျောက်ကွယ် သွားသည်။ ရီဖူရှင်းလည်း ထိုအချိန်ကျမှ​သက်မမော ကျရသည်။

“အတော်လှတဲ့ ခန္ဓာကိုယ်ပဲ…” ရီဖူရှင်းက တိုးတိုးလေး ရေရွတ်သည်။ ယွန်စွေ့ရှင်းက ထွက်ခွာသွားရာမှ ရုတ်တရက် ရပ်တန့်လိုက်သည်ကို သူမြင်ရသည်။ သို့သော် သူမက ပြန်မလာတော့ဘဲ​ဆက်လက်၍ ​ပျံသန်း ထွက်ခွာသွားသည်။

ထိုနေရာမှ လူများ အားလုံးက ထိတ်လန့် သွားကြသည်။ ထိုစကားလုံးက ဘာအဓိပ္ပာယ်လဲ…။

အစ်မယွန်က အဘယ်ကြောင့် သူ့အား လက်ဖျားဖြင့်ပင် မထိရဲခဲ့သနည်း။ သူတို့အကြား စကားများက အမှန်ပင် တစ်ခုခု ဖြစ်ခဲ့သည်ဟု ညွှန်ပြနေသည်။

သည်ခွေးကောင်က ဘာလုပ်ခဲ့သနည်း…။

ထို့ကျန်း နန်းဆောင်မှ လူငယ်များက ယွန်စွေ့ရှင်းအား အထင်ကြီး လေးစား အားကျသူများ ဖြစ်ကြရာ ယခု ရီဖူရှင်းကြောင့် လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။

“ဒီအကောင်က အရှက်မရှိဘူးလား…” တစ်ယောက်က အေးစက်စွာ ပြောသည်။

ရီဖူရှင်းက ထိုစကာများ အားလုံးကို ကြားသော်လည်း မကြားသလိုပင်…။ သူက တခြားလူများ၏ အမြင်များကို ဘယ်သောအခါမှ ဂရုစိုက်သူ မဟုတ်ပေ။ သူက ကောင်းကင် တက်လှမ်း မျှော်စင်ဘက်ကို ကြည့်ကာ လှမ်းသွားလိုက်သည်။ ဤနေရာကို ရောက်လာမှတော့ သူက အနည်းငယ် လေ့ကျင့်ပြီးမှ ပြန်သည်ကလည်း ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်သည်။

“မင်းက ဒီလိုပဲ ထွက်သွားလို့ ရမလား…” လူငယ်တစ်ယောက် ရီဖူရှင်း၏ရှေ့ကို ရောက်လာကာ ပြောသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ မေးသည်… “ကျုပ် ခင်ဗျားကို သိလို့လား…”

လူငယ်က သူ့ကို ငေါ့တော့တော့ ကြည့်သည်။ သူတို့က အချင်းချင်း မသိသည်မှာ သေချာပေသည်။

“တော်ဝင်ကျဲ နန်းတော်မှာ ဘယ်လိုပုံစံ ပေးလဲဆိုတာ သူ့ကို သင်ပေးလိုက်…” တစ်ယောက်က ပြောသည်။ ပြောလိုက်သူကား ယွန်စွေ့ရှင်း၏ မိတ်ဆွေဖြစ်သူ မိန်းကလေး ဖြစ်သည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ…” ရီဖူရှင်းက သူ့ရှေ့ကို လျှောက်လာသော မိန်းကလေးအချို့ကို ကြည့်ကာ မေးသည်။

“နင် သိစရာမလိုဘူး.. ဒီကို ရောက်ရောက်ချင်း ဘယ်လိုလုပ် နင်က လေးစားမှု ကင်းမဲ့ရတာလဲ… အစ်မယွန်ကို စော်ကားပြီးတော့မှ အခု ထွက်သွားလို့ ရမလား… အစ်မယွန်က နင့်ကို လွှတ်ပေးပေမဲ့ ငါတို့က လွှတ်ပေးမှာ မဟုတ်ဘူး…” လေထဲမှ မိန်းကလေးက ပြောသည်။ သည်လူငယ်က သည်နှစ် ဝင်ခွင့်စာမေးပွဲ ပထမရသူဖြစ်လျှင်ပင် ပညာပေးရမည်ဟု ထင်မြင်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset