အပိုင်း( ၅၈၈)

နားလည်မှုလွဲခြင်း

တိုက်ခိုက်ရေးကွင်း အနီးမှ မြေနေရာများကို လေ့ကျင့်ရေး နေရာများအဖြစ် လူသိများကြသည်။ ရီဖူရှင်းက ဟိုဟိုဒီဒီ လျှောက်သွားရင်း အမှန်ပင် အံ့အားသင့်ရသည်။ လေ့ကျင့်ရေးကွင်း၏ ဘယ်ဘက်တွင် ရေခဲဇုန်နှင့် မီးလျှံဇုန်နှစ်ခု ရှိသည်။ ညာဘက်တွင် မြေကမ္ဘာဇုန်နှင့် မိုးကြိုးဇုန် ရှိ၏။ အနောက်ဘက်တွင်ကား ထူးခြား ဆန်းကြယ်သော မုန်တိုင်းများနှင့် ရှေးဟောင်း သစ်ပင်များကို မြင်ရသည်။ ဓာတ်ခုနစ်မျိုးတွင် သတ္တုဓာတ် တစ်ခုတည်းသာ လိုနေသည်။ သို့သော်လည်း အလယ်ဗဟိုတွင်ရှိသော ကောင်းကင်တက်လှမ်း မျှော်စင်ကား သတ္တုဓာတ် စွမ်းအင်များဖြင့် ဖုံးလွှမ်းနေကာ သိုင်းပညာရှင်များနှင့် သတ္တုဓာတ် မှော်ပညာရှင်များ အတွက် အထူးတလည် လေ့ကျင့်ရာနေရာ ဖြစ်သည်မှာ ထင်ရှားသည်။

ထိုနေရာကား လူအစည်ဆုံးလည်း ဖြစ်သည်။ ရီဖူရှင်းက ဇုန်တစ်ခုစီ၏ အပေါ်ယံ အခြေအနေများကိုသာ လေ့လာ အကဲခတ်ခဲ့သည်။ နောက်ဆုံးတွင် ယူချင်း၊ ယန်ကျန်းနှင့် ယိရှောင်ရှီတို့က ကောင်းကင်တက်လှမ်း မျှော်စင်ကို သွားလေ့ကျင့်ကြပြီး ရီဖူရှင်းက လေ့ကျင့်ရေးကွင်း အပြင်ဘက်ကို တစ်ယောက်တည်း ရောက်လာသည်။ ဤသို့သော ထူးခြား ဆန်းကြယ်သော ရေမြေဒေသက သူ့လို နိုဘယ်တန်ခိုးရှင် တစ်ယောက်အတွက် အလွန် အကျိုးများသည်။ သူက ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။

ရီဖူရှင်းက လေ့ကျင့်ရေးကွင်း၏ ဘယ်ဘက်တွင် ရှိသော ရေခဲဇုန်သို့ ရောက်လာသည်။ ထိုနေရာ တစ်ခုလုံးကား ဆွတ်ဆွတ်ဖြူနေကာ အလွန်အမင်း အေးစက်သည်။ ရီဖူရှင်းက နှင်းတောထဲတွင် လျှောက်သွားနေပြီး ရှေ့မှ ရုပ်တုအလား အေးခဲနေသော သစ်အိုပင်ကြီးကို ကြည့်သည်။ ရီဖူရှင်း၏ အဆင့်ဖြင့်ပင် သူက အလွန်အမင်း အေးစိမ့်သော ဒဏ်ကို ခံစားရသည်။ သို့သော်လည်း သူက ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်၍ လျှောက်သွားသည်။ သည်နေရာကား ရေခဲဓာတ် သဘာဝကို လေ့ကျင့်သူတို့ အတွက် သီးသန့်နေရာ ဖြစ်သည်မှာ ထင်ရှားသည်။

မြူများက ပိုမို သိပ်သည်းလာကာ အလွန်အမင်း အေးစက်လာသည်။ ရေခဲကမ္ဘာထဲတွင် ငွေရောင်သစ်ပင်များက လှပသော ကမ္ဘာသစ် တစ်ခုအလား တည်ရှိနေသည်။ အေးစိမ့်သော အငွေ့အသက်များက အမှန်ပင် ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲကို စတင် စိမ့်ဝင်လာကြသည်။ တဖြည်းဖြည်းဖြင့် ရီဖူရှင်း၏ အသက်ရှူနှုန်းကပါ နှေးကွေး လာသည်ဟု ထင်ရသည်။

ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်သည်။ ပတ်ဝန်းကျင်ကို စိတ်ဝိညာဉ်အားဖြင့် ခံစားကြည့်သည်တွင် လောကကြီးက အမှန်ပင် နှေးကွေး သွားသည်ကို ခံစားရသည်။ သဘာဝ စွမ်းအင်များပင် လှုပ်ရှားမှုများ ရပ်တန့်နေသည်။

ဤအရာကား ရေခဲအသိ၏သက်ရောက်မှု ဖြစ်သည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကလည်း ရေခဲလွှာများ စတင် ရစ်ပတ်လာသည်။ အကယ်၍ သူသာ ရှေ့ဆက်ပါက အမှန်ပင် အေးခဲ သွားပေရော့မည်။

တစ်ခါတစ်ရံ ထိုအဆုံးမဲ့သော ရေခဲကမ္ဘာထဲတွင် ရီဖူရှင်းက တန်ခိုးရှင် တစ်ယောက်စ နှစ်ယောက်စကိုလည်း မြင်ရသည်။ သူတို့က ရေခဲတောကြီးထဲတွင် တိတ်ဆိတ်စွာပင် ထိုင်လျက် လေ့ကျင့် နေကြသည်။ နိုဘယ်အဆင့်ကို ရောက်သွားသောအခါ သူတို့က သဘာဝ စွမ်းအင်များကို စုပ်ယူခြင်း မပြုကြတော့ပေ။ ထိုနည်းက နိုဘယ်အဆင့်တွင် အသုံးမဝင်ပေ။ အဓိကအားဖြင့် နိုဘယ်တန်ခိုးရှင် တစ်ယောက်က သူတို့ အထူးပြုရာ ဓာတ်သဘာဝကို ပိုမိုနားလည်အောင် လေ့လာဆင်ခြင် ရပေသည်။

နိုဘယ်အသိကား နိုဘယ်များသာ နားလည်နိုင်သည်။ ထိုအထဲတွင် သဘာဝစွမ်းအင်နှင့် စိတ်စွမ်းအင်နှစ်ခု ပေါင်းစပ်ပါဝင်နေ၏။ နိုဘယ်အသိကို ပိုမိုနားလည်လေလေ စိတ်စွမ်းအား ပိုမိုအားကောင်းလေ ဖြစ်သည်။

သည်နေရာကား အမှန်ပင် လို့လန်နှင့် သင့်တော်သည်။ နောက်ပိုင်း သူမအား ဤနေရာတွင် လေ့ကျင့်ခိုင်းရမည်ဟု ရီဖူရှင်း တွေးနေသည်။

သူ၏ခန္ဓာကိုယ်တွင် မီးဓတ်စွမ်းအင်များ စတင် စီးဆင်းလာကာ အေးခဲမှုမှ ကာကွယ်ပေးသည်။ တစ်ခါတစ်ရံ သူကလည်း မီးဓာတ်ကို မသုံးဘဲ အအေးဓာတ်အား နားလည် ဆင်ခြင်သည်။

ဤသို့ဖြင့် ရီဖူရှင်းက နှင်းတောထဲတွင် ခုနစ်ရက်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ရေခဲအသိအပေါ် သူ၏ နားလည်မှုကလည်း ပိုမိုအားကောင်း လာခဲ့သည်။ ထို့ကြောင့် သူကလည်း ပိုမိုနက်ရှိုင်းသော နေရာသို့အထိ လျှောက်လှမ်း လာခဲ့သည်။ အတွင်းပိုင်းသို့ ရောက်လေလေ ပိုမိုအေးစက်လေ ဖြစ်သည်။ ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းသည်တွင် ထူးဆန်းသော စွမ်းအားလှိုင်းများက တစ်နေရာမှ ထွက်ပေါ် လာနေသည်ကို မြင်ရသည်။ ထိုနေရာမှ မဆုံးနိုင်သော ရေခဲဓာတ်စွမ်းအင်များ လွှင့်ထုတ်နေဟန် ရသည်။ ရီဖူရှင်းက ထိုအရာကို သွားကြည့်လိုသည်။

တဖြည်းဖြည်းဖြင့် ရီဖူရှင်းက ထိုနေရာသို့ ရောက်လုနီးပြီဟု ခံစားရသည်။ သူ့ရှေ့တွင်ကား ရေခဲတောင်ကြား တစ်ခုကို မြင်ရ၏။ သူက မီးဓာတ်ကို အဆုံးစွန်အထိ အသုံးပြုကာ တောင်ကြားထဲကို ဝင်လိုက်သည်။ တောင်ကြားထဲတွင်ကား အမှန်ပင် ရေခဲကန်တစ်ခုကို မြင်ရပြီး အေးစိမ့်သော အားလှိုင်းများက ကန်ထဲမှ တဟူးဟူးထကာ ပတ်ဝန်းကျင့်ကို လွင့်ပျံ့နေသည်။

ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက် သွင်းလိုက်သည်။ သူက အေးခဲရေကန်မှ ထူးဆန်းသော စွမ်းအားကို ခံစားရသည်။ သူက အတင့်ရဲစွာ ကန်ထဲကို မဆင်းပေ။ ထိုအစား ကန်ဘေးနားတွင် ထိုင်ကာ လေ့ကျင့်သည်။

ရက်များ ကုန်ဆုံးသွားသည်။ ရေခဲစီးကြောင်းများက သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်း ရစ်ပတ်လာကြကာ အသွေးအသားများထဲသို့ အထိ စိမ့်ဝင်လာကြသည်။

ရုတ်တရက် လခြမ်းကွေးကဲ့သို့ ကောင်းကင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ကောင်းကင်အလင်းက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်တွင် ရီဖူရှင်းကလည်း သူ၏ လမင်းဝိညာဉ်ကို ထုတ်လွှတ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ မူလဝိညာဉ်ကိုလည်း သူ၏ခန္ဓာကိုယ်ထဲတွင် ရေးရေးမျှ မြင်ရသည်။ ထို့နောက်တွင် ရေခဲဓာတ်များကကို သူ၏ မူလဝိညာဉ်က အရူးအမူး စုပ်ယူကာ ရေခဲအသိများက သူ၏သက်စောင့် ဝိညာဉ်ထဲကို စီးဝင်ကြ၏။ ရက်များစွာ ကုန်ဆုံးသွားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်အားလည်း ရေခဲများ တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်း သွားကြသည်။

“ဒါက ရေမဟုတ်ဘူး… ဒါက ရေခဲစီးကြောင်းကြောင့် ဖြစ်လာတဲ့ ရေခဲလွှာတွေပဲ… အောက်မှာ ဘာရှိတာလဲ မသိဘူး…” ရီဖူရှင်းက ရေရွတ်ကာ ကန်ရေထဲကို ဆင်းသည်။ ကမ္ဘာသစ်ပင်က အကိုင်းအခက်များ ရှည်လျားသွားကာ အောက်ကို တဖြည်းဖြည်း နစ်မြုပ်သွားသည်။ ကမ္ဘာသစ်ပင်က သူ့အား ရစ်ပတ် ကာကွယ်ပေးရင်းက ရီဖူရှင်းက အောက်ကို ဆင်း၏။

သူက ပိုမိုနက်ရှိုင်းစွာ ဆင်းသက်လေလေ အေးခဲကန်ထဲတွင် ဘာရှိသည်ကို မြင်ရလေ ဖြစ်သည်။ ရေအောက်တွင်ကား ငွေရောင် ကြာပန်းတစ်ပွင့်ကို မြင်ရ၏။ ကြာပန်းပွင့်ချပ်များ အားလုံးက ငွေရောင်များ တလက်လက် ထနေကာ ရေခဲလှိုင်းများ ဖြာထွက်နေသည်။

“ဒီနေရာက အေးခဲနေပြီး မဆုံးနိုင်တဲ့ အအေးဓာတ်တွေ ရှိတယ်… ဒါတွေ အကုန်လုံးက ဒီကြာပန်းကြောင့်လား…” ရီဖူရှင်း အံ့အားသင့်ရသည်။ လောကတွင် မယုံကြည်နိုင်ဖွယ် ထူးဆန်းသော အရားများစွာ ရှိနေပေသည်။

ရေခဲကြာပန်းက ရေခဲကမ္ဘာ တစ်ခုလုံးကို ဖြစ်ပေါ်စေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်ကား သူ၏သက်စောင့် ဝိညာဉ်ဖြင့် ဖုံးအုပ်ထားသည့်တိုင် အလွန်အမင်း အေးစိမ့်သောဒဏ်ကို ခံစားရသည်သာ..။ သူက ဤနေရာတွင် ဆက်လက်၍​ မနေလိုတော့ပေ။

“ဒါက ဘာများလဲ…” ရုတ်တရက် ရီဖူရှင်းက ကြာပန်းဘေးမှ ရေခဲရုပ်တု တစ်ခုကို မြင်သည်။ လူတစ်ယောက်ကား ကြာပန်းဘေးတွင် အေးခဲနေသည်။ တော်ဝင်ကျဲ နန်းတော်မှ တစ်ယောက်က ဤနေရာကို အတင်းလာရာမှ အေးခဲသေဆုံး သွားသည်လား…။

ကမ္ဘာသစ်ပင်၏ နွယ်ပင်များက ရုပ်တုကို ရစ်ပတ်သွားကာ ရီဖူရှင်းက ကန်ပေါ်ကို ပြန်တက်လာသည်။ ထို့နောက်တွင် သူက ရုပ်တုအား သယ်လျက် တောင်ကြား အပြင်သို့ ထွက်လာ၏။ ထို့နောက် သူက ရုပ်တုကို မြေမှာ ချသည်။

ရီဖူရှင်းက ရေခဲရုပ်တုကို ကြည့်သည်။ အပြင်မှ ရေခဲများ ရစ်ပတ် ထားသော်လည်း အထဲမှ လူကား အမှန်ပင် အလွန်လှပသော မိန်းကလေး တစ်ယောက် ဖြစ်နေသည်။ ထို့အပြင် သူမက ဘာအဝတ်အစားမှ မဝတ်ထားပေ။ သူမက ဆွဲဆောင်မှုရှိကာ သူမ၏ အသားအရေက ဖြူဖွေးနေပြီး အလွန်အမင်း လှပသော နှင်းနတ်သမီးနှင့် သဏ္ဌာန်ရသည်။

“ဒါက ကံမကောင်းတာပဲ…” ရီဖူရှင်းက ရေရွတ်သည်။ ဤမျှ လှပသော ရုပ်ရည်ဖြင့် သူမက ထိပ်သီး မိသားစုတစ်ခု၏ မျိုးဆက် ဖြစ်ရမည်။ သူမက တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်ရင်း အမှန်ပင် သေဆုံးခဲ့၏။

ရီဖူရှင်းက ရေခဲလွှာပေါ်တွင် လက်တင်လိုက် သည်တွင် မကြာမီ ရေခဲများ အရည်ပျော် သွားသည်။ အပြစ်အနာအဆာ ကင်းမဲ့သော အလှပိုင်ရှင်အား ကြည့်ကာ ရီဖူရှင်းက ရေရွတ်သည်… “မင်းက လေ့ကျင့်မယ် ဆိုရင်တောင် ဘာလို့ ဒီလို ဘာမှ မဝတ်ဘဲ လေ့ကျင့်ရတာလဲ…” သူက ဘာလုပ်ရမည် မသိပေ။ သူက ဤသို့သော ကိုယ်တုံးလုံး အလောင်းကို သယ်သွားပါက လူများ သူ့ကို အထင်လွဲကြ ပေရော့မည်။ ထို့အပြင် သူမအား ဤအတိုင်းလည်း ချန်မထားခဲ့သင့်ပေ။

“ခွင့်လွှတ်ပါ…” ရီဖူရှင်းက သူ၏ အဝတ်အစား တစ်စုံကို လက်စွပ်ထဲမှ ထုတ်ကာ မိန်းကလေး၏ ကိုယ်ပေါ်ကို တင်ပေးလိုက်သည်။ သူ ဘာမှ မတတ်နိုင်။ မိန်းကလေးအား သည်နေရာတွင် မထားခဲ့သင့်ဟု သူ ယူဆသည်။ သူမအား လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ရင်းက ရီဖူရှင်း ရေခဲကမ္ဘာ အပြင်ဘက်သို့ လျှောက်လာခဲ့သည်။

ရုတ်တရက် မိန်းမတစ်ယောက်၏အသံကို ကြားလိုက်ရသည်… “အဲဒါ ကောင်းလား…”

“အင်း…” ရီဖူရှင်းကလည်း အလိုအလျောက် ခေါင်းညိတ်မိသည်။

“နေပါဦး…” ရီဖူရှင်းက ချက်ချင်း အသိဝင်လာကာ သူ သယ်ထားသော မိန်းကလေးကို ကြည့်သည်။ ဤတွင် လှပသော မျက်လုံးအစုံက သူ့အား စူးရဲစွာ ကြည့်နေသည်ကို မြင်ရသည်။ ထို့အပြင် သူ၏အသက်ရှူသံကိုလည်း သူ ခံစားနေရ၏။

“အလောင်းက အသက် ဝင်လာတယ်ဟ…” ရီဖူရှင်းက ချက်ချင်း သူ၏လက်ကို ပြန်ရုပ်သိမ်း လိုက်သည်တွင် မိန်းကလေးက မြေပြင်ပေါ်ကို ကျသည်။ သို့သော် မိန်းကလေးက သူ့အား စူးရဲစွာ ကြည့်နေဆဲပင်။ နောက်လှည့်ရင်းမှပင် သူမက ဝတ်စုံတစ်စုံကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ သူမက ရီဖူရှင်းဘက်ကို ပြန်လှည့်လာသည်တွင် ရီဖူရှင်းက လက်ကာလျက် အကြောက်အကန် ပြောသည်… “ဒါ နားလည်မှု လွဲတာ…” သူမက ရူးနေသည်လား…။ ကန်ထဲကို အဝတ်မပါဘဲ ဆင်းသက်ကာ အေးခဲနေသည်။

မိန်းကလေးက သူ့အား စိုက်ကြည့်နေဆဲ ဖြစ်သည်။ ထို့နောက် သူမက ရုတ်တရက် လက်ဆန့်တန်း လိုက်သည်။ ချက်ချင်းပင် ရီဖူရှင်း၏ တစ်ကိုယ်လုံး အေးခဲသွား၏။

ရီဖူရှင်းက ကျောချမ်း သွားသည်။ သူမကား နိုဘယ်အဆင့် အမြင့်ဆုံးတွင် ရှိနေသည်။

“အာ…” ရီဖူရှင်းက ဆဲရဲပစ်ချင်သော်လည်း အတတ်နိုင်ဆုံး ပြုံးကာ ရှင်းပြသည်.. “ဒါ တကယ်ပဲ နားလည်မှု လွဲတာ…” သူ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ…။

***


Comment

Leave a Reply

Options

not work with dark mode
Reset