ပိုင်လွေလီကြောင့်သာ တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများက အချို့သော သဘောတူညီချက်များ ရရှိခဲ့သည်ဟု အစ်မနှစ်ထံမှ သူကြားခဲ့ရသည်။ ယခု ဝမ်ရှင်းနန်းဆောင် သခင်က ပိုင်လွေလီအား တွက်ချက်ခဲ့သည်ဟု သူ သိရသည်တွင် အချို့သော အကြောင်းအရာများကို ခန့်မှန်း၍ ရနေပြီဖြစ်သည်။
တော်ဝင်ရှီ နန်းဆောင်က သူ့အား မရွေးဘဲ ပိုင်စီနှင့် ကျူးကော့ရှင်းကို ရွေးခဲ့သည်မှာ မထူးဆန်းတော့ပေ။ သူတို့က ပိုင်စီကို သဘောကျ နှစ်ခြိုက်လွန်း၍တော့ မဟုတ်ပေ။ ပိုင်စီက ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်ကို အားလုံးက မြင်ကြသည်။ တော်ဝင်ကျဲ နန်းတော်မှ လူများက မျက်လုံးကန်း နေကြသည် မဟုတ်ပေ။ သို့သော် ပိုင်လွေလီက သူတို့အတွက် ထူးခြားသော ဖြစ်တည်မှုမျိုး ဖြစ်သောကြောင့်သာ…။ မည်သို့ဆိုစေ ရီဖူရှင်းက အနည်းငယ်တော့ နားမလည်ပေ။ အလွန် အားကောင်းသော အလားအလာကို ပိုင်ဆိုင်သော ပိုင်လွေလီအပြင် ကောင်းကင်မြေရိုင်း အဆင့်မှ တန်ခိုးရှင်များကလည်း အလွန် အားကောင်းသော တိုက်ခိုက်ရေး စွမ်းအင်များ ရှိကြပေသည်။ သို့သော် ရီဖူရှင်းက တကယ့် ရှန့်ထိုတန်ခိုးရှင်ကို မမြင်ဖူးပေ။ သို့သော်လည်း ထိပ်သီးကျောင်း သုံးကျောင်းတွင်လည်း ရှန့်ထိုတန်ခိုးရှင်၏ ပညာအမွေများ ရှိနေသည်။ မြေရိုင်းဒေသ၏ အကောင်းဆုံး တန်ခိုးကျင့်ရာ နယ်မြေဖြစ်သည့် အလျောက် တော်ဝင်ကျဲ နန်းတော်ကလည်း ရှန့်ထိုပညာရပ်များ ရှိရမည်သာ…။ အတိတ်တွင် နန်းတော်၌ ရှန့်ထိုများ ရှိခဲ့ရပေမည်။
သို့မဟုတ်လျှင် ရှန့်ထိုများက မြေရိုင်းဒေသတွင် မနေတော့ဘဲ ပိုမိုမြင့်မားသော ဒေသများသို့ သွားရောက်ခဲ့ကြသလော…။ သို့မဟုတ် တခြား အကြောင်းပြချက်များ ရှိသလော…။
“လို့လန်… သိမ်းငှက်လေးနဲ့အတူ ဒီမှာနေပြီး နေရာကို ရှင်းထားလိုက်… ငါတို့က နန်းတော်ကို သွားကြည့် လိုက်ဦးမယ်…” ရီဖူရှင်းက ပြောသည်။ တန်ခိုးရှင်များက နေရာထိုင်ခင်း အတွက် လိုအပ်ချက် ကြီးကြီးမားမား မရှိပေ။ နန်းတော်မှ လူအများစုကလည်း ပြင်ပတွင် သွားရောက် လေ့ကျင့်ကြကာ နန်းတော်ထဲတွင် နေသူက အလွန် နည်းပါးပေသည်။
မြေရိုင်းဒေသ၏ ကောင်းကင်ဘုံ၏ တင်စားခံရသော ဤနေရာက မည်သို့သော နေရာဖြစ်မည်ကို ရီဖူရှင်းက ကြည့်လို၏။
“ကောင်းပြီ…” လို့လန်ရွှီက ညင်သာစွာ ခေါင်းညိတ်သည်။
“ငါလည်း ကျန်နေခဲ့ပြီး လို့လန်ကို ကူလိုက်မယ်…” ယိချန်ချန်ကလည်း ပြောသည်။
“ကောင်းပြီလေ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “သွားရအောင်…” ထို့နောက် သူတို့လေးယောက် ထွက်လာကြသည်။ သူတို့က တိုက်ခိုက်ရေး ရှီနန်းဆောင် အပြင်ဘက်ကို ထွက်လာကာ သူတို့ ရောက်ရှိနေသော ကျွန်းစု ပတ်ဝန်းကျင်ကို အကဲခတ် လိုက်ကြသည်။ မြေနေရာကား ကျယ်ပြောလွန်းကာ ကျွန်း၏အဆုံးကို သူတို့ မမြင်ကြရပေ။ ဤကျွန်း တစ်ကျွန်းလုံးကား တန်ခိုးကျင့်ရာ နေရာကြီးတစ်ခု ဖြစ်သည်။
“ဒီနေရာက အရမ်းကြီးတယ်… ငါတို့က မြန်မြန်ဆန်ဆန် ဒီနေရာနဲ့ ရင်းနှီးဖို့ မလွယ်ဘူး ထင်တယ်… ငါတို့ ဘယ်က စလေ့လာကြမလဲ…” ယိရှောင်ရှီက မေးသည်။ ရီဖူရှင်းကလည်း ထိုသို့ တွေးထင်သည်။
“ငါတို့ လာတုန်းက လူတွေ အများကြီး ရှိတဲ့နေရာကို မှတ်မိလား… ငါတို့ အဲဒီကို အရင်သွားကြမယ်… လူတွေကို တွေ့တဲ့အခါ မေးမြန်းစုံစမ်းလို့ ရတာပေါ့…” ရီဖူရှင်းက ပြောသည်။ ဘယ်သူမှ သူ၏အကြံကို မငြင်းဆန်ရာ သူတို့လေးယောက် ဆက်လျှောက် လာကြသည်။
အတန်ကြာလျှင် ရီဖူရှင်းတို့အဖွဲ့က လူအများအပြား ရှိနေသော နေရာတစ်ခုသို့ ရောက်လာကြသည်။ ထိုနေရာတွင် နေရာအနှံ့ကို သွားနိုင်သော လမ်းကလေးများ အများအပြား ရှိပြီး အလယ်ဗဟို တည့်တည့်တွင် ကျောက်တိုင်ကြီး တစ်ခုကိုလည်း တွေ့ရသည်။ ကျောက်တိုင်ကြီးပေါ်တွင် စာလုံးအချို့ကို သဘာဝ စွမ်းအင်များဖြင့် ရေးထွင်းထားပြီး လူအများအပြားက ထိုရှေ့တွင် ရပ်ကာ ကျောက်တိုင်ကြီးကို ကြည့်နေသည်ကို မြင်ရ၏။
“ဟွာဖန်းက တကယ်ပဲ ရှီနန်းတော်မှာ နေရာတစ်နေရာ ရတယ်…”
“တော်ဝင်ကျဲ နန်းတော်က နောက်ထပ် ပါရမီရှင် တစ်ယောက်က ရှီနန်းတော်ကို ဝင်ခွင့်ရသွားတယ်… အဲဒီလူက အနာဂတ်မှာ မြေရိုင်းကောင်းကင် အဆင့်ထဲကို ဝင်မှာ သေချာတယ်…”
လူအများအပြားက သူတို့ချင်းချင်း ပြောဆို ဆွေးနွေးနေကြသည်။ ဟွာဖန်းကား တော်ဝင်ရှီနန်းဆောင်၏ တပည့်တစ်ယောက် ဖြစ်သည်။ သူက ရှီနန်းတော်ကို ဝင်ခွင့်ရသည့် အကြောင်းအား ကျောက်တုံးပေါ်တွင် ရေးသားထားသည်။ သူတို့အားလုံးက ဟွာဖန်း၏ပါရမီကို သိပြီး ဖြစ်သော်လည်း ယခု သူက ခြောက်နှစ်မျှဖြင့် ရှီနန်းတော်ထဲကို ဝင်ခွင့်ရမည်ဟု မထင်မှတ်ထားကြပေ။
တော်ဝင်ကျဲနန်းတော်မှ လူများအားလုံး သည်ကိစ္စ၏ အရေးပါပုံကို သိကြသည်။ ရှီနန်းတော်ထဲကို ဝင်ခွင့်ရသော မည်သူမဆို နောင်တွင် ကောင်းကင်မြေရိုင်း အဆင့်ထဲကို သေချာပေါက် ဝင်သည်။ ဥပမာ တိမ်ဖြူမြို့စား၊ ကျူးကော့မိသားစု၊ ပိုင်လွေလီနှင့် တော်ဝင်ကျဲနန်းတော်မှ များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များကရှေ့တွင် သာဓကပြပြီး ဖြစ်သည်။
“ဒီတစ်ခေါက် သူက ရှီနန်းတော်ထဲကို ဝင်ပြီးရင် ရှီအဆင့်ကို တက်ဖို့ ကြိုးစားလိမ့်မယ်…” တစ်ယောက်က ပြောသည်။
“အမှန်ပဲ… လွန်ခဲ့တဲ့ ခြောက်နှစ်က ဝင်ခွင့် ပထမနေရာကို ဟွာဖန်းက ရတယ်… သူက ပိုင်လွေလီပြီးရင် ပါရမီ အမြင့်ဆုံးအနေနဲ့ သတ်မှတ် ထားကြတယ်… ပြီးတော့ သူက မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့တယ်… အခု သူက ရှီနန်းတော်ထဲကို ဝင်ခွင့်ရပြီ…”
“စီမင်ဟန်ကျင့်လည်း ဖိအား ဝင်လာမယ်လို့ ငါထင်တယ်…” တစ်ယောက်က ပြောသည်။ စီမင်ဟန်ကျင့်ကား လွန်ခဲ့သော သုံးနှစ်က ပထမရသူ ဖြစ်သည်။ သူကား စီမင်ကလန်၏ အထူးချွန်ဆုံးသော ပါရမီရှင်အဖြစ် သတ်မှတ်ခံရကာ ပိုင်လွေလီကား သူ၏ပန်းတိုင်အဖြစ် သတ်မှတ်ထားသူလည်း ဖြစ်သည်။ ယခု ဟွာဖန်းက ရှီနန်းတော်ကို ဝင်ခွင့်ရထားပြီးဖြစ်ရာ စီမင်ဟန်ကျင့်က သေချာပေါက် ဖိအား ဝင်ရပေမည်။
“စီမင်ဟန်ကျင့်က ပါရမီပါတယ်… ဒါပေမဲ့ ရှီနန်းတော်ကို ဝင်ခွင့်ရဖို့ မလွယ်ကူဘူး… လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သူနဲ့တန်းတူ အရည်အချင်း ရှိတဲ့လူတွေလည်း ရှိသေးတယ်…” တစ်ယောက်က ပြုံးလျက် မှတ်ချက်ချသည်။ တော်ဝင်ကျဲ နန်းတော်တွင် မရေမတွက်နိုင်သော ပါရမီရှင်များ ရှိသည်။ ရှီနန်းတော်ထဲကို ဝင်ခွင့်ရသူကား လက်ချိုးရေ၍ ရသည်။
“ဒီနှစ် ပထမရတဲ့လူလည်း အခု နန်းတော်ထဲကို ရောက်နေပြီးလို့ ငါကြားတယ်…” တစ်ယောက်က ပြောသည်။
ဝင်ခွင့်အကဲ ဖြတ်ပွဲ၏ ပထမရသူကား ပုံမှန်အားဖြင့် လူအများ စိတ်ဝင်စားခြင်း ခံရလေ့ရှိသည်။
“ဒီတစ်သုတ် တပည့်သစ်တွေ ရောက်လာကြပြီပဲ… နန်းတော်က ခုတလော စည်ကားဦးမယ်… ပြီးတော့ ရီဖူရှင်းနဲ့ ပိုင်စီတို့က တော်တော်လေး ပြဿနာ ဖြစ်ထားတယ် ကြားတယ်.. တိုက်ပွဲမှာ ရီဖူရှင်းကြောင့် ပိုင်စီက မချိမဆံ့ ခံလိုက်ရတယ်တဲ့… တော်ဝင်ကျဲ နန်းတော်မှာ စိတ်ဝင်စားစရာတွေ မြင်ရတော့မယ် ထင်တယ်…”
“ငါလည်း ကြားတယ်… ပိုင်စီက ရီဖူရှင်းရဲ့ ချစ်သူ ဟွာဂျီယူကို သွားပြီး လူမြင်ကွင်းမှာ စိတ်ဝင်စားတဲ့ အကြောင်း သွားပြောတယ်တဲ့… ဒါကြောင့်ပဲ တိုက်ပွဲမှာ သူက ရီဖူရှင်း အရှက်ခွဲတာကို ဆိုးဆိုးဝါးဝါး ခံလိုက်ရတယ်… သူ့အစ်ကိုက ပြိုင်ဘက်ကင်း ပါရမီရှင်… အခုသူက ဒီလို အရှက်ခွဲခံရတယ်… သူက သေချာပေါက် ရီဖူရှင်းကို သတ်ချင်နေမှာပဲ…”
“ဒီတစ်ခေါက် တော်ဝင်ကျဲ နန်းတော်ကို မဝင်နိုင်ခဲ့တဲ့ ထိပ်သီး ပါရမီရှင်တွေလည်း ရှိခဲ့တယ် ကြားတယ်… ဒါပေမဲ့ ရီဖူရှင်း၊ ယူချင်း၊ စုချွဲ၊ ဟွာဂျီယူနဲ့ တခြားလူအချို့ရဲ့ ပါရမီတွေက တော်တော် ကောင်းတယ် ကြားတယ်… ပိုင်စီက ရီဖူရှင်းဆီမှာ ရှုံးခဲ့ပေမဲ့ အမှန်က သူလည်း သိပ်မဆိုးဘူး…”
“ဟုတ်လား…” အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် လျှောက်လာသည်။ သူ၏မျက်နှာက ယုံကြည်မှု ရှိသော ဟန်ပင်ကို တွေ့ရကာ မျက်လုံးများက ပြုံးရောင်သန်း နေသည်ကို မြင်ရသည်။ ထိုလူငယ်က ပြောသည်… “ဒီတစ်ခေါက် အကဲဖြတ်ပြိုင်ပွဲက သာမန်ပဲလို ကျုပ်မြင်တယ်…” လူငယ်က ပြုံးလျက် ပြောသည်။
အားလုံးက လူငယ်အား စိတ်ဝင်စားစွာ ကြည့်လိုက်ကြသည်။ တစ်ယောက်က ပြုံးလျက်ပြောသည်… “ယွန်ဖုန်း… မင်းက ပြီးခဲ့တဲ့နှစ်တုန်းက ရှီတန်ခိုးရှင် ထို့ကျန်းရဲ့ တိုက်ရိုက် တပည့်ဖြစ်ခဲ့တယ်… ဒါကြောင့် မင်းက အကဲဖြတ် စစ်ဆေးတာကို မကျော်ဖြတ်ခဲ့ရဘူး… ဒါကြောင့်လည်း မင်းက အသစ် ဝင်လာတဲ့လူတွေကို အထင်သေးရဲတာပေါ့…”
ယွန်ဖုန်းက ပြုံးလိုက်သည်။ သူက မိမိကိုယ်ကို ယုံကြည်ရာ အကဲဖြတ် စစ်ဆေးခြင်းကို ဝင်မပါခဲ့ပေ။ မည်သို့ဆိုစေ ရလဒ်က အတူတူသာ ဖြစ်ပေမည်။ သူ၏ပန်းတိုင်ကား တော်ဝင်ကျဲနန်းတော်မှ ရှီနန်းတော်ထဲကို ဝင်ရန်ဖြစ်သည်။
“နဝမအတန်းအစား နိုဘယ်နှစ်ယောက်က ထိပ်ဆုံး ဆယ်ယောက် စာရင်းကို ဝင်နိုင်ခဲ့တယ်… ဒီတစ်ခေါက် လူသစ်တွေက ဘယ်လောက် အားကောင်းနိုင်မှာ မို့လို့လဲ…” ယွန်ဖုန်းက အလေးမထားစွာ ပြောသည်။ ထို့နောက် သူက စကားပြောနေရာမှ ရပ်ကာ ကျောက်တုံးနံရံကို ကြည့်သည်။
ဟွာဖန်းက ရှီနန်းတော်ကို ဝင်ခွင့်ရသည်။
ထိုအရာကသာ သူ၏ပန်းတိုင်ဖြစ်၏။
အားလုံးက ယွန်ဖန်းကို ပြုံးလျက် ကြည့်ကြသည်။ ယွန်ဖုန်းကား လက်မှုပညာရှင်မျိုးဆက် ဖြစ်သည်။ သူက ပုံစံဒီဇိုင်း ရေးဆွဲခြင်းဖြင့် တန်ခိုး စတင်ကျင့်ခဲ့ကာ သူ၏လက်ရာများက အလွန် လှပသေသပ်ပေသည်။ နာမည်ကျော် လက်မှုပညာရှင်ကြီးနှင့် ရှီတန်ခိုးရှင် ထို့ကျန်းတို့က မိတ်ဆွေများ ဖြစ်ကြသည်။ ထို့ကြောင့် ယွန်ဖုန်းအား တော်ဝင်ကျဲနန်းတော် ရှီတန်ခိုးရှင် ထို့ကျန်း၏လက်အောက်တွင် လေ့ကျင့်ရန် စေလွှတ်ခြင်း ခံရသည်။ ထိုပညာရှင်က ယွန်ဖုန်း၏စွမ်းရည်မှာ နောင်တွင် သူ့ထက် ပိုမိုကောင်းမွန်မည်ဟု တထစ်ချ ပြောဆိုထားသည်။ တော်ဝင်ကျဲ နန်းတော်ကို ဝင်လာပြီးနောက် ယွန်ဖုန်းက အမှန်ပင် သူ၏ပါရမီများကို ပြသနိုင်ခဲ့၏။ သူက ငယ်ရွယ်သော်လည်း ထို့ကျန်းနန်းဆောင်တွင် နာမည်ကျော်နေပြီး ဖြစ်သည်။ ထို့ကြောင့် သူက ဤသို့ပြောခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။
“ဒါအမှန်ပဲ… ကျုပ်လည်း လက်ခံတယ်…” တစ်ယောက်က ရုတ်တရက်ပြောသည်။ အားလုံးက လှည့်ကြည့်ကြသည်တွင် လူအနည်းငယ်က သူတို့ထံ လျှောက်လာသည်ကို မြင်ရသည်။ စကားပြောလိုက်သူကား ချောမောကာ ငယ်ရွယ်သည်။
“ဟုတ်လား…” ယွန်ဖုန်းက ထိုလူငယ်ကို ကြည့်ကာ ပြုံးသည်။
“နဝမအတန်းအစား နိုဘယ်နှစ်ယောက်က အကဲဖြတ် စစ်ဆေးမှုရဲ့ ထပ်ဆုံး ဆယ်နေရာကို ဝင်ရောက်နိုင်တယ်… တကယ်ပဲ ဒီတစ်ခေါက် စမ်းသပ်မှုက အားနည်းတယ်… ဒီလူနှစ်ယောက်က အတော် ကံကောင်းတယ် ပြောရမယ်…” လူငယ်က ပြောသည်။
ယွန်ဖုန်းက အသာအယာ ပြုံးလိုက်ကာ ဘာမှ မပြောတော့ပေ။ လူအများအပြားက လူငယ်ကို ကြည့်ပြီးမှ တစ်ယောက်က မေးသည်… “မင်းတို့ကို မမြင်ဖူးပါဘူး… မင်းတို့က လူသစ်တွေလား…”
တစ်ယောက်က ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ သူက ရီဖူရှင်းကို မှတ်မိ၏။ တော်ဝင်ကျဲ နန်းတော်မှ တပည့်များကလည်း အကဲဖြတ်ပွဲကို သွားရောက် ကြည့်ရှုလေ့ ရှိကြသည်။
“မှန်တယ်…” လူငယ်က ခေါင်းညိတ်သည်။
“မင်း ဘယ်သူလဲ… ငါမင်းကို သိမလား ကြည့်ရအောင်…” တစ်ယောက်က ပြုံးလျက် မေးသည်။
“ရီဖူရှင်း…” လူငယ်က ပြန်ပြောသည်။ ချက်ချင်းပင် အားလုံးက တိတ်ဆိတ် သွားသည်။ ထို့နောက်တွင် သူတို့က ရီဖူရှင်းကို ကြည့်ကာ စတင် ရယ်မောကြ၏။
အခြေအနေက လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းလာသည်။
ယွန်ဖုန်းကလည်း အံ့အားသင့်သွားပြီးမှ ဘေးမှ ရီဖူရှင်းကို ကြည့်သည်။ သည်တစ်ကြိမ် သူက အကြည့်မလွှဲတော့ပေ။ ထို့နောက် သူက ပြောသည်… “ငါ့နာမည် ယွန်ဖုန်း…”
ရီဖူရှင်းက သူ့ရှေ့မှ ကျောက်တုံးနံရံကို ကြည့်သည်။ သူကလည်း ဟွာဖန်းက ရှီနန်းတော်ထဲကို ဝင်ခွင့်ရသည်ကို မြင်သည်။
တော်ဝင်ကျဲ နန်းတော်တွင် အမှန်ပင် တော်ဝင် ပညာရပ်များ ရှိနေသည်။ နောက်ထပ် ကျောက်တုံးနံရံ တစ်ခုတွင် အပေါ်မှ အောက်ခြေအထိ အစီအရီ ရေးထွင်းထားသော နာမည်များကို မြင်ရသည်။ ပထမဆုံး နာမည်ကား ရှီနန်းတော်ကို ဝင်ခွင့်ရသော ဟွာဖန်းဖြစ်သည်။
နောက်ဆုံး နေရာတွင် ရီဖူရှင်းက သူ၏နာမည်ကို မြင်ရ၏။
“စီနီယာ… ဒါဘာလဲ…” ရီဖူရှင်းကလည်း ပြုံးလျက် မေးသည်။
လူအများအပြားက ရီဖူရှင်းကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ တစ်ယောက်က ပြန်ပြောသည်… “ပါရမီရှင်အဆင့်… ဒါကို ကောင်းကင်မြေရိုင်း အဆင့်ငယ်လို့လည်း ခေါ်ကြတယ်… ဂျူနီယာရီ… မင်းက တော်ဝင်ကျဲနန်းတော်ကို ရောက်တာနဲ့ အဆင့်ထဲပါနေပြီ.. ဒါက နောက်ဆုံးနေရာ ဆိုပေမဲ့ လူအများကြီး ကိုတော့ ကျော်ဖြတ် ထားနိုင်တာပဲ…”
တော်ဝင်ကျဲ နန်းတော်၏ ပါရမီရှင်အဆင့်ကား လူတစ်ရာခန့်သာ ပါဝင်ကာ အားလုံးက နိုဘယ်အဆင့် ဖြစ်သည်။ တကယ့် ကောင်းကင်မြေရိုင်း အဆင့်ကဲ့သို့ပင် လူတစ်ယောက်၏ ပါရမီနှင့် အရည်အချင်းကို လိုက်၍ အဆင့်စီသည်။ ထို့ကြောင့် ဤအဆင့်ဇယားကို ကောင်းကင် မြေရိုင်း အဆင့်ငယ်ဟု ခေါ်သည်။
ရှီတန်ခိုးရှင်များကို ကောင်းကင်မြေရိုင်း အဆင့်ဖြင့် စီသည်။
ရီဖူရှင်းက နန်းတော်ကို ယခုမှ ရောက်ကာ ဘာမှ မပြသရသေးပေ။ သို့သော်လည်း သူကား ယခုနှစ် အကဲဖြတ် စမ်းသပ်မှု၏ ပထမရသူ ဖြစ်သည်။
ရီဖူရှင်းကလည်း ယွန်ဖုန်း၏နာမည်ကို မြင်သည်။ သူကား ပါရမီရှင် အဆင့်တွင် နံပါတ် ကိုးဆယ့်ခြောက်တွင် ရှိသည်။
ယွန်ဖုန်းက မကျေမနပ်ဖြစ်သည်မှာ မထူးဆန်းတော့ပေ။
“ကျုပ်က တကယ်ပဲ ကံကောင်းလို့ပါ… ကျုပ်ကို လျစ်လျူရှုထားပါ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ အားလုံးက စိတ်ဝင်စားကြသည်။ သူက တကယ်ပဲ ပထမရသူလား…။
“အာ… ဒါနဲ့ ကျုပ်က ဒီနေရာနဲ့ သိပ်မရင်းနှီးဘူး… ဒါက ဘယ်နေရာလဲ…” ရီဖူရှင်းက မေးသည်။
“ ဒါက ပါရမီရှင်အဆင့် ဇယားရှိတဲ့နေရာပဲ… ဒါကို ပါရမီရှင်တိုက်ပွဲ စင်မြင့်နေရာလို့လည်း ခေါ်တယ်… တကယ်လို့ ပါရမီရှင် စိန်ခေါ်ပွဲတစ်ခု ရှိတယ်ဆိုရင် သူတို့တွေက ဒီနေရာနဲ့ သိပ်မဝေးတဲ့ ပါရမီရှင်စင်မြင့် ထက်မှာ သွားပြီး ယှဉ်ပြိုင်နိုင်တယ်… ပြီးတော့ ပါရမီရှင် စိန်ခေါ်ပွဲတွေက ပါရမီရှင်အဆင့် ဇယားတွေကို အပြောင်းအလဲ ဖြစ်စေတယ်…”
“နားလည်ပါပြီ… တိုက်ခိုက်ရေး စင်မြင့်အပြင် တခြား နေရာတွေရော ရှိသေးလား…” ရီဖူရှင်းက ထပ်မေးသည်။
“ဒီအနားတစ်ဝိုက်ကို လေ့ကျင့်ရေးကွင်း အဖြစ် လူသိများတ်ယ… လေ့ကျင့်ရေးကွင်းကို ဘယ်မှော်ပညာရှင် အမျိုးအစားမဆို လေ့ကျင့်နိုင်အောင် သင့်တော်သလို စီမံထားတဲ့ အပိုင်းခုနစ်ခု ခွဲခြားထားတယ်… မင်းက ဒီတည့်တည့်က ဆက်သွားရင် ကောင်းကင် ဆန်တက်မျှော်စင်ကို ရောက်လိမ့်မယ်… အဲဒါက တစ်နေရာနဲ့ တစ်နေရာကို ခွဲခြားတဲ့သင်္ကေတ တစ်ခုပဲ… ကောင်းကင် တက်လှမ်း မျှော်စင်က တိုက်ခိုက်ရေး ရှီနန်းဆောင်ရဲ့ ရတနာဖြစ်ပြီးတော့ သိုင်းပညာရှင်တွေ အတွက် လေ့ကျင့်ရာ နေရာပဲ… ကောင်းကင်တက်လှမ်း မျှော်စင်လွန်သွားရင် တန်ခိုးကျင့်ဖို့အတွက် နေရာအစုံကို မင်းတွေ့ရလိမ့်မယ်… မင်းတို့က ရှေးဟောင်း နယ်မြေတွင်၊ ဂူတွေ၊ တောင်တွေနဲ့ လျှို့ဝှက်ဘုံတွေကို ရှာတွေ့နိုင်တယ်… အဲဒီနေရာက အကျယ်ပြောဆုံး ဖြစ်ပြီးတော့ ကျွန်းကြီးတစ်ခုလုံးရဲ့ ထက်ဝက်လောက်ကို နေရာယူထားတယ်… မင်းက ကိုယ်တိုင် သွားကြည့်သင့်တယ်… ပြီးတော့ နန်းဆောင် ခြောက်ခုမှာ ကိုယ်တိုင် ကျင့်ကြံတဲ့ နေရာတွေကို ပိုင်ဆိုင်ကြတယ်… ပြီးတော့ တားမြစ်နေရာ ဖြစ်တဲ့ ရှီနန်းတော် ဆိုတာလည်း ရှိတယ်…”
ထိုလူက စိတ်ရှည်စွာပင် ကျွန်းစု၏ အနေအထားများကို ရှင်းပြသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျေးဇူးတင်ပါတယ်… စီနီယာ…”
ထိုလူက ပြုံးလျက် ခေါင်းညိတ်သည်။
သည်ကျွန်းကြီးက သူ့အတွက် လုံလောက်သော အဆင့်တစ်ခုအထိ ထောက်ပံ့ ပေးနိုင်မည်ဟု ရီဖူရှင်း ယုံကြည်သည်။ အကယ်၍ သူက အခွင့်အရေးရလျှင် ရှီနန်းတော်ထဲကို ဝင်ရောက် လိုသေး၏။
ရုတ်တရက် အဝေးမှ ကျယ်လောင်သော အသံတစ်သံကို ကြားကြရသည်။ အားလုံးက အသံလာရာ ဘက်ကို ကြည့်ကာသည်။ တိုက်ပွဲတစ်ခု ဖြစ်ပျက်နေပုံရ၏။ များစွာသော ပေါက်ကွဲမှုများကို သူတို့ ကြားကြရသည်။
“ဒါ ပါရမီရှင်တိုက်ပွဲပဲ…”
“ဂျူနီယာရီ… သွားကြည့်ရအောင်…” တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူတို့အုပ်စုက တိုက်ပွဲစင်မြင့် ရှိရာဘက်သို့ လျှောက်သွား လိုက်ကြသည်။ စင်မြင့်ရှိရာသို့ ရောက်သွားသောအခါ လူနှစ်ယောက် တိုက်ခိုက် နေသည်ကို မြင်ကြရသည်။ ပတ်ပတ်လည်တွင်လည်း လူအများအပြားက ကြည့်နေကြ၏။
“ကျောင်းလီ…” ရီဖူရှင်း၏မျက်လုံးက အရောက်လက် သွားသည်။ တိုက်ပွဲကား မကြာလိုက်ပေ။ တစ်ဖက်လူကား အဋ္ဌမအတန်းအစား နိုဘယ်ဖြစ်ရာ ကျောင်းလီက မည်သို့မှ ခုခံနိုင်စွမ်းမရှိပေ။ ရိုက်ချက် တစ်ချက်တွင် ကျောင်းလီကား မြေပြင်ပေါ်ကို ပြိုလဲကာ သွေးများ အန်သည်။
ကျောင်းလီအား အနိုင်ယူလိုက်သူက လေထဲတွင် မောက်မာစွာ ရပ်လျက် ပြောသည်… “ပါရမီရှင်တွေပဲ တော်ဝင်ကျဲ နန်းတော်ကို ဝင်နိုင်တယ်… မင်းလည်း အတူတူပဲ… ဒါပေမဲ့ မင်းက ဒီကို ရောက်လာမှတော့ ဘယ်လို နှိမ့်ချပြီး နေရမယ် ဆိုတာကို သိသင့်တယ်…”
ကျောင်းလီ၏ မျက်နှာက နက်မှောင်သွားသည်။ သူ၏ ဗွေဆော်ဦး တိုက်ပွဲတွင်ပင် ဤသို့ အရှက်ခွဲ ခံရမည်ဟု မထင်ထားပေ။
ရီဖူရှင်း၏မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်လာသည်။
“ရီဖူရှင်း…” ရုတ်တရက် လူတစ်ယောက်က သူတို့ကို ကြည့်ကာ မေးသည်… “ပြီးတော့ ယူချင်းနဲ့ ယန်ကျန်း… မင်းတို့ အားလုံးက ဒီနှစ် အကဲဖြတ် စစ်ဆေးမှုမှာ ထိပ်ဆုံး ဆယ်ယောက်ထဲ ပါတဲ့လူတွေ မဟုတ်ဘူးလား… ”
လူအများအပြားက ရီဖူရှင်းတို့ အုပ်စုကို လှမ်းကြည့်ကြသည်။
“အကဲဖြတ်ပွဲရဲ့ ပထမရတဲ့လူ… မင်းက ပါရမီရှင်တိုက်ပွဲမှာ ဝင်ယှဉ်မလို့လား…” လူအများအပြားက ပြုံးကြသည်။
“ဒီအတိုင်း ဖြတ်သွားရုံပါပဲ…” ရီဖူရှင်းကလည်း ပြုံးလျက် ပြန်ပြောသည်။
“မင်းက ဒီကို ရောက်လာမှတော့ ဘာလို့ မစမ်းကြည့်တာလဲ… ပထမရတဲ့လူက ဘယ်လောက် စွမ်းလဲ ငါ ကြည့်ချင်တယ်…” ကျောင်းလီအား အနိုင်ရသူက ပြောသည်။ သူ၏နာမည်ကား ဝမ်ယွီဖြစ်သည်။
“မဟုတ်ဘူး… ကျုပ်က ကံကောင်းလို့ ပထမရတာ… ခင်ဗျားကို မယှဉ်နိုင်ဘူး…” ရီဖူရှင်းက မတိုက်ခိုက်လိုပေ။ သူက ဤနေရာကို တန်ခိုးကျင့်ရန် လာခြင်းဖြစ်သည်။
“မင်းက ပါရမီရှင်စာရင်းထဲ ဝင်နေမှတော့ ဘာလို့ ရှောင်လွှဲချင် နေရတာလဲ…” ဝမ်ယွီက သူ၏ကိုယ်ရောင် ကိုယ်ဝါကို ထုတ်လွှတ်လျက် ရီဖူရှင်းထံ ပျံသန်းသွားသည်။ သူက လက်မလျှော့လိုပေ။
“လုပ်…” ရီဖူရှင်းက တိုးတိုးပြောသည်။ ချက်ချင်းပင် လူလေးယောက်က နောက်လှည့်ကာ သူတို့ထံ ပျံသန်းလာသော ဝမ်ယွီထံ ခုန်လွှား သွားကြသည်။ ထိုအခိုက်တွင် ယိရှောင်ရှီ၏ ကိုယ်မှ နွယ်ပင်များ ပေါ်လာကာ ဝမ်ယွီအား ရစ်ပတ်သွားသည်။ ယန်ကျန်းက လက်ဝါးဖြင့် ရိုက်သော အချိန်တွင် ယူချင်း၏လက်ထဲတွင် နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန်ရှည် ပေါ်လာသည်။ ရီဖူရှင်းကလည်း ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ထုတ်ကာ ပြင်းထန်စွာ ရိုက်ချလိုက်၏။ ဝမ်ယွီက တိုက်ခိုက်မှုများကို အကြောက်အကန် ခုခံသော်လည်း တဘုန်းဘုန်း မြည်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာကျပြီး မထနိုင်တော့ပေ။
“သွားစို့…” တခြားလူများ အားလုံး မှင်တက် သွားကြသည်။ ဘာဖြစ်သွားသနည်း။
ထိုအချိန်ကား ရီဖူရှင်းတို့အုပ်စု ထွက်သွားကာ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
“အရှက်မရှိဘူး…” တစ်ယောက်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။
ကျောင်းလီက မြေပြင်ပေါ်မှ ထရပ်ကာ အေးစက်စွာ ပြောသည်… “အဋ္ဌမအတန်းအစား နိုဘယ်က နဝမအတန်းအစား နိုဘယ်ကို ခုနကမှ စိန်ခေါ်ခဲ့တယ်… ပြီးတော့ မင်းက သူ့ကို အရှက်မရှိဘူးလို့ ပြောရဲသေးတယ်…”
“ပျင်းစရာ ကောင်းလိုက်တာ…” ယွန်ဖုန်းက ခေါင်းယမ်းသည်။ အကဲဖြတ် စစ်ဆေးခြင်း၏ ပထမနေရာကို ရထားသော ရီဖူရှင်းက စိန်ခေါ်မှုကို လက်ခံမည်ဟု သူထင်ထားခဲ့သည်။ သို့သော်လည်း စိတ်ပျက်စရာပင်။ သူကလည်း ထိုနေရာမှ ထွက်သွားခဲ့သည်။
***