ကျွန်းစုတစ်ထောင် တော်ဝင်မြေကား ယခင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေသည်။ မိုးထိုးနေသော မြို့က ကောင်းကင်ပေါ်တွင် တည်ထားသည့်အလား ထင်မှတ်ရသည်။ ဘေးပတ်လည်တွင်ကား တော်ဝင်မြစ်က လှိုင်းလေ ငြိမ်သက်စွာ တည်ရှိနေ၏။
တန်ခိုးရှင်အုပ်စု တစ်စုက ကောင်းကင်ပေါ်မှ ကျဆင်းလာကာ တော်ဝင်ကျဲနန်းတော်၏ လှေကားခြေရင်းသို့ ရောက်လာသည်။ သူတို့ကား အရှေ့မြေရိုင်းဒေသမှ ပြန်ရောက်လာကြသော ရီဖူရှင်းတို့ အုပ်စုဖြစ်သည်။ ကျောင်းအုပ်ချန်းက ပြောသည်… “ငါတို့ ရောက်ပြီ…”
ရီဖူရှင်းက ကျောင်းအုပ်ချန်းကို ကြည့်ကာ ပြောသည်… “အခုလို လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်…”
“ဒါက ပြောနေစရာ မလိုပါဘူး… ငါကလည်း အချိန် သိပ်ကုန်တာမှ မဟုတ်တာ…” ကျောင်းအုပ်ချန်းက ပြောသည်… “တော်ဝင်ကျဲ နန်းတော်ကို ရောက်တဲ့အခါ ကြိုးစားလေ့ကျင့်…”
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ချင်းချင်းကို ကျောင်းအုပ်နဲ့ စိတ်ချပါမယ်…”
“စိတ်မပူနဲ့… ငါ သူမကို သေချာ လိုက်ပါ ပို့ဆောင်ပေးမယ်…” ကျောင်းအုပ်ချန်းက ခေါင်းညိတ်သည်။ ရီဖူရှင်းက ဟွာချင်းချင်းကို ကြည့်ကာ ပြောသည်.. “ဂရုစိုက်ပါ…”
“အင်း…” ဟွာချင်းချင်းက တောက်ပစွာ ပြုံးသည်။ သူမ၏ခရီးက မသေချာမှုများဖြင့် ပြည့်နှက် နေသော်လည်း သူမက သိပ်တွေးတောဟန် မရဘဲ တည်ငြိမ်နေသည်။ အရာအားလုံးက ကံစီမံရာဟု သူမတွေးထားသည်။
“လူငယ်လေးတွေ ကြိုးစားကြ…” ကျောင်းအုပ်ချန်းက အားလုံးကို ပြောကာ ဟွာချင်းချင်းကို ခေါ်လျက် ထွက်သွားသည်။ လောင်လင်းအာနှင့် လျိုဖေးယွန်တို့မူကား မိုးမြေကောင်းကင် မြို့တွင် ကျန်ရစ်ခဲ့ပြီး ဖြစ်သည်။
ရီဖူရှင်းက အဝေးကို ပျံသန်း ထွက်ခွာသွားသော ကျောင်းအုပ်ချန်းကို ကြည့်သည်။ ဟွာဂျီယူက ပြုံးလျက် မေးသည်… “သူမ ထွက်သွားလို့ နင်က ဝမ်းနည်းနေတာလား…”
“… ” ရီဖူရှင်း မျက်လုံးပြူးသွားသည်။ ပြုံးလျက်ပင် သူက ဟွာဂျီယူကို ကြည့်ကာ ပြောသည်… “မင်းက မနာလိုဖြစ်တာလား…”
“ဟွာချင်းချင်းက အရမ်း သနားစရာ ကောင်းတဲ့ မိန်းကလေးပဲ… ပြီးတော့ သူမက သန့်စင်ပြီးတော့ အပြစ်ကင်းတယ်… မိန်းမတစ်ယောက် ကတောင် သူမကို စိတ်ဝင်စားရတယ်… နင်က သူမကို စိတ်ဝင်စားရင် ငါမသိချင်ယောင် ဆောင်ပေးလို့ရတယ်…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။
“တကယ်လား…” ရီဖူရှင်းက ရေရွတ်ကာ ဟွာဂျီယူကို သံသယဖြင့် ကြည့်သည်။ မြေခွေးမက ဘယ်တုန်းက အမှန်ပြောလို့လဲ…။
သူမ၏အပြုံးကို မြင်သည်တွင် ပိုမို၍ပင် လှည့်ကွက်ထဲ မရောက်သွားဖို့ တွေးလိုက်သည်။ သူက သူမ၏လက်ကို ကိုင်ကာ ပြောသည်… “ငါ့နှလုံးသားထဲမှာ မင်းပဲ ရှိတယ်… နန်းတော်ကို သွားရအောင်…”
ဟွာဂျီယူက ပါးစပ်ကို လက်ဖြင့်ပိတ်ကာ တခစ်ခစ် ရယ်သည်။ ယခုကား ယူချင်းနှင့် ရီဝူချင်းတို့ ဘေးတွင်လည်း မိန်းမလှများပါလာပြီ ဖြစ်သည်။
ရီဖူရှင်း၊ ဟွာဂျီယူ၊ ယူချင်း၊ ရီဝူချင်း၊ ယန်ကျန်း၊ ယိရှောင်ရှီ၊ ယိချိန်ချန်၊ လျိုချန်းယွီ၊ လို့လန်ရွှီနှင့် သိမ်းငှက်နက်တို့ အားလုံးက ယခု တစ်အုပ်စုတည်း ဖြစ်နေသည်။
တော်ဝင် လှေကားထစ်ပေါ်ကို တက်လှမ်းရင်းက သူတို့က အလွန်ကြီးမားသော ဂိတ်တံခါးတစ်ခုရှေ့သို့ ရောက်လာသည်။ ထိုနေရာတွင် လူတစ်စုက ရုပ်တုများကဲ့သို့ စောင့်ကြပ် နေကြသည်။ သူတို့ထဲမှ တစ်ယောက်က မေးသည်… “မင်းတို့ ဘယ်သူတွေလဲ…”
ရီဖူရှင်းတို့က သူတို့၏ တံဆိပ်ပြားများကို ထုတ်ယူကာ ပြလိုက်ကြသည်။
“ဒါဆို မင်းတို့က တိုက်ခိုက်ရေး ရှီနန်းဆောင်၊ ထို့ကျန်းနန်းဆောင်၊ ဓားနန်းဆောင်တို့ကို သွားကြမှာပေါ့… နေရာတွေက မတူဘူး… တိုက်ခိုက်ရေး ရှီနန်းဆောင်ကို သွားမယ့်လူတွေက ငါ့နောက်က လိုက်ခဲ့ကြ…”
“ထို့ကျန်းနန်းဆောင်ကို သွားမယ့်လူတွေက ငါ့နောက်က လိုက်ခဲ့ကြ…”
“ဓားနန်းဆောင်ကို သွားမယ့်လူက ငါ့နောက်က လိုက်ခဲ့…”
ရုပ်တုအလား တန်ခိုးရှင် သုံးယောက်က ရှေ့ကို ထွက်လာကြသည်။
“ဂျီယူ… ဝူချင်း.. ချန်းယွီ… နောက်မှ မင်းတို့ကို ငါလာရှာမယ်…” ရီဖူရှင်းက ပြောသည်။ ဟွာဂျီယူက ထို့ကျန်း နန်းဆောင်ကို သွားမည်ဖြစ်ကာ ရီဝူချင်းက ဓားနန်းဆောင်ကို သွားမည်။ ရီဖူရှင်တို့က တိုက်ခိုက်ရေး ရှီနန်းဆောင်ကို သွားကြမည် ဖြစ်သည်။
ဟွာဂျီယူနှင့် ရီဝူချင်းတို့ ခေါင်းညိတ်ကြသည်။ ထို့နောက် သူတို့က လမ်းပြသော လူအသီးသီး နောက်ကို လိုက်ပါ သွားကြသည်။
“စီနီယူတို့က ဘယ်အဆောင်ကလဲ မသိဘူး…” ရီဖူရှင်းက လမ်းပြသော တန်ခိုးရှင်ကို မေးသည်။
“ဂိတ်တံခါး ကြီးကြပ်သူတွေက ထျန်းရှင်း နန်းဆောင်ကလူတွေပဲ…” ထိုတန်ခိုးရှင်က ရှင်းပြသည်… “နန်းဆောင် ခြောက်ခုထဲမှာ စည်းမျဉ်း စည်းကမ်းတွေ အကုန်လုံးကို ထျန်းရှင်း နန်းဆောင်က ကိုင်တယ်…”
“ကျွန်တော် နားလည်ပါပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “နန်းဆောင် ခြောက်ခုက ဘယ်နေရာတွေမှာ ရှိကြတာလဲ…”
“ဒီနေရာကနေ မင်းတို့က တည့်တည့်သွားရင် အမြင့်ဆုံး နန်းဆောင် တစ်ခုကို တွေ့လိမ့်မယ်… အဲဒါ တော်ဝင်ရှီနန်းဆောင်ပဲ… ဘယ်ဘက်ကို သွားရင် ဝမ်ရှင်းနန်းဆောင်၊ ညဘက်မှာ တိုက်ခိုက်ရေး နန်းဆောင်၊ ထို့ကျန်းနန်းဆောင်က ဝမ်ရှင်း အဆောင်ဘေးမှာပဲ… ထျန်းရှင်း နန်းဆောင်က ကျွန်းရဲ့ အလယ်တည့်တည့်မှာ ရှိတယ်… မင်းတို့က မကြာခင် နေရာတွေကို သိလာလိမ့်မယ်…” ဂိတ်တံခါး ကြီးကြပ်သူက ပြောသည်။
ရီဖူရှင်းတို့က စကားတပြောပြောဖြင့် လျှောက်လာကြသည်တွင် နောက်ဆုံး၌ ရှည်လျား မြင့်မားသော အဆောက်အဦများ အဆောင်ငယ်များကို မြင်ကြရသည်။ ပတ်ဝန်းကျင်၌လည်း လမ်းကလေးများ၊ ပန်းခြံများ၊ တောင်ကုန်း တောင်တန်းများနှင့် ထူးခြား ဆန်းကြယ်သော နေရာများစွာကို မြင်ကြရသည်။ တန်ခိုးရှင် အချို့လည်း ဟိုမှ သည်မှ သွာလာနေကြ၏။ သူတို့က အလွန်ကြီးမားသော နန်းဆောင်ကြီး တစ်ခုသို့ ရောက်လာကြသည်။
“ငါတို့ ရောက်ပြီ… မင်းတို့က အဲဒီကို သွားရမယ်…” ဂိတ်ကြီးကြပ်သူက ပြောသည်။ ထို့နောက်တွင် ရီဖူရှင်းတို့က လမ်းကလေး အတိုင်း ရှေ့ကို လှမ်းသွား လိုက်ကြသည်။ သူတို့ရှေ့တွင်ကား ကိုယ်တော်တစ်ပါး သန့်ရှင်းရေး လုပ်နေသည်။ ရီဖူရှင်းတို့ကို မြင်သည်တွင် ကိုယ်တော်က သူ လက်ကို ဒေါင်လိုက် ထောင်မတ်လျက် ပြောသည်… “မင်းတို့က အသစ်ရောက်လာတဲ့ ရီဖူရှင်း၊ ယူချင်းနဲ့အဖွဲ့လား…”
“ဟုတ်ကဲ့…” ရီဖူရှင်းက ပြန်လည်၍ နှုတ်ဆက်သည်… “စီနီယာ… တွေ့ရတာ ဝမ်းသာပါတယ်…”
“ငါ့နာမည် ချီကျီး… ဦးလေးက မင်းတို့ ရောက်လာမယ့် အချိန်ကို စောင့်နေတာ… မင်းတို့ ရောက်လာပြီပဲ…” ကိုယ်တော်က ပြုံးလျက် ပြောသည်.. “ငါ့နောက်ကို လိုက်ခဲ့ကြပါ.. မင်းတို့ အခန်းတွေကို လိုက်ပြပေးမယ်…”
“သေချာတာပေါ့…” ရီဖူရှင်းတို့က သူ့နောက်ကို လိုက်ပါ သွားကြသည်။ လမ်းတွင် ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်… “စီနီယာချီကျီး… ခင်ဗျားက အရမ်း အသက်ငယ်တဲ့ပုံ ပေါက်နေတယ်… ဘယ်တုန်းက နန်းတော်ကို ဝင်ခဲ့တာလဲ…”
“ပြီးခဲ့တဲ့နှစ်က…” ကိုယ်တော်က ပြန်ပြောသည်။
“ဟင်… တော်ဝင်ကျဲ နန်းတော်က တပည့်တွေကို သုံးနှစ်မှ တစ်ခါ လက်ခံတာ မဟုတ်ဘူးလား…” ရီဖူရှင်းက မေးသည်။
“ဒါက မြေရိုင်းဒေသ တစ်ခုလုံး အတွက်ပဲ… တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို ထောက်ခံချက်ပေးရင် နန်းဆောင် ခြောက်ခုရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ပြီး နန်းတော်ကို ဝင်ရောက်နိုင်တယ်…” ရှီကျီးက ပြောသည်။
“ကျွန်တော် နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“အင်း.. မင်းတို့က ဒီက စည်းကမ်းတွေကို သိပုံမရသေးဘူး… ဒီမှာတော့ တန်ခိုးကျင့်တာနဲ့ ပတ်သက်ပြီး တားမြစ်ထားတာ သိပ်မရှိဘူး… မင်းတို့က အခြေအနေကို ကြည့်ပြီး သင့်တော်သလို ပြုမူနေထိုင် နိုင်မယ်လို့ ငါယုံတယ်…” ရှီကျီးက ပြောသည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“တော်ဝင်ကျဲ နန်းတော်မှာ တန်ခိုးကျင့်ဖို့အတွက် သင့်တော်တဲ့ နေရာမျိုးစုံရှိတယ်… နောက်ပိုင်း မင်းတို့ သွားလေ့လာကြပေါ့.. ပြီးတော့ နန်းတော်မှာ တပည့်တွေ အချင်းချင်း တိုက်ခိုက်တာကို မတားမြစ်ထားဘူး… ဒါပေမဲ့ မင်းတို့က တစ်စုံတစ်ယောက်ကို တန်ခိုးအစွမ်း ပျက်ပြယ်အောင် ဒါမှမဟုတ် သေဆုံးတဲ့အထိ တိုက်ခိုက်တာမျိုး မလုပ်ရဘူး.. တိုက်ခိုက်တာကတော့ ဘာစည်းကမ်းမှ မလိုသလို အကြောင်းပြချက်လည်း မလိုဘူး… တကယ်လို့ မင်းတို့က နန်းဆောင် ခြောက်ခုထဲကို ဝင်ရင်တော့ အဲဒီမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်…”
တော်ဝင်ကျဲ နန်းတော်က တပည့်အချင်းချင်း တိုက်ခိုက်ကာ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်စေရန် ခွင့်ပြုထားပုံရသည်။
“ပြီးတော့ စီနီယာတွေ သင်ပေးတဲ့ ပညာရပ်တွေကို မင်းတို့ အပြင်က ခေါ်လာတဲ့ ဆွေမျိုးတွေကို မသင်ပေးရဘူး…” ချီကျီးက သတိပေးသည်။ ရီဖူရှင်း ခေါင်းညိတ်သည်။ သည်အချက်က ဖြစ်သင့်ပေသည်။ မဟုတ်ပါက နန်းတော်၏ ပညာရပ်များက နေရာအနှံ့ကို အတားအဆီးမရှိ ပျံ့နှံ့သွားပေမည်။
သူတို့အုပ်စုက လမ်းလျှောက်ရင်း စကားပြောနေကြသည်။ သူတို့က လမ်းတွင်လည်း လူအများအပြား တွေ့ကာ မကြာမီ သူတို့က ဝတ်စုံများစွာ ချိတ်တွဲထားသော နေရာတစ်ခုကို ရောက်လာသည်။ တပည့်တိုင်းက သူတို့ ဝတ်ဆင်ရမည့် တိုက်ခိုက်ရေး ရှီနန်းဆောင်၏ဝတ်စုံများကို ကိုယ်တိုင်ရွေးချယ် ယူနိုင်သည်။
“ကောင်းပြီ… အခုအချိန်ကစပြီး မင်းတို့က တော်ဝင်ကျဲနန်းတော်ရဲ့ တရားဝင် တပည့်တွေပဲ… တခြား မေးခွန်းတွေ ရှိသေးလား…” ချီကျီးက ပြုံးလျက် မေးသည်။
“စီနီယာ… တော်ဝင်ကျဲ နန်းတော်မှာ တပည့်တွေ ဘယ်လောက်ရှိလဲ… တိုက်ခိုက်ရေး ရှီနန်းတော်မှာတင် လူ အရမ်းများတယ်လို့ ကျွန်တော် ခံစားရတယ်…” ရီဖူရှင်းက မေးသည်။
“ကျွန်းစုတစ်ထောင် တော်ဝင်မြေကိုပါ ထည့်တွက်ရင် လူက အရမ်း များလိမ့်မယ်… ဒါပေမဲ့ ပင်မနန်းဆောင်မှာတော့ လူသုံးထောင်လောက်ပဲ ရှိတယ်… နန်းဆောင် ခြောက်ခုထဲမှာ ထို့ကျန်းနန်းဆောင်နဲ့ ထျန်းရှင်းနန်းဆောင်က လူအများဆုံးပဲ… ဝမ်ရှင်း နန်းဆောင်က လူအနည်းဆုံးပဲ…”
ချီကျီးက ရှင်းပြသည်… “ပတ်ဝန်းကျင်မှာ လူအများကြီး မတွေ့ရတာက လူတွေ အများစုက နန်းတော်မှာ မနေဘဲ ကျွန်းစုတွေမှာ လှည့်ပတ် သွားလာပြီး လေ့ကျင့်နေကြလို့ပဲ…”
“ဝမ်ရှင်း နန်းဆောင်မှာ ဘာလို့ လူနည်းရတာလဲ…” ရီဖူရှင်းက မေးသည်။
“ဝမ်ရှင်း နန်းဆောင်က ဘယ်ပညာတွေကို လေ့လာလဲ မင်းသိလား…” ချီကျီးက မေးသည်။
ရီဖူရှင်းက ခေါင်းယမ်းသည်။
“ရှီတန်ခိုးရှင် ဝမ်ရှင်းက နက္ခဗေဒပညာရှင်ပဲ…” ချီကျီးက ပြုံးသည်။
“ဒါဆို သူက တပည့်တွေရဲ့ အနာဂတ် အလားအလာကို တွက်ချက် နိုင်တာပေါ့…” ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ နက္ခဗေဒ ပညာရှင်ဟူသော စကားလုံးက ရီဖူရှင်းအတွက် အစိမ်းသက်သက် မဟုတ်ပေ။ ဝန်ကြီးချုပ် ကျိုသည်လည်း နက္ခဗေဒပညာရှင် မဟုတ်ပါလား…။ တော်ဝင်ကျဲ နန်းတော်တွင်လည်း အလွန် အားကောင်းသော နက္ခဗေဒပညာရှင် တစ်ယောက် ရှိနေမည်ဟု ရီဖူရှင်း မထင်ထားပေ။
“ဟုတ်တယ်… ဒါပေမဲ့ လူတွေ အကုန်လုံးကတော့ စမ်းသပ်မခံချင်ကြဘူး… နက္ခဗေဒ ပညာရှင်တွေရဲ့ တွက်ချက်မှုကလည်း လုံးဝ တိကျတာတော့ မဟုတ်ဘူး… ပြီးတော့ ဝမ်ရှင်း နန်းဆောင်က လူတစ်ယောက်ရဲ့ ကံကြမ္မာကို တွက်ချက်တာ ရှားတယ်… ငါကြားတာကတော့ နောက်ဆုံး တစ်ယောက်ကို တွက်ချက်ပြီး ကတည်းက နန်းတော်သခင်က တံခါးပိတ် လေ့ကျင့်နေတယ်…” ချီကျီးက ပြောသည်။
“ဂျူနီယာ… နောက်ဆုံး တွက်ချက် ခံရတဲ့လူက ဘယ်သူလဲ သိလား…” ချီကျီးက ပြုံးလျက် မေးသည်။
ရီဖူရှင်းက ခေါင်းယမ်းသည်။
“ချီကျီး… ပြန်တော့…” အဝေးမှ တစ်ယောက်က ရုတ်တရက် ပြောသည်။ ချီကျီးက ချက်ချင်းပင် အရိုအသေပေးသည်… “ဟုတ်ကဲ့ပါ.. .ဦးလေး… ကျွန်တော်က ဂျူနီယာလေးတွေကို နားမလည်တာတွေ ရှင်းပြ ပေးနေတာပါ…” ထို့နောက် ချီကျီးက မြန်ဆန်စွာပင် ထွက်သွားသည်။
“ပိုင်လွေလီ…” ချီကျီးက ထွက်မသွားမီတွင်ပင် စိတ်ချင်း ဆက်သွယ်၍ စကားပြောခဲ့သည်။
ရီဖူရှင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ဝမ်ရှင်းနန်းတော် သခင်က ပိုင်လွေလီ၏ ကံကြမ္မာကို တွက်ချက်ခဲ့ရာ မည်သည့်ရလဒ် ထွက်ပေါ်ခဲ့သနည်း။
“မင်းတို့ ရောက်လာပြီပဲ…” ရှီတန်ခိုးရှင် ခွန်ဘုရင်က လျှောက်လာသည်။
“စီနီယာ…” ရီဖူရှင်းက နှုတ်ဆက်သည်။
“မင်းနဲ့ ယူချင်းက ငါ့အစ်ကိုရဲ့ တပည့်တွေပဲ… ငါ့ကို ဦးလေးလို့ပဲ ခေါ်ပါ…” ခွန်ဘုရင်က ပြောသည်။
“ဦးလေး…”
“ကောင်းတယ်… မင်းတို့မှာ ဆရာရင်းရှိတယ် ဆိုပေမဲ့ မင်းတို့ကို သင်ပေးတဲ့လူ ဘယ်သူမဆိုက ဆရာတွေပဲ… နောက်တစ်ခေါက် မင်းတို့က နန်းတော်သခင်ကို တွေ့တဲ့အခါ ဆရာလို့ ခေါ်သင့်တယ်… မခေါ်ချင်ဘူး ဆိုရင်လည်း ကိစ္စမရှိဘူး…” ခွန်ဘုရင်က ယိရှောင်ရှီနှင့် ယန်ကျန်းကို ပြောသည်… “မင်းတို့ကိုတော့ ငါသင်ပေးမယ်… ဒါပေမဲ့ တော်ဝင်ကျဲ နန်းတော်မှာတော့ အချိန်အများစုမှာ မင်းတို့က ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပဲ… ဒီမှာ မင်းတို့အတွက် အထောက်အကူ ပြုတဲ့နေရာတွေ အများကြီးရှိတယ်…”
“နားလည်ပါတယ်…” အားလုံးက ခေါင်းညိတ်ကြသည်။
“ချီကျီးက မင်းတို့ကို လိုအပ်တာတွေ ပြောပြီးပြီ… ဟုတ်တယ်မလား…”
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကောင်းပြီ… အခု မင်းတို့က ဒီနေရာနဲ့ ရင်းနှီးအောင် သွားကြည့်ကြပေါ့… တစ်ခုခုလိုရင် ငါ့ဆီလာခဲ့… ဒါပေမဲ့ နန်းတော်မှာ အနိုင်ကျင့်ခံရလို့ ငါ့ဆီကိုတော့ မလာနဲ့.. နန်းတော်မှာ ဒီကိစ္စကို တားမြစ်ထားတာ မရှိဘူး… မင်းတို့ အားနည်းရင် မင်းတို့ ခံရမှာပဲ…” ခွန်ဘုရင်က ထိုသို့ပြောကာ ထွက်သွားသည်။
“တိုလိုက်တဲ့ မိတ်ဆက်မှု…” ရီဖူရှင်းက ထူးဆန်းစွာ ရေရွတ်သည်။ ချီကျီးနှင့် ခွန်ဘုရင်တို့၏ စကားများအရ နန်းတော်တွင် အလွန် စိတ်ဝင်စားဖွယ် ကောင်းပေတော့မည်။
“ဦးလေး… နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက အဝေးကို ထွက်သွားသော ခွန်ဘုရင်ကို ပြောသည်။
“အာ… ဒါနဲ့ ချီကျီးပြောတဲ့ နောက်ဆုံး ကံကြမ္မာ တွက်ချက်ခံရတဲ့ တစ်ယောက်က ရှီအဆင့်ထက် မြင့်တဲ့အဆင့်ကို ရောက်ဖို့ ကံရှိတယ်…” ခွန်ဘုရင်က နောက်လှည့် မကြည့်ဘဲ ပြောကာ ထွက်သွားသည်။ သူက ဘာရည်ရွယ်ချက်ဖြင့် ပြောသည်ကိုတော့ မည်သူမှ မသိပေ။ ရီဖူရှင်းအား ပိုမိုကြိုးစား စေလိုခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ရှီတန်ခိုးရှင် အထက်တွင် ရှန့်ထို ရှိပေသည်။
ပိုင်လွေလီက ရှန့်ထိုဖြစ်ရန် ကံကြမ္မာကို ပိုင်ဆိုင်၏။
***